တာလီဘန်ကို ဆန့်ကျင်သူတွေရဲ့ ခံတပ် ပန်ရှီးယားချိုင့်ဝှမ်းဒေသ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, လူဆီယာ ဘလာစကို
- ရာထူးတာဝန်, ဘီဘီစီ မွန်ဒိုဌာန
ဒီဆောင်းပါးထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာအကြောင်းအရာတချို့ ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့တော်ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၅၀ အကွာလောက်က တောင်တန်းထူထပ်တဲ့ ချိုင့်ဝှမ်းဒေသ တစ်ခုဟာ တာလီဘန် ဆန့်ကျင်သူတွေ အခိုင်အမာ ထိန်းချုပ်ထားတဲ့ နောက်ဆုံး နေရာ ဖြစ်ပါတယ်။ ဒီဒေသဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကာလတလျှောက်လုံးမှာ ကျူးကျော်ဝင်ရောက်လာတဲ့ တပ်ဖွဲ့အမျိုးမျိုးကို ပြန်တွန်းလှန် တိုက်ထုတ်နိုင်ခဲ့တဲ့ နေရာ ဖြစ်ပါတယ်။
ပန်ရှီးယား ချိုင့်ဝှမ်းဒေသဟာ ၁၉၈၀ ပြည့်လွန် (၁၉၇၉-၁၉၈၉) နှစ်တွေအတွင်း ဆိုဗီယက်ရဲ့ ကျူးကျော်မှုကို ကြံ့ကြံ့ခံ ခုခံခဲ့ပြီး ဆိုဗီယက်နဲ့ အာဖဂန်အစိုးရ မဟာမိတ်တပ်တွေရဲ့ တိုက်ခိုက်မှု အတော်များများကို တွန်းလှန်နိုင်ခဲ့ပါတယ်။
၁၉၉၀ ပြည့်လွန် (၁၉၉၆-၂၀၀၁) နှစ်တွေအတွင်းမှာလည်း အဲဒီဒေသမှာ တာလီဘန်တွေကို ဆန့်ကျင် ရင်ဆိုင်ခဲ့ပြီး တာလီဘန် ဆန့်ကျင်တဲ့ အတိုက်အခံတွေ အခိုင်အမာ ခြေကုပ်ယူထားရာ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ အဲဒီဒေသကို အာဖဂန်နစ္စတန်နိုင်ငံမှာ လုံခြုံစိတ်အချရဆုံး ဒေသတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ကြတယ်လို့ ဘီဘီစီ အာဖဂန်ဌာနရဲ့ သတင်းထောက် မာရီယမ် အမန် က ပြောပါတယ်။
အခုလက်ရှိမှာတော့ ဒီဒေသဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ပြည်နယ် ၃၄ ခုထဲက တာလီဘန်တွေရဲ့ လက်အောက် မကျရောက်ခဲ့တဲ့ တစ်ခုတည်းသော ဒေသ ဖြစ်ပါတယ်။ ဒါပေမဲ့ တာလီဘန် အစ္စလာမ္မစ် လက်နက်ကိုင်တွေကတော့ ဒီဒေသကို သိမ်းယူဖို့ သူတို့တပ်ဖွဲ့တွေ စေလွှတ်ထားတယ်လို့ ပြောနေပါတယ်။

တာလီဘန်တွေကို ဒုတိယအကြိမ် ခုခံရင်ဆိုင်ဖို့ ကျွန်တော်တို့ အသင့်ပဲ လို့ ပန်ရှီးယား စီးပွားရေးဌာန အကြီးအကဲ အဗ္ဗဒူလ် ရာမန် က အခုသီတင်းပတ်မှာ ပြောခဲ့ပါတယ်။
သူ့ရဲ့ ပြောဆိုချက် ထွက်ပေါ်ခဲ့အပြီးမှာပဲ ပြီးခဲ့တဲ့ သီတင်းပတ်က တာလီဘန်တွေ ဖြုတ်ချတာခံခဲ့ရတဲ့ သမတ အာရှရတ်ဖ်ဂါနီအစိုးရရဲ့ ဒုတိယသမ္မတ-၁ အမ်ရူလာ ဆာလေ ပြည်ပကို ထွက်ပြေးခိုလှုံသွားတဲ့ သမ္မတ ဂါနီ မရှိစဉ်မှာ အာဖဂန်ယာယီ သမ္မတအဖြစ် အင်္ဂါနေ့တုန်းက သူ့ကိုယ်သူ ထုတ်ဖော်ကြေညာခဲ့ပါတယ်။
အာဖဂန်နစ္စတန် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ဖြစ်ခဲ့ဖူးသူ ဆာလေ က ပန်ရှီးယား ချိုင့်ဝှမ်း ခုခံတိုက်ခိုက်မှုမှာ အာဖဂန်ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒီခုခံတိုက်ခိုက်မှုဟာ ကျန်တဲ့ ဒေသတွေအတွက် နမူနာပုံစံတစ်ခုအဖြစ် သူက ယူဆထားတာပါ။
"တာလီဘန်တွေနဲ့ တစ်မိုးအောက်ထဲ ကျွန်တော် ဘယ်တော့မှ နေမှာ မဟုတ်ပါဘူး။ ဘယ်တော့မှ နေမှာ မဟုတ်ပါဘူး"လို့ သူက တွစ်တာပေါ်မှာ ရေးခဲ့ပါတယ်။
တာလီဘန်တွေကို ဆန့်ကျင်တဲ့ ဒီသတင်းစကားဟာ အာဖဂန်ပြည်သူ အတော်များများအတွက် သဘောကျစရာ ဖြစ်နိုင်တယ်လို့ သတင်းထောက် အမန် က ပြောပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
ဆာလေဟာ ပန်ရှီးယားမှာ အာမက် မာဆုဒ်နဲ့ အတူရှိနေတယ်လို့ ယူဆရပါတယ်။ အာမက် မာဆုဒ်ရဲ့ ဖခင် အာမက်ရှား မာဆုဒ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ တာလီဘန်တွေကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ဦးဆောင်ခဲ့သူ ဖြစ်ပြီး ပန်ရှီးယားရဲ့ ခြင်္သေ့ကြီး အဖြစ် ရာဇဝင်တွင် ကျော်ကြားပါတယ်။
မာဆုဒ် ဟာ ပန်ရှီးယားချိုင့်ဝှမ်းဒေသမှာ အာဖဂန်နစ္စတန် အမျိုးသား ဆန့်ကျင်တော်လှန်ရေး တပ်ဦး (NRF) လို့ခေါ်တဲ့ တာလီဘန် ဆန့်ကျင်တဲ့ ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့ကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန်ရဲ့ နောက်ဆုံး လွတ်လပ်မှု ခံတပ်အဖြစ် ပန်ရှီးယားဒေသကို ကာကွယ်သွားဖို့ သူ သန္နိဋ္ဌာန်ချထားတယ်လို့ မာဆုဒ် က ပြီးခဲ့တဲ့ သီတင်းပတ်က ဝါရှင်တန်ပို့စ် သတင်းစာကို ပြောခဲ့ပါတယ်။ လွတ်လပ်ခွင့်ရရေးမှာ အနောက်အုပ်စုနိုင်ငံတွေ အနေနဲ့ အကူအညီပေးကြဖို့ သူက ပန်ကြားခဲ့ပါတယ်။
ဒါပေမဲ့ ပန်ရှီးယားဒေသနဲ့ အဲဒီက တပ်ဖွဲ့တွေအကြောင်း ဘာတွေဘယ်လောက် သိထားကြပါလဲ။

ဓာတ်ပုံ ရင်းမြစ်, Reza/Getty Images
ခြေကုပ်ယူထားရာ သဘာဝရင်းမြစ် နေရာတစ်ခု
NRF အဖွဲ့ဟာ ဗဟိုချုပ်ကိုင်မှု လျှော့ချတဲ့ အစိုးရဆီက သဘောတူချက်တစ်ခုနဲ့ ငြိမ်းချမ်းရေးကို လိုချင်တာ ဖြစ်ပေမဲ့လည်း ပန်ရှီးယား ဒေသကို တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာနဲ့ ကာကွယ်သွားဖို့ ပြင်ဆင်ထားတယ်လို့ NRF အဖွဲ့ရဲ့ နိုင်ငံခြားရေးရာ ဆက်ဆံရေးဌာန အကြီးအကဲ အလီ နဇရီ က ဘီဘီစီကို ပြောပါတယ်။
နိုင်ငံတဝန်းက ကာကွယ်ရေး တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ တာလီဘန်ဆန့်ကျင်ရေး တပ်ဖွဲ့ဝင်တွေ အလုံးအရင်း ဝင်ရောက် ပူးပေါင်းလာတဲ့အတွက် ပန်ရှီးယား ဒေသခံ တပ်ဖွဲ့တွေမှာ တပ်ဖွဲ့ဝင်တွေ တိုးလာနေတယ်လို့ သူက ပြောပါတယ်။ ပန်ရှီးယားဒေသကို ခုခံကာကွယ်မယ့် တပ်ဖွဲ့ဝင်တွေဟာ နယ်မြေကျွမ်းကျင်တဲ့အတွက် ဘယ်လို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မှုမျိုးမှာမဆို တပန်းသာမှာ ဖြစ်ပါတယ်။
နက်ရှိုင်းတဲ့ ချောက်ကမ်းပါးတွေနဲ့ တောင်ကြားလမ်းတွေကြောင့် ပန်ရှီးယားဒေသဟာ ဝင်ဖို့မလွယ်တဲ့ ခံတပ်ဒေသကြီးတစ်ခုလို ဖြစ်နေပြီး ကျဉ်းမြောင်းတဲ့ အဝင်လမ်းတွေကို တောင်ပေါ်ကနေ လှမ်းတွေ့နေရတဲ့အတွက် အဲဒီဒေသထဲ ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ဖို့ အခက်အခဲ ရှိနေပါတယ်။
ပန်ရှီးယား မြစ်ရဲ့ တဘက်ကမ်း ချိုင့်ဝှမ်းဒေသဟာ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းအကြား ဟင်ဒူ ကုရှ် တောင်တန်းဒေသနဲ့ ကပ်လျက် ရှိနေပါတယ်။
အဲဒီနေရာဟာ အာရှအလယ်ပိုင်းဒေသကို နောက်ဆုံး သိမ်းပိုက်နိုင်ကြခဲ့တဲ့ Alexander the Great မဟာ အလက်ဇန္ဒား ဘုရင် နဲ့ တမာလိန်း Tamerlane တို့ရဲ့ တပ်ဖွဲ့တွေအတွက် အရေးပါတဲ့ လမ်းကြောင်း ဖြစ်ခဲ့ပါတယ်။
အဲဒီဒေသဟာ မြကျောက်ထွက်တဲ့ တွင်းတွေ၊ ရေအားလျှပ်စစ်ထုတ်ရာ ရေကာတာတွေနဲ့ လေအားလျှပ်စစ်ထုတ်ရာ နေရာတစ်ခု ရှိပြီး သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ နေရာ ဖြစ်ပါတယ်။ အဲဒီမှာ လမ်းပန်း ဖောက်လုပ်မှုတွေနဲ့ ကာဘူးလ်မြို့တော်က ထုတ်လွှင့်တဲ့ ရေဒီယို အချက်ပြ စနစ်တွေကို လက်ခံယူနိုင်မယ့် မျှော်စင်တစ်ခု တည်ဆောက်မှုမှာ အမေရိကန်က ကူညီ လုပ်ဆောင်ပေးခဲ့တာပါ။
ဒါပေမဲ့လည်း စီးပွားရေးအရ ပြောရရင် ဒီဒေသဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ မရှိမဖြစ် အလိုအပ်ဆုံး ဒေသတစ်ခုတော့ မဟုတ်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီနေရာဟာ ပျောက်ကျား တပ်ဖွဲ့တွေရဲ့ စစ်ရေးစစ်ရာ ကိစ္စတွေအတွက် သိပ်ကို သင့်လျော်တဲ့ နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗျူဟာကျတဲ့ နေရာတော့ မဟုတ်ပါဘူး လို့ ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့်ဌာနရဲ့ သတင်းထောက်တစ်ဦး ဖြစ်သူ ဟာရွန်း ရှာဖီကီ က ပြောပါတယ်။
"အဲဒီနေရာဟာ အရေးပါတဲ့ ဆိပ်ကမ်းတစ်ခုခုနဲ့ မနီးပါဘူး။ စက်မှုဇုံတစ်ခုမှလည်း မရှိသလို အထူးသဖြင့် နိုင်ငံရဲ့ ပြည်တွင်းထွက်ကုန် တစ်ခုခုလည်း ထုတ်နိုင်တဲ့ နေရာ မဟုတ်ပါဘူး"
အဲဒီဒေသမှာ လောလောဆယ် လူ တစ်သိန်းခွဲနဲ့ နှစ်သိန်းအကြား နေထိုင်နေပါတယ်။ အများစုနီးပါး ဟာ ပါရှန်ဘာသာစကား ပြောကြပြီး အာဖဂန်နစ္စတန်နိုင်ငံ လူဦးရေ ၃၈ သန်းရဲ့ ၄ ပုံ ၁ ပုံလောက် ရှိတဲ့ တာဂျစ် လူမျိုးတွေ ဖြစ်ကြပါတယ်။
သူတို့ဟာ သမိုင်းအစဉ်အလာအရ တာလီဘန်တွေကို ဆန့်ကျင်လာခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။
ခုခံမှု သင်္ကေတ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပန်ရှီးယားသမိုင်းမှာ အထင်ကရ အရေးပါခဲ့တဲ့ တာလီဘန် ဆန့်ကျင်ရေး ခေါင်းဆောင်တစ်ဦး ကတော့ အာမက် ရှား မာဆုဒ် ဖြစ်ပါတယ်။ သူဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၉၀ ပြည့်လွန် နှစ်တွေတုန်းက အဲဒီဒေသကို ကိုယ်ပိုင် လွတ်လပ်ရေး ရအောင် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုကြီး မဖြစ်ခင် ၂ ရက်အလိုမှာ အယ်လ်ကိုင်ဒါတွေရဲ့ လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရပါတယ်။
သူ့ကို ပန်ရှီးယားရဲ့ ခြင်္သေ့ကြီး လို့ အများက ခေါ်လေ့ ရှိပါတယ်။ (ပန်ရှီးယားဆိုတာ ခြင်္သေ့ ငါးကောင် လို့ အဓိပ္ပာယ် ရပါတယ်) အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့တော်က ဆိုင်းဘုတ်တွေပေါ်မှာအစ၊ ဆိုင်ပြတင်းပေါက်တွေမှာအဆုံး နေရာ အတော်များများနဲ့ ပန်ရှီးယားပြည်နယ်တဝန်းမှာ သူ့ရဲ့ပုံတွေကို တွေ့နိုင်ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်ပိုင်း အာဖဂန်-ဆိုဗီယက် စစ်ပွဲကာလအတွင်းမှာ အာမက် ရှား မာဆုဒ်က ပန်ရှီးယားဒေသကို ခံတပ်တစ်ခုအဖြစ် အသုံးပြုခဲ့တယ်လို့ သတင်းထောက် အမန်က ရှင်းပြပါတယ်။
၁၉၉၀ ပြည့်လွန် နှစ်လယ်ပိုင်းကနေ တာလီဘန်အစိုးရ ပြုတ်ကျခဲ့တဲ့ ၂၀၀၁ ခုနှစ်အထိ မူဂျာဟီဒင်းနဲ့ တာလီဘန်တွေရဲ့ စစ်ကြောင်းတွေအတွင်း စစ်ပွဲတွေမှာ ဒီ ပန်ရှီးယား ချိုင့်ဝှမ်းဒေသဟာလည်း အရေးပါ ထင်ရှားခဲ့တယ်လို့ သူက ပြောပါတယ်။
၂၀၀၁ ခုနှစ် မာဆုဒ် သေဆုံးခဲ့ချိန်ကတည်းက အဲဒီဒေသဟာ တာလီဘန်တွေကို ဆန့်ကျင် တိုက်ခိုက်တဲ့ အမွေအနှစ် နေရာဒေသအဖြစ် ဆက်ရှိနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာမက် ရှား မာဆုဒ်ဟာ အာဖဂန်ပြည်သူ အတော်များများအတွက် ကြည်ညိုလေးစားစရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။
သူ့ကို နိုင်ငံတော် သူရဲကောင်းအဖြစ် သမ္မတ ဟာမစ် ကာဇိုင်းက တရားဝင် သတ်မှတ်ပေးခဲ့ပြီး သူကွယ်လွန်ခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကို အာဇာနည်နေ့နဲ့ အာမက် ရှား မာဆုဒ် နေ့အဖြစ် ၂၀၁၂ ခုနှစ် ကစလို့ သတ်မှတ် ကျင်းပပေးခဲ့ပါတယ်။
ဒုသမ္မတ အမ်ရူလာ ဆာလေ ကလည်း အာမက် ရှား မာဆုဒ် အပေါ် အမြဲ လေးစား ကြည်ညိုသွားမယ်ဆိုတာကို ထုတ်ဖော်ပြောခဲ့ပါတယ်။
"ကျွန်တော့်ရဲ့ သူရဲကောင်း သမိုင်းဝင်ပုဂ္ဂိုလ် တပ်မှူးကြီး အာမက် ရှား မာဆုဒ် ရဲ့ အမွေအနှစ်၊ လမ်းညွှန်မှုတွေကနေ ကျွန်တော် ဘယ်တော့မှ သွေဖီ သစ္စာဖောက်မှာ မဟုတ်ဘူး။ ဘယ်လို အခြေအနေကိုပဲ ရောက်ရောက် တာလီဘန် အကြမ်းဖက်သမားတွေကို ဘယ်တော့ ဘယ်တော့မှ ဒူးထောက် ဦးညွတ်မှာ မဟုတ်ဘူး"လို့ သူ့ရဲ့ တွစ်တာမှာ ရေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပန်ရှီးယား ဇာတိ၊ တာဂျစ် လူမျိုးတစ်ဦးဖြစ်တဲ့ ဆာလေ ကိုယ်တိုင်က ၁၉၉၀ ပြည့်လွန် နှစ်တွေတုန်းက မြောက်ပိုင်း မဟာမိတ်အဖွဲ့ထဲမှာ ပါခဲ့သူ ဖြစ်ပါတယ်။
တချို့ကတော့ မူဂျာဟစ်ဒင်း ခေါင်းဆောင် အာမက် ရှား မာဆုဒ် ဟာ စစ်ရာဇဝတ်မှု ကျူးလွန်သူတစ်ဦးလို့ ပြောကြပါတယ်။
Human Rights Watch လူ့အခွင့်အရေးအဖွဲ့ရဲ့ ၂၀၀၅ ခုနှစ် စုံစမ်းမှုအစီအရင်ခံစာတစ်ခုအရ အာမက် ရှား မာဆုဒ် ဟာ အာဖဂန်နစ္စတန် စစ်ပွဲကာလအတွင်း သူ့ရဲ့ လက်အောက် တပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အတော်များများမှာ ပါဝင်ပတ်သက်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုနေ့မျိုး ကြုံလာမယ် ဆိုတာကို ကျွန်တော်တို့ သိထားတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ ပန်ရှီးယား ချိုင့်ဝှမ်းဒေသမှာ တာလီဘန်တွေကို ခုခံတိုက်ခိုက်မှုတွေကို ဦးဆောင်နေသူ ကတော့ သူ့ရဲ့သား အသက် ၃၂ နှစ်အရွယ် အာမက် မာဆုဒ် ဖြစ်ပါတယ်။
ဆာလေဟာ မာဆုဒ် နဲ့ မဟာမိတ်ဖွဲ့ထားတယ်ဆိုတာကို ပြတဲ့အနေနဲ့ သူနဲ့ မာဆုဒ်တို့ တွဲရိုက်ထားတဲ့ပုံတွေကို သြဂုတ်လ ၁၆ ရက်နေ့က ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ထုတ် ဝါရှင်တန်ပို့စ် သတင်းစာပါ ဆောင်းပါး တပုဒ်မှာ မာဆုဒ် က သူ့ရဲ့ တပ်ဖွဲ့၀င်တွေဟာ အာဖဂန်စစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ အထူးတပ်ဖွဲ့တွေထံက စစ်ရေးအကူအညီတွေ ရတယ်လို့ ထုတ်ဖော် ပြောခဲ့ပါတယ်။
ဒါပေမဲ့လည်း သူတို့ကို စစ်ကူပေးကြဖို့ကိုလည်း သူက ပန်ကြားခဲ့ပါတယ်။
ကျွန်တော့် ဖခင်လက်ထက်ကတည်းက ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ စုဆောင်းလာခဲ့တဲ့ လက်နက်ခဲယမ်းတွေ ကျွန်တော်တို့ အများကြီး သိုလှောင်ထားခဲ့ပါတယ်။ ဒီလို နေ့မျိုး တစ်ချိန်ချိန်မှာ ရောက်လာမယ်ဆိုတာကို ကျွန်တော်တို့ သိထားလို့ပါပဲ လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"တာလီဘန်တွေကို ဆန့်ကျင်တဲ့ မူဂျာဟီဒင် လှုပ်ရှားတိုက်ခိုက်မှုတွေ အခုအခါ စလုပ်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ အကူအညီ လိုနေပါတယ်"လို့ မာဆုဒ်က ပြောပါတယ်။
"တကယ်လို့ တာလီဘန် စစ်ခေါင်းဆောင်တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုတစ်ခု လုပ်လာမယ် ဆိုရင် ကျွန်တော်တို့ဘက်က အခိုင်အမာ ပြန်ခုခံတိုက်ခိုက်တာကို သူတို့ ရင်ဆိုင်ရမှာ သေချာပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေနဲ့ နည်းဗျူဟာတွေက မလုံလောက်ဘူး ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ မိတ်ဆွေ အနောက်အုပ်စုနိုင်ငံတွေက စစ်ကူပေးဖို့ အမြန်ဆုံး နည်းလမ်းမရှာနိုင်ဘူး ဆိုရင်တော့ ရှိထားတာတွေ ချက်ချင်း ကုန်ခမ်းသွားမယ့် သဘော ရှိနေပါတယ်"








