စစ်ကိုင်း-တော်လှန်ရေးထိန်းချုပ်နယ်မြေတချို့ က ဆေးခြောက်နဲ့ မူးယစ်ဈေးကွက်

ပြောက်ကျားဝတ်စုံဝတ် လက်နက်ကိုင်အမျိုးသမီးတစ်ဦး၊ မူးယစ်ဆေးဝါးပြားတွေကို လက်ကနေ ကိုင်ပြထားပုံနဲ့ ဆေးခြောက်ပင်တစ်ပင်ကို လက်ကနေ ပြိုင်ပြထားတဲ့ အဖြူအမည်း လိမ္မော် အဝါရောင် ပေါင်းစပ်ဓာတ်ပုံ

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းအတွင်းက ဒေသအများစုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်/ဖောက်ကားမှုတွေ အများအပြားရှိလာတဲ့အကြောင်း ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ် ၃ ဦးထက်မနည်းက အတည်ပြုပြောပါတယ်။

ထိန်းချုပ်နယ်မြေတွေထဲက မူးယစ်ဆေးဝါးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးအရေးယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရုံးကနေ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ဒီဇင်ဘာလက သီးသန့်ညွှန်ကြားထားတဲ့အမိန့်စာတစ်စောင်ကို ဘီဘီစီက ရရှိခဲ့ပါတယ်။

အဲဒီအမိန့်စာထဲမှာ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ဖမ်းဆီးရမိမှု၊ တိုင်တန်းမှုတွေ ပိုများလာတဲ့အကြောင်း စိစစ်တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

NUG ရဲ့ ထိန်းချုပ်နယ်မြေတွေထဲ အဓိကကျတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၆ ခုထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်/ဖောက်ကားမှုအခြေအနေတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့၊ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတချို့နဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်‌။

ဆေးခြောက်စိုက်ပျိုးရောင်းချမှုတွေ

ဘုတလင်မြို့နယ်ထဲက ဆေးခြောက်စိုက်ခင်းတစ်နေရာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဘုတလင်မြို့နယ်ထဲက ဆေးခြောက်စိုက်ခင်းတစ်နေရာ

စစ်ကိုင်းတိုင်းထဲက အရာတော်၊ မြင်းမူ၊ ဘုတလင်၊ ရွှေဘို၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်းနဲ့ အင်းတော် စတဲ့ မြို့နယ်တွေထဲက ကျေးရွာတချို့မှာ ဆေးခြောက်ကို စီးပွားဖြစ် စိုက်ပျိုးရောင်းချမှုတွေ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့အပါအဝင် အနည်းဆုံး ၅ ဦးက ဘီဘီစီကို ပြောပါတယ်။

အမှတ် ၁ စစ်ဒေသထဲက NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း(အထက်ပိုင်း)ကသာခရိုင်ထဲက အင်းတော်မြို့နယ်ထဲမှာ ဆေးခြောက်ကို စီးပွားဖြစ် စိုက်ပျိုးရောင်းချတာတွေရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်နှစ်ဦးက ပြောပါတယ်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ ကသာခရိုင်၊ အမှတ် ၂ တပ်ရင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပေးပို့ထားတဲ့ညွှန်ကြားစာ တစ်စောင်မှာဆိုရင် တပ်ဖွဲ့ဝင်တွေအနေနဲ့ ''မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သုံးစွဲ/ ရောင်းဝယ်/ ဖောက်ကားစတာတွေနဲ့ ပတ်သက်ပြီး လုံးဝမပြုလုပ်ဖို့နဲ့ စစ်ဆေးတွေ့ရှိရင်အရေးယူမယ်'' ဆိုပြီး သတိပေးထားပါတယ်။

မူးယစ်ဆေးသုံးစွဲတာ၊ ရောင်းဝယ်ဖောက်ကားတာတွေကို လက်ဝယ်တွေ့ရှိတာ၊ လူမှုကွန်ရက်မှာ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ ပို့စ်တွေ တင်တာတွေကို စစ်ဆေးတွေ့ရှိရင် အရေးယူအပြစ်ပေးမယ်လို့ MOD ရဲ့ အဲဒီသတိပေးစာမှာ ဖော်ပြထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကသာခရိုင်၊ အမှတ် ၂ တပ်ရင်းဟာ အင်းတော်မြို့နယ်မှ အခြေစိုက်လှုပ်ရှားတဲ့တပ်ရင်းဖြစ်ပြီး MOD ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိပါတယ်။

ကသာခရိုင် အမှတ် ၂ တပ်ရင်းရဲ့တာဝန်ရှိသူတစ်ဦးကတော့ သူတို့အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့အမှုတွေကို အရေးယူဖြေရှင်းနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တပ်ဖွဲ့ဝင်တွေရော ရောင်းဝယ်ဖောက်ကားမှုတွေမှာ ပါဝင်ပတ်သက်နေသလားဆိုတဲ့ မေးခွန်းကိုတော့ ငြင်းဆိုပါတယ်။

အင်းတော်မှာရှိတဲ့ သတင်းရင်းမြစ်ကတော့ ဝန်ကြီးဌာနကနေ တပ်ရင်းတစ်ခုကို မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီး အရေးယူမယ့်အကြောင်း ညွှန်ကြားစာပေးပို့တာဟာ အဲဒီနေရာကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ပါဝင်ပတ်သက်နေတာကြောင့်လို့ သူသိထားတဲ့အချက်တွေကို အခြေခံပြီး ကောက်ချက်ချပါတယ်။

ကသာခရိုင်တပ်ရင်း ၂ တာဝန်ရှိသူရဲ့ ဖွင့်ဟချက်အရ MOD ရဲ့ သတိပေးမှု မတိုင်ခင်က အင်းတော်ဒေသမှာ ဆေးခြောက်စိုက်ပျိုးရောင်းဝယ်မှုတွေနဲ့ပတ်သက်လို့ သူတို့တပ်ရင်းအနေနဲ့တားမြစ်ထိန်းချုပ်တဲ့နေရာမှာ လျော့ရဲခဲ့တယ်လို့ ဝန်ခံပါတယ်။

ကသာဒေသအတွင်းမှာ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်တွေပါ ဆေးခြောက်သုံးစွဲနေကြတယ်လို့ သူက ပြောပါတယ်။ ဒါတွေကို ထိန်းချုပ်နိုင်ဖို့ ဆေးခြောက်နှိမ်နင်းမှုတွေ စတင်ခဲ့တာလို့ ဆိုပါတယ်။

"ကလေးတွေက မထိန်းချုပ်နိုင်ကြဘူး။ အသက်မပြည့်သေးတဲ့ ၁၃ နှစ်နဲ့ ၁၄ နှစ်ကလေးငယ်တွေပါ ဆေးခြောက်စွဲနေကြပြီ" လို့ သူက ဆိုပါတယ်။

သတိပေးစာပေးပို့တဲ့ နိုဝင်ဘာကနေ ဒီဇင်ဘာ တတိယအပတ်အထိ ဆေးခြောက်ကို စီးပွားဖြစ်စိုက်ပျိုးရောင်းချတဲ့ ခြံကြီး ၅ ခြံကို ဖျက်ဆီးနှိမ်နင်းခဲ့တယ်လို့ ကသာခရိုင်တပ်ရင်း ၂ တာဝန်ရှိသူက ပြောပြီး လက်ရှိလည်း ဆေးခြောက်စိုက်ခင်းတွေကို ဆက်နှိမ်နင်းနေတယ်လို့ ဆိုပါတယ်။

နှိမ်နင်းအရေးယူခဲ့တဲ့ ၅ ခြံထဲမှာ တချို့ခြံတွေကတော့ အပင်ရေ ရာဂဏန်းအထိ စိုက်ပျိုးထားတာကို စိစစ်တွေ့ရှိခဲ့ကြောင်း သူက ပြောပါတယ်။

ဆေးခြောက်စိုက်ပျိုးတဲ့ ခြံပိုင်ရှင်တွေကိုလည်း တပ်ရင်းတပ်ဖွဲ့တွေရဲ့ အချုပ်ထောင်မှာ အချုပ် ၆ လ ချအ‌ရေးယူပြီး ခံဝန်ကတိထိုးခိုင်းခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

ဆေးခြောက်စိုက်ခင်းတွေကို ဖျက်ဆီးပြီး စိုက်ပျိုးတဲ့သူတွေကို အရေးယူတာတွေ လုပ်နေပေမဲ့ တစ်ဖက်မှာလည်း တနိုင်တပိုင်စိုက်ပျိုးတဲ့ခြံတွေ ဆက်ရှိနေတယ်လို့ အင်းတော်ဒေသခံ တစ်ဦးက ပြောပါတယ်။

အင်းတော်မြို့နယ်ထဲက "မဲဇာတိုက်နယ်ထဲမှာဆိုရင် ဆေးခြောက်စိုက်ပျိုးနေတဲ့ ခြံတွေ တော်တော်များများ ကျန်နေသေးတယ်" လို့ သူက ပြောပါတယ်။

"တော်လှန်ရေးရဲဘော်တွေ လာဝယ်နေကြတာလည်း တွေ့နေရတုန်းပဲ" လို့ သူက မြင်တွေ့နေရတဲ့အခြေအနေကို ထည့်ပြောပါတယ်။

အလားတူ ကျောင်းကုန်း၊ မော်လူး၊ မော်တိတ်နဲ့ အင်းတော်အရှေ့ခြမ်း တိုက်နယ် စတဲ့ဒေသတကြောမှာလည်း တနိုင်တပိုင်စိုက်ပျိုးတဲ့ ခြံတွေရှိတယ်လို့ သိရပါတယ်။

အင်းတော်ဒေသထဲမှာ အသက် ၂၁ နှစ်အောက် လူငယ်တွေ ဆေးခြောက်သုံးစွဲရင် အရေးယူဖမ်းဆီးမယ်လို့ ကသာခရိုင်၊ အမှတ် ၂ တပ်ရင်းက ကြေညာထားတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတစ်ဦးက ဖွင့်ပြောပါတယ်။

"၂၁ နှစ်နဲ့ အထက် လူငယ်နဲ့ လူကြီးပိုင်းတွေကတော့ သုံးနေကြတာပါပဲ" လို့ သူကပဲ ပြောပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းလိုနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်ရောင်းချလို့ရပေမဲ့ မြန်မာနိုင်ငံရဲ့ မူးယစ်ဥပဒေအရ Cannabis လို့ခေါ်တဲ့ ဆေးခြောက်နဲ့ပတ်သက်ပြီး ဘယ်လိုရောင်းဝယ်၊ သုံးစွဲမှုမှ တရားမဝင်ပါဘူး။

ဒါပေမဲ့ စစ်အာဏာမသိမ်းခင် ကာလတွေတုန်းကတော့ မြန်မာမှာ ဆေးခြောက်ကို စနစ်တကျ တရားဝင်သုံးခွင့်ပြုရေးအတွက် ဆန္ဒပြလှုပ်ရှားပြီး တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

မြင်းမူနဲ့ အရာတော်မှာလည်း နိုဝင်ဘာတစ်လတည်းမှာပဲ ဆေးခြောက်ခင်းတွေ ပေါပေါလောလော တွေ့လာရတယ်လို့ ဒေသအခြေစိုက်သတင်းတချို့မှာ ဆေးခြောက်ခင်းတွေကို ဓာတ်ပုံတွေနဲ့တကွ ရေးသားဖော်ပြခဲ့ကြပါတယ်။

အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ်ကစပြီး မြင်းမူနဲ့ အရာတော်မြို့တွေမှာ ဆေးခြောက်ပျိုးပင်တွေနဲ့ မျိုးစေ့တွေရောက်ရှိလာတယ်လို့ မြင်းမူမှာနေထိုင်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၂ ခုနှစ်ဝန်းကျင်မှာတော့ "တနိုင်တပိုင်ပဲ စိုက်ခဲ့ကြတာ" လို့ သူက ထုတ်ပြောပါတယ်။

၂၀၂၃ နှောင်းပိုင်းကစလို့ ၂၀၂၅ ခုနှစ်အထိ တနိုင်တပိုင်ရောင်းချတဲ့စနစ်ကနေ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးရောင်းချတဲ့အထိဖြစ်လာတယ်လို့ မြင်းမူနဲ့ အရာတော်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးက ရှင်းပြပါတယ်။

ဘုတလင်၊ နတ်မရွာထဲက မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်တဲ့ ဆေးခြောက်ခင်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဘုတလင်၊ နတ်မရွာထဲက မီးရှို့ ဖျက်ဆီးလိုက်ပြီဖြစ်တဲ့ဆေးခြောက်ခင်းတစ်ခု

အရာတော်မြို့မှာဆိုရင် "တောင်ဘက်က မင်းရွာ၊ ညောင်ခြေထောက်၊ မလဲသာ၊ ဆင်တလည်" စတဲ့ကျေးရွာတွေဘက်မှာ ဆေးခြောက်စိုက်ခင်းတွေ ပေါပေါသီသီတွေ့ရတယ်လို့ အရာတော်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

မြင်းမူမြို့နယ်ထဲက ထိန်ကန်၊ မွှေးလှနဲ့ ရွှေကျောင်းကန်ကျေးရွာထဲမှာ‌တော့ ဆေးခြောက်စိုက်ပျိုးတာတွေ ဆက်ရှိနေတုန်းပဲလို့ မြင်းမူနယ်ခံတစ်ဦးက ပြောပါတယ်။

၂၀၂၅ ခုနှစ်ထဲမှာ ဖမ်းဆီးမှုတွေ ရှိလာတာကြောင့် စီးပွားဖြစ်စိုက်ပျိုးတာတွေ အရင်နှစ်တွေကထက် လျော့နည်းသွားတယ်လို့ သူက ပြောပါတယ်။

NUG ရဲ့ မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ပြီးခဲ့တဲ့လတွေအတွင်း ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ၂၀၂၅ ဒီဇင်ဘာအထိ မြင်းမူက ရွာတချို့မှာ "တနိုင်တပိုင်ဆက်စိုက်နေတာတော့ရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း လာဝယ်ပြီး သုံးနေကြတာပဲ" လို့ သူက တွေ့ရှိချက်ကို ဖြည့်စွက်ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ဘုတလင်မြို့နယ်၊ နတ်ရွာနဲ့ စိုင်ပြင်ရွာတို့မှာလည်း အာဏာသိမ်းကာလအတွင်း ၂၀၂၅ ပထမနှစ်ဝက် ဝန်းကျင်အထိ ဆေးခြောက်စိုက်ပျိုးမှုတွေ ရှိခဲ့တယ်လို့ ဘုတလင်ဒေသခံ ကိုကောင်းက ပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေတုန်းကတော့ အဲဒီရွာတွေက ဆေးခြောက်ခင်းတွေကို NUG ကွပ်ကဲမှုအောက်မှာရှိတဲ့ ဘုတလင်အခြေစိုက်တပ်ဖွဲ့တချို့ကနေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကိုကောင်းက ပြောပါတယ်။

လက်လီ၊ လက်ကားဖြန့်ချိမှုတွေ

ဆေးခြောက်ပင်ကို လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ချောင်းမရွာမှာလည်း တရားမဝင်ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားတဲ့ ပစ္စည်းတစ်ခုလို အလွယ်တကူ ဝယ်ယူသုံးစွဲလို့ရနေတယ်လို့ ကနီမှာရှိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

"ကွမ်းယာဆိုင်၊ အအေးဆိုင်တွေမှာ ဆေးခြောက်တွေ ဝယ်လို့ရတယ်။ ဆိုင်တိုင်း မဟုတ်ပေမဲ့ ဆိုင်တော်တော်များများမှာ မေးဝယ်လို့ရတယ်" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ချောင်းမရွာဟာ တောင်ဘက်မှာ ယင်းမာပင်နဲ့ အရှေ့တောင်ဘက်မှာ ဆားလင်းကြီး စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေပြီး မြို့နယ်၂ ခုဆက်နေတဲ့ လမ်းဆုံမှာ ရှိပါတယ်။

မြို့နယ်နှစ်ခုရဲ့အလယ်မှာရှိတဲ့ရွာဖြစ်သလို အာဏာသိမ်းကာလအတွင်း ချောင်းမရွာထဲ စစ်ရှောင်လာကြသူတွေလည်း များတာကြောင့် ဒုတိယ ကနီမြို့လို့ ပြောရလောက်တဲ့အထိ လူစည်ကားတဲ့ရွာတစ်ရွာဖြစ်ပါတယ်။

ချောင်းမရွာမှာ ဆေးခြောက် အလေးချိန် ၁ ဂရမ်ကို ကျပ် ၃,၅၀၀ ကနေ အမျိုးအစားကောင်းရင်ကောင်းသလောက် ကျပ် ၅၀,၀၀၀ အထိ ဈေးပေါက်တယ်လို့ ကနီသတင်းရင်းမြစ်က ပြောပါတယ်။

"လက်ကား ယူမယ်ဆိုရင် အလေးချိန် ၁၀ ဂရမ်ကနေ စပေးတယ်" လို့ သူက ဖြည့်ပြောပါတယ်။

ချောင်းမထဲမှာ ဆေးခြောက်စိုက်ပျိုးတာတော့မရှိပေမဲ့ ရွှေဘို၊ ဝက်လက်၊ မူးကမ်းကြီးစတဲ့ ဒေသတွေဘက်ကနေ ဆေးခြောက်မှောင်ခိုရောင်းဝယ်တဲ့ ကုန်သည်တချို့ကနေ စီးဝင်လာကြတာလို့ ဒေသခံတချို့က အတည်ပြုပြောပါတယ်။

အလားတူ ကနီနဲ့ ယင်းမာပင်အစပ်က မူးကမ်းကြီးရွာမှာတော့ ဆေးခြောက်ရောင်းချမှုအပြင် WY(ရာမ) လို့ခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကိုလည်း လက်ကားအဆင့်အထိ ရောင်းချမှုတွေ ရှိနေတယ်လို့ မူးကမ်းကြီးဒေသခံတစ်ဦးက ပြောပါတယ်။

"ရာမဆေးက လက်ကားတစ်ထုပ်မှာ အပြား ၂၀၀ လောက်ပါတယ်။ ဖုန်းထဲကနေပဲ ချိတ်ဆက်ရောင်းဝယ်လုပ်နေတာ" လို့ ဒီအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

WY ဈေးနှုန်းက တစ်ပြားကို ကျပ် ငါးထောင်စျေးပေါက်တယ်လို့ သူကပြောပါတယ်။

မူးကမ်းကြီးရွာဟာ ဘုန်ကြီးကျောင်း ၁၂ ကျောင်းအထိ ရှိတဲ့ ရွာကြီးဖြစ်ပြီး အာဏာမသိမ်းခင်ကာလအထိ ကုန်စုံဆိုင်တန်း၊ ဈေးတန်းတွေနဲ့ အလွန်စည်ကားခဲ့တဲ့ရွာဖြစ်ပါတယ်။

မူးကမ်းကြီးရဲ့ အရှေ့ဘက်မှာတော့ ရွှေဘိုမြို့နယ်နဲ့ ထိစပ်နေတာဖြစ်ပါတယ်။

ချောင်းမနဲ့ မူးကမ်းကြီးရွာတွေက ဆေးခြောက်နဲ့ WY ဆေးပြားရောင်းဝယ်ဖောက်ကားမှုတွေနဲ့ပတ်သက်ပြီး အဲဒီမှာထိန်းချုပ်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိရှိကြပေမဲ့ ထိထိရောက်ရောက် အရေးယူတာမရှိဘူးလို့ မူးယစ်ဆေးရောင်းဝယ်မှုတွေကို သိထားတဲ့ မြေပြင်သတင်းရင်းမြစ်က ဖွင့်ဟပါတယ်။

အင်းတော်နဲ့ ဗန်းမောက်က ညပိုင်းဖျော်ဖြေရေးလုပ်ငန်းတွေ

NUG ထိန်းချုပ်နယ်မြေတချို့မှာ ဝယ်ယူသုံးစွဲလို့ရနေတဲ့ခတ်ပုံလို့ ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, NUG ထိန်းချုပ်နယ်မြေတချို့မှာ ဝယ်ယူသုံးစွဲလို့ရနေတဲ့ ခတ်ပုံလို့ ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုး

ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာဆို ဘားတွေ၊ ညကလပ်တွေမှာ ပျော်ကြတဲ့လူငယ်တွေဟာကေ(K)လို့ ခေါ်တဲ့ ကက်တမင်းနဲ့ ရွှေလို့ခေါ်ကြတဲ့ ဟက်ပီးဝါးတား (Happy Water) စတဲ့မူးယစ်ဆေးတွေကို သုံးစွဲကြပါတယ်။

စစ်ကိုင်းအထက်ပိုင်းက အင်းတော်နဲ့ ဗန်းမောက်စတဲ့ မြို့နယ်တွေမှာလည်း ကာရာအိုကေအမည်တပ်ထားတဲ့ အလုံပိတ်အမှောင်ခန်းတွေမှာ ဆေးခြောက်အပြင် ကေနဲ့ ဟက်ပီးဝါးတား စတဲ့မူးယစ်ဆေးတွေကို ရောင်းချမှုတွေ ရှိနေတယ်လို့ အဲဒီက သတင်းရင်းမြစ် ၂ ဦးထက်မနည်းက ပြောပါတယ်။

အင်းတော်အရှေ့ဘက်ခြမ်း တိုက်နယ်ထဲနဲ့ မဲဇာတိုက်နယ်ထဲက ကာရာအိုကေဆိုင်အချို့မှာ မူးယစ်ဆေး သုံးစွဲနိုင်တဲ့ဝန်ဆောင်မှုတောင် ရနိုင်တယ်လို့ မြေပြင်သတင်းရင်းမြစ် ၂ ဦးက ဆိုပါတယ်။

"အဲဒီထဲက တစ်ဆိုင်မှာဆိုရင် K ရှူလို့ရတဲ့အခန်းပါ သီးသန့်လုပ်ပေးထားတယ်"လို့ အင်းတော်ဒေသခံတစ်ဦးက ပြောပါတယ်။

NUG ထိန်းချုပ်ထားတဲ့ ဗန်းမောက်တောင်ပိုင်း၊ စုံးတော်နဲ့ ညောင်ပင်သာရွာကြားမှာရှိတဲ့ ကာရာအိုကေဆိုင်တစ်ဆိုင်မှာလည်း မူးယစ်ဆေးဝါးဖြန့်ချိ ရောင်းချမှုတွေရှိနေတယ်လို့ ဗန်းမောက်မှာနေတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"လက်နက်ကိုင်တပ်တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အဲဒီကို လာကြတယ်။ တစ်ညလုံး သောင်းကျန်းပြီးမှ ပြန်ကြတာ၊ ဆိုင်က အသံမလုံတော့ အနီးနားက ပြည်သူတွေအတွက် အနှောင့်အယှက်ဖြစ်တယ်" လို့ သူက ပြောပါတယ်။

အဲဒီကာရာအိုကေဆိုင်ရဲ့ ပိုင်ဆိုင်မှုမှာ NUG ထိန်းချုပ်မှုအောက်က သယံဇာတအဖွဲ့ဝင်တချို့ ရှယ်ယာပါဝင်ပတ်သက်မှုတွေရှိနေတယ်လို့ သူကထပ်ပြောပါတယ်၊။

မြို့ခံရဲ့ အဲဒီပြောဆိုချက်ကို ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်ကိုင်းထဲ မူးယစ်ဆေးတွေ ဘယ်လမ်းကြောင်းက ဝင်လာလဲ

မူးယစ်ဆေး သစ်ဆောင်လာတဲ့ PDF တပ်ဖွဲ့ဝင်တချို့နဲ့ ကားသမား ၂ ဦးကို ချင်းကာကွယ်ရေးတပ်(CDF) ဖမ်းမိပြီးနောက် ထုတ်ပြန်လာတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, CDF

ဓာတ်ပုံ ပုံစာ, မူးယစ်ဆေး သစ်ဆောင်လာတဲ့ PDF တပ်ဖွဲ့ဝင်တချို့နဲ့ ကားသမား ၂ ဦးကို ချင်းကာကွယ်ရေးတပ်(CDF) ဖမ်းမိပြီးနောက် ထုတ်ပြန်လာတဲ့ပုံ

စစ်ကိုင်းဒေသ အများစုမှာ ဆေးခြောက်ဈေးကွက်အပြင် တချို့နေရာတွေမှာ နိုင်ငံခြားဖြစ် မူးယစ်ဆေးတွေပါ စိမ့်ဝင်လာနေတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တချို့က အတည်ပြုပြောပါတယ်။

၂၀၂၄ ခုနှစ်ကစလို့ စစ်ကိုင်းဒေသထဲကို မူးယစ်ဆေးအစုံ စီးဝင်လာတာလို့ မတူညီတဲ့ ဒေသတွေက သတင်းရင်းမြစ် ၄ ဦးထက်မနည်းက ဆိုပါတယ်။

ဆေးခြောက်အပြင် K(ကတ်တမင်း)၊ WY(ရာမ)၊ ခတ်ပုံ နဲ့ ဟက်ပီးဝါးတား စတဲ့ မူးယစ်ဆေးဝါးအမျိုးအစားတွေလည်း စိမ့်ဝင်လာခဲ့တာလို့ စစ်ကိုင်း၊ ဝက်လက်နဲ့ အရာတော်က တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ က ပြောပြပါတယ်။

စစ်ကိုင်းဒေသတခွင်လုံးနီးပါး အထိ မူးယစ်ဆေးလမ်းကြောင်းပေါက်သွားတာဟာ မူးယစ်ကုန်သည်တချို့ရဲ့ ရောင်းဝယ်ဖောက်ကားမှုအပြင် တစ်ဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တချို့ကိုယ်တိုင် ရောင်းဝယ်ဖြန့်ချိမှုတွေ လုပ်ခဲ့တာလို့ မန္တလေးတိုင်းအခြေစိုက်၊ သပိတ်ကျင်းနဲ့ စဥ့်ကူးဘက်မှာ အခြေစိုက်ခဲ့တဲ့ တော်လှန်ရေးတပ်တစ်ခုက တပ်ဖွဲ့ဝင်တစ်ဦးက ထုတ်ပြောပါတယ်။

စစ်ကိုင်းနဲ့ မန္တလေးအပါအဝင် တော်လှန်ရေးဒေသတချို့မှာ ဟက်ပီးဝါးတားကို "ရွှေ" လို့ခေါ်တဲ့အကြောင်း စစ်ကိုင်းတိုင်း၊ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာ-မိုးကုတ် လမ်းပိုင်းပေါ်က နေရာတချို့မှာ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ် နှစ်ဝက်ပိုင်းလောက်ထိ ညပိုင်းဖျော်ဖြေရေးလုပ်ငန်းတွေဖြစ်တဲ့ ကာရာအိုကေဆိုင်ခန်းတွေရှိခဲ့ပြီး အဲဒီဆိုင်တွေကနေ မူးယစ်ဆေးဝါးရောင်းချတာတွေ ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီလိုရောင်းချမှုတွေဟာ စစ်ကိုင်းတိုင်းထဲကို မူးယစ်ဆေးအစုံ ရောက်ရှိလာတဲ့ အကြောင်းရင်းတွေထဲက တစ်ချက်လို့ သူက ထောက်ပြပါတယ်။

အဲဒီလမ်းပိုင်းပေါ်ကနေရာတွေကို NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက နယ်မြေအလိုက် အသီးသီးပူးပေါင်းထိန်းချုပ်ခဲ့ကြတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လားရှိုးမြို့ကို စစ်တပ်ပြန်မရခင် စစ်ကိုင်းက တော်လှန်ရေးတပ်တွေဟာ ရှမ်းမြောက် လမ်းကြောင်းကနေ လက်နက်သယ်ရင်းနဲ့ မူးယစ်ဆေးတွေပါလာတာမျိုးလည်းရှိတယ် လို့ သူက ရှင်းပြပါတယ်။

၂၀၂၅ ဒီဇင်ဘာ မတိုင်ခင်အထိ စစ်ကိုင်းတိုင်းထဲကို မူးယစ်ဆေး လမ်းကြောင်း ၂ ကြောင်း နဲ့ စီးဝင်နေတယ်လို့ လမ်းကြောင်းအခြေအနေတွေကို သိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

နမ့်ခမ်း-လားရှိုးကတဆင့် မန္တလေးတိုင်း၊ သပိတ်ကျင်း-စဉ့်ကူး-မတ္တရာစတဲ့နေရာတွေကိုရောက်လာပြီး အဲဒီကနေမှ ဧရာဝတီမြစ်တစ်ဖက်ကမ်းဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲကို စီးဝင်လာတယ်လို့ သူက ပြောပါတယ်။

စစ်တပ်က စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းစတဲ့ ဒေသတစ်ခုလုံးကို ပြန်မထိန်းချုပ်ခင်အထိ ဧရာဝတီမြစ်ပဲခြားတဲ့ စစ်ကိုင်းနဲ့ မန္တလေးဒေသတကြောမှာ တော်လှန်ရေးအင်အားစုတွေကြား ကူးလူးသွားလာဆက်ဆံမှုတွေ ရှိခဲ့တယ်လို့ သူက ထောက်ပြပါတယ်။

မန္တလေးအခြေစိုက် တော်လှန်ရေးတပ်တွေက "ရှမ်းမြောက်ကနေ လက်နက်ဝယ်ပြီး မန္တလေးထဲကို သယ်တယ်။ မူးယစ်ဆေးတွေလည်း ပါလာတယ်။ အညာက တပ်တချို့က မန္တလေးဘက်ကနေ လက်နက်တွေပြန်ဝယ်တယ်။ အဲဒီကနေမှ မူးယစ်ဆေးတွေပါ စစ်ကိုင်းထဲရောက်လာတာပေါ့" လို့ သူက ရှင်းပြပါတယ်။

နောက်ထပ်လမ်းကြောင်းတစ်ခုကတော့ ကွတ်ခိုင်မြို့ကနေ စသယ်ပြီး သိန္နီကတဆင့် မိုင်းရယ်ကို ကြားလမ်းကနေဖြတ်ပြီး နမ္မတူ၊ မန်တုံ၊ မိုးကုတ်ကနေမှ စစ်ကိုင်းတိုင်းထဲကို ဖြတ်ဝင်တယ်လို့ ဒီလမ်းကြောင်းအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

"စစ်ကိုင်းကနေမှ ချင်းပြည် ကလေး-တမူးတို့ကို ထပ်ဖြတ်တယ်။ ပြီးမှ တစ်ဖက်နိုင်ငံ(အိန္ဒိယ)ထဲ စီးဝင်တယ်" လို့ သူကအတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ NUG လက်အောက်ခံ ယင်းမာပင်ခရိုင် PDF အမှတ် ၁၅ တပ်ရင်းမှူးထောက်ခံစာနဲ့ သယ်ဆောင်လာတဲ့ ကျပ်ဘီလျံချီတန်ဖိုးအထိရှိတဲ့ စိတ်ကြွဆေးပြား ၃ သန်းခန့်နဲ့ နံပါတ်ဖိုးလို့ခေါ်တဲ့ ဘိန်းဖြူ ၁၀၀ ကီလိုဂရမ်ခန့်ကို ချင်းကာကွယ်ရေးတပ်(CDF)က ဟားခါးမြို့နယ်တွင်းမှာ ဖမ်းမိခဲ့ပါတယ်။

မူးယစ်ဆေးသယ်လာတဲ့ တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကားသမား ၂ ဦးတို့ကို ကနဦးဖမ်းမိခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာတော့ နောက်ထပ်တစ်ဦးက မိခင်တပ်ရင်းဖြစ်တဲ့ ယင်းမာပင် အမှတ် ၁၅ တပ်ရင်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက CDF ဟားခါးနဲ့ ချိတ်ဆက်ပြီး ဖမ်းမိထားတဲ့ တရားခံတွေကို မြေပြင်မှာ ပူးပေါင်းစစ်ဆေးဆောင်ရွက်တာတွေလုပ်နေတယ်လို့ Myanmar Now သတင်းဌာနကို ဖြေကြားထားပါတယ်။

တစ်ချိန်တည်းမှာပဲ အဲဒီအမှုကို NUG ရဲ့ တရားရေးနဲ့ စစ်စည်းကမ်းထိန်းသိမ်းရေးဌာနက ဦးဆောင်ကိုင်တွယ်နေတယ်လို့ ဦးမောင်မောင်ဆွေက ပြောခဲ့ပေမဲ့ ၅ လအကြာ ၂၀၂၅ ဒီဇင်ဘာနှောင်းပိုင်းအထိ ဒီအမှုနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ပြောတာ မရှိသေးပါဘူး။

မူးယစ်ဈေးကွက်ကို ဘယ်လို နှိမ်နင်းမလဲ

မြန်မာမှာ ရာမ၊ ရာဘ၊ မြင်းဆေး၊ ကြယ်သီး၊ အသီးလို့ အမျိုးမျိုးခေါ်ဝေါကြတဲ့ WY ဆေးပြားတချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာမှာ ရာမ၊ ရာဘ၊ မြင်းဆေး၊ ကြယ်သီး၊ အသီးလို့ အမျိုးမျိုးခေါ်ဝေါကြတဲ့ WY ဆေးပြားတချို့ (ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကတော့ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်တာတွေကို ရှောင်ကြဉ်ကြဖို့ ၂၀၂၅ ဒီဇင်ဘာ ၁၈ ရက်မှာ လူထုကို စာထုတ်သတိပေးပါတယ်။

ဆေးခြောက်ကို လက်ဝယ်ထားရှိတာ၊ ရောင်းဝယ်တာ၊ သုံးစွဲတာတွေလုပ်ရင် ပြစ်မှုမြောက်တာကြောင့် ဥပဒေအရ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရမယ်လို့ ထုတ်ပြန်ချက်ကနေ အသိပေးပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေကိုလည်း ပအဖ ထံ လျှို့ဝှက်စွာ သတင်းပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေမယ့် မူးယစ်ဆေးဝါးနဲ့ လောင်းကစား ကိစ္စတွေကို သေချာစောင့်ကြည့်ထိန်းကျောင်းတည့်မတ်ဖို့ အထူးလိုအပ်တယ်လို့ ၂၀၂၅ ခုနှစ်၊ မတ်လတုန်းက ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ထားတဲ့ NUG ရဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ လျှို့ဝှက်အမိန့်စာထဲမှာတော့ မူးယစ်ဆေးဝါးနဲ့ လောင်းကစားမှု တားမြစ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ချမှတ်ဆောင်ရွက်နေတယ်လို့ ရေးသားထားပါတယ်။

NUG ထိန်းချုပ်နယ်မြေတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာတွေလုပ်ရင် ဖမ်းဆီးအရေးယူမယ်လို့ NUG အစိုးရရုံးကနေ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေကို ကာကွယ်ရမယ့် ဝန်ထမ်းတွေအနေနဲ့ မူးယစ်ဆေးဝါးအမှုတွေကို ဖမ်းဆီးဖို့ ပျက်ကွက်တာ၊ အကာအကွယ်ပေးတာအပြင် အဂတိလိုက်စားတာတွေ ပြုလုပ်ရင်လည်း ဥပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်။

ထိန်းချုပ်နယ်မြေတွေထဲက မူးယစ်ဆေးဝါးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ငန်းစဉ်တွေနဲ့ ဖြေရှင်းသွားမလဲဆိုတာကိုတော့ NUG က တရားဝင်ထုတ်ပြောတာမရှိသေးပါဘူး။

စစ်ကိုင်းတိုင်းထဲက မူးယစ်ဆေးဝါးအမှုတွေကို သေချာနှိမ်နင်းအရေးယူပြပြီး ဒါကို လက်မခံတဲ့အကြောင်း သက်သေပြဖို့လိုတယ်လို့ စစ်ကိုင်းတိုင်းထဲက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကို စောင့်ကြည့်နေသူတစ်ဦးက ထောက်ပြပါတယ်။

တစ်ဖက်မှာလည်း စစ်ကိုင်းဒေသအပါအဝင် ဒေသတချို့မှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ စစ်ရေးပဋိပက္ခ ၅ နှစ်နီးပါးဖြစ်လာချိန်မှာ စစ်ရဲ့ ဆိုးကျိုးသက်ရောက်မှုအနေနဲ့ မူးယစ်မှောင်ခို၊ လောင်းကစားနဲ့ လူကုန်ကူးမှု စတဲ့ ဒုစရိုက်မှုတွေ တိုးပွားလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက မှတ်ချက်ပြုပါတယ်။

တော်လှန်အင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေရှိတဲ့ စစ်ကိုင်းတိုင်းအတွင်း မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုတွေမှာ တော်လှန်ရေးတပ်တချို့ ပါဝင်ပတ်သက်နေတယ်ဆိုတာနဲ့ NUG အစိုးရရဲ့ စစ်ကိုင်းအတွင်းက မူးယစ်ဆေးဝါး တိုက်ဖျက်မှုတွေနဲ့ ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနကို ဘီဘီစီက မေးမြန်းထားပါတယ်။

ပြန်အကြောင်းပြန်မယ်လို့သာ ကာကွယ်ရေးဝန်ကြီးဌာနက တုံ့ပြန်ထားပြီး ဇန်နဝါရီ ၅ ရက်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကိုင်းနိုင်ငံရေးလေ့လာသူ ဦးစိုးဝင်းဆွေကတော့ မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စတွေကို နှိမ်နင်းတဲ့နေရာမှာ တော်လှန်ရေးအစိုးရအနေနဲ့ မူးယစ်ဆေးလမ်းကြောင်း၊ မူးယစ်ဆေးထုတ်လုပ်တဲ့နေရာ စတဲ့အချက်အလက်ကို စုံစမ်းဖော်ထုတ်နိုင်ဖို့ နိုင်ငံတကာရဲ့ နည်းပညာအကူအညီလည်း လိုတယ်လို့ ထောက်ပြပါတယ်။

"စာထုတ်ရုံနဲ့ နှိမ်နင်းတာ လုပ်လို့မရဘူး။ နိုင်ငံတော်အဆင့် ယန္တရားနဲ့ လုပ်ဖို့လိုတယ်"