ကချင်ပြည်နယ် ဘိန်းစိုက်ပျိုးမှု တပ်မတော် ထိန်းချုပ်နယ်မြေမှာ အများဆုံးလို့ ကေအိုင်အို ထုတ်ပြန်

UNODC စစ်တမ်းမှာတော့ ကချင်ပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ထုတ်လုပ်မှု ပမာဏ အမြင့်ဆုံးဟာ ကေအိုင်အေ ထိန်းချုပ်တဲ့ဒေသ ဖြစ်တယ်လို့ ထုတ်ပြန်ထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, UNODC စစ်တမ်းမှာတော့ ကချင်ပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ထုတ်လုပ်မှု ပမာဏ အမြင့်ဆုံးဟာ ကေအိုင်အေ ထိန်းချုပ်တဲ့ဒေသ ဖြစ်တယ်လို့ ထုတ်ပြန်ထား

ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပမာဏဟာ ကုလသမဂ္ဂ UNODC ထုတ်ပြန်ချက်ထက် နှစ်ဆ ရှိပြီး တပ်မတော် ထိန်းချုပ်နယ်မြေထဲမှာ အများဆုံး ဖြစ်တယ်လို့ ကချင် လက်နက်ကိုင်အဖွဲ့ရဲ့ မူးယစ်ဆေးဝါး ကင်းစင်ရေး ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

ကချင် လက်နက်ကိုင်အဖွဲ့ (KIO) ရဲ့ မူးယစ်ဆေးဝါး ကင်းစင်ရေး ကော်မတီက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ၁၉ မြို့နယ်က ဘိန်းစိုက်ပျိုးမှုတွေကို လေ့လာခဲ့ပြီး ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

အဲဒီ လေ့လာမှုအရ ဘိန်းခင်း ဟက်တာ ၆၉၁၈ ဒသမ ၂၃ ရှိတယ်လို့ တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီတွေ့ရှိချက်ဟာ ၂၀၁၈ ခုနှစ် မြန်မာ့ဘိန်းလေ့လာမှုကို ခန့်မှန်း ဖော်ပြတဲ့ UNODC ရဲ့ ခန့်မှန်းချက်ထက် နှစ်ဆရှိနေတယ်လို့ ကေအိုင်အိုရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။

ကချင် လက်နက်ကိုင်အဖွဲ့ ကေအိုင်အိုရဲ့ မူးယစ်ဆေးဝါး ကင်းစင်ရေး ကော်မတီက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အစိုးရ ထိန်းချုပ်နယ်မြေတွေမှာ အများဆုံး စိုက်ပျိုးတာတွေ တွေ့ရပြီး တချို့နေရာတွေမှာ စက်ရုံတွေအထိ ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဒါပေမဲ့ UNODC ရဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ စစ်တမ်းမှာတော့ ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု ထုတ်လုပ်မှု ပမာဏ အမြင့်ဆုံးဟာ ကေအိုင်အေ ထိန်းချုပ်တဲ့ဒေသ ဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

ရှမ်းပြည်နယ်က ဘိန်းစိုက်ခင်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ရှမ်းပြည်နယ်က ဘိန်းစိုက်ခင်းတစ်ခု

အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အစိုးရ ထိန်းချုပ် နယ်မြေဘက်မှာပဲ ဘိန်းစိုက်ပျိုးတယ် ဆိုတာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကနေ အသွင်ပြောင်းလာတဲ့ ပြည်သူ့စစ်တွေက လုပ်တဲ့ ဘိန်းစိုက်ပျိုးမှုမျိုးတွေ ဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။

ဒါ့အပြင် တပ်မတော် အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ၁၉၇၅ ခုနှစ်ကနေ အခုချိန်အထိ ဆောင်ရွက်နေသလို တပ်တွင်းမှာလည်း မူးယစ်ဆေးဝါးကို ပြတ်ပြတ်သားသား တားမြစ် အရေးယူမှုတွေ ရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြသနာဟာ အများ ထင်တာထက် ပိုမို ဆိုးဝါးတဲ့ အခြေအနေ ဖြစ်တဲ့အတွက် ဒီထက် ပိုပြီး ထိန်းချုပ်နိုင်ဖို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ရယူဖို့ လိုအပ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။