ဖြတ်လေးဖြတ်၊ ဗကပ၊ မြန်မာဒုက္ခသည်များနဲ့ တပ်မတော်

burma

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒီပဲရင်းက စစ်ရှောင်ပြည်သူတွေ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

စစ်ကောင်စီတပ်တွေနဲ့ ပီဒီအက်ဖ်ပြောက်ကျားတွေကြား တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းနဲ့ ကယားပြည်နယ် ဘက်တွေမှာ အရပ်သားတွေ ထောင်ချီထွက်ပြေးနေရပြီး အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးမီးရှို့တာတွေလည်း ရှိနေ ပါတယ်။ ဒီဖျက်ဆီးမှုတွေမှာ စစ်ကောင်စီတပ်တွေက ကျူးလွန်တယ်ဆိုပြီး စစ်ရှောင်ပြည်သူတွေဘက်က ပြောဆိုတာတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ဖြတ်လေးဖြတ် ဆိုတဲ့မူနဲ့ ပြိုင်ဘက် လက်နက်ကိုင်အဖွဲ့တွေ မရပ်တည်နိုင်အောင် နယ်မြေခံလူထုကို အတင်းအကျပ် ရွှေ့ပြောင်းတာ၊ ရိက္ခာနဲ့ ကျွဲနွား၊ အိုးအိမ်တွေ ဖျက်ဆီးမီးရှို့တာတွေ လုပ်ခဲ့တဲ့ အတိတ်ဆိုး က မြန်မာ့တပ်မတော်အပေါ်မှာ ဆယ်စုနှစ်တွေနဲ့ချီ အုံ့ဆိုင်းနေပါတယ်။ ဒါကြောင့် လတ်တလော တိုက်ခိုက်မှုတွေမှာ လူထုအခြေပျက် ပြေးလွှားပုန်းရှောင်ရတာတွေ ဖြစ်နေတာဟာ နိုင်ငံမတည်ငြိမ်မှုကို ပိုဆိုးစေတဲ့အပြင် လူနည်းစု ပြည်နယ်တွေမှာ ဖြစ်ခဲ့တဲ့ ဖိနှိပ်မှုနဲ့ ထကြွမှုစက်ဝန်းကို ပြည်မထိ ဆွဲသွင်းလာတာလည်း ဖြစ်ပါတယ်။

malaya

ဓာတ်ပုံ ရင်းမြစ်, Haywood Magee

ဓာတ်ပုံ ပုံစာ, မလေးသူပုန်နှိမ်နင်းရေးမှာ ဒယက်ခေါင်းဖြတ်မျိုးနွယ်တွေကို ခေါ်သုံး

ဗြိတိသျှက နည်းယူ

ငွေကြေး၊ ရိက္ခာ၊ သတင်းနဲ့ တပ်သားသစ်စုတာတွေကို ဖြတ်တောက်တဲ့ ဒီဖြတ်လေးဖြတ်နည်းကို ဗိုလ်ချုပ်ကြီးနေဝင်းခေတ် ၁၉၆ဝ ကျော်က ကွန်မြူနစ်နဲ့ ကရင်လက်နက်ကိုင်တွေကို ချေမှုန်းရာမှာ သုံးခဲ့တယ်လို့ သိရပြီး ပဲခူးရိုးမနဲ့ မြစ်ဝကျွန်းပေါ်မှာ လက်နက်ကိုင် ပုန်ကန်မှုတွေ ချုပ်ငြိမ်းအောင် ဖြတ်လေးဖြတ်နဲ့ လုပ်ခဲ့တယ်လို့ ပြောစမှတ် ရှိပါတယ်။ ဒီဖြတ်လေးဖြတ်ကို အကောင်အထည်ဖော်ခဲ့တဲ့ ဗိုလ်မှူးချုပ်သန်းတင်ကိုလည်း ဒုတိယ ဝန်ကြီးချုပ်အထိ ဗိုလ်ချုပ်ကြီးနေဝင်းက မြှောက်စားခဲ့ပါတယ်။

ဒီဖြတ်လေးဖြတ်ကို ၁၉၅ဝ ကျော်က မလေးယားကွန်မြူနစ်တွေကို နှိမ်နင်းခဲ့တဲ့ ဗြိတိသျှနည်းကို ယူငင်သုံးစွဲတယ်လို့လည်း ဆိုပါတယ်။ ၁၉၈၈ မှာ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ သူရဦးထွန်းတင်ရဲ့ ကျွန်တော် ကျင်လည်ခဲ့ရသော မြန်မာနှင့်ကမ္ဘာ စာအုပ်မှာတော့ ၁၉၅ဝ ကျော်က သူ ဗြိတိန်ကို ဆေးသွားကုရင်း တရက် ဗြိတိသျှစစ်ရုံးသွားလည်တဲ့အခါမှာ မလေးယား စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကအပြန် စစ်ကစားနည်းနဲ့ ပတ်သက်တဲ့ စာအုပ်ကို ဝယ်လာပြီး မြန်မာပြည် စစ်ရုံးကို တင်ပြရာမှာ လူကြီးတွေက စိတ်ဝင်စားပြီး လေ့ကျင့်ဖို့ စီစဉ်ခဲ့ ပါတယ်။ ပြည်တွင်းစစ်ကို သုံးလေးငါးနှစ်နဲ့ ပြတ်အောင်တိုက်မယ် ဆိုပြီး စစ်ကစားနည်း လေ့ကျင့်ခဲ့ကြပေမယ့် ခုထိ မပြတ်နိုင်ဘဲ လက်နက်ကိုင်အဖွဲ့သစ်တွေသာ အနှစ် ၆ဝ ကျော်အတွင်း ပေါ်လာခဲ့ပါတယ်။ ဒီနည်းနဲ့ ဧရာဝတီတိုင်းမှာ ဗိုလ်မှူးကြီး စံကြည်နဲ့ ဗိုလ်မှူးကြီးတင့်ဆွေတို့ သူပုန်ခေါင်းဆောင် တွေကို ပိတ်ဆို့ဖမ်းဆီးခဲ့ကြသလို ပဲခူးရိုးမမှာလည်း ဗိုလ်မှူးချုပ်သန်းတင်တို့ ဖြတ်လေးဖြတ်နည်းတွေ သုံးပြီး တိုက်ပွဲတွေ အောင်မြင်ခဲ့တယ်လို့ သူရဦးထွန်းတင်က ရေးပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Brig. Than Tin

ဓာတ်ပုံ ပုံစာ, ဂျပန်ခေတ် စစ်ကျောင်းသား ကိုသန်းတင်နဲ့ သူငယ်ချင်းများ

စစ်ဆင်ရေးပြီး စစ်ဆင်ရေး

ဗိုလ်မှူးချုပ်သန်းတင်ကို လမ်းစဉ်ပါတီခေတ်က အစိုးရအကြီးအကဲတဦးအနေနဲ့သာမက မြန်မာ့တပ်မတော်ရဲ့ သောင်းကျန်းမှု နှိမ်နင်းရေး တပ်မှူးကြီး တယောက်အဖြစ်လည်း လူသိများခဲ့ပါတယ်။ နောက် သူရေးသားခဲ့တဲ့ စစ်ဆင်ရေးပြီး စစ်ဆင်ရေးသို့ စာအုပ်ကလည်း ပြည်တွင်းစစ်မီး တောက်နေချိန်က တပ်မတော်စစ်ဆင်ရေးတွေရဲ့ ပုံပန်းသဏ္ဌာန်နဲ့ နာမည်ကျော် ဖြတ်လေးဖြတ် စစ်ဆင်ရေးတွေ အကြောင်း လေ့လာနိုင် အောင် အချက် အလက်တွေ ထားခဲ့ပါတယ်။

ကိုသန်းတင်ဟာ ကြို့ပင်ကောက်ကျောင်းကနေ ဒုတိယကမ္ဘာစစ်မဖြစ်မီက နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ပါလာခဲ့ပြီး စစ်အတွင်းမှာတော့ တခြား ထောင်နဲ့ချီတဲ့ မြန်မာမျိုးချစ်လူငယ်တွေလိုပဲ တပ်ထဲဝင်ခဲ့ပါတယ်။ ဂျပန်ဆရာ ပါးရိုက်ခံရတဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်သား ဘဝကနေ အနှစ် ၅ဝ နီးပါး တပ်မတော်လောကမှာ ကျင်လည်ခဲ့သလို ၂ဝ၂၁ နှစ်ဆန်းမှာ ကွယ်လွန်ချိန်ထိ တစညခေါ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်သွား ပါတယ်။ ဒါကြောင့် သူ့ဘဝ ကိုယ်တိုင်က တပ်မတော်သမိုင်းတကွက် ဖြစ်နေပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Brig. Than Tin

ဓာတ်ပုံ ပုံစာ, ဒေသခံတွေ စည်းရုံး

ငစိန်ကျည်နဲ့ အမာခံ

ဗိုလ်မှူးကြီးသန်းတင်ဘဝ သူဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတွေထဲ ရှမ်းပြည်မှာ တရုတ်တပ်တွေ အကူအညီနဲ့ ဗကပတွေ ထိုးဖောက်လာတာကို တွန်းလှန်တဲ့ စစ်ပွဲတွေ ပါပါတယ်။ ဒီထဲမှာ ထင်ရှားတာကတော့ လားရှိုးဘူတာထိ လာတိုက်တဲ့ ဗကပတွေကို တိုက်ထုတ်တဲ့ စစ်ပွဲနဲ့ ရပ်စောက်နားက အင်တောကျောက်ဂူမှာ ဗကပ ဗဟိုကော်မတီဝင် သခင်တင်ထွန်းနဲ့အဖွဲ့ကို အသေဖမ်းမိခဲ့တဲ့ မိုးလုံးဟိန်း စစ်ဆင်ရေး ဖြစ်ပါတယ်။

နောက် အနောက်တောင်တိုင်းမှူးဘဝနဲ့ မြစ်ဝကျွန်းပေါ်မှာ ဗကပနဲ့ ကေအန်ယူ အမြစ်ဖြတ်ရေး စီမံကိန်းအတွက် တိုင်းလုံးအောင်နဲ့ ဧရာမင်း စစ်ဆင်ရေးတွေမှာ ဖြတ်လေးဖြတ် ဗျူဟာတွေကို ကျင့်သုံးခဲ့တယ်လို့ ဦးသန်းတင်က ရေးပါတယ်။ မြစ်ဝကျွန်းပေါ်ကို အဖြူရောင် နယ်မြေဖြစ်အောင် လုပ်နိုင်တဲ့အတွက် အလယ်ပိုင်းတိုင်းမှူးအဖြစ် သူ့ကို တောင်ငူကို ရွှေ့ပြီး ဗကပဗဟိုဌာနချုပ်ကို ချေမှုန်းခိုင်းပါတယ်။

ဗိုလ်မှူးချုပ်သန်းတင်က သူ့သားတွေ တပ်ထဲမှာ ဗိုလ်ကြီး၊ ဗိုလ်မှူးဖြစ်တဲ့ထိ သူပုန်ပေါင်းစုံနဲ့ တိုက်လာတဲ့ စစ်ပွဲတွေဟာ အနှစ် ၃-၄ဝ တိုင် မပြတ်သေးတဲ့အတွက် ပြည်သူကို အခြေခံတဲ့ စစ်ဗျူဟာ ပြောင်းသုံးတာ လို့လည်း ဆိုပါတယ်။ ဒီဖြတ်လေးဖြတ် ဗျူဟာမှာ ရွာတွေ မှာ ရှိတဲ့ သူပုန်အမာခံတွေ ဖော်ထုတ်တာ၊ သူပုန် တွေကို ရိက္ခာပိတ်ဆို့ ဖြတ်တောက်တာ၊ ဆက်ကြေးဖြတ်တာနဲ့ ရွာတွေမှာ ဖွဲ့ပေးထားတဲ့ သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့တွေက သူပုန်တွေကို တန်ပြန်တိုက်ထုတ်တာတွေ ပါတယ်လို့လည်း ဆိုပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Brig. Than Tin

ဒီလို ဗျူဟာဖော်ဆောင်ရာမှာ ရွာခံပြည်သူတွေကို လိုက်စည်းရုံးပြီး ဦးကြီးတွေ သဘောပေါက်အောင် ဒူးတိုက်တွေးနွေးခဲ့ရတယ်လို့ ဆိုပါတယ်။ တောင်သူဦးကြီးတွေရဲ့ ငစိန်ကျည်ဆန်တွေကြောင့် ၁၉၇ဝ ကျော်မှာ ဧရာဝတီတိုင်းနဲ့ ပဲခူးရိုးမနယ်မြေတွေ အဖြူရောင် နယ်မြေတွေ ဖြစ်ခဲ့တယ်ဆိုပြီး သူ့ရဲ့ မှတ်တမ်းမှာ ဗိုလ်မှူးချုပ်သန်းတင်ရေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုစစ်ဆင်ရေးတွေအတွင်း ရွာတွေကို တောစပ်ကနေ အတွင်းပိုင်း ရွှေ့ခိုင်းတာတွေ ရှိလို့ အဲဒီချိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စန်းယုဆီ တိုင်ကြားတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ နောက် ရွာတွေမှာ သူပုန်အမာခံ ဆိုသူတွေကို ဖမ်းပြီး လနဲ့ချီ ချုပ်ထားတာတွေလည်း ဖြစ်ခဲ့ပါတယ်။ အရင်က ရွာသားတွေ ကြောက်ခဲ့ရတဲ့ အမာခံတွေကို ရွာသားတွေက ဝိုင်းဖမ်းပို့တာတွေ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ပဲခူးရိုးမမှာတော့ စစ်တပ်နဲ့ ဆက်သွယ်သူတွေကို ဒေါက်တိုင်ဆိုပြီး ဗကပဘက်က သတ်ဖြတ်တာတွေ ရှိခဲ့လို့ ဗကပအမာခံတွေ ကိုယ်တိုင် ကြောက်လို့လာအဖမ်းခံတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဒီလို အမာခံတွေ ဖမ်းဆီးမှုဟာ အင်ဒိုနီးရှားမှာ ၁၉၆၆ က သမ္မတ ဆိုကာနို ပြုတ်ကျပြီးနောက် ဗိုလ်ချုပ်ကြီးဆူဟာတို တက်လာချိန်မှာ ကွန်မြူနစ်တွေကို နိုင်ငံအနှံ့လိုက်လံဖမ်းဆီးပြီး အကျဉ်းချသတ်ဖြတ် တာတွေနဲ့ ဆင်တူနေပြီး ဧရိယာအကျယ်အဝန်း ကွာခြားမှုပဲ ရှိပါတယ်။

နောက် ဗကပအမာခံတွေကိုယ်တိုင် သူပုန်တွေချုပ်ငြိမ်းပြီး ရွာပြန်ချင်တဲ့အတွက် ရိုးမပေါ်က ဗကပဗဟိုဆေးရုံရှိရာကို ညွှန်ပြတာ၊ ဗကပတွေ ပုန်းတတ်တဲ့နေရာတွေကို ပြတာတွေလုပ်လာတယ်လို့လည်း ဗိုလ်မှူးချုပ်သန်းတင်ရေးခဲ့ပါတယ်။

ရိက္ခာဖြတ်ခံရတဲ့ သူပုန်တွေ တောထဲမှာ ငတ်သေတာ၊ လက်နက်ချတာတွေ ဖြစ်လာသလို သူတို့ ရွှေ့ပြောင်းတဲ့နောက်ကို လိုက်ပြီး တပ်၊ရဲနဲ့ ပြည်သူအင်အားနှစ်သောင်းနဲ့ ပိတ်ဆို့ဖမ်းတာတွေလည်း ငပုတောဘက်မှာ လုပ်ခဲ့ပါတယ်။ ဒီလို လူအင်အားအများအပြားသုံးတဲ့ ဗျူဟာဟာ တရုတ်၊ ဗီယက်နမ်စတဲ့ လက်ဝဲနိုင်ငံတွေမှာ ကျင့်သုံးတဲ့ ပြည်သူ့စစ်ဗျူဟာဖြစ်ပြီး သောင်းကျန်းမှုဆန့်ကျင်ရေး၊ ကာကွယ်ရေးစတဲ့ နာမည်စုံပေးထားတဲ့ ဒီအရံတပ်တွေမှာ ပါဖို့ လူထုကို ဖိအားပေးတာတွေ ရှိခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ပြည်သူ့စစ်တွေ ဖွဲ့လာနိုင်သလား

ဒီလို နည်းပေါင်းစုံသုံး ချေမှုန်းခဲ့တဲ့အတွက် ၁၉၇၅ မှာ ဗကပဥက္ကဋ္ဌ သခင်ဇင်နဲ့ အတွင်းရေးမှူး သခင်ချစ်တို့ကို အသေမိပြီး မြန်မာပြည်အလယ်ပိုင်းက ပုန်ကန်မှုတွေ ချုပ်ငြိမ်းခဲ့ပါတယ်။ တောင်ပေါ်က ကရင်ရွာတွေကို တပ်စခန်းတွေနား ရွှေ့ခိုင်းပြီး ကိုးလကြာ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပြီး ငတ်ပြတ်မှုဒဏ်ကြောင့် အားနည်းနေတဲ့ ဗကပတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Brig. Than Tin

ဓာတ်ပုံ ပုံစာ, ပဲခူးရိုးမကို သိမ်းပိုက်ပြီးစ

တောင်ပေါ်မှာ မြေလှန်

မဆလခေတ်နဲ့ ၁၉၈၈ နောက်ပိုင်း ဖြတ်လေးဖြတ်နည်းကို တောင်တန်းဒေသတွေမှာ ဆက်ကျင့်သုံးနေတဲ့အတွက် ပြည်မက မသိဘဲ ဖြစ်နေခဲ့ပါတယ်။ ကရင်၊ ရှမ်း၊ ကချင်၊ ရခိုင် စတဲ့ စစ်ဆင်ရေးနယ်မြေတွေမှာ ဒီနည်းတွေသုံးပြီး နယ်မြေခံလူထုကို ဖိနှိပ်ခဲ့တဲ့အတွက် ရွာတွေ ပျက်ပြီး ဒေသခံတွေ ရွှေ့ပြောင်းဒုက္ခသည်တွေ ဖြစ်ကုန်ပါတယ်။ ရိက္ခာ၊ ဆက်ကြေး၊ သတင်းအချက်အလက်နဲ့ သူပုန်တပ်သားသစ်စုတာကို ဖြတ်တောက်ဖို့ လုပ်တာ ဆိုပေမယ့် အဓိကက ဒီနယ်မြေတွေက လူဦးရေကို လျော့ပါးအောင် လုပ်တာလို့လည်း မေရီကယ်လ်ဟန်က ရန်သူမွေးခြင်း၊ မြန်မာပြည်က စစ်နဲ့ နိုင်ငံတည်ဆောက်ခြင်း စာအုပ်မှာ ဖော်ပြပါတယ်။ ဒီအတွက် စစ်သည်တပ်သား ငါးသောင်းလောက် သေကြသလို ပြည်တွင်းစစ် အနှစ် လေးဆယ် ၁၉၈၈ လောက်ကတည်းက လူငါးသိန်းလောက် သေခဲ့တယ်လို့လည်း မာတင်စမစ်က သုံးသပ်ပါတယ်။ ဒီထဲမှာ နယ်စွန်နယ်ဖျားက လူတွေ အဓိကသေရတာ ဖြစ်ပါတယ်။

ဒီလိုပြည်နယ်တွေမှာ လူတွေ အခြေပျက်ထွက်ပြေးရတဲ့ စစ်ဆင်ရေးတွေအကြောင်း ဘီဘီစီ၊ ဗီအိုအေ စတဲ့ ရေဒီယိုတွေက ထုတ်လွှင့်ခဲ့ပေမယ့် ပြည်မက လူတွေ သတိမူမိတာနည်းတယ်လို့လည်း မေရီကယ်လ်ဟန်က ရေးပါတယ်။ ဖြတ်လေးဖြတ် စစ်ဆင်ရေးတွေမှာ ရွာတွေ မီးရှို့တာ၊ အမျိုးသမီးတွေကို မတရားပြုကျင့်သတ်ဖြတ်တာနဲ့ တော်လှန်ရေးသမားယောင်ဆောင်ပြီး မိုင်းထောင်၊ လုယက်တာတွေကို စစ်တပ်ဘက်က ကျူးလွန်ခဲ့တယ်လို့လည်း လူမျိုးစုတွေဘက်က စွပ်စွဲပါတယ်။ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေးနဲ့ လူမှုရေး ဖျက်ဆီးပြီး ပြည်နယ်တွေကို ထိန်းချုပ်ဖို့ လုပ်တာဟာ ဗမာလူမျိုးကြီးဝါဒထူထောင်တာ လို့လည်း ဖြတ်လေးဖြတ်၊ ဖျက်လေးဖျက်နှင့် ဗမာကျူးကျော်သူတို့ရက်စက်ခြင်း (သို့မဟုတ်) ဗမာလူမျိုးကြီးဝါဒစာစုမှာ ဆိုပါတယ်။ ၁၉၉၆ က ၁၉၉၈ အတွင်း ရှမ်းပြည်မှာ ဖြတ်လေးဖြတ် စစ်ဆင်ရေးတွေကြောင့် လူတသန်းကျော် ပြည်ပထွက်ပြေးရပြီး လူတထောင်ကျော် သေဆုံးခဲ့တယ်လို့လည်း ရှမ်းပြည်က ဖြတ်လေးဖြတ် မှတ်တမ်းတင်ရုပ်ရှင်က ဖော်ပြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Patrick AVENTURIER

ဓာတ်ပုံ ပုံစာ, ထိုင်းနယ်စပ်က ကရင်စစ်ရှောင်ဒုက္ခသည်များ

၂ဝ၂၁ အာဏာသိမ်းပြီးနောက်မှာတော့ ပြည်မဒေသ စစ်ကိုင်းတိုင်းနဲ့ ဂန့်ဂေါ၊ ပခုက္ကူ၊ မြင်းခြံ စတဲ့ ခရိုင်တွေမှာ လက်နက်ကိုင် တော်လှန်ရေးအသစ်တွေ ပေါ်ထွက်လာသလို စစ်ရှောင်ပြည်သူတွေလည်း ထောင်သောင်းချီနေပြီ ဖြစ်ပါတယ်။ တချိန်က ကိုလိုနီနယ်တွေမှာ ဂျပန်နဲ့ ဗြိတိသျှ၊ ဒတ်ချ်စတဲ့ နယ်ချဲ့တပ်တွေ ကျင့်သုံးခဲ့တဲ့ သောင်းကျန်းသူနှိမ်နင်းရေးနည်းတွေကို နိုင်ငံသားအချင်းချင်း ကျင့်သုံးနေတဲ့အတွက် အနှစ် ၇ဝ ကျော် ပြည်တွင်းစစ်မချုပ်ငြိမ်းနိုင်သလို စစ်မီးအရှိန်ပြန်တက်နေပြီ ဖြစ်ပါတယ်။

သူပုန်နဲ့ ဆန့်ကျင်ဘက်ရန်သူတွေကို ထောက်ပံ့မယ့် ပြည်သူမရှိရင် ပုန်ကန်မှုချုပ်ငြိမ်းမယ်လို့ တွက်ဆနှိမ်နင်းတာတွေဟာ တချို့နေရာမှာ မှန်နိုင်ပေမယ့် အမြဲမမှန်နိုင်သလို ဖိနှိပ်ညှဉ်းပန်းမှုတွေကြောင့် တန်ပြန်ဆိုးကျိုးတွေ ရတတ်တာကိုလည်း ဆူဒန်၊ ယူဂိုဆလားဗီးယား၊ ဗီယက်နမ် စတဲ့ စစ်ပွဲနမူနာတွေနဲ့ သိနိုင်သလို မြန်မာနိုင်ငံမှာလည်း တပ်မတော်နဲ့အပြိုင် သက်တမ်းရှည်တဲ့ ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း၊ ကချင်၊ ဝ လက်နက်ကိုင်တပ်ကြီးတွေက ပြနေပါတယ်။ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းနဲ့ မရှင်းဘဲ စစ်နည်းနဲ့ပဲ ဖြေရှင်းခဲ့ကြတဲ့အတွက် ပြည်ထောင်စုစနစ်အပေါ် ယုံကြည်မှုတွေ ပိုကျလာသလို မြန်မာနဲ့ လူမျိုးစုတွေကြား မယုံကြည်မှုနဲ့ စည်းလုံးမှု ပြိုကွဲတာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ခုလို မြန်မာပြည်မသားတွေပါ စစ်ဒဏ်ခံလာရတဲ့အခါမှာတော့ လူမျိုးစုတွေရဲ့ ဒုက္ခကို ပိုသိပြီး တောင်ပေါ်မြေပြန့် စည်းလုံးမှု ပိုရလာနိုင်တယ်လို့လည်း ယူဆကြပါတယ်။

ဖြတ်လေးဖြတ်ကြောင့် တချိန်က လွတ်မြောက်ရေးတပ်မတော် ဖြစ်ခဲ့တဲ့ မြန်မာ့တပ်မတော် နာမည်ဆိုးနဲ့တွင်ခဲ့ပါတယ်။ ဖြတ်လေးဖြတ်ကို မဖြတ်နိုင်ရင်တော့ တပ်မတော်နဲ့ လူထုကြား ကွာခြားမှုကလည်း ပိုဆိုးသွားနိုင်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ, တောထဲက စစ်ရှောင် ကရင်သားအမိ