စစ်အာဏာသိမ်းမှု - HIV ပိုးကူးစက်သူတိုးလာမှုနဲ့ လူငယ်နေထိုင်မှုပုံစံအသစ်

၂၀၂၃ခုနှစ် အခုနှစ်စပိုင်းမှာ လူမှုကွန်ရက်စာမျက်နှာပေါ် လူပြောအများဆုံးအကြောင်းအရာကတော့ လူငယ်တွေမှာ HIV ပိုးကူးစက်ခံရတာများနေပြီဆိုတာပဲဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

လူမှုကွန်ရက်စာမျက်နှာပေါ် အခုနှစ်စပိုင်းမှာ လူပြောအများဆုံးအကြောင်းအရာတွေထဲက တစ်ခုကတော့ လူငယ်တွေမှာ HIV ပိုးကူးစက်ခံရတာများနေပြီဆိုတာပဲ ဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်က အဲဒီလို လှုပ်လှုပ်ခတ်ခတ်ပြောဆိုမှုဟာ HIV ပိုးကူးစက်နိုင်တဲ့ သံသယဖြစ်ဖွယ် လုပ်ရပ်တွေကို လုပ်ခဲ့သူတွေအတွက် ဆေးစစ်ကြည့်ဖို့ တွန်းအားတစ်ခု ဖြစ်လာပါတယ်။

“ဖေ့စ်ဘွတ်ခ်ပေါ် အပြောများတော့ ကျွန်တော်လည်း ကိုယ့်ဘာသာ သံသယဝင်လာမိတယ်။ အဲဒါနဲ့ ဇန်နဝါရီလတုန်းက ဆေးစစ်ကြည့်ခဲ့တယ်။ စစ်တုန်းကတော့ positive မဖြစ်နိုင်လောက်ဘူး ထင်ခဲ့တာ။”

အသက် ၂၀ အရွယ် ကိုသက္က (အမည်လွှဲ) က သူ့အတွေ့အကြုံကို ပြောပြပါတယ်။

“လွန်ခဲ့တဲ့လေးလလောက်က စမ်းသပ်ကြည့်ခဲ့တာ၊ one-night stand ငါးခါရှိခဲ့တယ်။ ဘယ်သူ့ဆီက ကူးခဲ့လဲ ကျွန်တော်မသိဘူး။ ဘယ်သူ့မျက်နှာပေါ်မှာမှလည်း HIV ပိုး ရှိနေတယ်ဆိုတာ မမြင်ရဘူးလေ” လို့ သူက ဆက်ပြောပါတယ်။

ကျောင်းသားတစ်ဦးလည်းဖြစ်တဲ့ ကိုသက္က (အမည်လွှဲ) က HIV ပိုးကူးစက်ခံရနိုင်တဲ့ အကြောင်းအရင်းတွေကို သိထားခဲ့ပေမဲ့ တစ်ခါတည်းပါဆိုပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့တာကနေ ကူးစက်ခံခဲ့ရပါတယ်။

ဒါဟာ Nightlife လို့ခေါ်တဲ့ ညဘက်ပျော်ပါးတာ၊ one-night stand ဆိုတဲ့ တစ်ညတာ လိင်ဆက်ဆံဖော်နဲ့ အတူနေထိုင်တာဟာ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာသာမက ကိုသက္ကနေထိုင်ရာ ပဲခူးဘက်မှာပါ လူငယ်တချို့ ရဲ့ လူမှုနေထိုင်မှုပုံစံတခု ဖြစ်လာတယ်လို့ သူက ထောက်ပြပါတယ်။

HIV ကူးစက်သူ အသစ်တွေ့ရှိမှုတွေ များလာတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေသလို တစ်ဖက်မှာလည်း စစ်အာဏာသိမ်းမှုကြောင့် သုတေသနအားနည်းတာ၊ စစ်တမ်းကောက်ယူနိုင်မှုနည်းပါးတာကြောင့်ပါ ပြည်တွင်းလူငယ်ထုရဲ့ HIV ပိုးဘယ်လောက်ကူးစက်ခံနေရပြီလဲဆိုတဲ့ အချက်အလက်တွေကိုတော့ အတိအကျရနိုင်ဖို့ ခဲယဉ်းလှပါတယ်။

စစ်အာဏာသိမ်းပြီး‌နောက် ရန်ကုန်မြို့ နိုက်ကလပ်တခုမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ညမထွက်ရ အမိန့်တွေကြားမှာပဲ လူငယ်တွေ ကလပ်တက်တဲ့ အလေ့က တွင်ကျယ်နေပါတယ်။

Nightlife ဖြတ်သန်းတယ်ဆိုတာ ဘာလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာ တည်ငြိမ်အေးချမ်းစေဖို့ ရည်ရွယ်ချက်နဲ့ဆိုပြီး မြို့ကြီးတွေမှာ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ခဲ့တာက နှစ်နှစ်ကျော်ကြာတဲ့ ဒီကနေ့အထိ ဒီအမိန့်တွေ ဆက်ရှိနေဆဲပါ။

ညမထွက်ရလို့ ဆိုပေမဲ့ တစ်ဖက်မှာတော့ မြို့ပေါ်နေလူငယ်တချို့မှာ Nightlife လူနေမှုဘဝ၊ ညဘက်ပျော်ပါး တဲ့ နေထိုင်မှုပုံစံတခု တွင်တွင်ကျယ်ကျယ် ရှိလာပါတော့တယ်။

တစ်နည်းအားဖြင့် ပျော်ရွှင်ကခုန်လို့ရတဲ့ ကလပ်၊ အရက်ဘီယာရနိုင်တဲ့ဘားလိုဆိုင်တွေမှာ သာမက ဟိုတယ်လို အခန်းတွေ၊ ဟိုင်းခန်းလို့ ခေါ်တဲ့ မူးယစ်ဆေးသုံးစွဲတဲ့နေရာတွေမှာ လူငယ်တွေစုဝေးပြီး တညတာ ဖြတ်သန်းတာကို ဆိုလိုပါတယ်။

“Nightlife ဆိုတာ freedom ပဲ၊ ဘာမှ ကန့်သတ်ချက်မရှိဘူး။ လွတ်လွတ်လပ်လပ်နေလို့ရတယ် လွတ်လပ်တဲ့အရသာပေါ့” ကိုသက္ကက nightlife ကိုခုံမင်တဲ့ လူငယ်တစ်စုရဲ့ ရှုမြင်ပုံကို ရှင်းပြပါတယ်။

Nightlife ကုန်ဆုံးတဲ့အခါမှာ တစ်ညတာလုံးပျော်ရွှင်နေနိုင်ဖို့ K (ကတ်တမင်း)E ( အက်တဆီ)လို့ အလွယ်တကူခေါ်ဝေါ်ကြတဲ့ မူးယစ်ဆေးတွေကလည်း ကပ်ပါလာပါတယ်။ ကလပ်၊ ဘား၊ ဟိုင်းခန်းနဲ့ ဟိုတယ်လိုနေရာတွေမှာ ဒီပစ္စည်းတွေကို လက်တစ်ကမ်းအလိုနဲ့ လွယ်လွယ်ကူကူဝယ်ယူသုံးစွဲလို့ ရနေပါတယ်။

Nightlife ကုန်ဆုံးတဲ့အခါမှာ တညတာလုံးပျော်ရွှင်နေနိုင်ဖို့ K ၊ E လို့ အလွယ်တကူခေါ်ဝေါ်ကြတဲ့ မူးယစ်ဆေးတွေကလည်း ကပ်ပါလာပါတယ်။

နောက်ထပ်တစ်ဆင့်ကတော့ မူးယစ်ဆေးဝါးသုံးစွဲထားရင်းကနေ လိင်ဆက်ဆံတဲ့ အလေ့အထအသစ်တွေပါ ဆက်တိုက်ရှိလာတာလို့ ဘီဘီစီက မေးမြန်းကြည့်တဲ့ လူငယ်တချို့က ပြောပြပါတယ်။

အထူးသဖြင့် Chemsex လို့ခေါ်တဲ့ မူးယစ်ဆေးဝါးသုံးစွဲထားပြီးနောက် လူအများနဲ့ အုပ်စုဖွဲ့ လိင်ဆက်ဆံတာ၊ လိင်တူချင်းဆက်ဆံတာ စတာတွေ ရှိလာသလို one-night stand လို့ခေါ်တဲ့ တစ်ညတာအတူနေထိုင်တဲ့ လိင်ဆက်ဆံတာတွေပါ အတူရောထွေးလာပါတယ်။

“One-night stand ဆိုတာက အခုမှ တွေ့ဖူးမြင်ဖူးပြီး အတူနေကြတာ။ သူတို့ဘယ်သူတွေဆိုတာလည်း မသိဘူး၊ ကိုယ်ဘယ်သူလည်းဆိုတာလည်း သူတို့မသိဘူး။”

“ဒီတော့ ကျွန်တော်ဘယ်သူ့ဆီက ကူးလာပါတယ်ဆိုတာလည်း မသိနိုင်သလို ကျွန်တော်ကူးခံထားရတဲ့ အကြောင်း သတိပေးဖို့လည်း ဘယ်လိုပြောပေးရမလဲမသိဘူး” လို့ ကိုသက္ကက သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

ပြည်တွင်း HIV ပိုးကူးစက်မှုနဲ့ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ ကျန်းမာရေးအသိုင်းအဝိုင်းကို မေးမြန်းကြည့်ရာမှာလည်း အခုလို Nightlife ပျော်ပါးပြီး လိင်ဆက်ဆံခဲ့ရာကနေ ပိုးကူးစက်ခံရတာ၊ ပိုးကူးစက်ခံရနိုင်မလား တိုင်ပင်ဆွေးနွေးတာတွေ သိသိသာသာ များလာတယ်လို့ ဆိုပါတယ်။

အမျိုးသားချင်းလိင်ဆက်ဆံသူ၊ အမျိုးသမီးလို ဝတ်ဆင်နေထိုင်သူတွေနဲ့ အမျိုးသမီးလိင်လုပ်သားတွေရဲ့ HIV ပိုးကူးစက်မှုနဲ့ပတ်သက်ပြီး ကုသမှုပေးနေတဲ့ လမ်းပြကြယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးက လက်လှမ်းမီသလောက် မြို့နယ်တွေမှာ ကောက်ယူထားတဲ့ အချက်အလက်အရလည်း တစ်လကို ပိုးတွေ့သူအသစ် ရာနဲ့ချီ ရှိနေပါတယ်။

တစ်နိုင်ငံလုံး HIV ပိုးတွေ့ရှိမှုရဲ့ ၄၅ရာခိုင်နှုန်းအထိရှိတဲ့ ရန်ကုန်

တစ်နိုင်ငံလုံး HIV ပိုးတွေ့ရှိမှုရဲ့ ၄၅ရာခိုင်နှုန်းအထိရှိတဲ့ ရန်ကုန် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

၂၀၂၁ ခုနှစ်မှာ HIV ပိုးအသစ်ကူးစက်ခံရသူ ၁၁,၀၀၀ အထိ ကျဆင်းခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေး ဝန်ကြီးဌာနတာဝန်ရှိသူက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ရက်မှ ာကျရောက်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day)နေ့မှာ ပြောခဲ့ပြီး ၂၀၂၂ခုနှစ်ရဲ့ အချက်အလက်ကိုတော့ ဖော်ပြတာ မတွေ့ရသေးပါဘူး။

ဒါဟာ စစ်အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်အထိ ပြည်တွင်းမှာ HIV ပိုးကူးစက်မှု လျော့နည်းလာခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်ထဲမှာတော့ အချက်အလက်ကောက်ကူဖို့ အခက်အခဲတွေကြောင့် ပိုးတွေ့ရှိမှု ဆက်နည်းခဲ့တာလို့ လမ်းပြကြယ်က ပြောပါတယ်။

လက်တွေ့က ၂၀၂၁ ခုနှစ်ဟာ လမ်းပြကြယ်အဖွဲ့ရဲ့ အချက်အလက်တွေအရ HIV ပိုးတွေ့ရှိတဲ့ ကိန်းဂဏန်းလျော့နည်းတယ်ဆိုပေမဲ့ ပိုးတွေ့ရှိတဲ့ ရာခိုင်နှုန်းက တက်လာပါတယ်။ ဆိုလိုတာက ၂၀၂၀ ခုနှစ်တုန်းက အယောက် ၁၀၀မှာ ၆ယောက်လောက်တွေ့ခဲ့ရာကနေ ၂၀၂၁ခုနှစ်မှာတော့ ၁၀၀ မှာ ၁၃ ယောက်လောက်အထိ ဖြစ်ပွားလာတာပါ။

ဒါဟာ နှစ်ဆတိုးလာတဲ့ သဘောဖြစ်ပါတယ်။

“၂၀၂၂ ခုနှစ်မှာဆိုလူ ၂၈၀၀ ပိုးတွေ့ခဲ့တယ်။ မေ၊ ဇွန်လလောက်ကနေစပြီး HIV ပိုး အတွေ့များလာရာကနေ သြဂုတ်နဲ့ စက်တင်ဘာကတော့ အများဆုံးပါပဲ။ တစ်လ အယောက် ၃၀၀ လောက် ရှိခဲ့တယ်” လို့ လမ်းပြကြယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာဟိန်းကိုကိုက ဘီဘီစီနဲ့တွေ့ဆုံချိန်မှာ ပြောပြပါတယ်။

လမ်းပြကြယ်အဖွဲ့က အချက်အလက် ကောက်ယူခဲ့တဲ့ အမျိုးသားချင်းလိင်ဆက်ဆံသူ၊ အမျိုးသမီးလိုဝတ်ဆင်နေထိုင်သူတွေနဲ့ အမျိုးသမီးလိင်လုပ်သားတွေကြားမှာ ပုံမှန်အားဖြင့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားမှာ ပိုးတွေ့ရှိမှုများလေ့ရှိခဲ့သလို ၂၀၂၂ခုနှစ်ထဲမှာဆိုရင် ဒီအသက်အုပ်စုရဲ့ HIV ပိုးတွေ့ရှိမှုက ၁၀ ရာခိုင်နှုန်းအထိ တက်ခဲ့ပါတယ်။

ဒီအဖွဲ့စစ်တမ်းကောက်ယူနိုင်တဲ့ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပဲခူး၊ ပုသိမ်၊ ပြည်၊ တောင်ငူ၊ လားရှိုး၊ မူဆယ်၊ မိုးညှင်း၊ မြစ်ကြီးနားစတဲ့ ဒေသတွေထဲ ရန်ကုန်မြို့မှာ HIV ပိုး တွေ့ရှိမှု အများဆုံးလို့ သိရပါတယ်။

“ရန်ကုန်၊ မန္တလေးက တနိုင်ငံလုံးရဲ့ ၇၀ ရာခိုင်နှုန်းရှိပါတယ်။ အဲဒီထဲ ရန်ကုန်က အများဆုံးပါ။ ၄၅ ရာခိုင်နှုန်းအထိရှိပါတယ်” လို့ ဒေါက်တာဟိန်းကိုကိုက ဆက်ပြောပါတယ်။

အမျိုးသမီးလိင်အလုပ်သမားတွေမှာ HIV ပိုးကူးစက်တာထက် အမျိုးသားချင်းလိင်ဆက်ဆံသူနဲ့ အမျိုးသမီးကဲ့သို့ ဝတ်ဆင်နေထိုင်တဲ့ ပုဂ္ဂိုလ်တွေမှာ ပိုပြီး ကူးစက်မှုများလာကိုလည်း တွေ့ရပါတယ်။ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အမျိုးသားချင်းလိင်ဆက်ဆံသူနဲ့ အမျိုးသမီးလို ဝတ်ဆင်နေထိုင်သူတွေမှာ ပိုပြီး ကူးစက်မှုများလာကိုလည်း တွေ့ရ

အမျိုးသမီးလိင်လုပ်သားတွေမှာ HIV ပိုးကူးစက်တာထက် အမျိုးသားချင်းလိင်ဆက်ဆံသူနဲ့ အမျိုးသမီးလို ဝတ်ဆင်နေထိုင်သူတွေမှာ ပိုပြီး ကူးစက်မှုများလာကိုလည်း တွေ့ရပါတယ်။

“လူငယ် ယောကျ်ားလေး၊ မိန်းကလေးကြားက ကူးစက်ခံရမှု အချက်အလက်က သီးသန့်ကောက်ယူတာ မရှိထားပါဘူး။ ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က HIV ဆွေးနွေးနှစ်သိမ့်ပေးတဲ့ စာမျက်နှာမှာတော့ ဒါနဲ့ပတ်သက်ပြီး လာတိုင်ပင်သူတွေ များလာတယ်၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့သူမဟုတ်တဲ့ ကျောင်းသားအရွယ် လူငယ်မိန်းကလေးတွေလည်း ပါတယ်။”

“ပုံမှန်ဆို မိန်းကလေးတယောက်က တခါမှ မတွေ့ဖူးမမြင်ဖူးတဲ့ အမျိုးသားဆရာဝန်တယောက်ဆီ လာရောက်တိုင်ပင်တာ ရှားတယ်၊ အခုက ဆယ်ယောက်အထက် ရှိနေပါပြီ။”

HIV ပိုးကုသရေးနယ်ပယ်မှာ ဆယ်စုနှစ်နဲ့ချီ လုပ်ကိုင်လာတဲ့ ဒေါက်တာဟိန်းကိုကိုက လတ်တလော သူတွေ့မြင်နေရတဲ့ အခြေအနေကို အခုလို ပြောပြထားတာပါ။

ထိန်းချုပ်မဲ့ မူးယစ်ဆေးဝါးရရှိနိုင်မှု၊ ပြောင်းလဲလာတဲ့ လိင်မှုဘဝ၊ အာဏာသိမ်းမှုအောက်က မူဝါဒတွေကြား မှာ ဒုံးပျံအဟုန်နဲ့ တရှိန်ထိုးတက်လာတဲ့ HIV ပိုးကူးစက်မှုကို တားဆီးနိုင်ဖို့ အရေးတကြီးလိုအပ်လာပြီလို့ လမ်းပြကြယ်အဖွဲ့အပါအဝင် HIV အရေးဆောင်ရွက်နေတဲ့ ကျန်းမာရေးအသိုင်းအဝိုင်းက အကြံပြုပြောဆိုကြပါတယ်။

အာဏာပိုင်တွေ HIV အရေးလှုပ်ရှားသူတွေအနေနဲ့ လူငယ်တွေကြား ပိုးကူးစက်မှုများလာရတဲ့ ပြောင်းလဲလာတဲ့ ဘဝနေထိုင်မှုပုံစံတွေ၊ အမူအကျင့်တွေကို စနစ်တကျသုတေသနပြုစုပြီး ကာကွယ်ဖို့ ပြုလုပ်သင့်တဲ့အကြောင်းလည်း ထည့်သွင်းပြောကြပါတယ်။

ညမထွက်ရအမိန့်၊ ဗဟိုချုပ်ကိုင်မှုနဲ့ တရှိန်ထိုးတက်လာတဲ့ HIV ကူးစက်မှု

စစ်ကောင်စီသတင်းစာမှာဖော်ပြခဲ့တဲ့ HIV ဖြစ်ပွားနှုန်းဇယား
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီသတင်းစာမှာဖော်ပြခဲ့တဲ့ HIV ဖြစ်ပွားနှုန်းဇယား

ဘာအကြောင်းအချက်တွေက ပြည်တွင်း HIV ပိုးကူးစက်နှုန်း တစ်ဖန်မြင့်တက်လာစေခဲ့တာလို့ ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။

“၂၀၂၁ ခုနှစ်ထဲမှာ HIV နဲ့ပတ်သက်ပြီး အသိပညာပေးတာ၊ မဖြစ်ခင်က ကြိုအကာအကွယ်ပေးနိုင်ဖို့ အတွက်မှာ မလုပ်နိုင်ခဲ့ဘူး။ လုပ်ဖို့အတွက် အကန့်အသတ်များခဲ့တာရဲ့ အကျိုးဆက်တွေ ရှိလာတဲ့သဘောပါ။”

“နောက်တစ်ခုက မူဝါဒကြောင့်လို့ ပြောရမယ်။ ညမထွက်ရအမိန့်တွေအောက်မှာ အပြင်မထွက်ဘဲ အဲဒီပျော်ပါးတဲ့နေရာတွေမှာ အချိန်ကုန်ဖို့ မူးယစ်ဆေးသုံးတာ၊ ဒီလိင်ဆက်ဆံမှုတွေ ဖြစ်လာတယ်” လို့ ဒေါက်တာဟိန်းကိုကိုက သုံးသပ်ပါတယ်။

ဒီအကြောင်းအရင်းတွေကြောင့် HIV ပိုးကူးစက်မှုမြင့်လာသလို တစ်ဖက်က ကုသဆေးဖြစ်တဲ့ ART ဆေးဝါးရယူမယ့်အပိုင်းမှာလည်း စစ်အာဏာသိမ်းပြီးနောက် အခက်အခဲတွေ ရှိနေတယ်လို့ ဘီဘီစီက စကားပြောကြည့်ခဲ့တဲ့ ART ဆေးသောက်သုံးရသူတွေက တညီတညွတ်တည်း ပြောပြကြပါတယ်။

HIV ပိုးကူးစက်ခံထားရသူတွေကို အရင်က ခြောက်လတစ်ကြိမ် ဆေးဝါးထုတ်ပေးရာကနေ အခုတော့ တစ်ခါတည်း ဆေးအများအပြား မထုတ်ပေးနိုင်တဲ့အတွက် တစ်လတစ်ကြိမ် ဆေးထုတ်ပေးတဲ့ အနေအထားကို ပြောင်းလဲလာတာပါ။

“ART ဆေးထုတ်သူက အခုဆို တစ်ရက်ကို ရာဂဏန်းအထိ ရှိနေတယ်။ ဆေးထုတ်ရမယ့်သူတွေကို တစ်လတစ်ကြိမ်ပြောင်းလိုက်လို့ ကျွန်တော်တို့ဘက်က ကြုံရတာထက် client(ဆေးလာထုတ်သူ) တွေမှာ ပိုခက်ခဲတယ်။ စားဝတ်နေရေးအလုပ်အကိုင်ရဖို့ ရှားနေချိန်မှာ ဒီဆေးလာယူလို့ အလုပ်ခွင့်မရဘဲ အလုပ်ထုတ်ခံရသူရှိသလို ဆေးလာမထုတ်ဖြစ်ဘဲ ဆေးပြတ်သူတွေလည်း ရှိတယ်။”

“ဘဝမှာရွေးချယ်ရတာတွေရှိလာတဲ့အခါ ART ဆေးက အနောက်ရောက်သွားတယ်” လို့ လမ်းပြကြယ်မှာ ကုသမှုပေးနေတဲ့ ဒေါက်တာဟိန်းကိုကိုက HIV ပိုးကူးစက်မှုနဲ့ ART ဆေးရရှိနိုင်မှုကြားက ကူးစက်သူတွေလစဥ် ပုံမှန်ဆေးလာထုတ်ဖို့ ခက်ခဲနေတဲ့ မြေပြင်အခြေ အနေကို ပြောပါတယ်။

ဒါဟာ HIV ကုသဆေးဖြစ်တဲ့ ART ဆေးရယူနိုင်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေဘက်မှာ ဗဟိုချုပ်ကိုင်မှု အားကောင်းလာရာကနေ အချိန်ကြာမြင့်လာပြီး အခုလိုတလတကြိမ် ART ဆေးထုတ်ယူရတဲ့ အခြေအနေဖြစ်လာတာလို့ သူရရှိထားတဲ့ သတင်းစကားတွေအရ ပြောပါတယ်။

ဘာအကြောင်းအချက်တွေက ပြည်တွင်း HIV ပိုးကူးစက်နှုန်း တဖန်မြင့်တက်လာစေခဲ့တာလို့ ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။ (ပုံအဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

ART ‌ဆေးဝယ်ယူဖို့ အပါအဝင် HIV / AIDS ရန်ပုံငွေချထားပေးမှုကဏ္ဍမှာတော့ အရပ်သားအစိုးရလက်ထက် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၄ သန်းချပေးခဲ့ရာကနေ စစ်အာဏာသိမ်းပြီး ‌နောက်တော့ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၅ သန်း၊ အခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ ART ဆေးနဲ့ ဆေးပစ္စည်းဝယ်ယူဖို့ဆိုပြီး အမေရိကန်ဒေါ်လာ ၁၆ သန်းအသုံးပြုမယ်လို့ စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီရဲ့ ဘဏ္ဍာငွေအသုံးပြုမှုကို ကြည့်ရင်လည်း ART ဆေးဝယ်ယူဖို့ ပိုမိုသုံးစွဲဖို့ လိုလာတာကို တွေ့မြင်နိုင်ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရလည်း အခု ၂၀၂၃ ခုနှစ်မှာ မြန်မာပြည်တွင်းက အမျိုးသား အယောက် ၁၀၀ မှာ ၁၅ ယောက်အထိ ပိုးတွေ့လာနိုင်သလို အမျိုးသမီးတွေကြားက ပိုးတွေ့နှုန်းလည်း တက်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

“လူငယ်တွေရဲ့ Nightlife သဘော၊ ဒီသဘာဝကို ပြောင်းလဲလို့တော့ မရဘူး။ ဒါပေမဲ့ အခုလို HIV ပိုးကူးစက် လာပြီး လူငယ်ထုအကြား ပိုဖြစ်လာမှာကို စိုးရိမ်တယ်” လို့ လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုသက္ကက သူ့အမြင်ကို ပြောပါတယ်။

ပူပူနွေးနွေး HIV ပိုးကူးစက်ခံခဲ့ရတဲ့ ကိုသက္ကတစ်ယောက်လည်း ပိုးကူးစက်ခံရတာကို သိသိချင်းမှာ အသက်မရှင်နိုင်လောက်အောင် စိတ်ဓာတ်ကျခဲ့ပေမဲ့ အခုတော့ ကူးစက်ခံရသူတွေ စိတ်ခွန်အားရဖို့၊ ထပ်မံ ကူးစက်တာတွေမရှိအောင် အသိပညာပေးနိုင်ဖို့ တတ်စွမ်းသလောက်ကြိုးစားနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

“တိုက်ရိုက်လာတိုင်ပင်ဖို့ အဆင်မပြေသူတွေသိနိုင်အောင် ဖေ့စ်ဘွတ်ခ်ပေါ်မှာ HIV နဲ့ပတ်သက်ပြီး ကျွန်တော် စာရေးတယ်၊ ပြီးတော့ Nightlife ဖြတ်သန်းထားတဲ့ လူငယ်တိုင်း ဆေးစစ်ကြည့်ဖို့ အကြံပေးချင်တယ်။”

အခုဖေ‌ဖော်ဝါရီ လလယ်ကစပြီး HIV အတွက် ကုသမှုခံယူနေတဲ့ ကိုသက္ကကတော့ တစ်ဆစ်ချိုးပြောင်းလဲ သွားတဲ့ သူ့ဘဝအတွေ့အကြုံကို အခြေခံပြီး အခုလိုအကြံပေးခဲ့တာ ဖြစ်ပါတယ်။