ဗကပ ခေါင်းဆောင် သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
သခင်သန်းထွန်းလို့ ပြောလိုက်ရင် ဗကပလို့ ခေါ်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ကျဆုံးသွားတဲ့ ဥက္ကဋ္ဌ တယောက်လို့ လူသိများကြပါတယ်။
အထူးသဖြင့် ဖြုတ်ထုတ်သတ်လို့ ခေါ်တဲ့ ပါတီ သန့်စင်မှုတွေ၊ သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ ဆိုတဲ့ စာအုပ်တွေနဲ့လည်း တွဲပြီး စိတ်ဝင်စားခံရပါတယ်။
သခင် သန်းထွန်း မရှိတာ အနှစ် ၅ဝ ရှိပြီ ဖြစ်ပေမယ့် သူနဲ့ ပတ်သက်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေက ဂယက်ရိုက်နေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာပြည် ပြည်တွင်းစစ်ကို သူ့ပါတီ တောခိုတဲ့နေ့က စသတ်မှတ်တာက အစ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ၈၈ အရေးအခင်းမှာ ပတ်သက်မှု အလယ် ဒေါ်အောင်ဆန်းစုကြည်ကို သူ့တူမအဖြစ် ပုံဖော် ရေးသားတာတွေ အဆုံး တွေ့နိုင်ပါတယ်။
သခင်သန်းထွန်းဟာ တို့ဗမာ အစည်းအရုံးနဲ့ နဂါးနီခေတ်ကတည်းက မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုမှာ ထင်ရှားတဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။
သခင်အောင်ဆန်း၊ သခင်နု စတဲ့ ခေါင်းဆောင်တွေနဲ့ ခေတ်ပြိုင် လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ သူဟာ ရန်ကုန်တက္ကသိုလ် ဆရာ အတတ်သင် ကောလိပ်မှာလည်း ပညာသင်ယူခဲ့သလို တက္ကသိုလ် အရန်တပ်ရင်းကို တက်ရောက်ပြီး စစ်ပညာ သင်ကြားခဲ့ တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lu Hla Nyo
ကညွတ်ကွင်း ဇာတိ သခင်သန်းထွန်းဟာ ရဲဘော်ဖြူ ခေါင်းဆောင် ဗိုလ်မှူးဖိုးကွန်းနဲ့ ညီအစ်ကိုဝမ်းကွဲ တော်စပ်ပြီး ဗိုလ်ဖိုးကွန်းရဲ့ ဖခင် တောင်ကြီး နယ်ခြားဝန်ထောက် ဦးကြီးညိုက ပြုစု စောင့်ရှောက် ခဲ့တယ် လို့လည်း သိရပါတယ်။
သူ့ညီကတော့ အာရှ လူငယ်အဖွဲ့မှာ ထင်ရှားတဲ့ ကိုညီလေး ဖြစ်ပြီး ဂျပန် အသတ်ခံခဲ့ရပါတယ်။
ရန်ကုန်က မွတ်ဆလင် ကျောင်းတကျောင်းမှာ သခင်သန်းထွန်း ဆရာလုပ်ရင်း နဂါးနီ နဲ့ ကြီးပွားရေး မဂ္ဂဇင်း စတဲ့ ခေတ်ပြိုင် စာနယ်ဇင်းတွေမှာ စာပေတွေ ရေးသားခဲ့ပါတယ်။
ကမ္ဘာလှည့် မောင်တင်မောင် နာမည်နဲ့ ကြီးပွားရေးမှာ နိုင်ငံတကာ လူငယ် လှုပ်ရှားမှုတွေအကြောင်း ရေးသားခဲ့ပါတယ်။
ကွန်မြူနစ်ပါတီ တည်ထောင်စက မပါဝင်ခဲ့ပေမယ့် ဒုတိယ ကမ္ဘာစစ် အတွင်း လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ဘဝနဲ့ ပါတီဝင်ခဲ့ပြီး စစ်အပြီးမှာ ပါတီ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Blog.sina.com.cn
ပါတီ ခေါင်းဆောင် ဖြစ်လာပေမယ့် ဖဆပလက ကွန်မြူနစ်ပါတီကို ထုတ်ပယ်တာ၊ သခင်စိုးက အလံနီပါတီ ခွဲထောင်တာတွေ ဖြစ်ခဲ့ပါတယ်။
ဖဆပလ ကွန်မြူနစ် ပြန်လည် ညီညွတ်ရေး ကြိုးစားနေစဉ်မှာပဲ မယားညီအစ်ကို ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပါတယ်။
သူတို့ နှစ်ယောက်ရဲ့ မညီညွတ်မှုဟာ ဖဆပလ ပြိုကွဲမှု အစဖြစ်တယ်လို့လည်း သိမီလိုက်သူတွေက သုံးသပ်ပါတယ်။
ဖဆပလ အစည်းအဝေးတွေမှာ ဗိုလ်ချုပ်အောင်ဆန်းက သခင်သန်းထွန်းကို အလွန်နိုင်ပြီး သခင်သန်းထွန်းက တခွန်းမှ ပြန်မပြောဘဲ မျက်နှာ မသာမယာနဲ့ ထိုင်နေတတ်တယ်လို့ ဖဆပလ ခေါင်းဆောင် တယောက်ရဲ့ မိသားစု ဆီက သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aungmyint Oo
လွတ်လပ်ပြီး သခင်နု ဖဆပလ ခေါင်းဆောင်ချိန်မှာလည်း အခြေအနေ ပိုကောင်းမလာဘဲ အေးအေးနေချင်တဲ့ သခင်နုကို ကြံတော ပို့ရမယ်၊ ဗားကရာချောက်ကို ဆိုရှယ်လစ်အရိုးတွေနဲ့ ဖို့ရမယ် စတဲ့ သခင်သန်းထွန်းရဲ့ မိန့်ခွန်းတွေ အပြီးမှာ ကွန်မြူနစ်တွေကို လိုက်ဖမ်းတာတွေ ဖြစ်ခဲ့ပါတယ်။
၁၉၄၈ မတ်လ ၂၈ ရက်မှာ ကွန်မြူနစ်တွေ တောခိုတယ် ဆိုပေမယ့် ခယ်မတော်သူ ဒေါ်ခင်ကြည်အိမ်မှာ ခေါင်းဆောင်တွေ တက်နေကြတယ်၊ ဘယ်သူမှ မဖမ်းရဲဘူး၊ သင်္ကြန်ကျမှ ဖြူးဦးမြင့်ဆွေရဲ့ အစီအစဉ်နဲ့ ရေပက်ခံတဲ့ ကားတွေထဲ ပုန်းလိုက်ပြီး မြို့ထဲက ထုတ်ရတယ်လို့ ကွန်မြူနစ် ခေါင်းဆောင်ဟောင်း ဦးသိန်းဖေမြင့်ရဲ့ ဇနီးက ဆိုပါတယ်။
ဖဆပလ အစိုးရကလည်း ကွန်မြူနစ်ပါတီကို မတရားအသင်း ကြေညာတာ ချက်ချင်း မလုပ်ခဲ့ပါဘူး။
ဒါ့အပြင် ကွန်မြူနစ်နဲ့ ရဲဘော်တွေ ပြန်လာပြီး အစိုးရဖွဲ့ဖို့ထိ ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမဲ့ ဒီအခြေအနေတွေဟာ ပြည်တွင်းစစ် ကြာလာတာနဲ့ အမျှ ပြောင်းလဲခဲ့ပါတယ်။ ကွန်မြူနစ်ဘက်က စေ့စပ်ဖို့ ကမ်းလှမ်းတဲ့ အခါ စစ်တပ်က လက်နက်ချခိုင်းတာမျိုးနဲ့ အစိုးရကို ဖိအားပေးပါတယ်။
၁၉၄၉ လောက်က ရန်ကုန် အစိုးရ ခေါ်ခံရတဲ့ အခြေကနေ စစ်တပ်ကို အင်အားချဲ့လာပြီး ပုန်ကန်မှုတွေကို နယ်စွန်နယ်ဖျား ရောက်အောင် တိုက်ထုတ်နိုင်တာတွေ ဖြစ်လာပါတယ်။

ဦးနုရဲ့ လူထုအောင်သံ ပြဇာတ်လို ကွန်မြူနစ် ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေ အကြီးအကျယ် လုပ်ခဲ့သလို စစ်တပ် အာဏာသိမ်းထားချိန် ၁၉၅၉ လောက်မှာတော့ ဓမ္မန္တရာယ် လှုပ်ရှားမှု အဖြစ် သံဃာတွေ ထောင်ချီ သုံးပြီး စစ်တပ်က ဝါဒဖြန့် ခဲ့ပါတယ်။
သခင်သန်းထွန်းက သူသာအာဏာရရင် ရွှေတိဂုံဘုရားက ရွှေတွေ နိုင်ငံအတွက် ယူသုံးမယ်ဆိုတဲ့ စကားက ဒီလှုပ်ရှားမှုက လာတာ ဖြစ်ပါတယ်။
ဒီဝါဒဖြန့်မှုတွေ နောက်မှာ စီအိုင်အေက ညွှန်ကြားနေတယ်ဆိုပြီး သခင်သန်းထွန်းက စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ye Hein Aung
၁၉၆၂ အာဏာသိမ်းပြီးနောက်မှာ ဆိုရှယ်လစ် လောကကို ချီတက်နေတယ် ဆိုတဲ့ တော်လှန်ရေး အစိုးရက ကွန်မြူနစ် တွေနဲ့ စေ့စပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မအောင်မြင်တဲ့ တကြောင်းကတော့ တရုတ် ဆိုဗီယက် အကွဲမှာ ကွန်မြူနစ်တွေက တရုတ်နဲ့ ပိုနီးစပ်ပြီး တော်လှန်ရေး ကောင်စီက ဆိုဗီယက် ထောက်ခံမှု ပိုရလို့ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bettmann
တရုတ်ပြည်ကို ၁၉၅ဝ လောက်ကတည်းက ဗကပ ခေါင်းဆောင်တွေ ရောက်နေခဲ့ပြီး နေထိုင်ခဲ့ရာကနေ တရုတ်ပါတီကနေ မြန်မာပြည်ထဲကို လှမ်းပြီး ညွှန်ကြားနေခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်းကနေ သခင်သန်းထွန်းနာမည်နဲ့ ထုတ်တဲ့ ညွှန်ကြားချက် တချို့ဟာ တရုတ်ပြည်ကနေ လာတာ လို့လည်း တောတွင်းက ပြန်ထွက်လာသူတချို့ရဲ့ ရေးသားချက်တွေမှာ ပါပါတယ်။
ဒါတွေကို အတည်ပြုရခက်ပေမယ့် အမေရိကန် မှတ်တမ်းတွေအရ တရုတ်နယ်စပ်ကနေ မြန်မာပြည်ထဲ ကွန်မြူနစ်တွေ ဝင်လာမှာကို အနောက်အုပ်စုက တောက်လျှောက် ပူပန်နေခဲ့တာ ဖြစ်ပါတယ်။
၁၉၆၅ လောက်ကစပြီး တရုတ်ပြည်မှာ မော်စီတုန်းဘက်သားတွေ ပိုအာဏာကြီးလာပြီး ယဉ်ကျေးမှု တော်လှန်ရေးဘက်ကို တာစူ လာပါတယ်။
မြန်မာပြည် ပဲခူးရိုးမမှာ အခြေစိုက်နေတဲ့ ဗကပ ဌာနချုပ်မှာလည်း ဒီတော်လှန်ရေး ဂယက်ရိုက်ပြီး သဘောကွဲတဲ့ ခေါင်းဆောင်တချို့ ဖယ်ရှားခံရတာတွေ ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, API
နောက် တရုတ် ဗမာ အရေးအခင်း ဖြစ်ပြီး မြန်မာ တရုတ် အစိုးရချင်း ဆက်ဆံရေး ပျက်ပြား သွားပါတယ်။
ရိုးမထဲမှာလည်း ဖြုတ်ထုတ်သတ်လို့ သိကြတဲ့ အာဏာလွန်ဆွဲပွဲတွေ ပေါ်လာပြီး ဂိုရှယ်၊ ဗိုလ်ရန်အောင်၊ ရဲဘော်ဌေး စတဲ့ ခေါင်းဆောင်တချို့ သတ်ဖြတ်ခံရသလို လူထုဦးလှသားနဲ့ တော်လှန်ရေး အစိုးရဝင် ဗိုလ်မှူးကြီး သန်းစိန်ရဲ့ညီ အပါအဝင် တောခိုလာတဲ့ ကျောင်းသားတချို့ သတ်ခံရတာတွေ ဖြစ်ခဲ့ပါတယ်။
ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး လက်နက်ချ ပြန်လာသူ တွေရဲ့ ဆောင်းပါးတွေမှာ ပါလာတာ ဖြစ်လို့ မယုံကြည်သူတွေလည်း ရှိခဲ့ပါတယ်။
လူထုဒေါ်အမာဟာ သားကြီးဖြစ်သူကို တော်လှန်ရေးကနေ အောင်ပွဲအဆင့်ဆင့်ခံပြီး ပြန်လာမယ် ဆိုပြီး ၁၉၇ဝ ကျော်ထိ မျှော်နေခဲ့တယ်လို့ သူ့စာအုပ်တွေ အရ သိရပါတယ်။
မိသားစုနဲ့ ခွဲနေရတဲ့ တော်လှန်ရေးသမားတွေရဲ့ စိတ်ဖိစီးမှုနဲ့ အုပ်စုဖွဲ့ ပြိုင်ဆိုင်မှု ပဋိပက္ခ အစွန်းရောက်သွားလို့ လူသတ်မှုတွေ ဖြစ်တာလို့ ပြည်ပ ပညာရှင်တချို့က သုံးသပ်ပါတယ်။
အလားတူ လက်နက်ကိုင် အဖွဲ့အစည်း တချို့မှာလည်း အုပ်စုဖွဲ့ အာဏာလုရင်း သတ်ဖြတ်မှုတွေ ဖြစ်ပွားတာတွေ မြန်မာနိုင်ငံမှာ ရှိခဲ့ပါတယ်။
၁၉၆၉ ထိ ပါတီတွင်း သတ်ဖြတ်မှုတွေ ဆက်ဖြစ်တယ်လို့ ထွက်ပြေးလာသူတွေက ဆိုပါတယ်။
တရုတ်နဲ့ ဆိုဗီယက် ပြိုင်ဆိုင်မှုကြားမှာ ကြားနေပြီး နှစ်ဘက်စလုံးက အကြံဉာဏ်နဲ့ အကူအညီယူခဲ့တဲ့ ဗီယက်နမ် ကွန်မြူနစ်ပါတီမှာ ဒီလို သတ်ဖြတ်တာတွေ မဖြစ်ဘဲ တရုတ်နဲ့ နီးစပ်တဲ့ ဗကပနဲ့ ခမာနီ လှုပ်ရှားမှုတွေမှာ ဒါမျိုးတွေ့ရတယ်လို့ သုတေသီ ဂျွန်ဘက်ဂျလေက ခွပ်ဒေါင်းနီများ စာအုပ်မှာ ရေးသားခဲ့ပါတယ်။

သတ်ဖြတ်မှုတွေ ဖြစ်နေချိန်မှာပဲ သခင်သန်းထွန်းတို့ ဌာနချုပ်ကို အစိုးရတပ်က တိုက်ခိုက်လို့ ထွက်ပြေးရင်း စစ်သားဟောင်းရဲ့ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ပါတယ်။
သားဖြစ်သူ ညီညီလေးဟာလည်း သခင်သန်းထွန်းကျပြီး မကျခင်မှာ တပ်နဲ့တိုက်ပွဲဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။
၁၉၇ဝ ကျော်မှာ သခင်ဇင်နဲ့ သခင်ချစ်စတဲ့ နောက်ထပ် ကွန်မြူနစ် ခေါင်းဆောင်တွေ စစ်တပ် နှိမ်နင်းမှုကြောင့် ကျဆုံးပြီး ရိုးမက ကွန်မြူနစ် ခြေကုပ် ပြိုလဲ ခဲ့ပါတယ်။
ဒါပေမဲ့ အရှေ့မြောက် နယ်စပ်မှာတော့ တရုတ်ပြည်က ဗမာပြည် ကွန်မြူနစ်ပါတီကို အင်အား အလုံးအရင်းနဲ့ ထောက်ပံ့ခဲ့ပါတယ်။
ကွန်မြူနစ်ပါတီ ပြိုကွဲပြီး နောက်မှာ ဒီအင်အားစုတွေဟာ လူမျိုးစု နယ်မြေတွေ အဖြစ် ခိုင်မာစွာ ရပ်တည်နေခဲ့ကြတာပါ။
၁၉၄၈ က သခင်သန်းထွန်းတို့ ပျဉ်းမနားဘက်မှာ စခဲ့တဲ့ တော်လှန်ရေးဟာ အနှစ် ၇ဝ ကြာပေမယ့် မြန်မာနိုင်ငံ အရှေ့ဘက်မှာ ပုံစံတမျိုးနဲ့ ဆက်ပြီး ဖြစ်ပွားနေတယ်လို့ ဆိုနိုင်ပါတယ်။
ဖြုတ်ထုတ်သတ်ကိစ္စကိုတော့ စစ်အစိုးရခေတ်အဆက်ဆက်မှာ သတင်းစာ မီဒီယာတွေကနေ ရေးသားပြီး ကွန်မြူနစ် သြဇာကျဆင်းအောင် ကြိုးစားခဲ့တာကို တွေ့ရပါတယ်။
သူနဲ့ရင်းနှီးပြီး တအိမ်ထဲ နေခဲ့ဖူးတဲ့ သတင်းစာဆရာကြီးတယောက်ကတော့ အစိုးရက နောက်ဆုံးနေ့များ ရေးရင် သူက သခင်သန်းထွန်းရဲ့ ပထမဆုံးနေ့များကို ရေးလိုကြောင်း ပြောဖူးတယ်လို့ ဆိုစမှတ် ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thierry Falise








