ဖေ့စ်ဘုတ်ပေါ်ထိ ခေတ်မီနေတဲ့ ဘိုးတော်ဘုရား

ဓာတ်ပုံ ရင်းမြစ်, Thierry Falise
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ဘိုးတော်ဘုရားလို့ လူသိများတဲ့ ဗဒုံမင်း နတ်ပြည်စံတာ ဒီနှစ် ဇွန်လမှာ နှစ် ၂ဝဝ ပြည့်ခဲ့ပါပြီ။ ဘိုးတော်ဘုရားခေတ်က အကြောင်းတွေဆိုပြီး ခေတ်မမီတဲ့ ကိစ္စတွေကို ရယ်စရာ ပြောတတ်ကြ ပေမယ့် ဘိုးတော်ဘုရားခေတ်ကနေ အခုခေတ်ထိ ဆက်နွယ်နေတဲ့ အကြောင်းတွေလည်း ရှိနေပါတယ်။
နောက်ဆုံး မြန်မာမင်းဆက် ကုန်းဘောင်ကို တည်ထောင်တဲ့ အလောင်းဘုရားရဲ့ သားတော် ဗဒုံမင်းဟာ ဘကြီးတော်နဲ့ သာယာဝတီမင်းတို့ရဲ့ ဘိုးတော် တော်စပ်လို့ ဘိုးတော်ဘုရားလို့ လူသိများပါတယ်။ သူ့ကို ပြီးခဲ့တဲ့ ထောင်စုနှစ်ရဲ့ အထူးခြားဆုံး မြန်မာပြည်သား အဖြစ် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက ရွေးချယ်ခဲ့ပါတယ်။
သူ့အရိပ်အငွေ့တွေကို အထင်ရှားဆုံးတွေ့ရတာကတော့ ခရီးသည်တွေ အသွားများတဲ့ အမရပူရ မြို့နဲ့ မင်းကွန်းဒေသ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Frank Bienewald
အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်
ဘိုးတော်ဟာ အမရပူရ မြို့ကို ပထမအကြိမ်တည်သူ ဖြစ်သလို မင်းကွန်းပုထိုးတော်ကြီးကိုလည်း ထုထည်ကြီးကြီးနဲ့ တည်ဆောက်ရာမှာ အပြီးမသတ် ဖြစ်ခဲ့ပါတယ်။
နောက် ကမ္ဘာ့တတိယအကြီးဆုံး ခေါင်းလောင်းကြီးကို သွန်းပြီး မင်းကွန်းမှာ ထားရှိခဲ့ပါတယ်။
အမရပူရမြို့မှာ ဘိုးတော်ဂူဗိမာန်နဲ့ ကုသိုလ်တော် ဘုရားစေတီတွေ တွေ့မြင်နိုင်သလို မင်းကွန်းက မြသိန်းတန်စေတီနဲ့ ခြင်္သေ့ကြီးတွေကလည်း ဘိုးတော်ခေတ်ကို ပြန်သတိရစေပါတယ်။
ရွှေဘိုကနေ မြင်ရအောင် တည်တယ်ဆိုတဲ့ ပုထိုးတော်ကြီးကို ရခိုင်က ဖမ်းခေါ်လာတဲ့ သုံ့ပန်းတွေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဘုရားကြီးလည်းအပြီးသတ် မုဆိုးသုညကပ် ဆိုတဲ့ တဘောင်ပေါ်လို့ အပြီးမသတ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
အလောင်းဘုရားခေတ်ကစပြီး စစ်တိုက်နိုင်ငံချဲ့တာနဲ့ အချိန်ကုန်ခဲ့တဲ့ ကုန်းဘောင်မင်းတွေဟာ ဘိုးတော်ခေတ်ကျမှ မြို့ရွာယဉ်ကျေးမှု တည်ထောင်တာတွေ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မဟာနန္ဒာကန် နဲ့ အောင်ပင်လယ်ကန်ကို တည်တာ၊ ငွေဒင်္ဂါးသွန်းတာတွေလည်း လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOPA Images
အနောက်သို့ စစ်ချီခြင်း
ဘိုးတော်လက်ထက်မှာ ရခိုင်ပြည်ကို အပြီးတိုင် သိမ်းပိုက်ပြီး မြန်မာပြည်ထဲ ထည့်သွင်းခဲ့ပါတယ်။ သမိုင်းတလျောက် သီးခြားအုပ်ချုပ်ခဲ့တဲ့ ရခိုင်ပြည် မင်းဆက်တွေကို ဖမ်းဆီးပြီး အမရပူရကို ခေါ်လာသလို ရခိုင်မင်းအဆက်ဆက် ကိုးကွယ်ရာ မဟာမုနိ ရုပ်ရှင်တော်ကိုလည်း အမရပူရထိ ပင့်ဆောင်လာပါတယ်။
ဘိုးတော်ဘုရားရဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှုကြောင့် ရခိုင်လူမျိုး အများအပြား ဗြိတိသျှပိုင်နက်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ ထွက်ပြေးတဲ့ ရခိုင် သူပုန် ခေါင်းဆောင် တချို့ကို ဘိုးတော်ဘုရားက တောင်းဆိုပြီး ဗြိတိသျှဘက်က ဖမ်းပြီး ပို့ပေးရာမှာ ဒီလူတွေကို မင်းကွန်းထိ ခေါ်လာပြီး သတ်ဖြတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Florilegius
ဒါပေမဲ့ ဗြိတိသျှနဲ့ နယ်နိမိတ်ထိစပ်ပြီးနောက်ပိုင်း ရခိုင်သူပုန်တွေကို မြန်မာက ဗြိတိသျှနယ်ထဲ ဝင်တိုက်တာ၊ ချင်းပျံလို သူပုန်တွေကို ဗြိတိသျှက လက်ခံအားပေးတယ်လို့ မြန်မာက ယူဆတာနဲ့ နယ်နိမိတ် အငြင်းပွားတာတွေကနေစလို့ မြေးတော် ဘကြီးတော်ဘုရား လက်ထက်မှာ ပထမ အင်္ဂလိပ်မြန်မာစစ် ဖြစ်ပြီး ရခိုင်၊ တနင်္သာရီ၊ အာသံနဲ့ မဏိပူရကို မြန်မာဘုရင်တွေ လက်လွှတ်ခဲ့ရပါတယ်။
အဲဒီနောက် စစ်ပွဲ နှစ်ကြိမ်ထပ်ဖြစ်ပြီး မြန်မာတနိုင်ငံလုံးကို ဗြိတိန်က သိမ်းပိုက်ခဲ့ပါတယ်။
ရခိုင် မြန်မာ မသင့်မြတ်မှု၊ ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်ခြားပြဿနာ နဲ့ ရခိုင်က လူမျိုးရေး အဓိကရုဏ်းတွေဟာ ဘိုးတော် ရခိုင်ကို သိမ်းပြီးနောက်ပိုင်း ဖြစ်ပွားတဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Michael Maslan
အရုံအတင်နဲ့ သာသနာပိုင်ကို လူဝတ်လဲခဲ့သူ
နောက် သတိမထားမိကြတဲ့ ဘိုးတော်ဘုရား အမွေကတော့ အရုံအတင် ပဋိပက္ခကို ဖြေရှင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာသမိုင်းတလျောက် တောင်ငူခေတ်ကတည်းက သီဟိုဠ်ကျွန်းကနေ ပြန့်နှံ့လာတဲ့ ရဟန်းတော်တွေ ရင်စည်းတာ၊ ဦးထုပ်ဆောင်းတာ စတဲ့ ဓလေ့တွေကနေ သင်္ကန်းကို အပြည့်မရုံဘဲ တဘက်တင်ပြီး ရပ်ရွာထဲ သွားတဲ့ ကိစ္စဟာ သံဃာဂိုဏ်းကွဲတဲ့အထိ ဂယက်က ကြီးမား ခဲ့ပါတယ်။
ဘုရင်အဆက်ဆက် မဖြေရှင်းနိုင်ခဲ့တဲ့ ဒီပြဿနာကို ဘိုးတော်ဘုရားလက်ထက်မှ အချေအတင် ကျမ်းဂန်အထောက်အထားနဲ့ ငြင်းခုံစေပြီး အရုံဘက်က နိုင်သွားခဲ့ပါတယ်။
အတင်ဂိုဏ်းက သာသနာပိုင် အတုလ ဆရာတော်ကို လူဝတ်လဲစေခဲ့ပြီး သုဓမ္မာဇရပ်တော်မှာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို အုပ်ချုပ်တဲ့ စနစ်ကိုလည်း ခိုင်မာစေခဲ့ပါတယ်။
သီဟိုဠ်ကျွန်းက တောင်းပန်တဲ့အတွက်လည်း မြန်မာပြည်က သံဃာတွေ စေလွှတ် သာသနာပြုစေရာက အမရပူရဂိုဏ်းလို့ အထင်အရှား ဖြစ်ပေါ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အင်းပညာရပ်နှင့်ဆိုင်ရာဗဟုသုတ
မင်းလောင်းမျှော်နဲ့ ထွက်ရပ်ပေါက်
နောက် ဘိုးတော်ကို တွဲဖက်သိကြတာက ဘိုးဘိုးအောင်နဲ့ စကြာမင်းကလေး ကိုးကွယ်မှုတွေ ဖြစ်ပါတယ်။
ဘိုးတော်ဘုရားရဲ့ မြစ်တော် စကြာမင်းသားကို သာယာဝတီမင်းက ကွပ်မျက်ပြီး နောက်ပိုင်း စကြာမင်းကို ဘိုးဘိုးအောင်က ကယ်သွားတယ် ဆိုတဲ့ ပုံပြင်တွေ ထွက်လာသလို စကြာရေချ စတဲ့ ဇာတ်တွေ လည်း ကပြကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wikipaedia
နောက် တကယ်ရှိမရှိ မသိရပေမယ့် ဘိုးတော်ဘုရားနဲ့ ငယ်သူချင်းဆိုတဲ့ ပထမံဘိုးဘိုးအောင် ကို ထွက်ရပ်ပေါက်ဆိုပြီး ကိုးကွယ်မှုဟာ နိုင်ငံရေးလောကထိ ရိုက်ခတ်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မဖြစ်ခင် အဆိုတော် ခင်မောင်ရင် သီဆိုတဲ့ ဘိုးဘိုးအောင် နဲ့ စကြာသိုက် သီချင်းတွေကြောင့်လည်း ဘိုးဘိုးအောင်နဲ့ ဝိဇ္ဇာရှစ်သောင်းက မြန်မာပြည်ကြီးကို ကယ်တင်မယ် ဆိုတဲ့ ယုံကြည်မှုတွေ ပေါ်ခဲ့ပါတယ်။
ထီးရိုးကို မိုးကြိုးပစ်မတဲ့ စာရှိပါသည်၊ ၁၃ဝ၁ ခုနှစ်မှစ၍ ရတနာဆိုတာ လိုရာရနိုင်ပြီ ဆိုတဲ့ စကြာသိုက် သီချင်းစာသားအတိုင်း ဘီအိုင်အေ တပ်မတော်ကို အုပ်ချုပ်လိုက်ပါလာတဲ့ ဗိုလ်မှူးကြီး ဆူဇူကီး အမည်ကို ဗိုလ်မိုးကြိုးလို့ မှည့်ခေါ်ခဲ့ပါတယ်။
ဘိုးဘိုးအောင်ကို အမှန်ရည်ဆောင်သပါ့၊ မြန်ပြည်ဘောင်က နေ့စဉ် ညစဉ် အမြဲပင်တပြီ စတဲ့ ဝတလုံးသီချင်းကလည်း ထင်ရှားခဲ့ပါတယ်။

ဦးပေါ်ဦးနဲ့ အယူတော်မင်္ဂလာ
ဘိုးတော်ဘုရားကို မြန်မာတွေ ရင်းရင်းနှီးနှီးသိကြတဲ့ နောက်တချက်ကတော့ သူ့ရဲ့ အတိုင်ပင်ခံအမတ်တွေ ဖြစ်တဲ့ ဦးပေါ်ဦးနဲ့ အယူတော်မင်္ဂလာဦးနိုးတို့ ဖြစ်ကြပါတယ်။
ဦးပေါ်ဦးကို ဘုရင်ကို နောက်ပြောင် လျှောက်တင်ရဲတဲ့ အမတ်ကြီး ဆိုပြီး ဗြိတိသျှခေတ်မှာ ပညာရှိ ဦးအောင်ဆိုသူက ဇာတ်လမ်းထွင်ရေးရာက ဦးပေါ်ဦးလျှောက်ထုံး ဆိုပြီး ဖြစ်လာတယ်လို့ သိရပါတယ်။
အမတ်ကြီးဦးပေါ်ဦး သေလွန်ချိန်မှာ လက်တဘက်ကို အခေါင်းပြင်ထုတ်ထားဖို့ မှာခဲ့တယ် ဆိုတဲ့ ဇာတ်လမ်းကလည်း မှူးမတ်နဲ့ အာဏာရ လူတန်းစားတွေ လောဘရမက်ကြီးတာကို လှောင်ပြောင်ပုံ ရပါတယ်။
ဦးပေါ်ဦးက ရယ်စရာတွေ တကယ်ပြောသလား မသိရပေမယ့် ဘိုးတော်ဘုရားရဲ့ အလယ်နန်းမိဘုရား အဆက်အနွယ်ထဲက စာရေးဆရာမ ခင်မျိုးချစ်ကတော့ Gift of Laughter ဆိုပြီး မြန်မာဟာသတွေကို ရေးသားပြုစုခဲ့ပါတယ်။
အယူတော် မင်္ဂလာ လျှောက်ထုံးနဲ့ ထင်ရှားတဲ့ ဦးနိုးရဲ့ စနည်းတဘောင်တွေကိုတော့ လူထု ထင်မြင်ချက်ကို နန်းတော်က အနက်ကောက်တဲ့နည်းစနစ်လို့ နောက်ပိုင်း ပညာရှင်တွေက ယူဆပါတယ်။
မူးမဟုတ် မတ်မဟုတ်ရင် ပြည်မှောက်တယ် ဆိုပြီး မှူးမတ်တွေ လာဘ်စားတာကို ဦးနိုးက စနည်းနာပြီး ဘုရင်ကို လျှောက်တင်ခဲ့တယ်လို့လည်း သိရပါတယ်။
အသီးတွေ ရာသီပြောင်းပြီမို့ သာသနာမောင်း ရှေ့ကဆော် ဒေါင်းတွေကအော်။
ဒေါင်းအော်ရင် မနေသာ သူ လာလိမ့်မယ်လေး။
ခြင်္သေ့မင်း တန်ခိုးကြွယ် တိုးလို့ကွယ် ဖျောက်လိုက်ဦး။
ဂူအောင်းတဲ့ ခင်ကြီးပျော်ရယ် သမီးတော်လွှတ်လိုက်ပါဦး စတဲ့ ဦးနိုးရဲ့ တဘောင် ဆိုတာကိုလည်း ၂ဝ၁၅ ရွေးကောက်ပွဲကာလမှာ မြန်မာလူမှုကွန်ရက်တွေမှာ ပြောဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
နောက် ဘိုးတော်ဘုရားလက်ထက်မှာ သာသနာပိုင် မောင်းထောင်ဆရာတော်၊ တွင်းသင်းမင်းကြီး ဦးထွန်းညို၊ ဝက်မစွတ် နဝဒေး၊ မင်းပူးဦးသြဘာသ စတဲ့ ပညာရှိအများအပြား ထွက်ပေါ်ခဲ့ပါတယ်။
မောင်းထောင်ဆရာတော် လူထွက်ပြီးနောက်လည်း မဟာဓမ္မသင်္ကြံဘွဲ့နဲ့ မင်းတိုင်ပင် အရာပေးခဲ့ပါတယ်။ ဘင်္ဂလီနာဂရီဘာသာကနေ မာဂဓဘာသာကို ကျမ်းအမြောက်အမြား ပြန်ဆိုပေးခဲ့တဲ့ ဆရာတော် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, © BRITISH LIBRARY BOARD MSS BURMESE 199
တွင်းသင်းမင်းကြီးကတော့ မြန်မာပြည်မှာ ကျောက်စာ အကိုးအကားတွေ သုံးပြီး ရာဇဝင်ရေးနည်း စခဲ့သူ တယောက်ပါ။ ဘိုးတော်ဘုရား အမိန့်တော်နဲ့ မြန်မာပြည်တဝှမ်း ဘုရားပုထိုးတွေက ကျောက်စာ တွေကို မဟာမုနိဘုရားဝင်းမှာ စုထားပြီး အသစ်ရေးကူးစေပါတယ်။ ဘုရင်ပိုင်မြေနဲ့ သာသနာမြေတွေကို ခွဲခြားသိနိုင်အောင် စုစည်းတာပါ။ နောက် ဒီကျောက်စာတွေကို အထောက်အထားပြုပြီး ဦးထွန်းညိုက တွင်းသင်း ရာဇဝင်ကို ပြုစုခဲ့ပါတယ်။
ဘကြီးတော်ဘုရား လက်ထက်မှာ ပထမ အင်္ဂလိပ် မြန်မာစစ် ရှုံးပြီးနောက် မှန်နန်းရာဇဝင် ရေးသားရာမှာလည်း မဟာဓမ္မသင်္ကြံက အကြီးအအုပ်လုပ်ပြီး ဘိုးတော်လက်ထက်က ရဟန်းနဲ့ လူ ပညာရှိတွေ ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DE AGOSTINI PICTURE LIBRARY
ဘိုးတော်ဟာ အနှစ် ၄ဝ နီးပါး နန်းစံသက်အတွင်း နိုင်ငံထူထောင်မှုတွေ အားထုတ်ခဲ့ပေမယ့် နန်းဆက်ခံတဲ့ မြေးတော် ဘကြီးတော်ခေါ် စစ်ကိုင်းမင်း လက်ထက်ကစပြီး မြန်မာပြည် ကျဆုံးမှုနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။








