အာဖဂန်နစ္စတန်အရေးက အာရှနဲ့ တရုတ်ကို ဘယ်လို လှုပ်နှိုးလိုက်သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, တက်ဆာဝေါင်နဲ့ ကျောက်ရင်ဖန်
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန၊ စင်ကာပူနဲ့ ဝါရှင်တန်
အာဖဂန်နစ္စတန်ထဲကလူတွေ အုံနဲ့ကျင်းနဲ့ အသည်းအသန် ထွက်ပြေးကြရတဲ့ မြင်ကွင်းကို အာရှထဲက လူသန်းနဲ့ချီက ထိတ်လန့်တကြားမြင်ခဲ့ရတဲ့အလားတူ တဖက်မှာလည်း အမေရိကဟာ သူတို့ရဲ့ ယုံကြည်ရတဲ့ မဟာမိတ် ဟုတ်ပါ့ဦးမလားဆိုတဲ့ မေးခွန်းတွေလဲ ထွက်လာပါတယ်။
တာလီဘန်တွေလက်ထဲ ကာဘူးလ်မြို့ ကျသွားပြီး တစ်ပတ်သာကြာတဲ့ အချိန် ပြီးခဲ့တဲ့ တနင်္ဂနွေ ညနေက အမေရိကန် ဒုသမ္မတကာမလာဟဲရစ် စင်ကာပူကို လျှပ်တပြက် အာရှခရီးစဥ် အစ အဖြစ်ရောက်ရှိလာပါတယ်။
သူရောက်လာပြီး အာရှတိုက်ဟာ အမေရိကန်အတွက် ထိပ်တန်းဦးစားပေး ဖြစ်တယ်လို့ နှစ်သိမ့်အားပေးစကား သဘောမျိုးတွေ ပြောခဲ့ပါတယ်။
ဒါပေမယ့် သူဒီလိုပြောလိုက်တာက အာရှတိုက်ထဲက လူတွေရဲ့ စိုးရိမ်မှုကို ဖြေဖျောက်ပေးနိုင်ပါ့မလား။
ပြီးတော့ တဖက်မှာလည်း တရုတ်အတွက် အမေရိကန်ဆန့်ကျင်ရေးဝါဒဖြန့်ချိဖို့ မဟာ အခွင့်အရေးရသွားပြီလို့ပြောနေကြတာကိုလည်း ဖြေရှင်းနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ထွက်လာနေပါတယ်။
စိုးရိမ်ကြောင့်ကျမှုတွေရှိနေ
အာဖဂန်နစ္စတန်က ထွက်လာခဲ့ရတဲ့ အနေအထားကို အမေရိကန်အနေနဲ့ ဘယ်လိုပုံစံမျိုး အဖတ်ဆယ်မလဲဆိုတာ အာရှတိုက်ထဲက လူအများစုက စောင့်ကြည့်နေကြတယ်လို့ စင်ကာပူဝန်ကြီး လီရှန်လွန်းကလည်း တနင်္လာနေ့က ပြောထားတာရှိပါတယ်။
တကယ်တော့ တောင်ကိုရီးယားနဲ့ ဂျပန်ဟာ အာရှတိုက်တွင်းက အမေရိကန်ရဲ့ အဓိက မဟာမိတ်တွေဖြစ်တဲ့အတွက် အာဖဂန်ကိစ္စဟာ အမေရိကန်နိုင်ငံထဲက လူထုယုံကြည်မှုကို ဆိုးဆိုးရွားရွား ထိခိုက်တာမျိုးတော့ မရှိပါဘူး။
ဒါပေမယ့် တချို့ နေရာတွေကနေ စိုးရိမ်ပူပန်မှုတွေ ထွက်လာနေပါတယ်။
ရှေးရိုးစွဲဝါဒီတချို့က သူတို့ စစ်တပ်တွေကို ဒီ့ထက်အင်အားတောင့်တင်းအောင် လုပ်ထားသင့်တယ်လို့ တောင်းဆိုနေကြပြီး တိုက်ပွဲတွေဖြစ်လာရင် အမေရိကန်က သူတို့ကို ထောက်ခံပံ့ပိုးမယ်ဆိုတဲ့ ကတိကို အပြည့်အဝ မယုံသင့်ဘူးလို့ ပြောနေကြပါတယ်။
လက်ရှိအချိန်ထိ ဂျပန်နဲ့ တောင်ကိုရီးယားမှာ အမေရိကန်တပ် ထောင်နဲ့ချီ တပ်စွဲထားပေမယ့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်သာ ပထမဆိုတဲ့ နိုင်ငံခြားရေးမှုဝါဒကြောင့် ဆက်ဆံရေးတွေ အဖုအထစ် ဖြစ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က အေဘီစီ သတင်းဌာနနဲ့ အင်တာဗျူးမှာလည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အာဖဂန်နဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ ထိုင်ဝမ်တို့ကြားက အမေရိ ကန်နိုင်ငံရဲ့ဆက်ဆံရေးဟာ" နှိုင်းယှဉ်လို့မရဘူး။ အခြေခံကွဲပြားမှုတွေရှိတယ်"လို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလိုပြောတာကို ကျွမ်းကျင်သူတွေက သဘောတူကြသလို တောင့်တင်းခိုင်မာတဲ့ စစ်တပ်တွေနဲ့ ခိုင်မာတဲ့ အစိုးရတွေရှိတဲ့ အာရှက ဖွံ့ဖြိုးပြီးတိုင်းပြည်တွေနဲ့ အာဖဂန်နစ္စတန်ကို နှိုင်းယှဥ်လို့ မရဘူးလို့ ပြောပါတယ်။
အမေရိကန်လိုပဲ ဒီမိုကရေစီစံနှုန်းတွေထားရှိကြတဲ့ အာရှဒီမိုကရေစီနိုင်ငံကြီးတွေဟာ အမေရိကန်ရဲ့ အရေးပါတဲ့ ကုန်သွယ်ရေးနဲ့ စစ်ဘက် လုပ်ဖော်ကိုင်ဖက်တွေလည်း ဖြစ်ကြပါတယ်။
တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ အာရှ စစ်ရေးမဟာဗျူဟာ စခန်းတွေတည်ဆောက်နေတဲ့အတွက် အဲ့ဒီက အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်မှာလို အချိန်မရွေး ပြန်ရုပ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ လေ့လာဆန်းစစ်သူအချို့က ထောက်ပြနေကြပါတယ်။
'အမေရိကန်က အဖျက်သမား'
ဒီအခြေအနေကို အသုံးချပြီး တရုတ်က အမေရိကန်ကို ထိုးနှက်တာတွေ လုပ်လာပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီကလည်း အာဖဂန်နစ္စတန်ကနေ အမေရိကန်တွေ ကသောကမျော ထွက်သွားတာဟာ ဆိုးရွားတဲ့ အနုတ်လက္ခဏာပြတာတွေ ဖြစ်လာမယ်လို့ ပြီးခဲတဲ့ တစ်ပတ်က ပြောခဲ့ပြီး တခြားအစိုးရတာဝန်ရှိသူတွေနဲ့ တရုတ်အစိုးရမီဒီယာတွေကလည်း အဲ့လိုပုံစံမျိုးတွေ ဆက်ပြောလာတာတွေ ရှိပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းကလည်း အမေရိကန်တွေ အာဖဂန်နစ္စတန်က ထွက်သွားတာကို ဆိုင်ဂုံကျဆုံးခန်းနဲ့ အကြိမ်ကြိမ်နှိုင်းယှဥ်ပြောခဲ့သလို သူ့လုပ်ဖော်ကိုင်ဖက် ဟွာချွမ်းယင်ကလည်း အမေရိကန်တွေ ခြေချလိုက်တဲ့ နေရာတိုင်း ဆူပူမှု၊ မိသားစုတွေ ပြိုကွဲတာ၊ သေကြေတာတွေနဲ့ တခြားကြောက်စရာကောင်းတာတွေဖြစ်ပြီး "ပျက်စီး"ကုန်တယ်လို့ ပြောခဲ့ပါတယ်။
အစိုးရအာဘော်သတင်းစာ ဂလိုဘယ်တိုင်းကလည်း အမေရိကန်အားကိုးနဲ့ တရုတ်ပြည်မကြီးကို ဆန့်ကျင်နေ တာတွေရပ်ဖို့နဲ့ ထိုင်ဝမ်ကိစ္စနဲ့ အမေရိကန်က တရုတ်နဲ့ စစ်တိုက်မှာမဟုတ်ဘူးလို့ သူတို့ ရေးခဲ့ပါတယ်။
အဲဒီသတင်းစာရဲ့ အယ်ဒီတာချုပ်ကလည်း တွစ်တာမှာ အခုလို ရေးသားခဲ့ပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post, 1

အမေရိကန်ကနေ လက်နက်တွေဝယ်နေတဲ့ ထိုင်ဝမ်ဟာ သူတို့ကိုယ်သူတို့ လွတ်လပ်တဲ့ နိုင်ငံတစ်ခု အဖြစ်ခံယူထားပေမယ့် တရုတ်ဘက်ကအမြင်မှာတော့ ခွဲထွက်သွားတဲ့ နယ်တစ်ခု အဖြစ်သဘော ထားနေပြီး လိုအပ်ရင် အင်အားသုံးပြီး ပြန်သိမ်းရမယ်လို့ ပြောနေပါတယ်။
ထိုင်ဝမ်တွေက တရုတ်ကို တာလီဘန်တွေနဲ့ အကြိမ်ကြိမ် ခိုင်းနှိုင်းတာတွေ အခုရက်ပိုင်း အတွင်းမှာ လုပ်နေလာတာကို တွေ့ရပါတယ်။
ထိုင်ဝမ် ဝန်ကြီးချုပ် ဆူဆန်ချန်က တိုင်ဝမ်ကို ကျုးကျော်သိမ်းပိုက်ချင်တဲ့ နိုင်ငံခြားတပ်ဖွဲ့တွေ တာလီဘန်ကို အားကျနေပြီလို့ ပြောသလို နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူကလည်း တွစ်တာမှာ ထိုင်ဝမ်ပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တရုတ်တွေက တာလီဘန်ကို အတုယူနေပြီလို့ တွစ်တာမှာ ပြောပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post, 2

အေဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းထဲမှာ ဂျိုးဘိုင်ဒန်က ထိုင်ဝမ်ကို တောင်ကိုရီးယားနဲ့ ဂျပန်တို့နဲ့ တပေါင်းတည်းပြောခဲ့ပေမယ့် စစ်ဖြစ်ရင် အကာအကွယ်ပေးမယ်လို့ အမေရိကန်က သဘောတူ စာချုပ်ချုပ်ဆိုထားတဲ့ တောင်ကိုရီးယား၊ ဂျပန်တို့ နဲ့ ထိုင်ဝမ် အခြေအနေက မတူပါဘူး။
ထိုင်ဝမ်ဟာ တခြားသူတွေလို အမေရိကန်နဲ့ ကာကွယ်ရေးချုပ်ဆိုထားတာမရှိတဲ့အတွက် အကြွင်းမဲ့ လုံခြုံရေး အကာအကွယ်တော့ ရနိုင်မှာ မဟုတ်ပါဘူး။
နောက်ပိုင်းမှာ အမေရိကန်အာဏာပိုင်တွေပြောတဲ့ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ မရေရာတဲ့ မဟာဗျူဟာကို ပြောင်းဖို့ အစီအစဥ်မရှိခဲ့ပေမယ့် ဒီကိစ္စက တရုတ်အစိုးရမီဒီယာမှာ ပြောစရာတစ်ခု ပိုဖြစ်လာခဲ့ပါတယ်။
အာဖဂန်နစ္စတန်ကနေ ရုပ်သိမ်း သွားတဲ့ကိစ္စဟာ အမေရိကန်ဟာ မယုံကြည်ရဘူးလို့ အာရှကလူတွေက လက်ခံသွားဖို့ တရုတ်အနေနဲ့ ပြောဖို့ မဟာအခွင့်အရေး ပေးသလိုဖြစ်သွားတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။
"ဒီဝါဒဖြန့်ချိရေးရဲ့ အဓိကအချက်က အမေရိကန်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းအလုပ်လုပ်နေတဲ့ အစိုးရတွေကို သူတို့လူထုက ဖိအားပိုပေးလာကြပြီး ဆက်ဆံရေးကို အားနည်းသွားစေမယ်" လို့ စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပူးတွဲပါမောက္ခ အီရန်ချုံက ပြောပါတယ်။
သိပ်မထူးခြားတဲ့အခြေအနေပဲလား
ဒါပေမယ့် အာဖဂန်နစ္စတန်ဟာ တရုတ်တွေအတွက်တော့ အခွင့်အလမ်းကောင်းကြီးတစ်ခုအနေနဲ့ပဲ ရှိတာတော့ မဟုတ်ပါဘူး။
အာဖဂန်နစ္စတန်က လတ်တလောအပြောင်းအလဲတွေဟာ အကျိုးအမြတ်ရမှာထက် အန္တရာယ်ပိုများနေတယ်လို့ တရုတ်အစိုးရက မြင်နေတဲ့အကြောင်း ဂျာမန်မာရှယ်ရန်ပုံငွေအဖွဲ့က အာရှရေးရာကျွမ်းကျင်သူ ဘွန်နီဂလေစကလည်း ပြောပါတယ်။
"မတည်ငြိမ်မှုတွေဖြစ်လာနိုင်တဲ့ အလားအလာနဲ့ စစ်သွေးကြွတွေ၊ အကြမ်းဖက်သမားတွေ ခိုအောင်းမယ့် နေရာ ဆက်ဖြစ်လာမှာကို တရုတ်တွေက အရမ်းစိုးရိမ်နေကြတယ်" လို့ သူက ပြောပါတယ်။
လက်တွေ့လှုပ်ရှားမှုအရ တရုတ်က တာလီဘန်ခေါင်းဆောင်ကို ပြီးခဲ့တဲ့လတုန်းက ဖိတ်ခေါ်ဆွေးနွေးခဲ့ပြီး အာဖဂန်နစ္စတန်ကို စီးပွားရေးအကူအညီပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် အာဖဂန်နစ္စတန်ဟာ အကြမ်းဖက်သမားတွေရဲ့ ယာယီစင်မြင့်အဖြစ် အသုံးချခံရမှာလည်း စိုးရိမ်နေပါတယ်။
ဂိမ်းကစားသလို စီးပွားရေးကို စွန့်စားလုပ်တတ်တဲ့ တရုတ်ကုမ္ပဏီတွေက အာဖဂန်မှာ ရေနံထုတ်ဖို့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ရေနံထုတ်လုပ်ခွင့် နဲ့ ကြေးနီထုတ်လုပ်ခွင့်တွေ အတွက် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
လွန်ခဲ့တဲ့ တစ်ပတ်က တာလီဘန်တွေ အာဏာပြန်ရတုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်က "အာဖဂန်ပြည်သူတွေရဲ့ ရွေးချယ်မှု"ကို အသိမှတ်ပြုနားလည်တယ်လို့ ပြောလိုက်တဲ့စကားကို တရုတ်လူမှုကွန်ရက်မီဒီယာမှာ ဝေဖန်ခံခဲ့ရပါတယ်။
တရုတ်မှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေမြင့်တက်နေချိန်ဖြစ်ပြီး အလားတူ အာဖဂန်အမျိုးသမီးတွေအပေါ် တာလီဘန်တွေရဲ့ ဆက်ဆံမှုကိုလည်း အများစုက အွန်လိုင်းမှာ ဝေဖန်ခဲ့ကြပါတယ်။
တရုတ်ဟာ သူ့ပြည်တွင်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ခေါင်းစဥ်အောက်မှာ မွတ်စလင်လူနည်းစုတွေကို ရက်ရက်စက်စက်ဖြိုခွင်းနေပေမဲ့ အခုဆိုရင် တဖက်မှာလည်း အစ္စလာမ်မစ်စစ်သွေးကြွအုပ်စုတစ်ခုနဲ့ ပူးပေါင်းအလုပ်လုပ်ဖို့ ဖြစ်လာနေပါတယ်။
တရုတ်အစိုးရဟာ ဝီဂါမွတ်စလင်တွေကို အာဏာနဲ့ နှိပ်ကွပ်နေတဲ့ အလားတူ ဘာသာ ရေးအဖွဲ့တွေက ပြဿနာရှိတယ်လို့ လူတွေ သဘောထားလာအောင် လုပ်နေပါတယ်။ ဒါကြောင့် တာလီဘန်တွေနဲ့ ပူးပေါင်းအလုပ်လုပ်တဲ့ကိစ္စဟာ အခက်အခဲတစ်ခု ဖြစ်လာနိုင်သလို ရှေ့နောက်မညီတဲ့သဘောမျိုး ဖြစ်လာတယ်လို့ ဒေါက်တာချုံက ပြောပါတယ်။
"ဘယ်လိုပဲဖြစ်ဖြစ် တရုတ်က နည်းဗျူဟာ အသာရဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ဒီလိုလုပ်တာက ဘယ်လိုရလဒ်ထွက်လာမလဲ။ အခုချိန်ထိ အာဖဂန်နစ္စတန်နိုင်ငံက ဘယ်လိုပုံမျိုးနဲ့ ရှေ့ဆက်သွားမလဲ ဆိုတာကိုတောင် ကျွန်တော်တို့ မသိကြ သေးဘူးလေ"
အမေရိကန်ကို စောင့်ကြည့်နေကြ
ဂလေဇာလို လေ့လာသူတစ်ချို့က အာဖဂန်ကနေ အမေရိကန် ရုပ်သိမ်းသွားရတာအတွက် အမေရိကန်ရဲ့ ခေါင်းဆောင်မှု အဆုံးသတ်သွားတာ မဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။
ပြီးတော့ တရုတ်နဲ့ ယှဥ်ပြိုင်မှုတွေလုပ်ပြီး အာရှတိုက်ကို အမေရိကန်ကပို အာရုံစိုက်လာမယ်လို့ ယုံကြည်ကြတဲ့အတွက်လည်း သူ့ မဟာမိတ်တွေကို စိတ်သက်သာရာရလာစေနိုင်မှာဖြစ်ပါတယ်။
အင်္ဂါနေ့က စင်ကာပူမှာပြောတဲ့ သူ့မိန့်ခွန်းထဲမှာလည်း အမေရိကန်ရဲ့အာ ရှတိုက် အပေါ်ထားတဲ့ယုံကြည်သစ္စာရှိမှုအကြောင်းကို ကာမလာ ဟဲရစ်က ထည့်ပြောခဲ့ပါတယ်။
"ဒီအာရှတိုက်ထဲမှာ ကျွန်မတို့ရဲ့ ခိုင်မြဲတဲ့ အကျိုးစီးပွားရေးတွေ ရှိသလို ခိုင်မာတဲ့ လုံခြုံရေးကိစ္စတွေ အပါအဝင် ခိုင်မြဲတဲ့ နှစ်မြှုပ်ထားမှုတွေလည်း ရှိတယ်ဆိုတာ သံသယမရှိပါဘူး။ ဆက်ဆံရေးတွေ ပိုအားကောင်းလာအောင် ကျွန်မတို့ရဲ့ အချိန်တွေ ကျွန်မတို့ရဲ့ အင်အားတွေကို ရင်းမြှုပ်နှံသွားမယ်လို့ ကတိပြုပါတယ်"လို့ ကာမလာဟဲရစ်က ပြောခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters
II-SS အာရှအဖွဲ့ ရဲ့ အမှုဆောင်အရာရှိ ဂျိမ်းစ် ကရာထရီကလည်း ကာမလာဟဲရစ်ရဲ့ အလည် အပတ်ခရီးစဥ်ကို အခုလို မှတ်ချက်ပြုခဲ့ပါတယ်။
"ငါတို့ကို ဂရုမစိုက် အလေးမထားဘူးဆိုတဲ့ ဝေဖန်ပြစ်တင်မှုတွေကို သူတို့ ပြန်ပေါ်လာပြီဆိုတာနဲ့ အမေရိကန်တွေက အဖြေပေးသွားတာပါ "လို့ သူက ပြောခဲ့ပါတယ်။
အခု နောက်မေးခွန်းတစ်ခုက မိတ်ဖက်တွေလို့ပြောပြီး လက်တွေ့မှာ အမေရိကန်တွေက ဘယ်လောက်ကူညီမှာလဲ ဆိုတာပါ။
အမေရိကန်အနေနဲ့ ကတိပေးထားတာထက် ပိုလုပ်ပေးဖို့လိုမယ်လို့ တစ်ချို့က ယူဆထား ကြပါတယ်။ အနာဂတ်မှာ အမေရိကန်လုပ်ဆောင်မယ့်ထဲမှာ ကုလသမဂ္ဂရဲ့ ရေကြောင်း ဥပဒေညီလာခံ သဘောတူညီမှုကို လက်မှတ်ထိုးဖို့ ၊ သမ္မတဒေါ်နယ်ထရမ့်လက်ထက် နုတ်ထွက်ခဲ့တဲ့ ပစိဖိတ်ဖြတ်ကျော်ကုန်သွယ်ရေး သဘောတူညီမှုအဖွဲ့ထဲကို ပြန်ဝင်ဖို့တွေ ပါပါတယ်။
"အခုချိန်ကစပြီး အမေရိကန်တွေ အာရှထဲမှာ ဘာတွေဆက် လုပ်မလဲဆိုတာ လူတွေက ပိုအနီးကပ် စောင့်ကြည့်လာကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ အာဖဂန်ကိစ္စမှာ သူတို့ဟာ ယုံကြည်စိတ်ချရတဲ့ လူတွေမဟုတ်ဘူးဆိုတဲ့ တွေးလာကြလို့လေ။ "
အဲ့ဒါကြောင့် အမေရိကန်အနေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး လူတွေရဲ့ မေးခွန်းထုတ်တာကို ပိုစိုးရိမ်လာနိုင်သလို သူတို့ ဒီလိုမဟုတ်ပါဘူးဆိုတာကို လည်း သက်သေပြချင်စိတ်တွေ ဖြစ်လာမှာပါ။








