မြန်မာနဲ့ ဆက်တဲ့ အိန္ဒိယ အရှေ့မြောက်ပြည်နယ်များ

အိန္ဒိယခြမ်းက နာဂမျိုးနွယ်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယခြမ်းက နာဂမျိုးနွယ်များ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ညီအစ်မ ခုနစ်ဖော်လို့ လူသိများတဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်းက ၇ ပြည်နယ်မှာ မြန်မာနိုင်ငံအနောက်မြောက်နဲ့ အနောက်ဘက် နယ်နိမိတ်တွေနဲ့ ထိစပ်နေတဲ့ ပြည်နယ်က ၅ ခုရှိတဲ့အပြင် ဒီပြည်နယ်တွေမှာ နေကြတဲ့ လူမျိုးစုတွေဟာလည်း မြန်မာပြည် အနောက်မြောက်ခြမ်းက မျိုးနွယ်စုတွေနဲ့ သွေးသားတော်စပ်သူတွေ ဖြစ်ကြပါတယ်။

အရူနာချယ်ပရာဒက်ရှ်၊ အာသံ၊ နာဂလန်း၊ မဏိပူရ၊ မီဇိုရမ်၊ တြိပူရနဲ့ မက်ဂါလယာပြည်နယ်တွေနဲ့ ၁၉၇၅ ကမှ အိန္ဒိယက သိမ်းယူခဲ့တဲ့ ဆစ်ကင်ပြည်နယ်ကို ပူးပေါင်းပြီး အိန္ဒိယ အရှေ့မြောက်လို့ ခေါ်တွင်ပါတယ်။ ဒီပြည်နယ်တွေမှာ နေကြတဲ့ ဂျိန်းဖော၊ တိုင်းခမ်းတီ၊ အာသံ၊ နာဂ၊ ကသည်း၊ မီဇို၊ ကူကီး၊ ဘင်္ဂါလီ၊ တြိပူရ၊ ရခိုင်၊ သက် နဲ့ ခါစီ စတဲ့ မျိုးနွယ်တွေဟာ ဟိမဝန္တာတောင်တန်းရဲ့ အရှေ့ဖျားကနေ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ထိစပ်နေတဲ့ ရေ၀ေရေလဲ တောင်တန်း လွင်ပြင်တွေမှာ နေထိုင်ကြပါတယ်။ ဒီနယ်မြေကနေ ဗြဟ္မပုတြမြစ် မြစ်ဖျားခံစီးဆင်းလာသလို ဒီတောင်တန်းတွေရဲ့ အရှေ့ဘက် လွင်ပြင်တွေမှာလည်း ချင်းတွင်း၊ ဧရာဝတီနဲ့ သံလွင်မြစ်တွေ မြစ်ဖျားခံ စီးဆင်းကြပါတယ်။

နေမဝင် အင်ပါယာအောက် ကျရောက်ခဲ့

india

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗြိတိသျှအောက်က မဏိပူရနန်းတော်

အာသံ၊ မဏိပူရနဲ့ တြိပူရလို့ အစဉ်အလာ သိထားကြတဲ့ တောင်ပေါ် ဘုရင့်နိုင်ငံတွေဟာ အိန္ဒိယမြေပြန့်က မင်းဆက်အင်ပါယာတွေရဲ့ လွှမ်းမိုးမှုအောက်ကို မရောက်ဘဲ ကင်းလွတ်နေချိန်တွေ များခဲ့ပါတယ်။ အာသံနဲ့ မဏိပူရကိုတော့ မြန်မာဘုရင်တွေ ကျူးကျော်သိမ်းပိုက်တာ ရှိသလို မဏိပူရက မြန်မာဘက်ကို တိုက်ခိုက်ဖျက်ဆီးတာလည်း ရှိခဲ့ပါတယ်။

၁၉ ရာစုအစောပိုင်းက မြန်မာနဲ့ နယ်လုစစ်ပွဲအပြီး ရန္တပိုစာချုပ်နဲ့ ဗြိတိန်က အာသံကို သိမ်းသွင်းပြီး မဏိပူရကို အစောင့်အရှောက်ခံနိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဘင်္ဂလားနယ်နဲ့ ကပ်နေတဲ့ တြိပူရကတော့ ၁၈၀၉ ကတည်းက ဗြိတိသျှအစောင့်အရှောက်ခံ ဖြစ်ပါတယ်။

၁၉ ရာစုနှောင်း အထက်မြန်မာပြည်သိမ်းစစ်ပွဲနောက်ဆက်အဖြစ် ကချင်၊ ချင်းနဲ့ နာဂတောင်တန်းတွေကို ဗြိတိသျှကျူးကျော်ဝင်ရောက်မှုကြောင့်လည်း အိန္ဒိယအရှေ့မြောက်၊ မြန်မာအနောက်မြောက်နဲ့ မြောက်ဖျားစွန်း ဖြစ်လာမယ့် တောင်ပေါ်နယ်မြေတွေ ဗြိတိသျှအောက် ကျရောက်ခဲ့ပါတယ်။

ကိုလိုနီခေတ်က သက်အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုလိုနီခေတ်က သက်အမျိုးသမီး

ဒီလိုကျရောက်ခဲ့ပေမယ့် သွားလာရခက်ခဲတဲ့ တောင်ပေါ်နယ်မြေတွေကို ဗြိတိသျှဘက်က စတိသဘောအုပ်ချုပ်ရေး ထားရှိပြီး စစ်သားစုဆောင်းဖို့နဲ့ သာသနာပြုတွေ စေလွှတ်သိမ်းသွင်းဖို့ပဲ အာရုံရှိခဲ့ပါတယ်။ တောင်ပေါ်နယ်မြေတွေမှာ ခရစ်ယာန်ဘာသာဝင်သူ တိုးလာပေမယ့် မြေပြန့်က အာသံနဲ့ မဏိပူရ ကသည်းတွေကတော့ ဟိန္ဒူဘာသာဝင်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။ တခြားဘက်မှာတော့ အာသံကို သီဟိုဠ် ခေါ် သီရိလင်္ကာကျွန်းလိုပဲ ဗြိတိသျှလက်ဖက်စိုက်ခင်းတွေအဖြစ် အသုံးပြုခဲ့ရာက အာသံလက်ဖက်ခြောက်ဆိုပြီး ကမ္ဘာကျော်ခဲ့ပါတယ်။

၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယက ခွဲထုတ်ချိန်မှာ မြန်မာပြည်နဲ့ မပူးပေါင်းဖို့ မဏိပူရက ဆန္ဒပြုခဲ့ပါတယ်။

ကမ္ဘာစစ်သုံး အာသံလေယာဉ်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာစစ်သုံး အာသံလေယာဉ်ကွင်း

ဒုတိယကမ္ဘာစစ်မှာတော့ အိန္ဒိယအရှေ့မြောက်ဟာ တောင်အာရှဒေသကြီး ဂျပန်ဖက်ဆစ်အောက်မကျဖို့အတွက် အဓိကခံကတုပ်ကြီးဖြစ်ခဲ့သလို ကိုဟီးမားနဲ့ အင်ဖာတိုက်ပွဲတွေဟာလည်း ကမ္ဘာကျော်ခဲ့ပါတယ်။ ဒီစစ်မျက်နှာဟာ တရုတ်-မြန်မာ-အိန္ဒိယစစ်မျက်နှာနဲ့ ဆက်စပ်နေပြီး ဒီနယ်မြေက ချင်း၊ နာဂနဲ့ ကချင်နွယ်ဖွားတွေကို ဗြိတိသျှစစ်တပ်က စုစည်းပြီး ဂျပန်ကို တိုက်ထုတ်စေခဲ့ပါတယ်။ ဒီနယ်မြေတွေကို ဖြတ်သန်းသွားတဲ့ လီဒိုလမ်း၊ စတီးဝဲလ်လမ်း၊ တရုတ်-ဗမာလမ်းမကြီးတွေကိုသုံးပြီး ဒုတိယကမ္ဘာစစ်ကို မဟာမိတ်တွေ နိုင်အောင် တိုက်ခဲ့ကြပါတယ်။

လီဒိုလမ်းမကြီးဆိုတဲ့ နာမည်ဟာ ဒုတိယကမ္ဘာစစ်ပြီးစ မြန်မာစာနယ်ဇင်းတွေမှာ မကြာခဏပါခဲ့တဲ့ နာမည်ဖြစ်ပြီး ဒီနယ်မြေတွေမှာ တိုက်ခိုက်ခဲ့တဲ့ အင်္ဂလိပ်ဗိုလ်ချုပ်ဝင်းဂိတ်ရဲ့ ခြင်းဒစ်ခေါ် ခြင်္သေ့တပ်တွေဟာလည်း ကမ္ဘာထိ ကျော်ကြားခဲ့ပါတယ်။

ခွဲခြမ်းခံရတဲ့ အမျိုးသားနိုင်ငံများ

မဏိပူရရောက် အိန္ဒိယနဲ့ မြန်မာ ဝန်ကြီးချုပ်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မဏိပူရရောက် အိန္ဒိယနဲ့ မြန်မာ ဝန်ကြီးချုပ်များ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ နဲ့ ၁၉၄၈ မှာ အိန္ဒိယနဲ့ မြန်မာကို လွတ်လပ်ရေးပေးပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်အကွဲအပြဲနဲ့ ခေါင်းကိုက်နေတဲ့ ဗြိတိန်ဟာ မြန်မာနဲ့ အိန္ဒိယကြားက တောင်တန်းသားတွေအရေးကို အာရုံမစိုက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် နာဂ၊ ဇိုခေါ် ချင်းနဲ့ ကချင်နွယ်ဖွားတွေဟာ နှစ်နိုင်ငံကြားမှာ ခွဲခြမ်းခံခဲ့ရပြီး ဒီမကျေနပ်မှုကနေ နာဂသူပုန်ပေါက်ဖွားခဲ့သလို နောက်ပိုင်းမှာလည်း ချင်းနဲ့ လူရှိုင်းပုန်ကန်မှုတွေ နှစ်နိုင်ငံစပ်ကြားမှာ ပေါ်လာခဲ့ပါတယ်။

မဏိပူရနဲ့ တြိပူရ စော်ဘွားနိုင်ငံတွေလည်း အိန္ဒိယနိုင်ငံနဲ့ ၁၉၄၉ မှာ ပူးပေါင်းခဲ့ရပါတယ်။ အဲဒီအချိန်မှာ ပူးပေါင်းရေးအပေါ် အမြင်သဘောကွဲလွဲမှုတွေကနေ မဏိပူရမှာ ကသည်းသူပုန်ပေါ်ခဲ့ပါတယ်။ လွတ်လပ်ရေးခေတ် မြန်မာအမျိုးသားရေးစာနယ်ဇင်းတွေကတော့ တချိန်က မြန်မာပိုင်ခဲ့တဲ့ အာသံနဲ့ မဏိပူရကို မြန်မာအောက် ပြန်မသိမ်းသွင်းနိုင်ဘူးဆိုပြီး အာဏာရနိုင်ငံရေးသမားတွေကို အပြစ်တင်ပါတယ်။ တကယ်တမ်းမှာတော့ ကချင်နဲ့ ချင်းပြည်နယ်တွေ ပေါ်ပေါက်ရေး ပြဿနာ၊ မူဂျာဟစ် ခွဲထွက်ရေးပုန်ကန်မှု၊ ရခိုင်ပြည်နယ်တောင်းဆိုမှုနဲ့ နာဂသူပုန် မြန်မာပြည်ထဲ စိမ့်၀င်လာမှုတွေက မြန်မာအစိုးရအတွက် ခေါင်းခဲစရာ ဖြစ်ခဲ့ပါတယ်။

နယ်စပ်အငြင်းပွားမှုနဲ့ အိန္ဒိယအရှေ့မြောက်

၁၉၆၂ စစ်ပွဲအတွင်းက အာသံရိုင်ဖယ်တပ်မိသားစုများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၆၂ စစ်ပွဲအတွင်းက အာသံရိုင်ဖယ်တပ်မိသားစုများ

၁၉၆၂ မှာတော့ ကက်ရှ်မီးယားနဲ့ အိန္ဒိယအရှေ့မြောက်မှာ တရုတ်နဲ့ အိန္ဒိယနယ်မြေအငြင်းပွားမှုကြောင့် စစ်ဖြစ်ကြပါတယ်။ နှစ်ဖက် အသေအပျောက်ရှိခဲ့ပြီး မြန်မာဘက်က ဗိုလ်ချုပ်ကြီးနေဝင်း ဖြန်ဖြေပေးခဲ့ပေမယ့် ခုထိ နယ်စပ်တင်းမာမှုတွေ ရှိနေပါတယ်။ အရူနာချယ်ပရာဒက်ရှ်ကို တရုတ်က တိဘက်တောင်ပိုင်းဆိုပြီး သူပိုင်အဖြစ် ခုထိ တောင်းဆိုနေဆဲ ဖြစ်ပါတယ်။

အာသံနယ်ကြီးကို ခွဲစိတ်ပြီး ၁၉၆၃ မှာ နာဂလန်း၊ ၁၉၇ဝ မှာ မက်ဂါလယာနဲ့ ၁၉၇၂ မှာ အရူနာချယ်ပရာဒက်ရှ်နဲ့ မီဇိုရမ်ပြည်နယ်သစ်တွေ မွေးဖွားပေးခဲ့ပါတယ်။ မဏိပူရနဲ့ တြိပူရတို့လည်း ၁၉၇၂ မှာပဲ ပြည်ထောင်စုနယ်မြေအဆင့်ကနေ သီးခြား ပြည်နယ်ဖြစ်ကြပါတယ်။၁၉၇၁ က ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ် အဖျားခတ်တာ ခံလိုက်ရတဲ့ နယ်မြေတွေကို ပြည်နယ်အဆင့် တိုးမြှင့်သတ်မှတ်ပေးတာပါ။

မီဇိုရမ်ပြည်နယ်ကိုတော့ အာသံက ခွဲထုတ်ပြီး ၁၉၈၇ မှာ တည်ထောင်ပေးခဲ့ပါတယ်။

လူမျိုးရေးနဲ့ ဖွံ့ဖြိုးမှု

မီဇိုရမ်မျိုးနွယ်စုတွေရဲ့ ဝါးညှပ်အက

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မီဇိုရမ်မျိုးနွယ်စုတွေရဲ့ ဝါးညှပ်အက

အိန္ဒိယပြည်မနဲ့ အဆက်အသွယ်ခက်ပြီး မျိုးနွယ်စုစုံလင်တဲ့ အရှေ့မြောက်ပိုင်းဟာ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နယ်မြေဖြစ်ပါတယ်။ ကွဲပြားတဲ့ မျိုးနွယ်စုတွေကြား ဘာသာရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးတိုးတက်မှု မတူညီမှုတွေကြောင့် အဓိကရုဏ်းတွေ ဖြစ်လေ့ရှိပြီး သီးသန့်ပြည်နယ် ရရှိရေး လှုပ်ရှားမှုတွေလည်း ရှိကြပါတယ်။

ဒုတိယ ကမ္ဘာစစ်အပြီး အိန္ဒိယနိုင်ငံကြီးကို အိန္ဒိယ၊ ပါကစ္စတန် နှစ်နိုင်ငံ ခွဲခြားမှုနဲ့ အရှေ့ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ် ပေါ်ထွန်းလာမှုတွေကြောင့်လည်း ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီ ဟိန္ဒူမျိုးနွယ်စုတွေ အိန္ဒိယ အရှေ့မြောက်ပိုင်းကို ဝင်ရောက်ခိုလှုံလာကြပါတယ်။ ဒီအတွက် ဒေသခံမျိုးနွယ်စုတွေဘက်က မကျေနပ်ဘဲ ကန့်ကွက်တာတွေ ရှိခဲ့ပြီး ဝင်လာသူတွေကို နိုင်ငံသားပေးရေးမှာလည်း အခက်အခဲတွေ ရှိခဲ့ပါတယ်။

၂၁ ရာစုမှာ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာတဲ့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီး နှစ်ခုကြား အိန္ဒိယအရှေ့မြောက်ဒေသက စင်္ကြံသဖွယ်ဖြစ်နေသလို ဒီကနေပဲ အရှေ့တောင်အာရှကို ပေါင်းကူးသဖွယ် သွားလို့ရနေတဲ့အတွက် မဟာဗျူဟာအရ အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် အရှေ့မြောက်အိန္ဒိယနဲ့ စပ်နေတဲ့ စစ်ကိုင်းနဲ့ ချင်းပြည်နယ်တွေမှာ ပုန်ကန်မှုတွေ ပေါ်ပေါက်ခဲ့ပြီး ဒုက္ခသည်တွေ အိန္ဒိယနိုင်ငံထဲ ဝင်လာခဲ့ကြပါတယ်။ မဏိပူရက ရှိရင်းစွဲ ဒေသခံ ကသည်းနဲ့ ကူကီးပဋိပက္ခမှာလည်း ဒီဝင်လာတဲ့ ကူကီးလူမျိုးတွေ ကြားညပ်ပြီး မလုံခြုံမှုတွေ ခံစားနေကြရပါတယ်။

စိုပြည်စိမ်းလန်းတဲ့ ခါစီကုန်းမြင့်ဒေသ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စိုပြည်စိမ်းလန်းတဲ့ ခါစီကုန်းမြင့်ဒေသ

အိန္ဒိယ အရှေ့မြောက်ပိုင်းဟာ မြန်မာပြည် တောင်ပေါ်နဲ့ ကမ်းရိုးတန်းက မျိုးနွယ်စု ပြည်နယ်တွေလိုပဲ ဖွံ့ဖြိုးမှု နှေးကွေးပြီး သယံဇာတကြွယ်ဝတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ လူမျိုးစုကွဲပြားစုံလင်မှုကြောင့် နိုင်ငံရေးရှုပ်ထွေးပြီး ပြည်မက နိုင်ငံရေးပါတီတွေရဲ့ လွှမ်းမိုးမှုကို ခံရတာမှာလည်း မြန်မာဘက်က ပြည်နယ်တွေနဲ့ ဆင်တူပါတယ်။

နိုင်ငံရေးတည်ငြိမ်မှုရှိလာရင် ဒီအရှေ့မြောက်ဒေသမှာ ရေအားလျှပ်စစ်၊ ဓာတ်သတ္တုရှာဖွေရေးနဲ့ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စတဲ့ သယံဇာတရင်းမြစ်တွေကို အရင်းခံပြီး စီးပွားရေးတိုးချဲ့ကာ ဒေသဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်ပေမယ့် ဒေသထဲက မျိုးနွယ်စုတွေကြား ကျေလည်မှုမရှိဘဲ ဖွံ့ဖြိုးတည်ငြိမ်ရေးကို မဖော်ဆောင်နိုင်တာကလည်း မြန်မာဘက်က ပြည်နယ်ညီအစ်မခုနစ်ဖော်နဲ့ အတူတူပဲ ဖြစ်ပါတယ်။