ဧပြီလ ၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
‘‘တကယ့်သဘောတူညီချက်’’ မရရှိခင်အထိ အရှေ့အလယ်ပိုင်းနဲ့ အီရန်အနီးမှာ တပ်တွေကို ‘‘ဆက်ပြီးဖြန့်ကြက်’’ ထားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောတဲ့သတင်းအပါအဝင် ဧပြီ ၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
ဧပြီလ ၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KACHIN MEDIA
‘‘မနောမြေမှ တေးသံသာ’’၊ ‘‘လူသားသန်းပေါင်း ၆,၀၀၀ ထဲက အချစ်’’စတဲ့ သီချင်းတွေအပါအဝင် တေးသီချင်းအချို့နဲ့ လူသိများထင်ရှားတဲ့ တေးသံရှင် ဂျက်ဆန်ထွန်းဟာ တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူနေရင်း ဒီကနေ့ ဧပြီ ၉ ရက် ညနေပိုင်းမှာ ကွယ်လွန်သွားတယ်လို့ ကချင်စစ်ရေးရင်းမြစ်က အတည်ပြုပါတယ်။
နီးစပ်သူတွေရဲ့ အပြောအရ အသက် ၄၆ နှစ်လို့ သိရပြီး သူဟာ ဦးနှောက်သွေးကြောပိတ်၊လေဖြတ်တဲ့ရောဂါနဲ့ တရုတ်နိုင်ငံဘက်ခြမ်း၊ ယူနန်ပြည်နယ်က ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ဆေးကုသခံယူနေတာဖြစ်ပြီး ဒီကနေ့မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။
လိုင်ဇာအခြေစိုက် ကချင်စစ်ရေးအရင်းအမြစ်ကတော့ တေးသံရှင် ဂျက်ဆန်ထွန်းဟာ ၂၀၂၁ မှာ စစ်အာဏာသိမ်းဆန့်ကျင်မှုတွေလုပ်ခဲ့ပြီးနောက် သူဟာ ကေအိုင်အေ(ကချင်လွတ်လပ်ရေးတပ်ဖွဲ့)ရဲ့လက်အောက်က အရပ်ဘက်ဌာနဆိုင်ရာ ရဲတပ်ဖွဲ့မှာ စေတန့ာဝန်ထမ်းတာဝန်ထမ်းဆောင်သလို တော်လှန်ရေးနယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုလည်း တေးသီချင်းတွေနဲ့ ခွန်အားပေးဖျော်ဖြေမှုတွေ လုပ်ကိုင်သူလို့ ပြောပါတယ်။
ဂျက်ဆန်ထွန်းကွယ်လွန်သွားတဲ့ အပေါ် သူ့ ပရိသတ်တွေနဲ့ ကချင်အနုပညာရှင်တွေက လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်း ဖော်ပြနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ဗိုလ်ချုပ်တွေ လွှမ်းမိုးတဲ့လွှတ်တော်ကနေ စစ်ခေါင်းဆောင်ကို သမ္မတတင်ပြီး အရပ်ဘက်အသွင်ပြောင်းအုပ်ချုပ်မှာဖြစ်လို့ သမ္မတ ဦးမင်းအောင်လှိုင်ဖြစ်လာပေမဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲတွေ တက်ရောက်ခွင့် မရနိုင်သေးဘူးလို့ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်က ထုတ်ပြောလိုက်ပါတယ်။
မြန်မာအာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံရေးရာထူးတွေကို အာဆီယံထိပ်သီး ဆွေးနွေးပွဲတွေ တက်ရောက်ခွင့် မပြုတာ ၅ နှစ်ရှိပြီဖြစ်ပါတယ်။
မြန်မာအနေနဲ့ မေလထဲမှာ ကျင်းပမယ့်အာဆီယံထိပ်သီးညီလာခံမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ရမှာ မဟုတ်တဲ့အကြောင်း အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာအရေးအာဆီယံအထူးသံလည်းဖြစ်တဲ့ မစ္စ ထရီဇာလာဇာရိုက ဘီဘီစီနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြေကြားခဲ့တာ ဖြစ်ပါတယ်။
"နိုင်ငံရေးကိုယ်စားပြုမှုနဲ့ စေလွှတ်မယ်ဆိုရင် ကျွန်မတို့ လက်ခံမှာ မဟုတ်ပါဘူး။ အရပ်ဘက် နိုင်ငံဝန်ထမ်းထဲက အဆင့်မြင့်ဆုံးအရာရှိကို စေလွှတ်ရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းဆက်ရပ်တည်ကြဖို့ အာဆီယံခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဆုံးဖြတ်ထားကြပါတယ်။အာဆီယံရဲ့ရပ်တည်မှု ပြောင်းမှာ မဟုတ်ဘူး" လို့ ဝန်ကြီးလာဇာရိုက ပြောပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ ရေဒီယို အစီအစဉ်ဖြစ်တဲ့ ယနေ့ (Today)က အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆာယိဒ် ခါတီဇာဒတ်နဲ့ ၁၅ မိနစ်ကြာ တွေ့ဆုံမေးမြန်းခန်းပြုလုပ်ထားပါတယ်။
သူပြောခဲ့တဲ့အကြောင်းအရာတွေကို အကျဉ်းချုံး တင်ပြလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ သမ္မတတာဝန်ယူတဲ့အခါ ဖွဲ့စည်းမယ့်အစိုးရအဖွဲ့မှာ ခန့်အပ်ဖို့ လျာထားတဲ့ ဝန်ကြီးတွေရဲ့စာရင်းကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့မှာ အတည်ပြုလိုက်ပါတယ်။
ဖွဲ့စည်းမယ့် ဝန်ကြီးဌာန ၃၁ ဌာနအတွက် ဝန်ကြီးအယောက် ၃၀ စာရင်းကို သူက ပြည်ထောင်စုလွှတ်တော်ကို ဧပြီလ ၆ ရက်တုန်းက တင်ခဲ့တာဖြစ်ပြီး ဒီနေ့မှာ လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က အဆိုပြုထားတဲ့ ဝန်ကြီးဌာနတွေထဲမှာ လူငယ်နဲ့ အမျိုးသမီးရေးရာ ဝန်ကြီးဌာန ၂ ခု အသစ် ပါလာပါတယ်။
ဝန်ကြီးနေရာတွေအတွက် လက်ရှိ စစ်ကော်မရှင်မှာ ခန့်အပ်ထားတဲ့ ဝန်ကြီးအများစုကို ပြန်အဆိုပြုတာဖြစ်ပေမဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေအတွက်ကိုတော့ လက်ရှိတာဝန်ဆောင်ဆဲ စစ်ဗိုလ်ချုပ်တွေနဲ့ ဗိုလ်ချုပ်ဟောင်းတွေကို အဆိုပြုခဲ့ပါတယ်။
ရွေးကောက်ပွဲအလွန်ကာလမှာ စစ်ခေါင်းဆောင်အစိုးရဖွဲ့တဲ့အခါ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေကို နေရာပေးလိမ့်မယ်လို့ ထင်မြင်ယူဆချက်တွေရှိနေပေမဲ့ အခု ဝန်ကြီး စာရင်းမှာတော့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်အများစု မပါလာခဲ့ပါဘူး။
စစ်ခေါင်းဆောင်က လွှတ်တော်တင်တဲ့ ဝန်ကြီးစာရင်း ၃၀ မှာ ကြံ့ခိုင်ရေးပါတီက ၅ ဦးကိုပဲ ဝန်ကြီးနေရာပေးထားတာ တွေ့ရပါတယ်။
ကြံ့ခိုင်ရေးပါတီ ဒုတိယ ခေါင်းဆောင် ဦးမျိုးဇော်သိမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ မင်းကင်းမောင်မြင့်လို့ သိကြတဲ့ ဦးမောင်မြင့်ကို ဟိုတယ်/ခရီးနဲ့ ယဉ်ကျေးမှု ဝန်ကြီး၊ ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မောင်သင်းကို လူငယ်ရေးရာဝန်ကြီးဌာနဝန်ကြီး၊ လက်ရှိ ရန်ကုန်တိုင်းကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးကို အလုပ်သမားဝန်ကြီး၊ ပဲခူးတိုင်းအရှေ့ပိုင်း ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်းကို အားကစား ရေးရာဝန်ကြီးအဖြစ် စစ်ခေါင်းဆောင်က လွှတ်တော်ကို အမည်တင်ခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ခံသမ္မတအဖြစ် ရှိနေတဲ့ စစ်ခေါင်းဆောင်ဟာ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြုလုပ်တဲ့ ဝန်ကြီးနဲ့ ဝန်ကြီးဌာနတွေကို ထားရှိရတဲ့အကြောင်းရင်းကို လွှတ်တော်ကို လာရောက်ရှင်းပြရမှာဖြစ်ပေမဲ့ လူကိုယ်တိုင် မလာဘဲ ပြည်ထောင်စုလွှတ်တော်နာယကထံကိုပဲ စာရေးသားပေးဖို့ ရှင်းပြခဲ့ပါတယ်။
အခုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တင်ပြလာတဲ့ ဝန်ကြီးနဲ့ ဝန်ကြီးဌာန စာရင်းကို လွှတ်တော်က အတည်ပြုပြီးပြီဖြစ်လို့ မနက်ဖြန်မှာ စစ်ခေါင်းဆောင်ဟာ သမ္မတ တာဝန်ယူဖို့ လွှတ်တော်မှာ ကျမ်းကျိန်ဖို့ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wajid Khan
အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ပထမဆုံးအကြိမ် စတင် ဗုံးကြဲတုန်းက ဟက်ဆန်ရဲ့ သင်္ဘောဟာ အီရန်တောင်ပိုင်းဆိပ်ကမ်းတစ်ခုမှာ ဘိလပ်မြေ တင်ဆောင်ပြီးစပဲ ရှိပါသေးတယ်။
နောက်ဆက်တွဲ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မရပ်မနား ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီး ဆိပ်ကမ်းပေါ်ကို မီးလျှံတွေနဲ့ အပျက်အစီးတွေ မိုးရွာသလို ကျလာပါတယ်။
ပထမဆုံးအကြိမ် သင်္ဘောလိုက်ဖူးတဲ့ သူ့အတွက်တော့ ဒီအခြေအနေဟာ "ရုပ်ရှင်ဇာတ်ကားတစ်ကား လိုပါပဲ" လို့ ဟက်ဆန်က ဆိုပါတယ်။ သူက ပါကစ္စတန်နိုင်ငံသားပါ။ "ဗုံးကြဲမှုတွေ အားလုံးဟာ ကျွန်တော််တို့ အနားမှာပဲ လာကျနေတယ်"လို့ သူက ပြောပါတယ်။
ရက်အတော်ကြာလာတဲ့အခါမှာ သင်္ဘောသားတွေဟာ ဆိပ်ကမ်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ဒုံးကျည် ထိမှန်ပြီး သူတို့ရဲ့သင်္ဘောဟာ မကြာခင် နစ်မြုပ်သွားတယ်။ သူတို့ဟာ ပင်လယ်ထဲမျောပါသွားပြီး ကယ်ဆယ်ရေး အသက်ကယ်အင်္ကျီနဲ့ ရေပေါ်မျောနေတဲ့ ပိုက်တွေကလွဲလို့ ကိုင်စရာဘာမှမရှိဘူးလို့ သူက ပြောပါတယ်။
"လှိုင်းအရမ်းကြမ်းပြီး ရေက အရမ်းအေးတယ်" လို့ အသက် ၂၂ နှစ်အရွယ် ဟက်ဆန် ဆိုပါတယ်။ အစပိုင်းမှာ ကယ်ဆယ်ရေးလာမယ်လို့ သူတို့မျှော်လင့်ခဲ့ပေမဲ့ တစ်မိနစ်ထက်တစ်မိနစ် စိတ်ပိုင်းဆိုင်ရာအခြေအနေ ပိုဆိုးလာပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ဖို့တောင် မရဲကြဘူးလို့ ဆိုပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရေနံမြေဟာ အစိုးရဝင်ငွေအတွက် အရေးကြီးတဲ့သယံဇာတဖြစ်လို့ NUG က ပြည်ထောင်စုအဆင့် စီမံခန့်ခွဲချင်သလို ဒေသခံ(ပသုံးလုံး)တော်လှန်ရေးအဖွဲ့တွေကလည်း သူတို့ထိန်းချုပ်ထားတဲ့အရင်းအမြစ်ကို လက်မလွှတ်ချင်ကြတဲ့လွန်ဆွဲမှု ရှိခဲ့ကြပါတယ်။
NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ဟာ ဧပြီ ၂ ရက်ကနေ ၄ ရက်အထိ ဆက်တိုက်ဆွေးနွေးပြီးချိန်မှာတော့ မြိုင်နဲ့ပေါက်အစပ်က ရေနံမြေတွေကို စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ ရေနံနဲ့ ရေနံထွက်ပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းမယ်ဆိုတဲ့ သဘောတူညီချက်ကို ဧပြီ ၄ ရက်မှာ ရခဲ့ကြပါတယ်။
အဲဒီကြီးကြပ်ရေးအဖွဲ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ အဖွဲ့ဝင်တွေ ပူးတွဲပါဝင်ကြမှာပါ။
ရေနံနဲ့ ရေနံထွက်ပစ္စည်းများကြီးကြပ်ရေးအဖွဲ့ကနေ ရေနံမြေနဲ့ ရေနံလုပ်ငန်းကော်မတီကို ထပ်ဖွဲ့မှာဖြစ်ပြီး မြေပြင်မှာ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
ဧပြီ ၈ ရက်မှာ ဘီဘီစီက ပေါက်မြို့နယ်၊ ပကဖတာဝန်ခံကို ထပ်မံဆက်သွယ်ပြီး ရေနံနဲ့ ရေနံထွက်ပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းမှုရဲ့နောက်ဆက်တွဲအခြေအနေကို မေးမြန်းကြည့်တဲ့အခါ ဖွဲ့စည်းဖို့ သဘောတူထားပေမဲ့ ကြီးကြပ်ရေးအဖွဲ့ကတော့ ထွက်ပေါ် မလာသေးဘူးလို့ပြောပါတယ်။
အပြည့်အစုံကို ဒီလင့် ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်၊ ပုလဲတောင်ရွာကို စစ်တပ်က နှစ်ရက် ဆက်တိုက် ဗုံးကြဲလို့ လူထိခိုက်သေဆုံးမှုရှိတယ်လို့ မြေပြင်အခြေအနေသိတဲ့စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်က တိုက်လေယာဉ် ၄ စီးနဲ့ ပုလဲတောင်ရွာကို ဧပြီ ၈ ရက် မနက်ပိုင်းက ဗုံးကြဲတာကြောင့် အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးပြီး ၁၅ နှစ်အရွယ် နောက်ထပ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ရေး အရင်းအမြစ်က ပြောပါတယ်။
ဒီနေ့ ဧပြီ ၉ ရက် နေ့လယ်ပိုင်းမှာလည်း ပုလဲတောင်ရွာ ပတ်ဝန်းကျင်ကို လေကြောင်းကနေ ဗုံးထပ်ကြဲတာကြောင့် အထိအခိုက်ရှိတယ်လို့ ခန့်မှန်းထားပေမဲ့ အတိအကျ မသိကြရသေးဘူးလို့ ပြောပါတယ်။
အဲဒီကျေးရွာမှာ အေအေ တပ်စခန်းရှိတယ်လို့ ယူဆပြီး တိုက်ပွဲမရှိဘဲနှစ်ရက်ဆက်တိုက် ဗုံးကြဲတာဖြစ်နိုင်ခြေရှိတယ်လို့လည်း စစ်ရေးအရင်းအမြစ်က မှတ်ချက်ပေးပါတယ်။
မင်းပြားမြို့နယ်ထဲက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၇၉၊ ၃၈၀ နဲ့ ၅၄၁ တို့ကို ထိုးစစ်ဆင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှာ အာရက္ခတပ်တော်(AA) က သိမ်းပိုက်ခဲ့တာပါ။
တိုက်ပွဲတွေ ပြင်းထန်ချိန်မှာ တိမ်းရှောင်ခဲ့တဲ့ဒေသခံတွေကတော့ မင်းပြားကို အေအေ သိမ်းပြီးတဲ့နောက်မှာ နေရပ်တွေမှာ ပြန်နေထိုင်ကြတယ်လို့လည်း သိရှိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SSTF Drone Force
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့မှာ အထိုင်ချထားတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ပြီးနောက် ဧပြီ ၃ ရက်နောက်ပိုင်း စစ်တပ်ကအရပ်သားအိမ်တွေမှာ အထိုင်ချထားတယ်လို့ လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နှင်းရေးဌာန (SSTF Drone Force) တပ်ဖွဲ့မှူး ဗိုလ်မော်ကွန်းက ပြောပါတယ်။
လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နှင်းရေးဌာန (SSTF Drone Force) အဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ကဖြစ်ပါတယ်။
ပြည်ကြီးမဏ္ဍိုင်မြို့နဲ့ လေညာရွာထဲက နေအိမ် ၅ လုံးမှာ နဲ့ ခရစ်ယာန်ဘာသာရေးကျောင်းတွေမှာ ဖြန့်ကြက်တပ်စွဲ ထားတာလို့ သူက ပြောပါတယ်။
ဒါ့အပြင် ဘုတ်ပြင်းမြို့နယ်လေညာရွာနဲ့ ရတနာပုံရွာကို ချိတ်ဆက်ထားတဲ့ လေညာ- ရတနာပုံလမ်း ပေါ် မိုင်တိုင် ၁ မိုင်ခွဲ နေရာက အိမ် ၁၀ လုံးကျော်၊ ၃ မိုင်က အိမ် ၁၀ ကျော်လောက်မှာ စစ်တပ်က ခံတပ်လုပ်ထားတာတွေလည်း ရှိတယ်လို့ ဗိုလ်မော်ကွန်းက ပြောပါတယ်။
ပြည်ကြီးမဏ္ဍိုင်မြို့ထဲက မီးသတ်စခန်း၊ ရဲစခန်း၊ တောင်ပေါ်ဘုန်းကြီးကျောင်း၊ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းနဲ့ ဘန်းဂလားတာဝါတိုင်တွေမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းနေရာတွေကို SSTF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက မတ် ၂၂ ရက်ကနေ ဧပြီ ၂ ရက်အထိ ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အစောပိုင်းမှာ သတင်းထုတ်ထားပါတယ်။ ဒီတိုက်ခိုက်မှုတွေအပြီးမှာပဲ စစ်တပ်က တပ်စွဲထားတဲ့အိမ်တွေမှာလည်း အရပ်သားတွေ မနေရဲကြသလို ဘုန်းကြီးကျောင်းတွေကလည်း သံဃာတော်တွေက တခြားနေရာကို ရှောင်ဖယ်လိုက်ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒ့ါအပြင် လေညာ-ရတနာပုံလမ်းပေါ် မိုင်တိုင် အမှတ် ၁ မှာ တပ်စွဲထားတဲ့ စစ်ကြောင်းက မိုင်တိုင် အမှတ် ၈ ဘက်ကို စစ်ကြောင်းထိုးလာချိန်မှာလည်း တော်လှန်ရေးပူးပေါင်းတပ်တွေ ဒရုန်းနဲ့ဗုံးကြဲခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။
ဒရုန်းနဲ့ဗုံးကြဲတာကြောင့် စစ်တပ်တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ယောက်ထက်မနည်း သေဆုံးတယ်ဆိုတာကို ပြည်သူ့စစ်တွေ၊ စစ်တပ်နဲ့ နီးစပ်သူတွေကနေတဆင့် သိထားရတယ်လို့လည်း ဗိုလ်မော်ကွန်းက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ပတ်သက်ပြီး အရေအတွက်ကို ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
ဘုတ်ပြင်းမြို့နယ် အခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ လက်အောက်ခံတပ်ရင်းတွေက ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်ကို ထိန်းချုပ်ထားတာပါ။
လေညာ-ရတနာပုံလမ်းပိုင်းကို ကရင်လွတ်မြောက်ရေးတပ်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်၊ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးဌာန (SSTF Drone Force)နဲ့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပြီး ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်ကိုသာ စစ်တပ်က ထိန်းချုပ်ထားတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Grab
တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ်ရှိတဲ့ပန်ဆန်းမြို့က ယမ်းချက်စက်ရုံမှာ ဧပြီ ၇ ရက်က အကြီးစားပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ပန်ဆန်းမြို့၊ ယောင်ပန်ရွာမှာရှိတဲ့ အဲဒီစက်ရုံပေါက်ကွဲမှုကြောင့် ဧပြီ ၈ ရက်ညနေပိုင်းအထိစာရင်းအရ သေဆုံးသူဆယ်နဲ့ချီရှိတယ်လို့ "ဝ"တပ်ဖွဲ့နဲ့နီးစပ်တဲ့ ပန်ဆန်းဒေသခံသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောပါတယ်။
စက်ရုံပေါက်ကွဲမှုကြောင့် အစိတ်စိတ်အမွှာမွှာကွဲပြီး လွင့်စင်နေတဲ့ အပိုင်းအစတချို့ မီးတောက်လောင်နေပြီး စက်ရုံနေရာမှာ မီးခို့ငွေ့တွေနဲ့ မီးလောင်နေတဲ့ရုပ်သံဖိုင်အတိုတွေလည်း ဧပြီ ၇ ရက်ညနေပိုင်းကစလို့ တရုတ်လူမှုကွန်ရက်စာမျက်နှာ ဝီချက်(WeChat)ပေါ်မှာ ပျံ့နှံ့နေပါတယ်။
ပေါက်ကွဲမှုက ဘယ်လောက်ထိပြင်းထန်ခဲ့တာလဲဆိုတာ ဒီဆောင်းပါးအပြည့်အစုံကို ဒီလင့်ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
တကယ့်သဘောတူညီချက် တစုံတရာ မရမချင်း တပ်ဖွဲ့တွေကို ဆက်ဖြန့်ကြက်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူပိုင်ဆိုင်တဲ့လူမှုကွန်ရက် Truth Social ကနေ ပြောလာပါတယ်။
အဲဒီသဘောတူညီချက်ကို အပြည့်အဝ မလိုက်နာဘူးဆိုရင် ပစ်ခတ်မှုတွေဟာ အရင်က ဘယ်တုန်းကမှ မမြင်ဘူးနဲ့ နှုန်းနဲ့ စတင်လိမ့်မယ်လို့လည်း သူက သတိပေးပါတယ်။
အင်္ဂလိပ်ဘာသာပြောထားတဲ့ ထရမ့်ရဲ့လူမှုကွန်ရက်က ပို့စ်အပြည့်အစုံကို မြန်မာဘာသာပြန်နဲ့ အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။
‘‘အတော်လေး အင်အားလျော့နေတဲ့ ရန်သူကို လိုအပ်ရင် လိုအပ်သလို ဖျက်ဆီးဖို့နဲ့ သေစေလောက်တဲ့ အရေးယူမှုပြုလုပ်ဖို့ အမေရိကန် သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ တပ်ဖွဲ့ဝင်တွေဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အီရန်နဲ့ သူ့ရဲ့ အနီးနားမှာ ဆက်ပြီး ဖြန့်ကြက်ထားပါမယ်။ တကယ့်သဘောတူညီချက် ရရှိပြီး အဲဒါကို အပြည့်အဝ လိုက်နာမှု ရှိတဲ့အထိ ဆက်ထားမှာဖြစ်ပါတယ်။ ဖြစ်တန်ခြေအတော်နည်းပေမဲ့ သဘောတူညီချက်ကို မလိုက်နာတဲ့အကြောင်းရှိရင် အရင်က ဘယ်တုန်းကမှ မမြင်ဖူးတဲ့ပုံစံနဲ့ ပစ်ခတ်မှုတွေ ရှိလာပါလိမ့်မယ်။ ဟိုးတုန်းကလည်း နျူကလီးယား လက်နက် မရှိရ ဆိုတာမျိုး သဘောတူထားခဲ့ဖူးပြီးဖြစ်ပါတယ်။ ပြီးတော့ ဟော်မုဇ် ရေလက်ကြားကို ဘေးကင်းစွာ ပြန်ဖွင့်ရပါမယ်။ ဒီအတောအတွင်းမှာ ကျွန်တော်တို့ စစ်တပ်ဟာ နောက်ထပ်နိုင်ပွဲအတွက် လက်နက်ဖြည့်ပြီး ရှေ့အလားအလာကို ငြိမ်ငြိမ် စောင့်နေပါတယ်။ အမေရိကန် ပြန်လာပါပြီ။’’

ဓာတ်ပုံ ရင်းမြစ်, BBC/Getty/CINCDS
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်ကိုတင်တဲ့ အစိုးရအဖွဲ့စာရင်းမှာ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေတစ်ဝက်၊ အာဏာသိမ်းကာလအစိုးရအဖွဲ့က ဝန်ကြီးဟောင်းတွေတဝက်နဲ့ ပြန်ဖွဲ့လာတာတွေ့ရပါတယ်။
ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ရေးပါတီဝင်တချို့ပါလာပေမဲ့ လက်ချိုးရေလို့ရပြီး ဒုတိယဥက္ကဋ္ဌ ၃ လည်းဖြစ်၊ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးလည်း ဖြစ်တဲ့ ဦးမျိုးဇော်သိမ်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးနေရာပဲ ပေးထားတာပါ။
ဝန်ကြီးဌာန ၃၁ ခုမှာ ဌာနအသစ်တွေပါဝင်လာပေမဲ့ လူဟောင်းတွေပဲ လွှမ်းမိုးထားပြီး သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ဝင်ဟောင်းတချို့ပါ ပြန်ပါလာတာပါ။
အဆိုပြုထားတဲ့ ဝန်ကြီးတွေထဲမှာ ဘယ်သူတွေပြန်ပါနေလဲဆိုတာ ဒီဆောင်းပါးအပြည့်အစုံကို ဒီလင့် ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာက စက်သုံးဆီဆိုင်မှာ ညအိပ်စောင့်ပြီး တန်းစီနေတဲ့ ကုန်တင်ကားတစ်စီးကို တွဲကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် အတိုက်ခံရတဲ့ကုန်တင်ကားပေါ်က ယာဉ်မောင်း သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ခဲ့တဲ့ အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မတော်တဆမှုဟာ ရန်ကုန်-ပုသိမ်ကားလမ်းပေါ်မှာ ဧပြီ ၉ ရက် မနက် ၄ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။
ရန်ကုန်ကနေ ပုသိမ်ကိုမောင်းလာတဲ့ ယာဉ်မောင်းက အိပ်ငိုက်ပြီးဆီတန်းစီနေတဲ့ကားကို ဝင်တိုက်မိတာလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
“အတိုက်ခံရတဲ့ကုန်ကားနောက်မှာ ကားသုံးစီးလောက်ရှိသေးတယ်။ ကုန်ကားကို အနောက်တစောင်းကနေ ဝင်တိုက်မိတာ၊ အရှိန်နဲ့ လမ်းဘေးကို ထိုးကျသွားတယ်။ ကားသမားက ကားနောက်ခန်းမှာ ဝင်အိပ်နေရင်း ကားတိုက်ခံရတော့ ကားပေါ်မှာတင်ထားတဲ့ ဟောလိုပိုက်တွေ၊ သွပ်တွေပိပြီး ဆုံးသွားတာ”လို့ ညောင်တုန်းမြို့နယ်အခြေစိုက် လူငယ်ရိပ်မွန် လူမူကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။
ဝင်တိုက်ခဲ့တဲ့ တွဲကားယာဉ်မောင်းလည်း ဆီးခုံဒဏ်ရာရတာကြောင့် ဆားမလောက်ဆေးရုံကို ပို့ထားရသလို သေဆုံးသွားတဲ့ ကုန်တင်ကားယာဉ်မောင်းကိုတော့ ညောင်တုန်းပြည်သူ့ဆေးရုံက ရင်ခွဲရုံကို ပို့ထားတယ်လို့ သိရပါတယ်။
အီရန်စစ်ပွဲနောက် စက်သုံးဆီအကျပ်အတည်းကြောင့် မြန်မာမှာလည်း စက်သုံးဆီတန်းစီဖို့အတွက် ညအိပ်စောင့်ဆိုင်းကြတာ၊ မြင့်မားတဲ့နေအပူချိန်အောက်မှာ အချိန် အနည်းဆုံး ၅ နာရီလောက်ပေးပြီး တန်းစီနေကြရတာမျိုး ဆက်ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အမေရိကန်နဲ့ အီရန်တို့ ၂ ပတ်ကြာ အပစ်ရပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပေမဲ့ အီရန်အပေါ် တိုက်ခိုက်မှုကို အမေရိကန်နဲ့ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ အစ္စရေးကတော့ လက်ဘနွန်နိုင်ငံထဲမှာ လေကြောင်းတိုက်တာတွေ ဆက်လုပ်နေတယ်ပါတယ်။
လက်ဘနွန်နိုင်ငံထဲကို အစ္စရေးက လေကြောင်းတိုက်ခိုက်လို့ အနည်းဆုံး လူ ၁၈၂ ဦးသေဆုံးပြီး လက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့ကလည်း ဒါကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဘက်ခြမ်းဆီ ဒုံးကျည်တွေနဲ့ပြန်လည်ပစ်ခတ်တယ်လို့ ပြောပါတယ်။
၂ ပတ်ကြာ အကန့်အသတ်အပစ်ရပ် ကြေညာချက်မှာ လက်ဘနွန်လည်း အကျုံးဝင် မဝင်ဆိုတာကို သဘောတူညီချက် တစ်စုံတရာရှင်းရှင်းလင်းလင်း မတွေ့ရသေးခင်မှာ အခုလိုပစ်ခတ်တိုက်ခိုက်မှုတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
ဟစ်ဇ်ဘိုလာဟာ အီရန်က နောက်ခံရပ်ပေးထားတဲ့ ရှီအာ အစ္စလာမ္မစ်နိုင်ငံရေးပါတီဖြစ်သလို လက်နက်ကိုင်အဖွဲ့လည်းရှိတဲ့ လက်ဘနွန်နိုင်ငံထဲက အဖွဲ့ဖြစ်ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)ကတော့ အစ္စရေးဘက်က လက်ဘနွန်ကို ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် တုံ့ပြန်ရလိမ့်မယ်လို့ ဆိုပါတယ်။
စနေနေ့မှာ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့မှာပြုလုပ်ဖို့ ရှိတဲ့ ဆွေးနွေးညှိနှိုင်းတာတွေကိုတော့ အမေရိကန်ဘက်က ဒုတိယသမ္မတ ဂျေဒီဗန့်စ် တက်ရောက်ဖို့ရှိနေပါတယ်။
လက်ဘနွန်ကို အစ္စရေး တိုက်ခိုက်မှုကိုကြည့်ရင် ပိုမိုကျယ်ပြန့်တဲ့အပစ်ရပ်မှု ဘယ်လောက်အထိ တာသွားမလဲဆိုတဲ့အပေါ်မှာ မေးခွန်းတွေ ထွက်ပေါ်လာတယ်လို့ ဂျေရုဆလင်မှာရှိတဲ့ဘီဘီစီသတင်းထောက်က ရေးပါတယ်။
ဆွေးနွေးညှိနှိုင်းမှုတွေမှာ အဓိကအခြေအတင်ဆွေးနွေးရမယ့်ကိစ္စဟာ ကမ္ဘာ့ရေနံနဲ့ လောင်စာဆီထောက်ပို့မှုအတွက် အရေးပါတဲ့ ပါရှန်းပင်လယ်ကွေ့ထဲက ဟောမုဇ် ရေလက်ကြားအရေးဖြစ်ပါတယ်။
အီရန်ကတော့ ခွင့်ပြုချက်မရဘဲ ဟောမုဇ်ရေလက််ကြားကို ဖြတ်တဲ့သင်္ဘောတွေကို ပစ်မှတ်ထား ဖျက်ဆီးမယ်လို့ ပြောပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌကတော့ အပစ်ရပ်အဆိုပြုချက်ထဲမှာ ပါဝင်တဲ့အချက် ၃ ဟာ ပြောင်ပြောင်တင်းချိုးဖောက်ခံထားတယ်လို့ ပြောထားလို့ အီရန်ရဲ့ ၁၀ ချက်ပါ အစီအစဉ်နဲ့ပတ်သက်ပြီး အခြေမကျသေးတာကိုလည်း ပေါ် လွင်နေပါတယ်။
အမေရိကန်အဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) အတွင်းရေးမှူးချုပ် မာ့ရုထ်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပွင့်ပွင့်လင်းလင်းစကားပြောထားတယ်လို့ပြောပါတယ်။
သမ္မတထရမ့်ကတော့ စစ်မဟာမိတ်အဖွဲ့ နေတိုးဟာ ‘‘ကျွန်တော်တို့ လိုအပ်ချိန်မှာ ကျွန်တော်တို့အတွက် ရှိမနေခဲ့ဘူး’’ လို့ ပြော သူပိုင်တဲ့ လူမှုကွန်ရက် Truth Social ပေါ်မှာ ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
မန္တလေးမြို့က ကျုံးပတ်လည်မှာ လာမယ့်ရက်ပိုင်းမှာကျင်းပဖို့ရှိတဲ့ သင်္ကြန်အတွက် မဏ္ဍပ်တွေ ဆောက်လုပ်နေပြီး မဏ္ဍပ်နဲ့ မလွတ်တဲ့အလှဆင်မီးတိုင် ၁၀ တိုင်ကျော်လောက် အဖြုတ်ခံထားရတယ်လို့ မန္တလေးမြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။
အဲဒီမီးတိုင်တွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အရပ်သားအစိုးရ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လက်ထက်တုန်းက ကျုံးပတ်ဝန်းကျင်မှာ ယာသာလှပဖို့ ရည်ရွယ်ပြီး တပ်ဆင်ခဲ့တဲ့ မီးတိုင်တွေဖြစ်ပါတယ်။
အခု မဏ္ဍပ်ဆောက်လုပ်ချိန်မှာ ကျုံးတောင်ဘက်နဲ့ အရှေ့ဘက်က မဏ္ဍပ် ၅ ခုနဲ့ မလွတ်တဲ့ မီးတိုင်တွေနဲ့ ထိုင်ခုံတွေ ဖြုတ်ခံထားရတာလို့ မျက်မြင်တွေ့ခဲ့တဲ့ မန္တလေးမြို့ခံက ပြောပါတယ်။
“တိုင်တွေဖြုတ်ပြီး ပုံထားတာတော့ မတွေ့ရဘူး။ ဒါပေမဲ့ အဲဒီမဏ္ဍပ်တွေ ဆောက်တဲ့နေရာက တိုင်တွေက မရှိတော့ဘူး” လို့ ဧပြီ ၉ ရက်မှာ မဏ္ဍပ်ဆောက်နေတဲ့အခြေအနေတွေကို တွေ့ခဲ့ရတဲ့မြို့ခံက ပြောပါတယ်။
ဒီမီးတိုင်တွေ ဖြုတ်ပြီး မဏ္ဍပ်ဆောက်လုပ်နေတာနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက မန္တလေးမြို့တော်စည်ပင်သာယာရေးအဖွဲ့ဆီ ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခက်အခဲတွေကြောင့် မန္တလေးမြို့မှာ လမ်းလျှောက်သင်္ကြန် ကျင်းပမယ်လို့ စစ်ကော်မရှင်ရဲ့ တိုင်းဝန်ကြီးချုပ်က ပြောထားပါတယ်။
မနှစ်တုန်းက မန္တလေးမြို့တော်ဝန် သင်္ကြန်ရှိခဲ့ပေမဲ့ ကျုံးဘေးမှာ မဏ္ဍပ်ဆောက်လုပ်မှုဟာ ဒီနှစ်မှာ ပိုများတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါပေမဲ့ အခုလိုမဏ္ဍပ်ဆောက်ဖို့ အလှမီးတိုင်နဲ့ ထိုင်ခုံတွေ မဖြုတ်ရအောင် ကြီးကြပ်ပေးသင့်တယ်လို့ မြို့ခံတွေက မှတ်ချက်ပေးပါတယ်။
မင်္ဂလာပါ။ ဧပြီ ၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။