စစ်တပ်စင်တင်လွှတ်တော်နဲ့ CRPH ဘယ်လိုအားပြိုင်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကို ခုခံတော်လှန်ဖို့အတွက် လွှတ်တော်၊ အတိုင်ပင်ခံကောင်စီနဲ့ အစိုးရဆိုတဲ့ ယန္တရားအသီးသီးပေါ်ပေါက်ခဲ့တာ ၅ နှစ်ကာလကို ရောက်လာပါပြီ။
အာဏာသိမ်းအစောပိုင်းကာလကိုပြန်ကြည့်မယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေစုစည်းပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဖွဲ့စည်းတာကနေ စတင်ခဲ့ပါတယ်။
CRPH အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးအစုအဖွဲ့တွေပါ ပါဝင်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကိုဖွဲ့စည်းကာ အဲဒီကတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပေါ်ပေါက်လာခဲ့ပါတယ်။
၅ နှစ်အလွန်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်တဲ့ (CRPH) ကဘယ်လိုရပ်တည်မလဲ၊ တဖက်မှာလည်း စစ်တပ်ဟာ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပပြီး လွှတ်တော်ခေါ်မှာဖြစ်တာကြောင့် စင်ပြိုင်လွှတ်တော်ဖြစ်လာမှာလား... ဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေးစောင့်ကြည့်သူတွေကြား အပြောများလာပါတယ်။
CRPH ကို ခြေရာကောက်ခြင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရပြီးရွေးကောက်ခံရတဲ့ အမတ်တွေဟာ တတိယအကြိမ်လွှတ်တော်တက်ဖို့ နေပြည်တော်ကိုရောက်နေချိန်မှာပဲ စစ်အာဏာသိမ်းမှုနဲ့ကြုံခဲ့ရပါတယ်။ စစ်တပ်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိလို့ အာဏာထိန်းတာလို့ အကြောင်းပြခဲ့ပါတယ်။
တတိယအကြိမ်လွှတ်တော်ခေါ်မယ့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မိုးမလင်းမီအချိန်မှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်းခံရတာနဲ့အတူ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှု ဖြစ်ခဲ့တာပါ။
"၇၂ နာရီစောင့်ကြည့်ရေး" ဆိုတဲ့ မရေရာတဲ့သတင်းစကားတွေအွန်လိုင်းစာမျက်နှာပေါ် ပြန့်နှံ့ခဲ့ပေမဲ့ Generation Z လူငယ်တွေ ဦးဆောင်တဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုတွေ၊ ဝန်ထမ်းတွေရဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွေဆက်တိုက်ပေါ်ပေါက်လာပါတယ်။ ဒိုမီနိုသီအိုရီ လိုမျိုး ဆက်တိုက်ဆင့်ကဲသက်ရောက်မှုတွေလို့ဆိုနိုင်ပါတယ်။
၂၀၂၀ ရွေးကောက်ခံအမတ် ၂၉၈ ဦးတက်ရောက်တဲ့ တတိယအကြိမ်လွှတ်တော်ရဲ့ ပထမဆုံးအရေးပေါ် အစည်းအဝေးတရပ်ကို ၂၀၂၁ ဖေဖော်ဝါရီ ၅ ရက်မှာအွန်လိုင်းကလုပ်ပြီး ကိုယ်စားလှယ် ၁၅ ဦးပါဝင်တဲ့ "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ/ CRPH" ကို ဖွဲ့စည်းလိုက်ပါတယ်။ တစ်လအကြာ မတ်လ ၈ ရက်မှာတော့ CRPH ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးအစုအဖွဲ့တွေစုပေါင်းပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို စုဖွဲ့ခဲ့ပါတယ်။
မတ် ၃၁ ရက်မှာတော့ "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း" CRPH က ကြေညာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ CRPH က NUCC မှာ ဆွေးနွေးပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဧပြီ ၁၆ ရက်မှာဖွဲ့စည်းခဲ့တာပါ။
ဥပဒေဖျက်သိမ်းမှုနဲ့ ပဋိညာဉ်ပြဋ္ဌာန်းမှုကပဲ အာဏာသိမ်း ၅ နှစ်တာကာလ ရောက်ချိန် CRPH ရဲ့ ရပ်တည်ပုံကို မီးမောင်းထိုးပြနိုင်ပါတယ်။
၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီအတွင်း စစ်တပ်က အပိုင်းလိုက်ရွေးကောက်ပွဲကိုကျင်းပနေပြီး မတ်လမှာ လွှတ်တော်စခေါ်မယ်လို့ ဆိုထားပါတယ်။ ဒီလိုအာဏာသိမ်းစစ်တပ်ကလုပ်ပေးတဲ့ရွေးကောက်ပွဲကနေ လွှတ်တော်တရပ်ပေါ်လာဖို့ရှိနေလို့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကနေပေါ်လာတဲ့ CRPH ရဲ့ သက်တမ်းအပေါ် နိုင်ငံရေးစောင့်ကြည့်သူတချို့ကြားမှာ မေးခွန်းထုတ်မှုတွေရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီနေရာမှာ စစ်တပ်ရဲ့ အရွေ့တွေကိုလည်းပြန်ကြည့်ရပါမယ်။ စစ်တပ်ဟာအာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဖွဲ့စည်းခဲ့ပြီး အဲဒီကောင်စီကနေခန့်အပ်လိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၁ ရက် ရက်စွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ကြောင်းကြေညာခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သလို ၂၀၂၀ အနိုင်ရအမတ်တွေနဲ့စုဖွဲ့ထားတဲ့ CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ခဲ့တာပါ။
"၂၀၀၈ ဖွဲ့စည်းပုံအရပဲပြောရမယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကဖျက်လို့မရဘူး။ ဖွဲ့စည်းပုံမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်က အပြီးပြတ်ဖြစ်တယ်လို့ပါထားပြီးဖြစ်တယ်။ အဲဒီအချိန်က ရလဒ်ကိုကြေညာခဲ့တဲ့ အဲဒီရွေးကောက်ပွဲကော်မရှင်ကကြေညာမှသာဖြစ်နိုင်လိမ့်မယ်" လို့ တရားလွှတ်တော်ရှေ့နေ၊ ဒေါ်ဇာလီအေးက ဥပဒေရှုထောင့်အရပြောပါတယ်။
"CRPH ဖြစ်ပေါ်လာမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် တိုက်ရိုက်ဖြစ်ပေါ်လာတာမဟုတ်ဘဲ ပြည်သူတွေဆီက ရွေးကောက်ခံရပြီး ပေါ်ပေါက်လာတာဖြစ်တယ်ဆိုတဲ့ရှုထောင့်ကနေ ကျွန်မတို့သုံးသပ်ရမှာဖြစ်တယ်" လို့ ဒေါ်ဇာလီအေးက ဆက်ပြောပါတယ်။
ဒါကြောင့် လွှတ်တော်သက်တမ်း ၅ နှစ်၊ အစိုးရသက်တမ်း ၅ နှစ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်တွေဟာ CRPH၊ NUCC နဲ့ NUG တို့အပေါ်မှာ အကျုံးမဝင်ဘူးလို့ ဆိုကြပါတယ်။
"၂၀၀၈ ဖွဲ့စည်းပုံအခြေခံကဖျက်သိမ်းထားပြီးဖြစ်တယ်" လို့ CRPH ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က ပြောပါတယ်။
ဦးစည်သူမောင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် ပန်းဘဲတန်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ လူငယ်အမတ်တဦး ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေကိုဖျက်သိမ်းထားပေမဲ့ ရွေးကောက်ပွဲကတဆင့် မြန်မာပြည်သူတွေကရွေးချယ်အပ်နှင်း ထားတဲ့ အခွင့်အာဏာအရ CRPH ဆက်ပြီးတည်ရှိနေတဲ့သဘောဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိနေတာကြောင့် ကြားကာလ တနည်းအားဖြင့် တော်လှန်ရေးကာလရဲ့ ဥပဒေပြုရေးတာဝန်ကို CRPH က ထမ်းဆောင်နေတဲ့သဘောပါ။
"ဆိုလိုတာက တော်လှန်ရေးက ၅ နှစ်နဲ့ပြီးသွားရင်လည်း ဒီကိုယ်စားလှယ်တွေရဲ့တာဝန်က ၅ နှစ်နဲ့ပြီးမယ်။ ၅ နှစ်ကနေအထက် ဖြစ်သွားရင်လည်း Interim Legislative Duty (ဥပဒေပြုရေးတာဝန်) ကို လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲမပေါ်မချင်း ကျွန်တော်တို့စွဲကိုင်ရပ်တည်လျက်ရှိတယ်" လို့ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က ပြောပါတယ်။
ဒါကြောင့်ပဲ CRPH က NUCC မှာဆွေးနွေးပြီး တင်မြှောက်ခဲ့တဲ့ NUG အစိုးရကလည်း တော်လှန်ရေးအစိုးရ အဖြစ် ဆက်တည်ရှိနေတာဖြစ်ပါတယ်။
CRPH အောင်မြင်မှုရခဲ့လား

ဓာတ်ပုံ ရင်းမြစ်, CRPH
CRPH စတင်ဖွဲ့စည်းရာမှာကိုယ်စားလှယ် ၁၅ ဦးပါဝင်ပြီး အများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကအနိုင်ရအမတ်တွေဖြစ်ပါတယ်။ လက်ရှိမှာကိုယ်စားလှယ်ဦးရေအယောက် ၂၀ အထိရှိနေပါတယ်။
အဲဒီထဲ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ဦးရောဘတ်ညေးရယ်၊ တအာင်းအမျိုးသားပါတီ က ဦးလမင်းထွန်းနဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီက ဦးလမာနော်အောင် တို့ CRPH မှာပါဝင်ပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီဟာ ပါတီမှတ်ပုံပြန်တင်ပြီး စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်တာကြောင့် ဦးလမာနော်အောင်ဟာ တသီးပုဂ္ဂလကိုယ်စားလှယ်အနေနဲ့ ဆက်ရှိနေတာပါ။
CRPH ဥက္ကဋ္ဌအဖြစ် ဦးအောင်ကြည်ညွန့်ကတာဝန်ယူပြီး ကျန်ကိုယ်စားလှယ်တွေက အတွင်းရေးမှူးအဖွဲ့ဝင်တွေဆိုတဲ့ဖွဲ့စည်းပုံနဲ့ ရှိနေပါတယ်။ ဒီနေရာမှာ CRPH အဖွဲ့ဝင် ဒေါ်ဇင်မာအောင်၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်တို့ဟာ NUG အစိုးရထိပ်ပိုင်းတာဝန်တွေလည်းယူထားကြပါတယ်။
အာဏာသိမ်း ၅ နှစ်တာအတွင်းမှာ CRPH က အောင်မြင်မှုအထိုက်အလျောက်ရှိတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ကိုသစ်လွင်က ပြောပါတယ်။ ကိုသစ်လွင်ဟာ လူမှုရေးနဲ့ နိုင်ငံရေးသိပ္ပံအရေးအထူးပြု လေ့လာနေတဲ့ မဟာတန်းကျောင်းသားတဦးလည်း ဖြစ်သလို ဖက်ဒရယ်ဆိုင်ရာဆောင်းပါးတွေ ရေးသားသူလည်းဖြစ်ပါတယ်။
- တော်လှန်ရေးကာလမှာအရေးပါတဲ့ NUCC ၊ NUG တို့ကို ဖွဲ့စည်းပေးနိုင်ခြင်း
- ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ခဲ့ပေမဲ့ စစ်တပ်က နိုင်ငံတကာစာမျက်နှာမှာ တရားဝင်အသိအမှတ်ပြုမှုမရခဲ့ခြင်း
- ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်နေရာမှာ NUG ဘက်ရပ်တည်ခဲ့တဲ့ ဦးကျော်မိုးထွန်း ဆက်ရှိနေခြင်း
ဆိုတဲ့ အချက် ၃ ချက်က CRPH ရဲ့ အောင်မြင်မှုတွေလို့ ကိုသစ်လွင်က ထောက်ပြပါတယ်။ဒါပေမဲ့ CRPH ၊ NUG အနေနဲ့ ၂၀၂၁ ခုနှစ်အာဏာသိမ်းစမှာရရှိခဲ့တဲ့ ပြည်သူလူထုထောက်ခံမှုကို မထိန်းသိမ်းနိုင်တဲ့အခြေအနေ တနည်းအားဖြင့် ပြည်သူထောက်ခံမှုလျော့ကျလာတဲ့အခြေအနေနဲ့လည်း ကြုံနေရတယ်လို့ သူက သုံးသပ်တာပါ။

ဓာတ်ပုံ ရင်းမြစ်, CRPH

ဓာတ်ပုံ ရင်းမြစ်, CRPH

ဓာတ်ပုံ ရင်းမြစ်, CRPH
၂၀၂၅ ခုနှစ်အတွင်းမှာဆိုရင်လည်း NUG အစိုးရကိုပြုပြင်ပြောင်းလဲရေးလုပ်ဖို့အတွက် တော်လှန်ရေး အင်အားစုတွေကြားမှာပါ တွန်းတွန်းတိုက်တိုက်ဆွေးနွေးခဲ့ကြပါတယ်။ "အစိုးရတရပ်ကဲ့သို့မဟုတ်ဘဲ တော်လှန်ရေးကဲ့သို့နေထိုင်ဖို့လိုတယ်" ဆိုပြီး NUG အစိုးရအပေါ် ဝေဖန်ခဲ့ကြတာပါ။
ဒီဇင်ဘာ ၈ ရက်မှာ NUG အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းတယ်လို့ CRPH က ထုတ်ပြန်ခဲ့ပေမဲ့ ပြည်သူတွေကြား မှန်းဆသလောက် အပြောင်းအလဲမဖြစ်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်းဆက်မြင့်တက်ခဲ့ပါတယ်။
NUG က ဝန်ကြီးဌာန ၁၇ ခုရှိရာကနေ ၅ ခုလျော့ချခဲ့ပြီး ဝန်ကြီးနေရာတချို့ပြောင်းလဲခဲ့တဲ့ ပြင်ဆင်မှုသာ ဖြစ်ခဲ့ပါတယ်။ ဒါဟာ NUG ပြုပြင်ပြောင်းလဲရေးရဲ့ ပထမပိုင်းသာဖြစ်ပြီး နောက်ထပ်ဆက်ပြောင်းလဲဖို့ ရှိတယ်လို့ ဆိုကြပါတယ်။
NUG ဟာ တော်လှန်ရေးအစိုးရသဏ္ဍာန်တာဝန်ယူတာဖြစ်လို့ လွှတ်တော်မှာလာရောက်ဖြေကြားတာမျိုး ပုံမှန်အစိုးရပုံစံလုပ်ဆောင်နေတာမရှိဘူးလို့ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်ကပြောပါတယ်။
"တော်လှန်ရေးအရွေ့အတွက်ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ တည့်တည့်ဝေဖန်ပါတယ်။ ထောက်ပြပါတယ်။ ကျွန်တော်တို့အစည်းအဝေးလာတက်တဲ့ ဝန်ကြီးဌာနတွေပြုပြင်ဖို့လိုတယ်ဆိုလည်း တည့်တည့်ထောက်ပြတယ်" လို့ သူကဆက်ပြောပါတယ်။
NUG ပြုပြင်ပြောင်းလဲရေးကော်မတီမှာလည်း CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်လည်းပါဝင်နေတာပါ။
ဒါကြောင့် CRPH က ဘယ်အပိုင်းတွေပြုပြင်ပြောင်းလဲဖို့ကြိုးစားခဲ့လဲ၊ ကြိုးစားခဲ့တဲ့အပိုင်းတွေ အောင်မြင်မှုရခဲ့လားလို့ ဘီဘီစီက ဦးစည်သူမောင်ကို မေးမြန်းခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ်ဖြေကြားဖို့ ခက်တယ်လို့သာတုံ့ပြန်ပါတယ်။
CRPH အတွင်းမှာရော ပြုပြင်ပြောင်းလဲဖို့ရှိလားလို့ထပ်မံမေးမြန်းရာမှာတော့ "Institutional Review (တဖွဲ့လုံးပြန်လည်သုံးသပ်ခြင်း) လုပ်ထားတယ်" လို့ သူက ဖြေကြားပါတယ်။
ဒီနေရာမှာ စစ်တပ်ကရွေးကောက်ပွဲလုပ်သလို တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာလည်း လွှတ်တော်ခေါ်၊ အစိုးရတရပ်တင်မြှောက်နိုင်ဖို့အတွက် ရွေးကောက်ပွဲလုပ်သင့်တယ်ဆိုတဲ့ ရှုထောင့်ကနေ စာတမ်းတွေလည်း ထွက်ရှိခဲ့ပါတယ်။
နိုင်ငံရေးစောင့်ကြည့်သူ ကိုသစ်လွင်ကတော့ တော်လှန်ရေးဘက်ကရွေးကောက်ပွဲလုပ်တာဟာ "ပြည်သူပိုပြီး အထိနာနိုင်တယ်" ဆိုတဲ့ ရှုထောင့်ကနေ သုံးသပ်ပါတယ်။ စစ်တပ်ရဲ့မြေပြင်ထိုးစစ်နဲ့ လေကြောင်းဗုံးကြဲမှု တွေကို အဓိကဖိတ်ခေါ်သလိုဖြစ်နိုင်တယ်ဆိုပြီး သူက သုံးသပ်တာပါ။
ပြုပြင်ပြောင်းလဲရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ NUCC ကတဆင့်ပြောင်းလဲတာနဲ့ အသွင်ကူးပြောင်းရေးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ (AFTA) ကနေ ပြောင်းလဲတာဆိုပြီး လမ်းနှစ်သွယ်ကနေ ချဉ်းကပ်နိုင်ကြောင်း ကိုသစ်လွင်က ဆိုပါတယ်။
AFTA ကိုလည်း တော်လှန်ရေးအစုအဖွဲ့တွေကြား ဆွေးနွေးရေးဆွဲနေဆဲဖြစ်ပြီး အောက်မှအထက်ဖက်ဒရယ်တည်ဆောက်မှု (Bottom-up Federalism) အတွက် ကနဦးခြေလှမ်းလို့ တော်လှန်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
လက်ရှိမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်ပြောင်းလဲမှုတွေကိုတွေ့နေရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအမတ်တွေနဲ့စုဖွဲ့ပြီး တိုင်းနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီတွေ အစောပိုင်းတည်းကဖွဲ့စည်းခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ်ထဲမှာတော့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတို့မှာ ဖက်ဒရယ်ယူနစ်တွေအဖြစ်ပြောင်းလဲခဲ့ကြပြီး ကြားကာလအုပ်ချုပ်ရေးကောင်စီတွေပေါ်လာခဲ့ပါတယ်။
ဒီလိုအောက်ခြေကနေ အစိုးရအဖွဲ့ဖွဲ့စည်းပြီး ပြည်တွင်းစုဖွဲ့မှုရှိလာတာဟာ ရှေ့လာမယ့်အခင်းအကျင်းတွေ အတွက်ကြိုတင်ပြင်ဆင်ချက်လို့ ကိုသစ်လွင်က သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUCC
ဒါပေမဲ့ အာဏာသိမ်း ၅ နှစ်မပြည့်မီ သီတင်းပတ်အနည်းငယ်အလိုမှာတော့ NUCC မှာ CRPH ပါဝင်မှုကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက NUCC က ဦးဆောင်ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှာ NUG ပြုပြင်ပြောင်းလဲရေးအပါအဝင် ကဏ္ဍစုံထောက်ပြဝေဖန်မှုတွေရှိခဲ့ပြီးနောက် NUG နဲ့ CRPH တို့ ညီလာခံကိုအပြီးတိုင်မပါဝင်တော့တဲ့ အခင်းအကျင်းတွေဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) တို့လည်း NUCC မှာပါဝင်မှုကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။ NUCC ရဲ့ ပထမအကြိမ် ပြည်သူ့ညီလာခံအပြီး ၂၀၂၂ ခုနှစ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ Kachin Political Interim Coordination Team (KPICT) တို့ NUCC ကနေ နုတ်ထွက်ထားပါတယ်။
ဒါဟာ NUG အစိုးရကို ဖွဲ့စည်းပေးခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းပေါင်းစုံနဲ့စုဖွဲ့ခဲ့တဲ့ NUCC ဟာ ၅ နှစ်တာ ကာလရောက်ချိန်မှာတော့ စုစည်းအားဖရိုဖရဲဖြစ်လာတယ်လို့ နားလည်နိုင်ပါတယ်။
လွှတ်တော်နှစ်ရပ်အားပြိုင်မယ့် ၂၀၂၆

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တပ်ဟာ ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ခေါ်ကာ ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရတရပ်အဖြစ် နိုင်ငံတကာမျက်နှာစာမှာတရားဝင်မှုရနိုင်ဖို့ကြိုးစားနေပါတယ်။ ယေဘုယျအားဖြင့် အရပ်သားအစိုးရ လက်ထက် ၂၀၂၀ ရွေးကောက်ပွဲကလာတဲ့ လွှတ်တော် CRPH နဲ့ စစ်တပ်ကလုပ်တဲ့ ၂၀၂၅ -၂၀၂၆ ရွေးကောက်ပွဲကလာမယ့် လွှတ်တော်ဆိုတဲ့ စင်ပြိုင်နှစ်ရပ်ရှိလာမယ့်သဘောပါ။
မြန်မာရဲ့ ဒီအခင်းအကျင်းဟာ နိုင်ငံတကာမှာ တော်လှန်ရေးအစိုးရတွေရပ်တည်ပုံနဲ့မတူဘဲ တမျိုးထူးကဲတယ် လို့ တရားလွှတ်တော်ရှေ့နေ၊ ဒေါ်ဇာလီအေးက ဥပဒေအရပြောပါတယ်။ ရုရှားနဲ့စစ်ဖြစ်တဲ့ ယူကရိန်းနိုင်ငံမှာ သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးရဲ့ အာဏာရယူထားပုံ၊ ပြည်တွင်းတော်လှန်ရေးကနေ အာဆတ်အစိုးရ ကိုဖြုတ်ချနိုင်ခဲ့တဲ့ ဆီးရီးယားရဲ့ အခင်းအကျင်းနဲ့လည်းမတူဘူးလို့ ဆိုပါတယ်။
"မြန်မာမှာပဲ အဝေးရောက် NCGUB အစိုးရရှိခဲ့တဲ့ ၁၉၉၀ အခင်းအကျင်းနဲ့လည်းမတူဘူး။ ဒီ ၂၀၂၆ အခင်းအကျင်းမှာက စစ်တပ်ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးဆိုတာနဲ့မပြီးဘူး၊ ဘာကြောင့် တရားမဝင်ဘူးဆိုတာကို legally (ဥပဒေကြောင်းအရ) ပြန်ပြောရမယ်" လို့ ဒေါ်ဇာလီအေး က ပြောပါတယ်။
NCGUB ဆိုတာ ၁၉၉၀ ရွေးကောက်ခံအမတ်တွေနဲ့ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ NLD အနိုင်ရခဲ့တဲ့ရလဒ်ကို စစ်တပ်ကလက်မခံခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ပြီး စစ်တပ်တပိုင်းအရပ်သားအစိုးရသဏ္ဍာန်ကိုပြောင်းလဲခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ချိန်မှာတော့ NUGUB ရဲ့ အခန်းကဏ္ဍပြီးဆုံးသွားခဲ့ပါတယ်။
လက်ရှိရွေးကောက်ပွဲအလွန်မှာလည်း နိုင်ငံတကာစာမျက်နှာပေါ် တရားဝင်အသိအမှတ်ပြုမှု (legitimacy) ရရေးအတွက် စစ်တပ် စင်တင်လွှတ်တော်နဲ့ CRPH ကြား၊ စစ်တပ်ရွေးကောက်ပွဲကတက်လာမယ့် အစိုးရနဲ့ NUG အစိုးရကြား အားပြိုင်လိမ့်မယ်လို့ ဥပဒေရောနိုင်ငံရေးရာစောင့်ကြည့်သူတွေကပါ ဆိုကြပါတယ်။
"၂၀၂၆ မှာ နှစ်ဖက်ကအားပြိုင်သလိုဖြစ်သွားတယ်။ တော်လှန်ရေးအင်အားစုတွေ ခြေတလှမ်းသာခဲ့တယ်၊ ဒီလို ပြည်သူတွေရဲ့အားကိုတခဲနက်ရဖို့က ခက်တယ်။ အခုတိုင်းပြည်ရဲ့ အခြေအနေက Dire situation (အလွန်အန္တရာယ်များတဲ့အခြေအနေ) မှာ ဖြစ်နေတယ်။ ပြည်သူလူထုရဲ့ယုံကြည်မှုကို ပြန်ရဖို့လိုတယ်" လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။
"တော်လှန်ရေးမှာက သူတို့ရဲ့ ကြားကာလကိုယ်စားပြုမှုအခန်းကဏ္ဍကိုထပ်ပြီးတော့ အတည်ပြုရမယ်။ NUCC ၊ NUG တို့ ဘယ်လိုမူဝါဒကနေ အလုပ်လုပ်ကြသလဲဆိုတာမျိုးပေါ့။ အခုကအခြေချတဲ့ အခင်းအကျင်းမဟုတ်ဘူး။ CRPH အနေနဲ့လည်း သူတို့အလုပ်လုပ်နေတယ်ဆိုပေမဲ့ deliverable တကယ် အလုပ်ဖြစ်နိုင်တဲ့အရာကိုလုပ်ရမယ်။ ဒီလိုလုပ်မှ ဖက်ဒရယ်နဲ့ ကြားကာလဥပဒေတွေကို ပိုပြီးခိုင်မာစေမှာ ဖြစ်တယ်" လို့ သူက ဥပဒေရှုထောင့်အရ ထောက်ပြပါတယ်။
စစ်တပ်ကတော့ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ အပိုင်း ၁၊ ဇန်နဝါရီ ၁၁ ရက်မှာ အပိုင်း ၂ ကို ကျင်းပခဲ့ပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကသာ နေရာအများစု အနိုင်ရနေပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်ထဲအဆင်သင့်ရှိနေတဲ့ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ စစ်တပ်ကျောထောက်နောက်ခံပြု ပါတီကိုယ်စားပြုအမတ်တွေ ကြီးစိုးမယ့် လွှတ်တော်ကို တွေ့မြင်ရနိုင်ခြေရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါကြောင့် ၂၀၂၆ ခုနှစ်ဟာ တပ်လွှမ်းမိုးထားတဲ့ လွှတ်တော်နဲ့ ၂၀၂၀ အမတ်တွေပါဝင်တဲ့ CRPH ကြား "နိုင်ငံရေးလွန်ဆွဲပွဲ"လို့ဆိုနေကြတာပါ။
ဒီနိုင်ငံရေးအရလွန်ဆွဲပွဲမှာ နိုင်ငံတကာအနေနဲ့ စစ်ရေးအရနယ်မြေစိုးမိုးမှုနဲ့ ပြည်သူထောက်ခံမှုကို အဓိကထားစောင့်ကြည့်နိုင်တယ်လို့ ကိုသစ်လွင်က ပြောပါတယ်။
ဒါအပြင် ၂၀၂၆ စက်တင်ဘာမှာပြုလုပ်မယ့် ကုလသမဂ္ဂရဲ့ နိုင်ငံကိုယ်စားပြုစိစစ်ရာမှာ မြန်မာနိုင်ငံအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ထား၊ မထားက ဒီလွန်ဆွဲပွဲအတွက် အဖြေတပိုင်းတစဖြစ်နိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် NLD လက်ထက်ကတည်းက တာဝန်ထမ်းဆောင်သူ ဦးကျော်မိုးထွန်းကို ကုလက ဆက်ထားရှိခဲ့ပြီး ဦးကျော်မိုးထွန်းက CRPH၊ NUG ဘက်ရပ်တည်ထားတဲ့အခြေအနေပါ။ ဒီအခင်းအကျင်းကို CRPH လည်း သဘောပေါက်နားလည်ထားဟန်ရှိပါတယ်။
"မြန်မာပြည်မှာအပြိုင်ထူထောင်တဲ့ authority (စင်ပြိုင်အစိုးရ) နှစ်ခုရှိတယ်ဆိုတာကို ကျွန်တော်တို့က တည့်တည့်ပဲ နိုင်ငံတကာကိုရှင်းပြပြီးတော့ advocacy (နားလည်အောင်) လုပ်ရတော့မယ်။ တကယ်လည်း အဲ့အခြေအနေဖြစ်နေတာအမှန်ပဲ" လို့ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က ပြောပါတယ်။
"နိုင်ငံရေးဆန္ဒရှိမှုကို တဖက်နဲ့တဖက်ပြရင်တော့ရှင်းပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတာမျိုး၊ တကယ်စစ်တပ်နိုင်ငံရေးကထွက်ပြီးတော့ civilian supremacy (အရပ်သားအုပ်ချုပ်မှု) ကို လက်ခံလာနိုင်ရင်တော့ ကျွန်တော်တို့နိုင်ငံမှာ ဒီဟာကပြေလည်နိုင်တဲ့ အဖြေ လမ်းစဖြစ်ကောင်းဖြစ်နိုင်တယ်" လို့ သူကပြောပါတယ်။
"စစ်တပ်နိုင်ငံကမထွက်ဘဲနဲ့ စစ်ကြီးစိုးရေးဝါဒကိုပဲဆွဲကိုင်ပြီးတော့ အုပ်ချုပ်နေမယ်ဆိုရင် လက်နက်ကိုင် တော်လှန်ရေး ခုခံတော်လှန်စစ်က ရပ်သွားဖို့မရှိဘူး။ ရွေးကောက်ပွဲပြီးသွားရင် ပဋိပက္ခချုပ်ငြိမ်းမယ်လို့ မျှော်လင့်ရင်တော့ မှားသွားလိမ့်မယ်" လို့ ဦးစည်သူမောင်က ဘီဘီစီကိုပြောပါတယ်။












