ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယက သူတို့ပိုင်လို့ဆို

နောင်နှစ် လုပ်မယ့် မဏိပူရ ပြည်နယ် ရွေးကောက်ပွဲ အတွက် မဲဆွယ်ရာမှာ ဘီဂျေပီ ပါတီက သူတို့ပါတီကို မဲပေးရင် ကဘော်ချိုင့်ဝှမ်းကို မြန်မာအစိုးရဆီက ပြန်တောင်းပေးမယ်လို့လည်း ပြောဆိုမဲဆွယ်နေတဲ့ အကြောင်း seven sisters post သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။
တကယ်တော့ ဘီဂျေပီ ပါတီက ကဘော်ချိုင့်ဝှမ်းဟာ မဏိပူရပြည်နယ်ရဲ့ တစိတ်တပိုင်းလို့ ပြောတာဟာ အခုမှ မဟုတ်ပါဘူး။
၂၀၁၁ ခုနှစ် မဏိပူရပြည်နယ် ဘီဂျေပီပါတီခေါင်းဆောင် ရှန်တီကူးမားက ၁၉၄၇ ခုနှစ် အင်္ဂလိပ်လက်ထက်တုံးက ကဘော်ချိုင့်ဝှမ်းဟာ အိန္ဒိယ ပိုင် ဖြစ်ခဲ့ဖူးတယ်ဆိုတာကို ထောက်ပြပြီး မဏိပူရပြည်နယ်နဲ့ တဆက်တစပ်တည်း ဖြစ်တယ်။ မဏိပူရပြည်နယ်က ပိုင်သင့်တယ်လို့ ပြောခဲ့ဖူးပါတယ်။
မြန်မာသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ဦးရဲထွဋ်ကေတာ့ နှစ်နိုင်ငံ သဘောတူ စာချုပ်ချုပ်ဆို ထားတဲ့ ကိစ္စကို နိုင်ငံရေး ပါတီ တခုက ပယ်ဖျက်လို့ မရဘူး လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းမှာပဲ အိန္ဒိယဘက်က မြန်မာ့ပိုင်နက်ကို ကျူးကျော်တယ်ဆိုပြီး တမူး၊ ကလေး၊ မင်းကင်းဘက်မှာ ဒေသခံတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါသေးတယ်။
၁၉၆၇ သဘောတူညီချက်အရ နယ်ခြားမှတ်တိုင်တွေ စိုက်ထားပေမဲ့ မှတ်တိုင်တွေ ပျောက်ဆုံးမှု ရှိပြီး အန္ဒိယဘက်က ကျူးကျော် နေထိုင်တယ်လို့ ဒေသခံတွေက စွပ်စွဲပါတယ်။
အဲဒီဒေသတွေမှာ အိန္ဒိယဘက်က စစ်တပ်ချထားပြီး အဝင်အထွက် ပိတ်ပင်ထားတယ်လို့လည်း ဆိုပါတယ်။
တမူးနယ်စပ် ပြဿနာကိုတော့ သံတမန် နည်းလမ်းနဲ့ ဆောင်ရွက်ထားတာ ရှိတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။
အခု ကဘော်ချိုင့်ဝှမ်းကိစ္စနဲ့ တမူးပြဿနာ အဆက်အစပ် ရှိမရှိကိုတော့ ဦးရဲထွဋ်က မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။








