ကချင်နဲ့ ရှမ်းမြောက်မှာ မူးယစ်ဆေးတွေ ပေါ်တင်သုံးစွဲ

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency (SPM)
မြန်မာပြည်အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ အခုအခါမှာတော့ မူးယစ်ဆေးဝါးတွေကို မြို့ပေါ်လူနေရပ်ကွက်တွေမှာပါ ထင်ထင်ပေါ်ပေါ်သုံးစွဲလာကြပါပြီ။
ဒါဟာ အာဏာပိုင်တွေဘက်က လျစ်လျူရှုထားတာကြောင့် အခုလိုမူးယစ်ဆေးပေါ်တင်သုံးစွဲတဲ့အနေအထား ရောက်လာတာလို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးတဲ့နောက် ဒီအာဏာသိမ်းဖြစ်စဉ် ဆန့်ကျင်ရေးလှုပ်ရှားသူတွေကိုသာ လိုက်လံဖမ်းဆီးနေပြီး ဒီမူးယစ်ဆေးပြဿနာကို သေချာမဖြေရှင်းတာကြောင့် နောက်ဆက်တွဲ ခိုးဆိုးလုယက်၊ လူသတ်မှုတွေကိုပါ ရင်ဆိုင်လာရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
မူးယစ်ဆေးရောင်းဝယ်၊ သုံးစွဲတာတွေ လူနေရပ်ကွက်တွေမှာထိဖြစ်လာတဲ့ မြစ်ကြီးနားမြို့
ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အများစုက လမ်းတွေပေါ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်တာ နဲ့ သုံးစွဲတာကို လူမြင်ကွင်းမှာတင် အရဲတင်းစွာ လုပ်ကိုင်နေကြပြီလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။ အဲ့ဒီမူးယစ်ဆေးသုံးစွဲသူတွေဟာ နေ့စဉ်ဆိုသလို ရှိနေပြီး အဖမ်းအဆီးမရှိသလို အဲ့ဒီလို လွတ်လွတ်လပ်လပ် သုံးစွဲသွားလာနေတာကိုပါ အာဏာပိုင်တွေဘက်ကလည်း စစ်ဆေးတင်းကြပ်တာ မရှိဘူးလို့ ဆိုပါတယ်။
"အခုကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင်တော့ အရင်တုန်းက ဆိုးဝါးတာထက် အခုက ပိုပြီးလွတ်လပ် သွားတဲ့သဘောရှိတယ်"လို့ မူးယစ်ဆေးဖြတ်စခန်းတခုက ကျောင်းအုပ်တယောက်က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီကနေ လွတ်ငြိမ်းချမ်းသာပေးတယ်ဆိုပြီး အကျဉ်းထောင်တွေကနေ လုယက်မှု၊ ရာဇဝတ်မှုကျူးလွတ်ထားရာက လွတ်မြောက်လာသူအများစုဟာလည်း မူးယစ်ဆေးပြန်သုံးစွဲကြတာများပြီး ရောင်းသူတွေကလည်း အဲ့ဒီသုံးစွဲသူတွေကိုပဲ ပြန်လည်ရောင်းချတာကနေ မူးယစ်ဆေးဝါးသုံးစွဲသူတွေ များသထက် များလာရတယ် လို့ အခြေအနေကို သူက ဆက်ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီး
တဖက်က မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးသင်တန်းကျောင်းတွေကတော့ ကိုဗစ်ကပ်ရောဂါကြောင့်ရော နိုင်ငံရေးအပြောင်းအလဲရဲ့ သက်ရောက်မှုတွေကြောင့်ပါ စီးပွားရေးကျပ်တည်းမှုကို ဦးတည်လာပြီး ရပ်နားသွားရတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း မူးယစ်ဆေးသုံးစွဲသူတွေက ဆက်တိုက်များလာဆဲ ဖြစ်တဲ့အတွက် ပြန်လည်ထူထောင်ရေးသင်တန်းကျောင်းတချို့လည်း အသစ်ပြန်ဖွင့်တာတွေရှိနေပါတယ်။
လက်တွေ့မှာကတော့ ဒီပြန်လည်ထူထောင်ရေးသင်တန်းကျောင်းတွေဟာ စီးပွားရေးကျပ်တည်းမှုရဲ့ ခက်ခဲမှုဒဏ်ကို ရင်ဆိုင်နေရပါတယ်။ ဒီလိုမူးယစ်ဆေးဖြတ်ဖို့အတွက် အရင်ကဆို မိဘတွေက လာရောက်အပ်နှံရင် သတ်မှတ်ထားတဲ့ငွေကြေးကို ပေးနိုင်ကြပြီး သင်တန်းမှာရှိသူ လူဦးရေတဝက်လောက် ကနေ ငွေကြေးပေးနိုင်တဲ့အခြေအနေ ရှိခဲ့တာပါ။ အခုတော့ မိဘတွေကိုယ်တိုင်ငွေကြေး ခက်ခဲလို့ မပေးနိုင်တော့တဲ့အခါမှာတော့ သင်တန်းကျောင်းတွေမှာပါ ပိုမိုကျပ်တည်းမှုကို ကြုံတွေ့ရတာ ဖြစ်ပါတယ်။
"ဒါကတော့ နိုင်ငံရေးအခြေအနေတစ်ခုမှာ အုပ်ချုပ်ရေးဆိုင်ရာယန္တရားတွေရဲ့အားနည်းချက်တွေကြောင့်မို့လို့ ဖမ်းဆီးမှုကို သိပ်မလုပ်နိုင်တဲ့အတွက် ကြောင့်ပါ။ မြေပြင်အနေအထားအရ အဖွဲ့အစည်းတွေက များလာတော့ နိုင်ငံရေးအခြေအနေကလည်း အုပ်ချုပ်ရေးဆိုင်ရာယန္တရားရဲ့ ချို့ယွင်းမှုလာတယ်။ အဲ့လိုပျက်ပြယ်မှုတွေရှိတော့ လူငယ်တွေကပိုပြီးမှမူးယစ်ဆေးတွေ ရောင်းဝယ်၊သုံးလာကကြတာပေါ့။ အခုကလည်း အာရုံပြုတာက နိုင်ငံရေးသမားနဲ့ PDF၊ CDM တွေကိုပဲ အဓိကထားပြီးဖမ်းနေတာလေ"လို့ ခရစ်တော်အတွက် လူငယ်များ စင်တာ (YCC) တည်ထောင်သူက ပြောပါတယ်။
ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ မှာမူးယစ်ဆေးဖြတ်စခန်းကျောင်း ၁၅ ကျောင်း လောက်ရှိပြီး တပြည်နယ်လုံးအတိုင်းအတာနဲ့ဆိုရင်ခန့်မှန်း မူးယစ်ဆေးဖြတ်စခန်း ၄၀ လောက်ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency (SPM)
မူးယစ်ဆေးဖြတ်သူရော၊ သုံးစွဲသူပါများလာတဲ့ ကွတ်ခိုင်
ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်မြို့နဲ့ ဘေးပတ်ဝန်းကျင်ရွာတွေမှာတော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေဖြစ်တဲ့ တအာင်းတပ်မတော် (TNLA)၊ ကချင်တပ်မတော် (KIA)တို့ က နှစ်စဥ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီနှစ်ထဲမှာတော့ အဲဒီက ဘိန်းဖြတ်စခန်းမှာ လူဦးရေ နှစ်ဆကျော် တိုးလာနေတယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့နယ် ကျေးရွာတစ်ရွာထဲက တအာင်းတပ်မတော် (TNLA)ရဲ့ မူးယစ်ဆေးဝါး သုံးစွဲသူများ တိုက်ဖျက်ရေးနဲ့ ဘဝသစ်ပြန်လည်ထူထောင်ရေး ဂေဟာတစ်ခုမှာ ဒီနှစ်ထဲ မူးယစ်ဆေးဖြတ်သူလူဦးရေ ၁၃၆ ဦးရှိပြီး အဲဒီမှာ အမျိုးသမီး ၁၆ ဦးအထိ ပါဝင်တယ်လို့ ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency (SPM)
ဒီလိုမူးယစ်ဆေးဖြတ်သူများလာသလို တဖက်မှာလည်း ကွတ်ခိုင်မြို့နယ်ထဲ မြို့တွင်းက လူအသွားအလာ များတဲ့နေရာတွေအထိ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပေါ်ပေါ်ထင်ထင် ရှိနေပါတယ်။ ရပ်ကွက်၊ လမ်းတွေနဲ့ မြို့မစျေးပတ်ဝန်းကျင်တွေမှာ စုရပ်သဘောမျိုး သုံးစွဲကြတာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပိုများလာတဲ့ မြန်မာပြည်မြောက်ပိုင်းနေ ပြည်သူတွေ အဓိကထောက်ပြ တာကတော့ စစ်တပ်အာဏာသိမ်း ပြီးနောက် အခုလို မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပိုတိုးလာပြီး ဒါကို အာဏာပိုင်တွေကလည်း လစ်လျူရှုထားတယ်လို့ ပြောဆိုနေကြတာပါ။
မူးယစ်ဆေးဝါး သုံးစွဲမှု များပြားလာတာရဲ့နောက်ဆက်တွဲအနေနဲ့ လူသတ်မှု၊ ခိုးမှု၊ ဓားပြတိုက်မှုတွေ နေ့စဥ်လိုလို တိုးပွားလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။








