NUG နဲ့ ဗိုလ်နဂါးကြားက အခွန်ပဋိပက္ခ

ဓာတ်ပုံ ရင်းမြစ်, Zaw Htet
တော်လှန်ရေးတပ်ပေါင်းစုံ အခြေစိုက်လှုပ်ရှားနေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အခွန်ဂိတ်တွေနဲ့ ပတ်သက်လို့ တော်လှန်ရေးတပ်နှစ်ခုကြား ပစ်ခတ်မှုတွေဖြစ်တဲ့အထိ တင်းမာမှုတွေရှိလာပါတယ်။
ဒီလထဲမှာကို ပုလဲဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပသုံးလုံးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်တို့ကြား အခွန်ဂိတ်တွေ အပြန်အလှန်စီးနင်း၊ ဖမ်းဆီးတာတွေကြောင့် နှစ်ဖက်အခြေအနေ ပိုပြီးတင်းမာလာတာပါ။
လက်နက်ကိုင်တပ်တွေကြား ပွတ်တိုက်ပစ်ခတ်မှုတွေဖြစ်လာတာကြောင့် ပုလဲလူထုအနေနဲ့လည်း စိုးရိမ်နေကြရတဲ့အခြေအနေလို့ ဒေသခံတချို့က ပြောပါတယ်။
NUG လက်အောက်ခံတပ်တွေနဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ကြား အခွန်ဂိတ်စီးနင်းမှုတွေ ဘယ်လိုဖြစ်ခဲ့လဲ။ လက်နက်ကိုင်တပ်တွေကြား ပွတ်တိုက်မှုတွေ ဘာကြောင့်ဖြစ်နေတာလဲ။
စီးနင်းမှုဘယ်ကစ

ဓာတ်ပုံ ရင်းမြစ်, BNRA
အခွန်ကောက်ခံမှုနဲ့ပတ်သက်လို့ NUG ရဲ့ ယင်းမာပင်ခရိုင် စစ်ဌာနကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ လျှို့ဝှက်စာတစ်စောင်ကို ဘီဘီစီက စစ်ဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးဆီကနေ လက်ခံရရှိခဲ့ပါတယ်။
ယင်းမာပင်ခရိုင်အတွင်း အများပြည်သူသွားလာနေတဲ့ ကုန်းလမ်း၊ ရေလမ်းတွေမှာ ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ တရားမဝင်ဂိတ်တွေကို ခရိုင်လုံခြုံရေးနဲ့ သန့်ရှင်းရေးအတွက် ဖယ်ရှားသွားမယ်လို့ ခရိုင်အခြေစိုက် တပ်ရင်းတွေကို အဲဒီစာထဲမှာ အသိပေးထားပါတယ်။
စာထုတ်ပြီး ၃ ပတ်ကျော်အကြာ ဇန်နဝါရီ ၉ ရက်မှာ ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးဦးဆောင်တဲ့ BNRA ရဲ့ အခွန်ဂိတ် ၂ ခုကို NUG ရဲ့ ယင်းမာပင်ခရိုင်အခြေစိုက် PDF တပ်ရင်းတွေက စီးနင်းခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ချင်ပြစ်ရွာနဲ့ မရိုးတုံးရွာကြားက ဂိတ်တစ်ခုနဲ့ ပုပ္ပါရွာက ဂိတ်စခန်းတို့ကို အင်အားဆယ်နဲ့ချီသုံးပြီး စီးနင်းခဲ့တာလို့ သူကဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
NUG တပ်ရင်းတစ်ခုရဲ့ စစ်ကြောင်းမှူးနဲ့ နီးစပ်သူတစ်ဦးကတော့ ဒါက စီးနင်းမှုမဟုတ်ဘူးလို့ငြင်းဆိုပြီး ခေါင်းဆောင်ပိုင်းတချို့ စကားပြောဆိုတာမျိုးပဲလုပ်ဖို့ သွားရောက်ခဲ့တာလို့ ပြောပါတယ်။
"သေနတ်တွေပစ်ဖောက်ပြီးဝင်တာမရှိဘူး၊ ဂိတ်ကို ဝိုင်းဝန်းပိတ်ဆို့တာတွေ မရှိခဲ့ဘူး။ ရှင်းလင်းဖို့ပဲ သွားခဲ့တာ" လို့ သူက ထပ်ပြောပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကလည်း BNRA အနေနဲ့ ပုလဲမြို့နယ်ထဲမှာ တရားမဝင်ဂိတ်တွေဖွင့်ပြီး ငွေကြေးကောက်ခံနေတာကြောင့် ရှင်းလင်းခဲ့တာလို့ အဲဒီအချိန်တုန်းက ပြောခဲ့ပါတယ်။
ဗိုလ်နဂါးကတော့ NUG ဘက်က BNRA ရဲ့ အခွန်ဂိတ် ၃ ခုကို အင်နဲ့အားနဲ့ စီးနင်းခဲ့တာလို့ ဘီဘီစီကို ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။
"အခွန်ဂိတ် ၃ ခုမှာ တစ်ခုကတော့ လက်နက်လည်းမပေးနိင်ဘူး။ ရဲဘော်တွေလည်း အထိအပါးမခံနိုင်ဘူး ပြတ်ပြတ်သားသားငြင်းဆိုလို့ ပြန်ဆုတ်သွားတယ်" လို့ သူကဆိုပါတယ်။
စီးနင်းခံရတဲ့ BNRA ရဲ့ အခွန်ဂိတ် ၂ ခုမှာ ဂိတ်တစ်ခုကနေ လက်နက်ငယ် ၉ လက် သိမ်းဆည်းခံလိုက်ရပြီး နောက်ဂိတ်တစ်ခုကနေ စက်သေနတ်တစ်လက် သိမ်းဆည်းသွားတယ်လို့ သူက ထပ်ပြောပါတယ်။
လက်ရှိမှာတော့ BNRA ဘက်က သိမ်းဆည်းခံရတဲ့ လက်နက်ငယ် ၉ လက် ပြန်ရထားပြီး စက်သေနတ်တစ်လက်ကိုတော့ NUG ဘက်က သိမ်းထားတုန်းပဲလို့ ဗိုလ်နဂါးက ပြောပါတယ်။
စီးနင်းမှုမှာပါတဲ့ ပုလဲအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ "ရဲဘော်တွေ အချင်းချင်း ပစ်ခတ်မှုတွေဖြစ်မှာစိုးလို့ လက်နက်တွေကို ထိန်းထားလိုက်တဲ့သဘောပဲ" လို့ ဘီဘီစီကိုပြောပါတယ်။
လက်နက်ငယ် ၉ လက်ကိုတော့ စီးနင်းမှုလုပ်တဲ့ ဇန်နဝါရီ ၉ ရက်မှာပဲ ပြန်ပေးခဲ့ပြီး တစ်လက်ကိုတော့ ဇန်နဝါရီ ၂၃ ရက်အထိ သိမ်းဆည်းထားတယ်လို့ သူက ဆိုပါတယ်။
BNRA ကလည်း NUG အခွန်ဂိတ်ကို ပြန်စီးနင်း

ဓာတ်ပုံ ရင်းမြစ်, BNRA
BNRA ကလည်း ပုလဲဒေသထဲက NUG ရဲ့ အခွန်ဂိတ်တစ်ခုကို ဇန်နဝါရီ ၁၇ ရက်မှာ ပစ်ခတ်စီးနင်းတာတွေလုပ်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်အခြေစိုက် တပ်ရင်းတစ်ခုရဲ့ ဒုတပ်ရင်းမှူးက ပြောပါတယ်။
ပုလဲမြို့နယ်၊ ပန်းရွာမှာရှိတဲ့ အခွန်ဂိတ်ကို အင်အား ၂၀ ဝန်းကျင်နဲ့ စီးနင်းခဲ့ပြီး ဂိတ်တာဝန်ခံ ပြည်သူ့လုံခြုံရေးတာဝန်ခံ အပါအဝင် အဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးသွားတယ်လို့ သူကဆိုပါတယ်။
"သေနတ်ဒင်နဲ့ ထုရိုက်နှက်တာတွေလည်းလုပ်ခဲ့တယ်။ သေနတ်ပစ်ဖောက်တာလည်းလုပ်တယ်" လို့ သူက ရှင်းပြပါတယ်။
အဲဒီအချိန်မှာ သေနတ်သံကြားလို့ ဂိတ်ကို ဆိုင်ကယ်နဲ့ ရောက်လာတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ခံ ဦးဇော်ထက်နဲ့ လုံခြုံရေးယူပေးတဲ့အဖွဲ့ကိုလည်း BNRA ဘက်က သေနတ်နဲ့ ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သူက ဖြည့်ပြောပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ဦးဇော်ထက်နဲ့အတူပါလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ခြေထောက်ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အဖမ်းခံရတဲ့ NUG အခွန်ဂိတ်က တာဝန်ရှိသူတစ်ဦး အဖမ်းခံရပြီးနောက်ရက် ဇန်နဝါရီ ၁၈ ရက်မှာတော့ ပြန်လွတ်လာတယ်လို့ ပုလဲမှာရှိတဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဗိုလ်နဂါးကတော့ BNRA အနေနဲ့ NUG အခွန်ဂိတ်ကို စီးနင်းပြီး NUG အဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးမှုဟာ သတင်းချဲ့ကားမှုတွေလို့ပြောပြီး BNRA ဘက်က စီမံခန့်ခွဲပြီး လုပ်တဲ့ကိစ္စမဟုတ်ဘူးလို့ ဗိုလ်နဂါးက ဇန်နဝါရီ ၂၂ ရက်မှာပြောပါတယ်။
ဒါ့အပြင် BNRA ဘက်က ဂိတ်အနီးနားမှာရှိတဲ့ ရွာခံတချို့က အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး BNRA ထံ တိုင်ကြားလာတာကြောင့် BNRA ရဲ့ ရဲဘော် ၄ ဦးက ဖြေရှင်းဖို့ NUG အခွန်ဂိတ်ဆီ သွားခဲ့တာလို့ ဆိုပါတယ်။
"အခွန်ကောက်ပြီး လက်ခံပြေစာမပေးသလို ရွာအထွက်လမ်းအထိ ဆိုင်ကယ်အထွက်တွေကို လာကောက်လို့ ရဲဘော် ၄ ဦးက သတိပေးဖို့ သွားခဲ့တာ" လို့ ဆိုပါတယ်။
ဂိတ်နေရာမှာပဲ အခွန်ကောက်ဖို့ NUG အခွန်ဂိတ်ကို ၂ ကြိမ်သတိပေးခဲ့ပြီး ဒုတိယတစ်ကြိမ်မှာ BNRA ရဲ့ ရဲဘော် ၄ ဦးနဲ့ NUG ဂိတ်တာဝန်ခံတချို့ အချေအတင်ဖြစ်ရာက သေနတ်မိုးပေါ်ထောင်ပစ်တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ ဗိုလ်နဂါးက ရှင်းပြပါတယ်။
ဒီအခြေအနေကိုသိတဲ့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်ကတော့ NUG ဂိတ်ကိုလာခဲ့တဲ့ BNRA အဖွဲ့ဝင် ၁၀ ဦးထက်မနည်းရှိသလို သေနတ်ပစ်သံတွေလည်း ဆက်တိုက်ကြားခဲ့ရတယ်လို့ ဇန်နဝါရီ ၂၂ ရက်မှာ အတည်ပြုပါတယ်။
မြို့နယ်တစ်ခုမှာ အခွန်ဂိတ် ၂ ဂိတ်ပဲ ထားမယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, BNRA
၂၀၂၆ ခုနှစ်မတိုင်ခင် ပုလဲဒေသတွေမှာ NUG ထိန်းချုပ်ထားတဲ့ အခွန်ဂိတ် ၆ ဂိတ်ထက်မနည်း ရှိခဲ့တယ်လို့ အခွန်ဂိတ်တွေကို စောင့်ကြည့်လေ့လာနေသူတစ်ဦးက အတည်ပြုပါတယ်။
အခွန်ဂိတ်တွေကိုတော့ စနစ်တကျကောက်ဖို့နဲ့ အခွန်ဆောင်ပြီးသားသူတွေကို နောက်ထပ်ဂိတ်တွေမှာ ထပ်မံကောက်ခံတာတွေမလုပ်ဖို့ NUG က ညွှန်ကြားပေမယ့် လိုက်နာတဲ့ဂိတ်ရှိသလို မလိုက်နာတဲ့ဂိတ်တချို့လည်းရှိတယ်လို့ သူက ဆိုပါတယ်။
လက်ရှိမှာတော့ NUG အနေနဲ့ ယင်းမာပင်ခရိုင်ထဲက မြို့နယ်တွေမှာ တရားဝင် အခွန်ကောက်ခံတဲ့ ဂိတ်နှစ်ခုသာထားဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ NUG ရဲ့ ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ယင်းမာပင်ခရိုင်ထဲမှာ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ကနီ စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။
"မြို့နယ်က ၄ မြို့နယ် ဆိုတော့ ခရိုင်တစ်ခုလုံးမှာ ၈ ဂိတ်ပဲရှိမယ်။ ဒီလိုဖြစ်ဖို့ အကောင်အထည်ဖော်ရင်း စီးနင်းတဲ့ ပြဿနာတွေ ဖြစ်လာတာ" လို့ သူကဆိုပါတယ်။
ပုလဲမြို့နယ်မှာနေထိုင်တဲ့ လူထုတွေအနေနဲ့ ဂိတ်တစ်ခုမှာ အခွန်ဆောင်ပြီးရင် ပြေစာတစ်စောင်ရမှာဖြစ်ပြီး ဒီပြေစာကို နောက်ထပ်ဂိတ်မှာ ပြလိုက်တာနဲ့ အခွန်ထပ်ဆောင်ဖို့ မလိုဘူးလို့ သူက ရှင်းပြပါတယ်။
ဗိုလ်နဂါးကတော့ ပုလဲဒေသအတွင်း အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး ရဲဘော်တွေရဲ့ စားဝတ်နေရေးနဲ့ တော်လှန်ရေး ရှေ့အရွေ့တစ်ခုအတွက် လိုအပ်တာကြောင့် ၂၀၂၆ ခုနှစ်မှာမှ တရားဝင်ဂိတ်ဖွင့်ပြီး ကောက်ခံနေတာလို့ ဘီဘီစီကို ဖြေကြားပါတယ်။
"စစ်ဆေးရေးဂိတ်တွေလည်းရှိပါတယ်။ အခွန်ကောက်တဲ့ဂိတ်ကတော့ ၂၀၂၆ မှစဖွင့်တာ" လို့ သူကဆက်ပြောပါတယ်။
တစ်ဖက်မှာလည်း ပုလဲဒေသခံ ၂ ဦးထက်မနည်းကတော့ ၂၀၂၆ မတိုင်ခင်မှာလည်း BNRA အနေနဲ့ သူတို့အုပ်ချုပ်တဲ့ရွာတချို့မှာ အခွန်ကောက်ခံတာတွေရှိခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။
"အထိုင်ချတဲ့ ရွာဘက်လမ်းတွေမှာ ဂိတ်တွေရှိခဲ့တယ်။ စနစ်တကျကောက်တာကတော့ ၂၀၂၆ မှပေါ့" လို့ ပုလဲဒေသခံတစ်ဦးက ပြောပါတယ်။
ပုလဲဒေသထဲက NUG အပြင် BNRA တို့ရဲ့ အခွန်ဂိတ်တွေမှာ အနည်းဆုံး ကျပ် ၅,၀၀၀ ထောင်ကစပြီး အခွန်ကောက်ခံနေကြတယ်လို့ ဒေသခံသတင်းရင်းမြစ် ကိုအလင်းရောင်က ပြောပါတယ်။
ဒါပေမဲ့ ကုန်ရဲ့တန်ချိန်နဲ့ ကုန်တန်ဖိုးကိုလိုက်ပြီး သိန်းနဲ့ချီအထိ ကောက်ခံတာတွေလည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။
"ကုန်တင်လာတဲ့ဆိုင်ကယ်တွေ၊ ကုန်ကားတွေ၊ စက်သုံးဆီကားတွေကို အဓိက ကောက်တာပေါ့။ NUG အခွန်ဂိတ်တွေမှာဆိုရင် နယ်ခြား၊ တိုင်းခြားဖြတ်လာတဲ့ ကုန်ကားတွေကို ပြေစာချလန်ပြခိုင်းတယ်။ ဖြတ်ခဲ့တဲ့နေရာတွေမှာ အခွန်ဆောင်လာတဲ့ ပြေစာမရှိရင် ထပ်ကောက်တယ်" လို့ သူက ရှင်းပြပါတယ်။
လက်ရှိ ပုလဲက အခွန်ဂိတ်တွေမှာ အခွန်ဆောင်ထားတဲ့ ပြေစာကိုတော့ NUG ရော BNRA ကပါ အခွန်ဆောင်တဲ့သူတွေကို ထုတ်ပေးတယ်လို့ သူကဖြည့်ပြောပါတယ်။
နှစ်ဖက် တွေ့ဆုံဖို့ရှိမရှိ

ဓာတ်ပုံ ရင်းမြစ်, Zaw Htet
NUG နဲ့ BNRA တို့နှစ်ဖက်ပဋိပက္ခတွေဖြစ်ပြီး ရက်ပိုင်းအကြာ ဇန်နဝါရီ တတိယအပတ်ထဲမှာပဲ NUG လက်အောက်ခံနယ်မြေခံ တပ်ဖွဲ့တချို့နဲ့ BNRA တပ်တွေကြားက ပြဿနာကို တွေ့ဆုံဖြေရှင်းဖို့ အသင့်ရှိနေတယ်လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါးက ဘီဘီစီကို ပြောပါတယ်။
"တွေ့ဆုံဖြေရှင်းဖို့ ကျွန်တော်တို့ ကမ်းလှမ်းထားတာရှိပါတယ်။ ဒါပေမယ့် တစ်ဖက်က လက်ခံတွေ့ဆုံဖို့ ကိစ္စမှာတော့ သဘောတူထားတာမရှိသေးပါဘူး။ လုံးဝအပြီးသတ်ပြေလည်သွားမယ့်အခြေအနေမျိုး နှစ်ဖက်လူကြီးတွေ ညှိနှိုင်းဆွေးနွေးမှုရှိရင်တော့ ကောင်းတာပေါ့ဗျာ။ ဒီကိစ္စအတွက် ကျွန်တော်တို့ဘက်က အသင့်ရှိပါတယ်" သူကဆိုပါတယ်။
ဒါပေမဲ့ နှစ်ဖက်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဦးဇော်ထက်ကတော့ "ကျွန်တော်တို့ မြို့နယ်ကတော့ BNRA နဲ့ ဆွေးနွေးဖို့မရှိတော့ဘူး" လို့ ဇန်နဝါရီ ၁၉ ရက်က ဘီဘီစီကို ပြောပါတယ်။ ဒါပေမဲ့ ပုလဲဒေသက အခွန်ဂိတ်တွေနဲ့ပတ်သက်လို့ BNRA နဲ့အငြင်းပွားမှုအတွက် ဇန်နဝါရီ ၂၃ ရက်က ဦးဇော်ထက်ကို ထပ်မံမေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
NUG ရဲ့ ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကတော့ "ပစ်ခတ်၊ ဖမ်းဆီးတာတွေလုပ်ပြီးမှ ညှိနှိုင်းမယ်ဆိုပြီးပြောတာက လက်ခံဖွယ်ရာမရှိဘူး"လို့ ဘီဘီစီကို ဇန်နဝါရီ ၂၂ ရက်မှာပြောပါတယ်။
ပုလဲအခြေစိုက် သပိတ်အဖွဲ့ဝင်တစ်ဦးကတော့ ပသုံးလုံး၊ PDF နဲ့ BNRA စတဲ့ လက်နက်ကိုင်တပ်တွေကြား အခွန်ကောက်ခံတဲ့ ပြဿနာတွေပြေလည်ဖို့ နှစ်ဖက်အဖွဲ့အစည်းချင်း ညှိနှိုင်းမှုတွေ လုပ်ဖို့လိုပြီလို့ ထောက်ပြပါတယ်။
မတူညီတဲ့ နှစ်ဖက်တပ်တွေအနေနဲ့ လူထုအကျိုးအတွက် သီးခြားအခွန်ကောက်ခံတဲ့ဂိတ်တွေဖွင့်မယ့်အစား အခွန်ကောက်ခံတဲ့ စနစ်တစ်ခုဖြစ်လာအောင် အကောင်အထည်ဖော်ပြီး ဒီစနစ်ကနေပဲ တပ်ဖွဲ့တွေဆီ စီးဆင်းတာတွေလုပ်ဖို့လိုတယ်လို့ သူက မှတ်ချက်ပြုပါတယ်။
NUG အနေနဲ့လည်း လက်အောက်ခံတပ်မဟုတ်တဲ့ တပ်တွေရဲ့ အခွန်ဂိတ်တွေကို ရှင်းလင်းတာထက် စစ်အာဏာရှင်ကိုတွန်းလှန်ဖို့ဆိုတဲ့ ဘုံရန်သူတူတဲ့ ဒီတပ်ဖွဲ့တွေ ဆက်ရှင်သန်ရပ်တည်ဖို့အတွက် အခွန်ခွဲဝေယူတဲ့စနစ်ကိုသွားဖို့ လိုတယ်လို့ သူက မှတ်ချက်ပြုပါတယ်။
BNRA အနေနဲ့လည်း အခွန်ငွေ ခွဲဝေစီးဆင်းမှုဖြစ်လာအောင် NUG နဲ့ ဆွေးနွေးချင်တဲ့စိတ်ရင်းအခံရှိဖို့လိုအပ်ပြီး NUG အစိုးရကိုတော့ ခြေရာပြန်မတိုင်းသင့်ဘူးလို့ သူကဆိုပါတယ်။
"အခွန်ဂိတ်တွေနဲ့ပတ်သက်ပြီး ပဋိပက္ခတွေ ထပ်တိုးလာရင် နင်းပြားဖြစ်မှာက လူထုပဲ" လို့ သူကမှတ်ချက်ပြုပါတယ်။
စစ်တပ်တစ်ဝက် တော်လှန်ရေးတစ်ဝက်

ဓာတ်ပုံ ရင်းမြစ်, အညာပစ်တိုင်းထောင်လေးများ
ပုလဲမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်း မြေပြန့်ဒေသတွေဖြစ်တဲ့ ပုလဲမြို့အပြင် အင်မထီး၊ မင်းတိုင်ပင်၊ ဇီးဖြူကုန်းရွာ စတဲ့နယ်မြေတွေမှာ စစ်တပ်က ထိန်းချုပ်ထားပါတယ်။
မြေပြန့်ဒေသမှာတော့ NUG လက်အောက်ခံ တပ်တချို့ရှိပေမယ့် ပျောက်ကြားလှုပ်ရှားတာလောက်ပဲရှိတယ်လို့ ပုလဲအခြေစိုက် တပ်ရင်းတစ်ခုရဲ့ ဒုတပ်ရင်းမှူးက ပြောပါတယ်။
NUG လက်အောက်ခံတပ်တွေအပြင် တော်လှန်ရေးတပ်ပေါင်းစုံကတော့ မကွေးတိုင်းနဲ့ ထိစပ်နေတဲ့ ပုံတောင်ပုံညာတောင်ကြောဒေသက ကျေးရွာတွေမှာ ခြေကုပ်ယူစိုးမိုးထားတာဖြစ်ပါတယ်။
စစ်ရေးအရ အရေးပါတဲ့ ပုလဲ-ဂန့်ဂေါလမ်းပေါ်က ကန့်ဒေါင့်ကျေးရွာကိုတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ် ဇွန်လမှာ သိမ်းပိုက်ခဲ့ပြီး လပိုင်းအကြာမှာပဲ စစ်တပ်က ထိုးစစ်အလုံးအရင်းနဲ့ ဝင်လာတာကြောင့် တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခဲ့ရပါတယ်။
ဗိုလ်နဂါးကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းစကာလကတည်းက ပုလဲမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဗိုလ်နဂါးက ဦးဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)ဆိုပြီး ထပ်မံဖွဲ့စည်းခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၉ ရက်မှာတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံမဟုတ်တဲ့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို ပူးပေါင်းပြီး BNRA အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။
NUG အနေနဲ့ ပုလဲမြို့နယ်ထဲ ပသုံးလုံးယန္တရားကို ၂၀၂၂ နှောင်းပိုင်းမှာမှ အပြည့်အဝလည်ပတ်နိုင်ခဲ့တာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကိုတော့ ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ စုဖွဲ့နိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ ပုလဲဒေသမှာ NUG ရဲ့ အမှတ် ၃၊ ၄၊ ၅၊ ၇၊ ၈၊ ၉၊ ၁၁ နဲ့ ၂၀ စတဲ့ တပ်ရင်း ၈ ရင်း လှုပ်ရှားနေပါတယ်။
အဲဒီထဲက တပ်ရင်း ၆ ရင်းကတော့ ပုလဲအခြေစိုက်တပ်ရင်းတွေဖြစ်တယ်လို့ တပ်ရင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။
အခုလို တော်လှန်ရေးလက်နက်ကိုင်တပ်တွေ အားကောင်းတဲ့ ပုလဲဒေသမှာ လက်နက်ကိုင်တပ်အချင်းချင်း ပွတ်တိုက်မှုဖြစ်နေတာတွေကြောင့် လူထုတွေကြား စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ ပုလဲဒေသ တော်လှန်ရေးထိန်းချုပ်နယ်မြေထဲမှာ နေထိုင်နေတဲ့ NUG ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
"လက်နက်မဲ့တဲ့ လူထုက ဂိတ်တွေမှာ အခွန်ကောက်ခံရတာဖြစ်ဖြစ်၊ စစ်ဆေးခံရတာဖြစ်ဖြစ်လက်နက်ကိုင်ထားတဲ့သူတွေရဲ့ ဆန္ဒအတိုင်းပဲ ပြုမူတုံ့ပြန်နေရတယ်"












