ဗိုလ်နဂါးလက်နက်ချတဲ့နောက် အညာလုံခြုံရေးဘယ်လိုသက်ရောက်မလဲ

ဖေဖော်ဝါရီ ၁၈ ရက်မှာ စစ်တပ်ထုတ်ပြန်တဲ့ ဗိုလ်နဂါးက စစ်တပ်အရာရှိဆီကို လက်နက်အပ်နှံနေတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၁၈ ရက်မှာ စစ်တပ်ထုတ်ပြန်တဲ့ ဗိုလ်နဂါးက လက်နက်အပ်နှံနေတဲ့ပုံ
ဖတ်ရန်အချိန်: မိနစ် ၁၀

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက စစ်တပ်ဆီ လက်နက်ချအပြီးမှာ သူနဲ့တွဲမြင်ကြတဲ့ ပုလဲနယ်ရှိရာ ယင်းမာပင်ခရိုင်ထဲမှာ လုံခြုံရေးသတိပြုဖို့ တော်လှန်ရေးအသိုင်းအဝိုင်းက သတိထားလာကြပါပြီ။

သူလက်နက်ချပြီးနောက်တစ်ရက်မှာပဲ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ပုလဲမြို့ပေါ်ကို Mi-17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဥ်တွေ ၉ ကြိမ် အတက်အဆင်းလုပ် အင်အား ဖြည့်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

"ညောင်ပင်ကြီးဇက်ဆိပ်ကနေ နမခကားတန်းတွေ ယင်းမာပင်နယ်ထဲဝင်လာပြီ အင်အားသုံးစစ်ကြောင်းထိုးမယ့်အရိပ်အယောင်မြင်ရတယ်" လို့ မြေပြင်ရဲဘော် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီလိုပြောပြီးသိပ်မကြာခင်မှာပဲ ပုလဲမြို့ထဲကနေ စစ်ကြောင်းထွက်လာပြီလို့ သူက ထပ်ပြောလာပါတယ်။

ဗိုလ်နဂါး မရှိတော့တဲ့ ပုလဲအခြေအနေ

BNRA ရဲ့ လက်နက်တပ်ဆင်ပေးတဲ့အခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, BNRA

ဓာတ်ပုံ ပုံစာ, BNRA ရဲ့ လက်နက်တပ်ဆင်ပေးတဲ့အခမ်းအနားပုံဟောင်း

မနေ့ညနေပိုင်းကစတင်ပြီး ဒီနေ့အထိ ပုလဲနယ်ထဲကို တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုပေါင်း ၆ ကြိမ်ဝန်းကျင်ရှိပြီလို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"ဒီမနက်က ၂ကြိမ်တိုက်တာ ရှိတယ်။ အဓိက PDF တွေခိုလှုံနိုင်တဲ့ နေရာတွေကို တိုက်တာ" လို့ သူက ပြောပါတယ်။

ပုလဲမြို့အနောက်ဘက် မြကုန်းရွာနဲ့ ကုက္ကိုကုန်းရွာ၊ ယင်းမာပင်မြို့နယ် အရှေ့ဘက်ခြမ်းက ရာဇဂြိုလ်ရွာ နေရာတွေကို စစ်ကြောင်းထိုးလာတာလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ခံ ကိုဇော်ထက်ကတော့ ယင်းမာပင်တခရိုင်လုံးမှာ လေကြောင်းနဲ့ မြေပြင် စစ်ကြောင်းကို အထူးသတိထားဖို့ လိုလာတယ်လို့ ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ယင်းမာပင်ခရိုင်ထဲက တပ်ရင်းတပ်ဖွဲ့တွေရဲ့ တည်နေရာတော်တော်များများကို စစ်ကောင်စီက ရရှိထားပြီးဖြစ်ပါလိမ့်မယ်။ ဒီအချက်အလက်တွေကို ရယူပြီး အင်အားအလုံးအရင်းနဲ့ မြေပြင်စစ်ကြောင်းတွေထိုးလာနိုင်လို့ အထူးပြင်ဆင်ထားရမယ့်အနေအထားဖြစ်ပါတယ်"လို့ ပအဖ တာဝန်ခံကိုဇော်ထက်က ပြောပါတယ်။

ဗိုလ်နဂါးနဲ့ ဆက်စပ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် ကျေးရွာတွေကို လုံခြုံရေး သတိထားဖို့ ထုတ်ပြန်ထားကြောင်း သူက ဘီဘီစီကို ပြောပါတယ်။

ပုလဲမြို့ပေါ်ကို လေကြောင်းကလာချတဲ့ တပ်အင်အားတွေမှာ ဗိုလ်နဂါးနဲ့အတူ ပါသွားတဲ့ BNRA တပ်ဖွဲ့ဝင်တွေ ပြန်ပါလာနိုင်တယ်လို့ ယူဆချက်တွေလည်း ရှိနေတာပါ။

ဗိုလ်နဂါးနဲ့အတူ မိသားစုဝင်တွေ ခိုလှုံလာတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပေမဲ့ တခြားတပ်ဖွဲ့ဝင်တွေ ပါလာမလာကိုတော့ ဖော်ပြတာမရှိပါဘူး။

ဒီနေ့ထဲမှာပဲ NUG လက်အောက်က ယင်းမာပင်ခရိုင် ပကဖကတော့ ခရိုင်အတွင်းနေထိုင်တဲ့ BNRA တပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ခရိုင်/မြို့နယ် ပကဖဆီ အပ်နှံဖို့ ထုတ်ပြန်လာပါတယ်။

မအပ်နှံသူတွေကို ပြင်းထန်စွာအရေးယူမယ်လို့လည်း ကြေညာထားတာဖြစ်ပါတယ်။

"အသိစိတ်နဲ့ လာအပ်ရင် ခံဝန်နဲ့ပြန်လွှတ်ပြီး လာမအပ်ရင် အရေးယူမယ်လို့ ကြေညာနေတာ။ ယင်းမာပင်ထဲက BNRA တပ်ဖွဲ့တွေ ရှိနိုင်တဲ့နေရာတွေကို မနေ့ကတည်းက လိုက်ပြီး ကုတ်(ဖမ်း)နေတာ"လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ PDF နဲ့ ပကဖတွေဆီ ချိတ်ဆက် အဖမ်းခံသလို လာရောက်ပူးပေါင်းတဲ့ BNRA တပ်ဖွဲ့ဝင်အယောက် ၁၅၀ ခန့် လက်နက်အပ်နှံထားပြီး ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်ထားတဲ့ BNRA တပ်ဖွဲ့ဝင်တွေကို ဥပဒေကြောင်းအရဆောင်ရွက်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကပြောပါတယ်။

"ရာဇဝတ်မှုမကျူးလွန်တဲ့ရဲဘော်တော်တော်များများဟာ အပြုသဘောဆောင် ပူးပေါင်းကြတာ ရှိပါတယ်။ အဲဒီရဲဘော်တွေရဲ့ဆန္ဒအတိုင်းတော်လှန်ရေးကို ဆက်လက်ပါဝင်နိုင်ဖို့ဆောင်ရွက်မှာ ဖြစ်သလို ပြစ်မှုကျူးလွန်ထားသူတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနက ကျူးလွန်တဲ့အမှု အလိုက် စစ်ဆေးဆောင်ရွက်သွားမယ်" လို့ ဦး‌မောင်မောင်ဆွေက ပြောပါတယ်။

NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ဖေဖော်ဝါရီ ၁၈ ရက်ရက်စွဲနဲ့ အရေးပေါ်သတင်းထုတ်ပြန်ချက် အရ ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်တွေဟာ ကျူးလွန်တဲ့ အမှု ၇ မှုရှိတယ်လို့ဖော်ပြပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ဗိုလ်နဂါးကို ဘီဘီစီက ဖေဖော်ဝါရီ ၁၉ ရက်မှာ မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ပကဖတွေကိုရိုက်နှက်တာ၊ PDF အဖွဲ့ဝင်တွေသတ်ဖြတ်ခံရတာ၊ NUG ဂိတ်စခန်းတွေကိုစီးနင်းတာ အပြင် သက်ငယ်မုဒိန်းကျူးလွန်တယ်ဆိုပြီး အမှု ၇ မှုကို ဖြစ်စဉ်နဲ့ ဆောင်ရွက်ချက်တွေဆိုပြီး ပြည်ထဲရေးကထုတ်ပြန်လာတာပါ။

ဒီအမှုတွေအတွက် ဗိုလ်နဂါးကိုဖမ်းဆီးဖို့ ဖေဖော်ဝါရီ ၁၇ ရက်မှာ BNRA စခန်းတွေကို ဝင်တိုက်ခဲ့ပါတယ်။

NUG ဘက်က တိုက်ခိုက်မှုတွေကို ကျော်လွှားဖို့ခက်လိမ့်မယ်လို့ လက်နက်မချခင်နာရီပိုင်းအလိုမှာ ဗိုလ်နဂါးက ဘီဘီစီကို ပြောခဲ့ပါတယ်။

"ဘယ်လိုသဘောနဲ့လုပ်လဲမသိပါဘူး။ တော်လှန်ရေးအစိုးရတရပ်အနေနဲ့ ယုံကြည်ဖို့လည်း ခက်သွားသလို စစ်မှန်တဲ့တော်လှန်ရေးအနာဂတ်ပျောက်တယ်လို့ ကျွန်တော်ကတော့ ခံစားရတယ်" လို့ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၁၁ ခွဲအချိန်ခန့်မှာ ဗိုလ်နဂါးက ပြောပါတယ်။

မြို့နယ် ၇ ခုက စခန်းတွေကို NUG က အင်အားထောင်နဲ့ချီ သုံးကာ ဝင်ရောက် စီးနင်း တယ်လို့ ဗိုလ်နဂါးက ဆိုပါတယ်။

ဒါပေမဲ့ NUG ရဲ့ စစ်ကိုင်းတိုင်း ကွပ်ကဲရေးဌာနကတော့ ပုလဲမြို့နယ်ထဲမှာ BNRA အခြေစိုက်တဲ့ကျေးရွာ ၃ ရွာကိုစီးနင်းပြီး ထွက်ပြေးခရီးလွန်တချို့ကို ထိန်းသိမ်းတာလို့ ပြောပါတယ်။

စစ်အင်အားသုံး တိုက်ခိုက်မှုနဲ့ပတ်သက်လို့ သာမန်တရားဥပေဒစိုးမိုးရေးယန္တရားနဲ့ ဆောင်ရွက်ဖို့ မဖြစ်နိုင်လို့ တရားဥပဒေစိုးမိုးရေးအတွက်နဲ့ တော်လှန်ရေးဆူးညှောင့်တစ်ခု ဖယ်ရှားဖို့ မလွှဲမရှောင် သာဆောင်ရွက်ရတာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီညနေပိုင်းမှာထပ်ထုတ်ပြန်လာပါတယ်။

အညာမှာ ဖြစ်လာနိုင်တဲ့ လုံခြုံရေးပိုင်း သက်ရောက်မှုတွေ

BNRA လက်နက်တပ်ဆင်တဲ့အခမ်းအနားတစ်ခုမှာတွေ့ရတဲ့ ဗိုလ်နဂါး

ဓာတ်ပုံ ရင်းမြစ်, BNRA

ဓာတ်ပုံ ပုံစာ, BNRA လက်နက်တပ်ဆင်တဲ့အခမ်းအနားတစ်ခုမှာတွေ့ရတဲ့ ဗိုလ်နဂါး ပုံဟောင်း

"လုံခြုံရေးအရ နောက်ဆက်တွဲ စိန်ခေါ်မှုတွေ အများအပြားရှိလာနိုင်ပါတယ်" လို့ မြန်မာ့စစ်ဘက်ရေးရာ နှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်ရေးရာ တာဝန်ခံ ကိုနောင်ရိုးက ဘီဘီစီကို ပြောပါတယ်။

လတ်တလောမှာ စစ်ရေးပိုင်းသတိထားဖို့လိုပြီး နောက်ဆက်တွဲ ဆက်စပ်လမ်းကြောင်းတွေကို ဖော်ထုတ်တာ၊ တော်လှန်ရေးတပ်ဖွဲ့တချို့ကို ဆက်သွယ်ချိတ်ဆက်ဖဲ့ထုတ်တာ၊ စစ်တပ်ဘက်က တန်ပြန်ဝါဒဖြန့်ချီတာနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဦးတည်လုပ်လာနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။

CDM ဗိုလ်ကြီးဇင်ယော်ကလည်း ပုလဲမြို့နယ်ရှိရာ စစ်ကိုင်းအပြင် မကွေးနဲ့ ချင်းပြည်နယ် အစပ် နေရာတွေအထိ လုံခြုံရေး ဂရုစိုက်ဖို့ လိုပြီလို့ ပြောပါတယ်။

"နဂါးကိုအဓိကအသုံးချပြီး စစ်ကိုင်းရဲ့ဝင်လမ်း၊ထွက်လမ်းတွေ၊ စခန်းတည်နေရာတွေ၊လှုပ်ရှားတတ်တဲ့ အလေ့အထတွေရတော့မှာ။ စခန်းတွေ ရွှေ့တာ၊ ပုံဖျက်တာနဲ့ လမ်းကြောင်းပြောင်းတာတွေ လိုအပ်လာပါပြီ"လို့ သူကဆိုပါတယ်။

ပုလဲနယ်ထဲက လူထုက ဘေးကျပ်နံကျပ်ဖြစ်လာသလို သူတို့တပ်အနေနဲ့လည်း လုံခြုံရေးအရ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေတယ်လို့ ဒီနယ်တကြောမှာ စစ်ရေးလှုပ်ရှားနေတဲ့ တပ်ဖွဲ့ရဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဗိုလ်နဂါးလှုပ်ရှားနယ်မြေဖြစ်တဲ့ ပုလဲမြို့နယ်ဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းအစပ်ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဟာ မကွေးတိုင်းအပြင် ချင်း၊ ကချင်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တို့နဲ့ပါ နယ်မြေဆက်စပ်နေတာ ဖြစ်ပါတယ်။

"စစ်ကိုင်းနဲ့ထိစပ်နေတဲ့ တပ်မဟာ ၈ နယ်မြေထဲကိုတော့ သူ(ဗိုလ်နဂါး) ရောက်ကောင်း ရောက်ဖူးနိုင် ပါတယ်။ စစ်ရေးအရ အကြောင်းအရာဖြစ်လို့ စစ်ရေးတာဝန်ရှိသူတွေကတော့ လုံခြုံရေးစီမံချက်နဲ့ ပတ်သက်လို့ အသိပေးလာတာ မရှိသေးပါဘူး"လို့ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။

BNRA တပ်ဟာ ၂၀၂၂ ခုနှစ်အစောပိုင်းမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဖွဲ့စည်းပေးခဲ့တဲ့ တပ်မဟာ (၆၁၁) မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့အတူ ပါဝင်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာလည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ဗိုလ်နဂါးလက်နက်ချတာဟာ ရှမ်းမြောက်လုံခြုံရေးအပေါ်တော့ သက်ရောက်မှုမရှိနိုင်ဘူးလို့ နယ်မြေ အကြောင်းနှံ့စပ်သူတစ်ဦးက သုံးသပ်ပါတယ်။

စစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်မှာ ဗိုလ်နဂါးသေနတ်ခါးကြားထိုးထားတာကြောင့် ဒီအပေါ်မှာ မေးခွန်းထုတ်မှုတွေလည်းရှိနေတာပါ။

ဒါက စစ်တပ်ကနေ မြင်စေချင်တဲ့ သတင်းပေးချက်ဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

"လုပ်ထုံးလုပ်နည်းမှာတော့ ခန္ဓာကိုယ်မှာ အပ်နေတဲ့လက်နက်ကလွဲရင် ကျန်တဲ့လက်နက်ရှိနေလို့မရပါဘူး။ စစ်တပ်က ဓာတ်ပုံရိုက်အခမ်းအနားကိုသေချာလုပ်လေ့ရှိတယ်။ လက်ခံတဲ့သူကလည်း G1 အဆင့်လူ။ ဒါက သူတို့(စစ်တပ်)က နဂါးကို တော်လှန်ရေးဘက်ပြန်တိုက်ခိုင်းမယ် ဒါမှမဟုတ် နဂါးက ပြန်တိုက်မယ်ဆိုတဲ့ မက်ဆေ့မျိုးပဲ" လို့ သူကဆိုပါတယ်။

ဗိုလ်နဂါးကို စစ်တပ်က ပြည်သူ့စစ်အသွင်နဲ့ သုံးလာနိုင်တယ်လို့လည်း သူကယူဆတာပါ။

"သူတို့မှာ လက်နက်ရှိပြီးသားဆိုတာနဲ့ တိုက်ပွဲအတွေ့ကြုံရှိတာကြောင့် ပြည်သူ့စစ်အဖြစ်အသုံးချနိုင်ပါတယ်။ သူ(နဂါး)ကိုယ်တိုင်မြေပြင်မဆင်းရင်တောင်မုံရွာလောက်ကနေ အောက်ကအဖွဲ့နဲ့ လှုပ်ရှားနိုင်ပါတယ်" လို့ ဆိုပါတယ်။

ဗိုလ်နဂါးလက်နက်ချတာနဲ့ ပတ်သက်လို့ တော်လှန်ရေးဘက်က တုံ့ပြန်ချက်တွေ

စစ်တပ်က ထုတ်ပြန်လာတဲ့ ဗိုလ်နဂါးလက်နက်ချတယ်ဆိုတဲ့ သတင်းဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, စစ်တပ်က ထုတ်ပြန်လာတဲ့ ဗိုလ်နဂါးလက်နက်ချတယ်ဆိုတဲ့ သတင်းဓာတ်ပုံ

NUG အပါအဝင် တော်လှန်ရေးအသိုင်းအဝိုင်းကတော့ ဗိုလ်နဂါးဟာ ယခင်ကတည်းက စစ်တပ်နဲ့ အဆက်အသွယ်ရှိတယ်လို့ ယူဆချက်တွေရှိနေတာပါ။

"ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ နဂါးဟာ စကစနဲ့ အဆက်သွယ်ရှိတယ်ဆိုတာ အချက်အလက်တချို့အရ သိထားခဲ့တာတွေရှိပါတယ်"လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

PDFတပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ်ဖြစ်သလို MDY PDF ရဲ့စစ်ဦးစီးချုပ်အဖွဲ့ဝင် ဖြစ်တဲ့ ဦးစိုးသူရဇော်က တော်လှန်ရေးအဖွဲ့အချင်းချင်း ဖြစ်ကြတာကို စစ်ကော်မရှင်က ဒိုင်စားတာ မဟုတ်ဘူးလို့ မနေ့က ဗိုလ်နဂါးလက်နက်ချတဲ့သတင်းထွက်အပြီးမှာ လူမှုကွန်ရက်မှာ ပြောထားပါတယ်။

"နဂိုကတည်းက သူတို့မြှုပ်ထားတဲ့ အပင်းကို သူတို့ဘာသာ ပြန်နုတ်သွားတာဖြစ်တယ်" လို့ သူက မှတ်ချက်ပြုထားတာပါ။

တစ်ဖက်မှာလည်း ဒီအယူအဆနဲ့ မတူသူတချို့ရှိနေတာပါ။

သူလက်နက်ချသွားတာမယုံကြည်သေးဘူးလို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

"အတူတွဲတိုက်ခဲ့တဲ့ တိုက်ပွဲအတွေ့အကြုံအရ ဒါကို မယုံတာ၊ အချင်းချင်းတိုက်တဲ့ကြားမှာ ရန်သူက ချက်ကောင်းဝင်ယူသွားတယ်လို့မြင်နေသေးတယ်" လို့ သူက ပြောပါတယ်။

သေနတ်ပြောင်းက ရဲဘော်အချင်းချင်းလှည့်ပစ်ကြရာကနေ ဖိအားကြောင့် ထွက်ပေါက်ရှာသွားတာလို့ သူကယူဆပါတယ်။

BNRA နဲ့ NUG လက်အောက်ခံပုလဲမြို့နယ်က ပသုံးလုံးအဖွဲ့တွေကြား အငြင်းပွားမှုတွေဟာ ၂၀၂၂ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

အပြန်အလှန်စွပ်စွဲမှုတွေ၊ မြေပြင်မှုအငြင်းပွားမှုတွေနဲ့ စခန်းစီးနင်းမှုတချို့ပါ ဖြစ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ကနေ အခွန်ကိစ္စအတွက် မကြာခဏအငြင်းပွားခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာ ပိုပြင်းထန်လာခဲ့တာပါ။

NUG က BNRA ရဲ့ အကောက်အခွန်ဂိတ်တွေကို တရားမဝင်ဂိတ်လို့သတ်မှတ်ပြီး ရှင်းလင်းတာ၊ ဒီနှစ် ဇန်နဝါရီလမှာ BNRA အခွန်ဂိတ် ၂ ခုကို ဝင်စီးတာတွေရှိခဲ့တာပါ။

ဒါကိုမကျေနပ်တဲ့ BNRA ကလည်း ပန်းရွာက NUG အခွန်ဂိတ်ကို ပစ်ခတ်တာရှိပါတယ်။

ဖေဖော်ဝါရီလထဲမှာတော့ ဗိုလ်နဂါးရဲ့ တပ်စခန်းတွေကို သူ့အပြောအရ အင်အားထောင်ချီနဲ့ NUG က ဝင်တိုက်ပြီး ပဋိပက္ခအရှိန်အမြင့်ဆုံးရောက်လာတာ ဖေဖော်ဝါရီ ၁၈ ညပိုင်းမှာတော့ စစ်တပ်ဆီလက်နက်ချတဲ့ သတင်းတွေ့လာရတာဖြစ်ပါတယ်။

မြေပြင်ရဲဘော်တစ်ဦးကတော့ "BNRA ကိုအင်အားအလုံးအရင်းနဲ့ဝင်တိုက်ပေမဲ့ ပျူရွာတွေကို အလှကြည့်နေတယ်" ဝေဖန်ပါတယ်။

သူက"ဗိုလ်နဂါးရဲ့လုပ်ရပ်ကိုအပြစ်မတင်ပါဘူး။ မိတာနဲ့ သတ်မှာသိသာတယ်။ BNRA မရှိရင် NUG ဘာတွေဆက်လုပ်မလဲစောင့်ကြည့်ရမယ်"လို့ ဆိုပါတယ်။