မြန်မာငွေ ၅၀၀ နဲ့တောင် ဘိန်းရှူနိုင်တဲ့ မူးယစ်ပြဿနာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ညနေ မှောင်ရီသန်းချိန် ဆေးလိပ်မီးကို ရဲရဲတောက်တဲ့အထိ ဖွာရှိုက်ရင်းနဲ့ အဲဒီမီးတောက်အလင်းရောင်ကို အားပြုကာ သွေးကြောထဲကို ဆေးထိုးသွင်းကြတာက ကလေးမြို့က မူးယစ်ဆေးသုံးစွဲသူတွေအတွက် သာမန် လုပ်နေကြမို့ အလွယ်တကူရှိလှပါတယ်။
အကြောထဲကို မူးယစ်ဆေးထိုးသွင်းရင်း ထွက်တဲ့ သွေးစသွေးနတွေက ဘောလုံးကွင်းရဲ့ မြေကြီးပေါ်မှာ ကျကျန်နေတာတွေကိုလည်း အဲဒီအနီးကိုရောက်ဖူးကြသူတိုင်း မျက်မြင်တွေ့ကြပါတယ်။
သွေးစသွေးနတွေပေနေတဲ့ ဆေးထိုးအပ်အစုံကိုလည်း ကလေးမြို့ ဘောလုံးကွင်းထဲမှာ အများအပြားတွေ့နိုင်ပါတယ်။ ဒါက ဆေးသုံးစွဲပြီး စွန့်ပစ်ခဲ့ကြတဲ့အရာတွေ ဖြစ်ပါတယ်။
အဲဒီဘောလုံးကွင်းကြီးက ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ထဲ ကလေးဘူတာအနီး အများသူငါ အားကစားလုပ်နိုင်ဖို့အတွက် ထားရှိတဲ့ ဘောလုံးကွင်းကြီးပါ။ အခုတော့ ဆေးသုံးစွဲသူ၊ ရောင်းသူတွေနဲ့ မနက် ၉ နာရီနဲ့ ညနေနေဝင်ရီ တရော အချိန်တွေမှာ စည်ကားသလိုရှိနေတာပါ။
အလားတူ အကြောထဲထိုးသွင်းတဲ့သူတွေရှိသလို၊ ရှူရှိုက်ကြသူတွေလည်း အများအပြားရှိပါတယ်။ ဘောလုံးကွင်းတစ်ခုထဲမှာတင် မဟုတ်ဘဲ ကလေးမြို့ ပင်လုံရပ်ကွက်ထဲက တချို့နေရာတွေ၊ ပြည်သူ့ဆေးရုံအနီးက အိုးပုတ်ချောင်းနားနဲ့ မြို့သာရပ်ကွက်ထဲက ကလေးနည်းပညာတက္ကသိုလ်နဲ့ အနီးဆုံးရှိတဲ့နေရာ တချို့နဲ့ တောင်အိုလမ်းအနီးက နေရာတွေဟာ ကလေးမြို့မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကျော်ကြားတဲ့နေရာတွေလို့ ကလေးမြို့ခံတွေ သိရှိထားကြပါတယ်။
အဲဒီနေရာတွေမှာ သုံးစွဲကြသလို၊ အရောင်းအဝယ်ပြုလုပ်ကြတာတွေလည်း ရှိတယ်လို့ ကလေးမြို့ခံတွေက သိရှိကြပါတယ်။
အဲဒီနေရာတွေမှာ အများဆုံး ရောင်းဝယ်ကြတာ၊ သုံးစွဲကြတဲ့မူးယစ်ဆေးအမျိုးအစားက အဝါရောင်ဖျော့ဖျော့ရှိတဲ့ နံပါတ်ဖိုးလို့လူသိများတဲ့ ဘိန်းဖြူဖြစ်ပါတယ်။ အဖြူရောင်ဘိန်း နံပါတ်ဖိုးအဆင့်ထိ စစ်ယူထားတဲ့ အရာကို မက်သာဖက်တမင်းအပြင် တခြားမူးယစ်ဆေးတွေနဲ့ရောနှောရောင်းချတဲ့အရာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီဆေးတွေကို အနည်းဆုံး မြန်မာကျပ်ငွေ ၅၀၀ ဖိုးကစပြီး ဝယ်ယူသုံးစွဲလို့ရနိုင်ပါတယ်။ ကလေးမြို့ပေါ် ရပ်ကွက် ၂၀ မှာတော့ အဲဒီအဝါရောင်ဖျော့ဖျော့ရှိတဲ့ နံပါတ်ဖိုးလို့လူသိများတဲ့ ဘိန်းဖြူက လူသုံးအများဆုံး ဖြစ်နေပါတယ်။
“အဲဒီ ငါးရာဖိုးက ငါးရှိုက်လောက် ရှိုက်လို့ရတယ်၊ ထိုးတဲ့သူတွေဆိုရင်လည်း အမှောင်မှာတောင် ချက်ချင်း အကြောထဲဝင်အောင် ဆေးလိပ်မီးနဲ့တင်ထိုးတာ” လို့ ဆေးသုံးကြသူတွေရဲ့ အခြေအနေကို မြင်တွေ့သိရှိတဲ့ ကလေးဒေသခံတစ်ဦးက ပြောပြပါတယ်။
အခြား မက်သာဖက်တမင်းခေါ်တဲ့ WY စာတမ်းပါ စိတ်ကြွဆေးပြားတွေကလည်း တပြားကို တစ်ထောင်နှုန်းနဲ့ လိုသလောက်ဝယ်လို့ရနိုင်တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။ ကလေးမြို့ပေါ်မှာ မူးယစ်ဆေးကို အခုလိုပေါ်ပေါ်တင်တင်သုံးစွဲကြတာဟာ လူငယ်အများစုအတွက် ပုံမှန်ဖြစ်စဥ်လိုဖြစ်လာနေတယ်လို့ ကလေးမြို့ခံတွေထံက သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ကလေးမြို့အတွင်းမှာ မူးယစ်ဆေးဝါးပျံနှံ့မှုက တနေ့ထက်တနေ့ ပိုဆိုး လာတယ်ဆိုတာ ကလေးမြို့ခံတွေအားလုံးအတွက် မငြင်းနိုင်တဲ့အရာဖြစ်လာနေပါတယ်။ ကုန်စျေးနှုန်းတွေ အရင်ထက် နှစ်ဆသုံးဆ တက်နေပေမဲ့ ဘိန်းနဲ့ မူးယစ်ဆေးကတော့ ငွေကျပ် ၅၀၀ နဲ့ပေါပေါများများရနေ တာကြောင့် မူးယစ်ဆေးပြဿနာက လက်နက်ကိုင်တိုက်ပွဲတွေကြားမှာ နောက်ထပ် အရေးတကြီးဖြေရှင်းဖို့လိုတဲ့ ပြဿနာတစ်ခု ဖြစ်လာပါတယ်။
ဒါပေမဲ့ မြို့ပေါ်ရပ်ကွက်တွေကလွဲရင် ဒေသခံကာကွယ်ရေးအဖွဲ့တွေ အားကောင်းတဲ့ နေရာတွေမှာတော့ မူးယစ်ဆေးဝါးကို ဖမ်းဆီးတာ၊ ဆေးသုံးသူတွေကို သတင်းရတာနဲ့ဖမ်းဆီးတာ၊ ရောင်းချသူကိုလည်း ထိုနည်းတူ ဖမ်းဆီးအရေးယူတာတွေကြောင့် ဆေးသုံးသူနဲ့ ရောင်းသူတွေက ကျေးလက်ဒေသတွေမှာ မရှိသလောက် ရှားတယ်လို့ ကလေးဒေသခံတွေက ယူဆထားကြပါတယ်။
ဒါပေမဲ့ မြို့ပေါ်မှာအလွယ်တကူရရှိနေတဲ့ မူးယစ်ဆေးဝါးတွေကြောင့် ကျေးလက်ကနေ မြို့ပေါ်အထိသွားပြီး ဆေးသုံးစွဲကြသူတွေလည်း ရှိလာကြပါတယ်။ အဲဒီလိုသုံးစွဲသူတွေကိုလည်း ကြပ်မတ်ထိန်းချုပ်နိုင်ဖို့က သက်ဆိုင်ရာ ဒေသတော်လှန်ရေးအဖွဲ့တွေအတွက် အခက်အခဲဖြစ်လာပါတယ်။
“မြို့ပေါ်မှာ ပေါပေါများများရနေတော့ အဲဒီကိုသွားသုံးကြတယ်။ ပြီးရင်ပြန်လာတယ်။ ကျွန်တော်တို့က လက်ဝယ်မတွေ့တော့ ဖမ်းလို့လည်းမရဘူး ဖြစ်နေတယ်” လို့ ကလေးမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အောက်ကဖွဲ့စည်း ထားတဲ့ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ Kalay Police Service (KPS) တာဝန်ရှိသူက ဘီဘီစီကိုပြောပြပါတယ်။
ကလေးမြို့တောင်ပိုင်းတစ်ခုထဲကို စီမံအုပ်ချုပ်တဲ့ အဲဒီတော်လှန်ရေးအင်အားစုရဲတပ်ဖွဲ့ အကျဥ်းထောင်ထဲမှာတင် ဆေးဖြတ်ဖို့ လုပ်ဆောင်ပေးနေသူ ၂၀ ကျော်ရှိနေပါတယ်။ မြို့ပေါ်ကိုသွားပြီး အခုလိုဆေးသုံးစွဲသူတွေကို ဆေးဖြတ်ပေးဖို့ စိတ်ပိုင်းဆိုင်ရာ အသိပေးလုပ်ဆောင်တာမျိုးဖြစ်ပါတယ်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီကနေ လက်ရှိအချိန်အထိ ကလေးတောင်ပိုင်းတခွင်မှာ ဖြစ်ပျက်တဲ့အမှုအခင်းပေါင်း ၁၅၀ ကျော်အထိ ကလေးမြို့ တော်လှန်ရေးအင်အားစုရဲတပ်ဖွဲ့က ဖြေရှင်းပေးနေရတာရှိပါတယ်။ အဲဒီထဲက ၈၀ ကျော်ကမူးယစ်ဆေးဝါးအမှုဖြစ်ပါတယ်။ အများစုက မူးယစ်ဆေးဝါးရောင်းချသူတွေဖြစ်ပါတယ်။
ကလေးမြို့တွင်းသာမက ဒေသကာကွယ်ရေး၊ အုပ်ချုပ်ရေးအဖွဲ့တွေအားကောင်းတဲ့ နေရာတွေမှာလည်း ဘိန်းဖြူတွေကို ဖမ်းဆီးရမိတာတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၆ လအတွင်းမှာကို ဘိန်းဖြူ ဆပ်ပြာခွက် ၁၃ ခွက်အထိ ဖမ်းဆီးရမိတာမျိုး ရှိခဲ့ပါတယ်။
“အာဏာမသိမ်းခင်တုန်းက ဆပ်ပြာခွက်နဲ့ထည့်ထားတဲ့မူးယစ်ဆေးဝါး ဖမ်းမိရင်ကို ရဲတွေအတွက် အရမ်း အောင်မြင်မှုဘဲ၊ အခုတော့ ခဏခဏဖမ်းမိနေတာ ဘယ်လောက်များနေလဲဆိုတာ သိနိုင်တာပေါ့” လို့ ရဲဝန်ထမ်းဟောင်းဖြစ်သူ ကလေးမြို့ KPS အကြီးအကဲက ဘီဘီစီကို ပြောပြပါတယ်။
အာဏာမသိမ်းခင်ကတည်းက မူးယစ်ဆေးဝါးရောင်းဝယ်တယ်လို့ မြို့တွင်းမှာ နာမည်ရှိခဲ့ကြသူတွေကဘဲ အခုလိုအချိန်မှာ စစ်တပ်နဲ့ ပေါင်းပြီး မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချတာကို လုပ်ကိုင်တာလို့ KPS အကြီး အကဲက ယူဆပါတယ်။
ဒါပေမဲ့ ကလေးမြို့အတွင်းကို ဘယ်လိုရောက်ရှိလာတယ်ဆိုတာကို သိနိုင်ဖို့က စစ်တပ်ဘက်က ထိန်းချုပ်ထားတဲ့နေရာတွေမှာ စုံစမ်းစစ်ဆေးဖို့ လိုတာကြောင့် တိတိကျကျ သိရတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ကလေးသာမက၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ဘက်တွေနဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်းထဲက မြို့အချို့မှာလည်း ဘိန်းဖြူ၊ မက်သာဖက်တမင်းစတာတွေက အရင်ထက် ပေါပေါများများ သုံးစွဲတာ တွေရှိနေပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်၊ ရှမ်းပြည်နယ်၊ မဘိမ်းတို့နဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်း ကသာမြို့နယ်ထဲမှာတော့ ဘိန်းဖြူနဲ့ မက်သာဖက်တမင်းခေါ် WY စာတမ်းပါတဲ့ဆေးပြားတွေက အသုံးများပါတယ်။
ကသာမှာတော့ နံပါတ်ဖိုးအဆင့်ရှိတဲ့ အဖြူရောင်ဘိန်းဖြူကို မြန်မာငွေကျပ်တစ်ထောင်ဖိုးကစပြီး ဝယ်ယူသုံးစွဲ နိုင်သလို WY စာတမ်းပါတဲ့ဆေးပြားတစ်ပြားကိုလည်း အလားတူစျေးနဲ့ အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပါတယ်။
ပြီးခဲ့တဲ့တစ်နှစ်အတွင်း မူးယစ်ဆေးဝါးကို မကြာခဏဖမ်းဆီးရမိတာမျိုးရှိသလို၊ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ဆန်အိတ်ပမာဏရှိတဲ့ အိတ် ၁၇ လုံးနဲ့ ထည့်ထားတဲ့ ဘိန်းဖြူနဲ့ အလားတူအိတ်ပုံစံ ၆လုံးနဲ့ ထည့်ထား တဲ့ WY စာတမ်းပါတဲ့ ဆေးပြားအများအပြားကို ကသာမြို့နယ် ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်မဘိမ်းမြို့အနီး အင်းကြီးရွာနား ရွှေလီမြစ်အတွင်း သယ်ဆောင်စဥ်မှာ ဖမ်းဆီးရမိခဲ့တာမျိုး ရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ပြီးခဲ့တဲ့ ၆လအတွင်းမှာလည်း WY စာတမ်းပါတဲ့ဆေးပြား သောင်းနဲ့ချီတဲ့ ပမာဏကို မကြာခဏ ဖမ်းဆီး ရမိတာမျိုးတွေရှိနေတယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဘက်က ပြောကြပါတယ်။
ကသာက ဒေသအုပ်ချုပ်ရေးအာဏာပိုင်တွေကတော့ ကသာမြို့နယ်ထဲကို ရှမ်းပြည်ဘက်က မူးယစ်ဆေးဝါးတွေ အဓိကဝင်နေတာလို့ ယူဆထားပါတယ်။ အဲဒီအတွက်သူတို့သိထားရတဲ့ လမ်းကြောင်းတွေကနေ ဖမ်းဆီးတာတွေကို ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
ကသာမြို့နယ်ထဲမှာလည်း စစ်ကောင်စီဘက်က ထိန်းချုပ်ထားတဲ့ မြို့ပေါ် ၁၀ ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်ထင်ထင်ရောင်းဝယ်တာ၊ သုံးစွဲတာတွေလုပ်နေကြတာလို့ အများစုက ပြောဆိုနေကြပါတယ်။
အလားတူ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထိစပ်နေတဲ့ မြိုင်နဲ့ ရေစကြိုဒေသတွေမှာလည်း အလားတူမူးယစ်ဆေးသုံးစွဲမှုတွေက နေ့စဥ်နဲ့အမျှ ပေါ်ပေါ်ထင်ထင်ရှိလာနေပါတယ်။ WY စာတမ်းပါတဲ့ ဆေးပြားသုံးစွဲမှုတွေ အများဆုံးရှိလာတာပါ။
မြန်မာကျပ်ငွေ တစ်ထောင်နှုန်းနဲ့ ဆေးပြားတပြားကို အလွယ်တကူဝယ်ယူနိုင်သလို ထင်ထင်ပေါ်ပေါ် သုံးစွဲတာတွေက မြောင်နဲ့ရေစကြိုမြို့တွေထဲမှာ အများသူငါမြင်တွေ့နေကြ မြင်ကွင်းမျိုးဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့မြောင်မှာအရင်က အခုလို ပေါ်ပေါ်ထင်ထင်သုံးတာ တခါမှမရှိဘူး။ ဖမ်းမိတယ်ဆိုတာမျိုးလည်း ကြားတောင်မကြားမိဘူး။”
ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ မြောင်မြို့နယ်အတွင်းမှာ WY စာတမ်းပါတဲ့ ထောင်နဲ့ချီတဲ့ ဆေးပြားတွေကို မြောင်ဒေသကာကွယ်ရေးအဖွဲ့တွေက ဖမ်းမိခဲ့တာကို သိရှိခဲ့သူတစ်ဦးက ပြောပြတာပါ။
မကွေးတိုင်း၊ ရေစကြိုနဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်တို့ကို ရှမ်းပြည်နယ်ဘက်ကနေ သယ်ဆောင်ကာ အဲဒီ ဆေးပြားတွေကို ဖြန့်ဖြူးရောင်းချသူ စုစုပေါင်း ၃ ဦးကို မြို့နယ် ၂ ခုရဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက ဖမ်းဆီးနိုင်ခဲ့ပါတယ်။
သယ်ဆောင်ရောင်းချသူတွေက ရှမ်းပြည်နယ်ဘက်မှာ အလုပ်သွားလုပ်ရင်း ဒေသကိုပြန်လာချိန်မှာ အလွယ်တကူသယ်ယူလာပြီး ဒေသအတွင်း ပြန်လည်ရောင်းချတာလို့သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ အခုလိုမူးယစ်ဆေးဝါး ပျံ့နှံ့မှုတွေကို စစ်ကောင်စီအောက်က စစ်ကိုင်းတိုင်းအစိုးရရဲ့ ရဲတပ်ဖွဲ့တွေက စုံစမ်း ဖော်ထုတ်အရေးယူတာတွေကို လုပ်ဆောင်နေတယ်လို့ တိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က တုံ့ပြန်ပြောဆိုပါတယ်။
“အခုအချိန်မှာတော့ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကြောင့်လုပ်နိုင်တာကလည်း အကန့်အသတ်ရှိနေတယ်” လို့လည်း ဦးအေးလှိုင်က ပြောပါတယ်။ ဒါပေမဲ့ ဖမ်းဆီးထိန်းချုပ်မှုတွေကတော့ အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ သူက ပြောပြပါတယ်။
စစ်အာဏာသိမ်းမှုမတိုင်မီ ၁၀ စုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းအစားထိုး စိုက်ပျိုးသီးနှံ စီမံချက်တွေ၊ စီးပွားရေးအခွင့်အလမ်းတွေကြောင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်တာက တဖြည်းဖြည်း ကျဆင်းခဲ့သလို၊ ဘိန်းဖြူအပြင် စိတ်ကြွမူးယစ်ဆေးပြားတွေကို စီမံချက်နဲ့ အများအပြား ဖမ်းဆီးရမိတာတွေ ရှိခဲ့ပါတယ်။
ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ ၇ နှစ်ကြာ ဘိန်းထုတ်လုပ်မှု ကျဆင်းလာခဲ့ပြီးတဲ့နောက် အခုနှစ်ပိုင်းတွေအတွင်း ပြန်ပြီး ထိုးတက်လာနေတယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းတွေအရ သိရပါတယ်။ အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံမှာ ဘိန်းအထွက် ပြန်တိုးလာတာကို ကုလသမဂ္ဂကလုပ်တဲ့ နှစ်ပတ်လည် စစ်တမ်းတွေက ပြနေပါတယ်။
၂၀၁၃ ခုနှစ်က စကြည့်ရင် အဲဒီနှစ် ဘိန်းအထွက်က ၈၇၀ တန်ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တဖြည်းဖြည်း ကျဆင်းလာခဲ့ နေရာကနေ ၂၀၂၁ မှာ ပြန်တက်လာပြီး ၂၀၂၂ မှာ ဘိန်း ထုတ်လုပ်မှုက ထပ်တက်လာတာပါ။
၂၀၂၂ မှာ ဘိန်းအထွက်က ၇၉၅ တန်ရှိခဲ့ပြီး ၄၂၃ တန် ထွက်ခဲ့တဲ့ စစ်တပ်အာဏာသိမ်း တဲ့နှစ် ၂၀၂၁ ကထက် ၂ ဆနီးပါး တက်လာပါတယ်။
စီးပွားရေးကျပ်တည်းလာတာ၊ လုံခြုံစိတ်ချရမှုမရှိတာ၊ ကမ္ဘာမှာ ဘိန်းစျေးတွေ ကြီးလာတာ စတာတွေ ကြောင့် မြန်မာမှာ ဘိန်းထုတ်လုပ်မှုတွေ တိုးလာတာလို့ ကုလသမဂ္ဂက မြင်ပါတယ်။
စီးပွားရေးကျပ်တည်းမှု၊ လုံခြုံစိတ်ချရမှုမရှိတာအပြင် လူငယ်တွေကိုပြစ်မှတ်ထားတဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချမှုတွေကြောင့်လည်း စစ်ကိုင်းတိုင်းအတွင်းက လူငယ်အများစုက မူးယစ်ဆေးဝါးနဲ့ ယဥ်ပါး လာနေတယ်လို့ ဒေသခံတွေဘက်က ယူဆနေကြပါတယ်။
မူးယစ်ဆေးကို ပေါ်ပေါ်ထင်ထင်သုံးစွဲနေကြတဲ့ ကလေးမြို့ကလူငယ်တွေအပေါ် ကလေးမြို့ခံတစ်ဦးကတော့ အခုလို ဆန္ဒရှိနေပါတယ်။
“လူငယ် သုံးပုံ နှစ်ပုံလောက် အခုကို မူးယစ်ဆေးသုံးနေကြပြီ။ အသက် ၁၄ နှစ် လောက်ကကို စပြီးသုံးကြတာ မျက်မြင်တွေ့ရတယ်။ ဒါတွေကို အမြန်ဆုံး၊ အကောင်းဆုံးဖြစ်စေချင်ပါပြီ။”








