အာဖဂန်နစ္စတန် - ဘိန်းဘယ်လောက်ထုတ်လုပ်နေလဲ၊ တာလီဘန်ခေတ်မှာ ဘယ်လိုဖြစ်ခဲ့လဲ

ဘိန်းစိုက်ပျိုးမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, Reality Check team
    • ရာထူးတာဝန်, ဘီဘီစီသတင်းဌာန

အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေကို ဟန့်တားရပ်ဆိုင်းပစ်မယ်၊ တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုတွေကို ပိတ်ပင်မယ်လို့ တာလီဘန်တွေ သူတို့ အရင်အာဏာရခဲ့စဉ်ကာလက ကြေညာခဲ့ဖူးပါတယ်။

အာဖဂန်နစ္စတန်က ဘိန်းဘယ်လောက် ထုတ်လုပ်လဲ

ဘိန်းပင်ကနေ ဟီးရိုးအင်း ဘိန်းဖြူ အပါအဝင် သိပ်ကိုစွဲလွယ်တဲ့ မူးယစ်ဆေးဝါးအမျိုးအစား အများအပြားကို ထုတ်လုပ်နိုင်ပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများဆိုင်ရာရုံး (UNODC)က ထုတ်ပြန်ချက်တွေအရ အာဖဂန်နစ္စတန်ဟာ ကမ္ဘာမှာဘိန်းအထုတ်လုပ်ဆုံး နိုင်ငံပါ။

တကမ္ဘာလုံးဘိန်းထုတ်လုပ်မှုရဲ့ ၈၀% က အာဖဂန်ကနေထွက်တာပါ။

UNODCရဲ့ ခန့်မှန်းချက်အရ ၂၀၁၈ ခုနှစ်မှာ အာဖဂန်ဘိန်းထုတ်လုပ်မှုဟာ နိုင်ငံစီးပွားရေးရဲ့ ၁၁ % အထိရှိပါတယ်။

Opium poppy cultivation

ဘိန်းနဲ့ပတ်သက်လို့ တာလီဘန်က သူတို့ဘာလုပ်မယ်လို့ ပြောလဲ

အာဖဂန်နစ္စတန်ကို တာလီဘန်တွေအခုအချိန်မှာ သိမ်းပိုက်လိုက်ပြီးတဲ့နောက် ပြောခွင့်ရပုဂ္ဂိုလ် ဇက်ဘီဟူလာ မူဂျာဟစ်က "အရင် တာလီဘန်တွေ အာဏာရစဉ်တုန်းက မူးယစ်ဆေးဝါး ထုတ်လုပ်တာတွေ မရှိခဲ့ဘူး"လို့ ပြောပါတယ်။

"ဘိန်းစိုက်ပျိုးမှု သုည ပြန်ဖြစ်သွားအောင် လုပ်မယ်"လို့ သူက ပြောသလို မူးယစ်ဆေးဝါး မှောင်ခိုကုန်သွယ်မှုတွေလည်း မရှိစေရဘူးလို့ ဆိုပါတယ်။

တာလီဘန် ဘိန်းမှတ်တမ်းက ဘာလဲ

အရင်တာလီဘန်အုပ်ချုပ်မှုအောက်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက ၁၉၉၈ ခုနှစ်မှာ ဘိန်းစိုက်ဧရိယာပေါင်း ၄၁, ၀၀၀ ဟက်တာရှိခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ ဟက်တာ ၆၄, ၀၀၀ ထိတက်သွားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနစာရင်းတွေအရ သိရပါတယ်။

တာလီဘန်ထိန်းချုပ်တဲ့ ဟဲလ်မန်းပြည်နယ်မှာ ဘိန်းအများဆုံးစိုက်ပျိုးကြပြီး၊ ကမ္ဘာ့ ဘိန်း ထုတ်လုပ်မှုရဲ့ ၃၉ % က အဲဒီ ပြည်နယ်ကနေ ထွက်တာပါ။

ဒါပေမယ့် ၂၀၀၀ ခုနှစ် ဇူလိုင်လအတွင်းမှာ တာလီဘန်တွေဟာ သူတို့ထိန်းချုပ်ရာ နယ်မြေတွေ အတွင်း ဘိန်းစိုက်ပျိုးတာကို ပိတ်ပင်ခဲ့ပါတယ်။

၂၀၀၁ ခုနှစ် မေလထဲမှာ ထွက်ခဲ့တဲ့ ကုလသမဂ္ဂအစီရင်ခံစာ တစောင်အရ "တာလီဘန်ထိန်းချုပ်ရာ ဧရိယာတွေမှာ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်တဲ့ကိစ္စက လုံးဝ နီးပါး အောင်မြင်ခဲ့တယ်ဆိုတာကို တွေ့ရတယ်"လို့ ဖော်ပြထားပါတယ်။

တာလီဘန်တွေ ဘိန်းစိုက်ပျိုးတာကို ပိတ်ပင်လိုက်တဲ့ နောက်နှစ်တွေဖြစ်တဲ့ ၂၀၀၁ နဲ့ ၂၀၀၂ ခုနှစ်တွေမှာ ကမ္ဘာမှာ ဘိန်းနဲ့ ဘိန်းဖြူ ဖမ်းဆီးရရှိမှု ထိုးပြီးကျဆင်းသွားတာကို သိသိသာသာ တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် အခြေအနေတွေက အဲဒီအချိန်ကတည်းက ပြောင်းလဲသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အာဖဂန်အစိုးရက ထိန်းချုပ်ခဲ့တဲ့ ဒေသတွေမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်တာတွေ တွေ့ခဲ့ရပေမယ့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးက တာလီဘန်တွေထိန်းချုပ်ရာ နယ်မြေ တွေမှာဖြစ်ခဲ့တာပါ။

ဥပမာပြရရင် ၂၀၁၈ ခုနှစ်အတွင်း တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်တောင်ပိုင်း ပြည်နယ်တွေ ဖြစ်တဲ့ ဟဲလ်မန်းနဲ့ ကန်ဒဟာ ပြည်နယ်တွေမှာ ဘိန်းစိုက်ဧရိယာက တနိုင်ငံလုံး ဘိန်းစိုက်ဧရိယာထဲမှာ အများစုဖြစ်ပါတယ်။

Poppy cultivation

ဘိန်းကနေ တာလီဘန်တို့ ဘယ်လို ဝင်ငွေရလဲ

အာဖဂန်နစ္စတန်မှာ အလုပ်အကိုင်အများဆုံးပေးနိုင်တဲ့ အဓိကလုပ်ငန်းတွေထဲမှာ ဘိန်းစိုက်ပျိုးရေး လုပ်ငန်း ပါဝင်ပါတယ်၊ ၂၀၁၉ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးရေးလုပ်ငန်းကနေ အလုပ်ပေါင်း ၁၂၀, ၀၀၀ ကိုဖန်တီးပေးထားတယ်လို့ UNODC က လုပ်ဆောင်ခဲ့တဲ့ အာဖဂန်နစ္စတန် ဘိန်းစစ်တမ်းအရ သိရပါတယ်။

တာလီဘန်တွေအနေနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်တာကနေရော၊ ဘိန်းချက်တာ၊ တရားမဝင် ဘိန်းကုန်ကူးတာတွေကရော အခွန်ငွေတွေကောက်ယူရာကနေ အကျိုးအမြတ်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဘိန်းစိုက်ရင် ထွက်ရှိမှုရဲ့ ၁၀ % ကို တာလီဘန်က အခွန်ကောက်တယ်လို့လည်း ဆိုပါတယ်။

ဘိန်းစိုက်ပျိုးမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘိန်းကနေ ဘိန်းဖြူထုတ်လုပ်တဲ့ စက်ရုံတွေကနေ သူတို့ အခွန်ရသလို၊ မူးယစ်ဆေးဝါး တရားမဝင်ကုန်ကူးသူတွေဆီကလည်း အခွန်ရပါတယ်။

တနှစ် တနှစ် တာလီဘန်တွေအနေနဲ့ ဘိန်းကနေရတဲ့ ဝင်ငွေက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကနေ သန်း ၄၀၀ ကြားမှာရှိပါတယ်။

ဘိန်းကနေရတဲ့ဝင်ငွေဟာ တာလီဘန်တို့ နှစ်စဉ်ဝင်ငွေအားလုံးပေါင်းရဲ့ ၆၀ % အထိရှိတယ်လို့ အမေရိကန်က စောင့်ကြည့်လေ့လာရေးအဖွဲ့တခုဖြစ်တဲ့ Special Inspector General for Afghan Reconstruction (Sigar)က ဆိုပါတယ်။

မူးယစ်ဆေးဝါးတွေက ဘယ်ဆီကိုရောက်သွားလဲ

အာဖဂန်မှာစိုက်ပျိုးတဲ့ဘိန်းကနေဖြစ်လာတဲ့ ဘိန်းဖြူက ဥရောပ ဘိန်းဖြူ စျေးကွက်ရဲ့ ၉၅ % လောက် ရှိပါတယ်။

ဒါပေမယ့် အမေရိကန်မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီ (DEA)ရဲ့ အဆိုအရ အမေရိကန်နိုင်ငံကို ဝင်တဲ့ ဘိန်းဖြူအားလုံးရဲ့ ၁% ခန့်သာ အာဖဂန်က လာတာ ဆိုတာသိရပါတယ်။ အမေရိကန်ကို ဝင်တဲ့ ဘိန်းဖြူအများစုက မက္ကဆီကိုက လာတာပါ။

၂၀၁၇ နဲ့ ၂၀၂၀ ခုနှစ်တွေကြားမှာ မူးယစ်ဆေးဝါး ၉၀ % ကျော်က ကုန်းလမ်းကနေ သယ်ယူ ပို့ဆောင်ကြပါတယ်။

ဒါပေမယ့် အိန္ဒိယသမုဒ္ဒရာနဲ့ ဥရောပကြားကို သယ်ကြတဲ့အခါမှာ ပင်လယ်လမ်းကြောင်းက သယ်ယူတာတွေ ပိုများလာနေတယ်ဆိုတာကို ပြီးခဲ့တဲ့ လောလောလတ်လတ် ကာလပိုင်း တွေမှာ တွေ့နေရပါတယ်။

Drugs seized globally

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုတာကာလမှာ အာဖဂန်နစ္စတန်က ဘိန်းထုတ်လုပ်မှု အတက်အကျအတိုင်း ဘိန်းနဲ့ ဘိန်းကတဆင့်ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရရှိမှုဇယားက အတက်အကျ ရှိခဲ့ပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေ၊ မူးယစ်ကုန်ကူးသူတွေကို ဖမ်းဆီးရမိတာတွေက အာဖဂန်နစ္စတန်ရဲ့ ဘိန်းထုတ်လုပ်မှုအပေါ် သက်ရောက်နိုင်မှု သိသိသာသာမရှိဘူးလို့ Sigarက ဆိုပါတယ်။

၂၀၀၈ ခုနှစ် ကတည်းက ဒီအချိန်အထိ ဘိန်းဖမ်းဆီးရရှိမှု စုစုပေါင်း ပမာဏဟာ အာဖဂန်မှာ ၂၀၁၉ခုနှစ် တနှစ်တည်းအတွင်း ဘိန်းထုတ်လုပ်မှုရဲ့ ၈ % သာ ရှိပါတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။