ပအိုဝ်းဒေသတွေမှာ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုတိုးလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက မြို့တွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေများလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါကြောင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ကနေ ဒီလိုသုံးစွဲသူတွေကို ဖမ်းဆီးတာရှိနေပေမဲ့ ငွေကြေးယူပြီး ပြန်လွှတ်ပေးနေသလို ငွေကြေးမတတ်နိုင်သူတွေကတော့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ဘက်ကတော့ ဒီသတင်းတွေနဲ့ ပတ်သက်လို့ မဖြေကြားပါဘူး။
စည်းကမ်းထုတ်ပြီး ကိုင်တွယ်တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတာတွေကို လျှော့ချနိုင်ဖို့အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ဘက်ကနေ ရွာတွေမှာ စည်းကမ်းချက်ထုတ်ပြန်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ မူးယစ်ဆေးရောင်းသူ၊ သုံးစွဲသူတွေကို ဖမ်းဆီးမိတဲ့အခါမှာလည်း ဖမ်းဆီးမိတဲ့ မူးယစ်ဆေးပမာဏအလိုက် ငွေကြေးတောင်းခံပြီး ပြန်လည်လွှတ်ပေးတာတွေရှိနေတယ်လို့ ဆိုပါတယ်။
ဆီဆိုင်မြို့နယ်မှာဆိုရင် မူးယစ်ဆေးပြား အနည်းငယ်ဖမ်းမိတာဆိုရင် ၈သိန်းက စပေးရပြီး အထုပ်လိုက်ဖမ်းမိတာဆိုရင်တော့ မြန်မာငွေ ၃၅ သိန်းအထိ ပေးရလေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စည်းကမ်းချက်အရဆိုရင် မူးယစ်ဆေးသုံးတဲ့သူမိရင် သင်တန်းပို့ပေးမယ်။ ပြီးရင် ရွာလူကြီးတွေဆီမှာ ခံဝန်ထိုးပြီးလွှတ်မယ်ဆိုတာမျိုးပါ။ လက်တွေ့ကျ PNO ဘက်က ဖမ်းပြီးရင် ငွေကြေးပေးတဲ့သူဆို ချက်ချင်းပြန်လွှတ်တာရှိသလို သင်တန်းတက်ခိုင်းပြီး ပြန်လွှတ်တာလည်းရှိတယ်။ ငွေကြေးမတတ်နိုင်ရင်က အဲဒီလူက ပျောက်သွားတာ၊ အများစုက နယ်ခြားစောင့်တပ် မဟုတ်ရင် ဗမာတပ်ထဲရောက်တယ်လို့ အရပ်ထဲမှာပြောနေကြတယ်။“
မူးယစ်ဆေး ပေါ်ပေါ်တင်တင် ရောင်းဝယ်လာကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆီဆိုင်နဲ့အလားတူ ပင်လောင်းမြို့ပေါ်ရော ကျေးရွာတွေမှာပါ မူးယစ်ဆေးသုံးသူတွေများလာသလို ငွေကြေးယူပြန်လွှတ်ပေးတာကြောင့် ဒီရောင်းဝယ်သူတွေဟာ ပိုပြီးပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာကြတယ်လို့ ရွာခံတွေက ထောက်ပြကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါ့အပြင် အမျိုးသားတွေသာမက အမျိုးသမီးတွေမှာပါ မူးယစ်ဆေးသုံးသူများလာတဲ့အကြောင်း ပင်လောင်းရွာသားတစ်ဦးက အခုလို ပြောပါတယ်။
“အခုကျတော့ လူ ၁၀၀ မှာ ၈၀ လောက်က သုံးတယ်။ အမျိုးသားမကဘူး အမျိုးသမီးပါ သုံးလာတာ တွေ့ရတယ်ပေါ့နော်။ အရင်က ရွာတစ်ရွာမှာ အိမ်ခြေ ၁၀၀ ရှိရင် ၁၀ အိမ် လောက် (ဘိန်း )စိုက်ပေမဲ့ အခု အိမ်ခြေ ၁၀၀ လုံး စိုက်တဲ့အနေအထား ရှိတယ်။ အခုနောက်ပိုင်း အဲဒီလို သုံးတာတွေ များတော့ သူခိုး၊ ဓားပြ လူယက်မှုတွေ များလာတယ်” လို့ ပြောပါတယ်။
ဒီလိုပအိုဝ်းဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ PNO ဘက်ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
အာဏာသိမ်းထားတာကြောင့် အဲ့ဒီဒေသတွေမှာ မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ဆောင်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေလည်း မရှိသလောက်ဖြစ်နေတာပါ။
တဖက်စာရင်းဇယားတွေအရလည်း ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှု နှစ်ဆနီးပါးတက်လာခဲ့ပြီး အများစုကရှမ်းပြည်နယ်ထဲမှာပါ။
အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ် မှုတွေ၊ ငွေကြေးဖောင်းပွတာတွေဟာ တောင်သူတွေကို ဘိန်းစိုက်ပျိုးထုတ်လုပ်ရေး ပြန်လုပ်ဖို့တွန်းအားဖြစ်လာစေတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဇန်နဝါရီတစ်လတာအတွင်း မူးယစ်ဆေးဖမ်းဆီးရမှုတွေမှာလည်း ရှမ်းပြည်နယ်က ၂၉ မှု နဲ့ အများဆုံးရှိနေပြီး ကျပ် သိန်းပေါင်း ၃သောင်း၂ထောင်ကျော်တန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေသိမ်းဆည်းမိထားတာလည်းဖြစ်ပါတယ်။








