တာလီဘန်အခြေအနေက အာဖရိကတိုက်က ဂျီဟက်ဒ်ဝါဒီတွေကို ဘယ်လို သက်ရောက်နိုင်သလဲ

အစ္စလာမ္မစ် သူပုန်တွေကို နှိမ်နင်းရာမှာ အနောက်နိုင်ငံတွေက ကူညီထောက်ပံ့မှုကို အားကိုးနေတဲ့ အာဖရိကတိုက် နိုင်ငံတွေရဲ့ အစိုးရတွေကို အာဖဂန်မှာ တာလီဘန် အောင်ပွဲခံမှုက လှုပ်နှိုးလိုက်သလို ဖြစ်သွားခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အစ္စလာမ္မစ် သူပုန်တွေကို နှိမ်နင်းရာမှာ အနောက်နိုင်ငံတွေက ကူညီထောက်ပံ့မှုကို အားကိုးနေတဲ့ အာဖရိကတိုက် နိုင်ငံတွေရဲ့ အစိုးရတွေကို အာဖဂန်မှာ တာလီဘန် အောင်ပွဲခံမှုက လှုပ်နှိုးလိုက်သလို ဖြစ်သွားခဲ့

အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်တွေလက်အောက် ကျသွားတာကို အာဖရိကတိုက်အတွင်းမှာ သူပုန်ထနေတဲ့ အစ္စလာမ္မစ်အုပ်စုတွေကလည်း လျင်လျင်မြန်မြန်ပဲ ကြိုဆို အောင်ပွဲခံနေကြတာကို တွေ့နေရပါတယ်။

ဆိုမားလီးယားနိုင်ငံက အယ်လ်ရှာဘတ်အဖွဲ့နဲ့ နီးစပ်တဲ့ သတင်းဌာနတစ်ခုက ဆိုရင်လည်း အခုလို အာဖဂန်မှာ တာလီဘန် အောင်ပွဲခံမှုကို “ဘုရားသခင်က ကြီးမြတ်ပါပေတယ်”လို့ကြေညာပြီး အောင်ပွဲခံခဲ့ပါတယ်။

အာဖရိကတိုက်အတွင်းက ရှစ်နိုင်ငံလောက်အထိ ဖြန့်ကြက်လှုပ်ရှားနေတဲ့ JNIM အဖွဲ့ခေါင်းဆောင် ကလည်း ၂၀၁၉ နောက်ပိုင်း ပထမဆုံး လူသိရှင်ကြား ထုတ်ပြန်မှု တစ်ခုအနေနဲ့ တာလီဘန်တွေကို ဂုဏ်ပြုစာ ထုတ်ပြန်ခဲ့ပါတယ်။

JNIM ဆိုတာကတော့ ဂျမား နူဆာရပ် အယ်လ် အစ္စလာမ် ဝယ်လ် မူဆလင်မင် ဆိုတဲ့ အစ္စလာမ္မစ် အဖွဲ့ဖြစ်ပြီး အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အဲဒီအဖွဲ့ခေါင်းဆောင် အီယက် အဂါလီ က သူတို့ အနိုင်ရနေပြီလို့ ပြောဆိုခဲ့ပြီး အာဖရိကတိုက် အနောက်ပိုင်း ဆာဟယ် ဒေသလို့ခေါ်တဲ့ ဆာဟာရသဲကန္တာရ တောင်ပိုင်းက နိုင်ငံတွေမှာ ပြင်သစ်က တပ်ဖွဲ့ဝင်တွေ လျှော့ချဖို့ ဆုံးဖြတ်မှုကိုလည်း ကိုးကားပြောဆိုခဲ့ပါတယ်။

အခုလို အာဖရိကမှာလည်း အလားတူ အောင်ပွဲတွေ ရနေတယ်လို့ ယူဆနေကြသူတွေဟာ အာဖရိကတိုက်ရဲ့ အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားတွေ ချည်းပဲတော့ မဟုတ်ပါဘူး။

အာဖရိကအရှေ့ပိုင်း ဆိုမားလီးယားက စလို့ အာဖရိကအနောက်ပိုင်း နိုင်ဂျီးရီးယားနိုင်ငံတွေအထိ အသီးသီးမှာ ထုတ်ဝေနေကြတဲ့ သတင်းစာတွေကလည်း အခုလို အာဖရိက အစ္စလာမ္မစ်ဝါဒီတွေ အောင်ပွဲရနေတဲ့ ကိစ္စကို ဆောင်းပါးတွေ ဖော်ပြနေကြပါတယ်။

ဒါတင်မကသေးပဲ အဲဒီနိုင်ငံအသီးသီးက နိုင်ငံသားတွေကပါ အခုလို အစ္စလာမ္မစ်ဝါဒီတွေ အောင်ပွဲရနေတဲ့ ကိစ္စဟာ စိုးရိမ်စရာဖြစ်တယ် ဆိုပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေးသားလာကြပါတယ်။

ဒီလိုအခြေအနေမှာ အစ္စလာမ္မစ် သူပုန်တွေကို နှိမ်နင်းရာမှာ အနောက်နိုင်ငံတွေက ကူညီထောက်ပံ့မှုကို အားကိုးနေတဲ့ အာဖရိကတိုက် နိုင်ငံတွေရဲ့ အစိုးရတွေကို အာဖဂန်မှာ တာလီဘန် အောင်ပွဲခံမှုက လှုပ်နှိုးလိုက်သလို ဖြစ်သွားခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။

မာလီနိုင်ငံမှာ ဂျီဟက်ဒ်ဝါဒီ အဖွဲ့တွေကြောင့် နိုင်ငံသားထောင်ချီ ထွက်ပြေးနေရ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မာလီနိုင်ငံမှာ ဂျီဟက်ဒ်ဝါဒီ အဖွဲ့တွေကြောင့် နိုင်ငံသားထောင်ချီ ထွက်ပြေးနေရ

မာလီနိုင်ငံက အစ္စလာမ္မစ် သူပုန်အခြေအနေ

အာဖရိကတိုက်ရဲ့ အကြီးဆုံး နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်တဲ့ မာလီနိုင်ငံဟာ ၂၀၁၂ ခုနှစ်ကစပြီး နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာရှိတဲ့ ဂျီဟက်ဒ်ဝါဒီ အုပ်စု အမျိုးမျိုးကို ကိုင်တွယ်နှိမ်နင်းနေရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

အခုလို နှိမ်နင်းရာမှာ ပြင်သစ်နိုင်ငံက စေလွှတ်တဲ့ တပ်ဖွဲ့တွေနဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေကို မာလီနိုင်ငံက အားကိုးနေခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ယခင် ပြင်သစ်ရဲ့ ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ မာလီနိုင်ငံကို ပြင်သစ်တပ်တွေ စေလွှတ်မှုအပေါ် မာလီပြည်တွင်းက မကျေနပ်မှုတွေ ရှိသလို ပြင်သစ်ပြည်တွင်းကလည်း ကန့်ကွက်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာတော့ ပြင်သစ်ဟာ မာလီနိုင်ငံမှာ ထားရှိမယ့် ပြင်သစ်တပ်ဖွဲ့ဝင် အရေအတွက်ကို ၂၅၀ဝ ကနေ ၃၀ဝ၀ အကြားလောက်ပဲ ထားတော့မယ့် အစီအစဉ် ကြေညာခဲ့ပြီး ဒီလိုလျှော့ချမှုကို နောက်နှစ် အစောပိုင်းမှာ စတင်မယ်လို့ ဆိုပါတယ်။

ဒီလို လျှော့ချလိုက်တဲ့အချိန်မှာ အများအားဖြင့် အသေအချာ လေ့ကျင့်မှု အားနည်းပြီး လက်နက်ကိရိယာလည်း မပြည့်စုံတဲ့ မာလီတပ်ဖွဲ့ဝင်တွေက အစ္စလာမ္မစ်အုပ်စုတွေကို ထိန်းထားနိုင်ပါ့မလားဆိုတာ စိုးရိမ်စရာ ဖြစ်လာပါတယ်။

မာလီနိုင်ငံက လယ်ပေယီ သတင်းစာ အယ်ဒီတာချုပ် ဘူရိန်မာ ဂွင်ဒိုက အခုအချိန်မှာ အများပြည်သူတွေက အာဖဂန်လို ဖြစ်သွားမှာကို စိုးရိမ်နေကြတယ်လို့ ပြောဆိုခဲ့ပါတယ်။

လယ်ပေယီ သတင်းစာဟာ အခြားမာလီနိုင်ငံမှာ ထုတ်ဝေတဲ့ သတင်းဌာနတွေနဲ့အတူ မာလီနိုင်ငံရဲ့ စစ်အင်အားကို ခိုင်မာအောင်လုပ်ဖို့ လှုံ့ဆော်နေတဲ့ သတင်းဌာနတစ်ခုလည်း ဖြစ်ပါတယ်။

ဆိုမာလီးယားမှာ အစ္စလာမ္မစ် အဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့အတွက် ကုလသမဂ္ဂရဲ့ ထောက်ခံချက်နဲ့ အာဖရိက သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေကိုလည်း အားကိုးနေရ

ဓာတ်ပုံ ရင်းမြစ်, SOMALI ARMY / HANDOUT

ဓာတ်ပုံ ပုံစာ, ဆိုမာလီးယားမှာ အစ္စလာမ္မစ် အဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့အတွက် ကုလသမဂ္ဂရဲ့ ထောက်ခံချက်နဲ့ အာဖရိက သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေကိုလည်း အားကိုးနေရ

အလားအလာ မကောင်းလှတော့တဲ့ ဆိုမားလီးယား အခြေအနေ

ဆိုးမားလီးယားနိုင်ငံက အစ္စလာမ္မစ် သူပုန်တွေကို နှိမ်နင်းနေရတဲ့ အခြေအနေဟာ အာဖဂန်မှာ တာလီဘန်တွေ အသာရသွားတဲ့ အခြေအနေနဲ့ အလားသဏ္ဍန် အတူဆုံး ဖြစ်တယ်လို့ ယူဆလာကြတဲ့အတွက် စိုးရိမ်မှုတွေလည်း ကြီးထွားနေပါတယ်။

ဆိုမားလီးယားနိုင်ငံမှာ ၂၀ဝ၀ ပြည့်နှစ် အလယ်ပိုင်းလောက်ကစပြီး အယ်လ်ကိုင်းဒါးနဲ့ ဆက်စပ်တဲ့ အယ်လ်ရှာဘတ် အုပ်စုက စတင် လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။

အခုလို မလှုပ်ရှားခင်မှာလည်း ဒီနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ အစိုးရပြိုလဲမှုနဲ့ ဆယ်စုနှစ်နဲ့ ချီပြီး ပြည်တွင်းစစ်တွေ ဖြစ်ပွားထားခဲ့တဲ့အတွက် အခြေအနေတွေကို ပိုဆိုးစေခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ အနေအထားမှာဆိုရင် နိုင်ငံတကာရဲ့ ထောက်ခံမှုရတဲ့ ဆိုမားလီးယားအစိုးရက နိုင်ငံရဲ့ ဒေသအတော်များများကို ထိန်းချုပ်နိုင်ရေး ရုန်းကန်နေရပါတယ်။

အခုလို ထိန်းချုပ်နိုင်ဖို့အတွက် ကုလသမဂ္ဂရဲ့ ထောက်ခံချက်နဲ့ အာဖရိက သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေကိုလည်း အားကိုးနေရပါတယ်။

အခုလို နိုင်ငံခြားတပ်ဖွဲ့တွေ ထားရှိ အားကိုးနေရတဲ့ အကြောင်းရင်းကတော့ စစ်သွေးကြွတွေကို အမြစ်ဖြတ် ချေမှုန်းဖို့နဲ့ အစိုးရဘက်ကိုလည်း နိုင်ငံတော် တည်ဆောက်ရေး အချိန်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အာဖဂန်မှာ ဖြစ်ခဲ့သလိုပဲ အစိုးရအတွင်း အကျင့်ပျက်ခြစားမှုတွေ ရှိနေတယ်လို့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဒီနှစ်အတွင်းမှာလည်း ရွေးကောက်ပွဲ နှောင့်နှေးမှုနဲ့ ပတ်သက်လို့ မြို့တော် မိုဂါဒစ်ရှူးမှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ အချင်းချင်း ပြန်လည် ပစ်ခတ်တာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဆိုမားလီးယားဆိုင်ရာ ကုလသမဂ္ဂစီမံကိန်းရဲ့ နိုင်ငံရေးအကြံပေး အီလ်ဟမ် ဂက်ဆာကတော့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်သူတွေ အနေနဲ့ အယ်လ်ရှာဘတ်ကို တိုက်ဖျက်ဖို့ကိုပဲ အာရုံစိုက်နေပြီး အစိုးရ အုပ်ချုပ်မှု ခိုင်မာရေး အလေးမထားပဲ ဆိုမားလီးယားပြည်တွင်း ဘဝနေထိုင်မှုကောင်းမွန်ရေးကိုလည်း ဘယ်တော့မှ အာရုံမစိုက်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဆိုမားလီးယား အစိုးရဟာ ဒီနှစ်ကုန်ပိုင်းမှာ လုံခြုံမှု စစ်ဆင်ရေးတွေကို ကိုယ်တိုင်စတင် ဦးဆောင်ရဖို့ အချိန်ကျလာပေမယ့် စစ်တပ်ရဲ့ လုပ်နိုင်စွမ်းအပေါ် မေးခွန်းထုတ်နေမှုတွေနဲ့အတူ ဒီလိုဦးမဆောင်နိုင်လောက်တဲ့ အနေအထားတွေ ဖြစ်လာခဲ့ပါတယ်။

ဆိုမားလီးယားပြည်တွင်းက သုတေသနနဲ့ မူဝါဒ ဖော်ဆောင်ရေး think tank အဖွဲ့ ဟီရား အင်စတီကျု ရဲ့ ခေါင်းဆောင် ဆမီရာ ဂိုက် က ဆိုရင်လည်း ဆိုမာလီးယား တပ်ဖွဲ့ဝင်တွေဟာ အခု အာဖဂန်မှာ အရှုံးပေးလိုက်တဲ့ တပ်ဖွဲ့ဝင်တွေလောက်တောင် ထိုးစစ် ဆင်ခံရမှုအတွက် ပြင်ပြင်ဆင်ဆင် ရှိမထားဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဆိုမားလီးယားနိုင်ငံဟာ လက်နက်ဝယ်ယူခွင့် ပိတ်ပင်ခံထားရတဲ့ နိုင်ငံလည်း ဖြစ်နေသေးတဲ့အတွက် အာဖဂန်အစိုးရမှာ ရှိခဲ့တဲ့ လက်နက်မျိုးတွေ ဝယ်ယူဖို့တောင် မဖြစ်နိုင်ပဲ ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ဒီနိုင်ငံက ရရှိနေတဲ့ အကူအညီတွေ ပိုပြီး လျှော့ချခံရမယ့် အလားအလာတောင် မြင်နေရပြီး ဥရောပသမဂ္ဂ ဆိုရင်လည်း ထောက်ပံ့ငွေ ပေးအပ်မှု လျှော့ချနေပြီ ဖြစ်တဲ့အတွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့အရေး ဆိုမားလီးယားအစိုးရမှာ အချိန်သိပ်မရှိတော့ဘူးလို့ ဆိုနိုင်ပါတယ်။

ဗီဒီယို ပုံစာ, အစ္စလမ်ဘာသာရေး ဥပဒေအတိုင်း အမျိုးသမီးအခွင့်အရေးတွေ လေးစားလိုက်နာမယ်လို့ တာလီဘန်ပြော

နိုင်ငံရေးအရ အဖြေရှာမှု ဖြစ်နိုင်ခြေ

အာဖဂန်မှာလိုပဲ အာဖရိကမှာလည်း အလားတူတွေ့ရတဲ့ အခြေအနေကတော့ အစိုးရ အုပ်စိုးမှု အားနည်းတာ၊ ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ အားနည်းတာနဲ့ ဆင်းရဲမွဲတေမှု ပြဿနာတွေ ဖြစ်ပြီး ဒီအခြေအနေတွေမှာ အစ္စလာမ္မစ် အုပ်စုတွေ အားကောင်းလေ့ရှိတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် မိုဇမ်ဘစ်နိုင်ငံ ကေဘို ဒယ်လ်ဂါဒို ဒေသအတွင်းက အခြေအနေတွေကို အာဖရိက အနောက်ပိုင်းဒေသက အစ္စလာမ္မစ် အုပ်စုတွေက အခွင့်ကောင်းယူပြီး တပ်သားသစ် စုဆောင်းတာတွေ လူထုထောက်ခံမှု ယူတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

တချို့အခြေအနေတွေမှာ သူပုန်တွေက ပြည်သူအတွက် ပေးတဲ့ ဝန်ဆောင်မှုကတောင် ပိုကောင်းနေပြီး ဒေသခံ အသိုင်းအဝိုင်းကြားမှာလည်း ပိုကောင်းတဲ့ တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်တဲ့အတွက် တရားဝင်အုပ်ချုပ်သူများသဖွယ် ဖြစ်လာကြတာတွေလည်း တွေ့နေရပါတယ်။

အခုလို အနေအထားမျိုးမှာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့အတွက် စစ်ရေးနည်းလမ်း တစ်ခုတည်းနဲ့ လုပ်လို့မရပဲ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာပြီး အဲဒီ သူပုန်တွေနဲ့တောင် ဆွေးနွေးတဲ့ လမ်းကြောင်းကို လက်ခံမှုတွေလည်း အာဖရိကတစ်လွှားမှာ ရှိလာခဲ့ပါတယ်။

အာဖဂန်မှာ ဖြစ်သွားပုံအရ အာဖရိကတိုက်မှာလည်း စိုးရိမ်စရာ ရှိတယ် ဆိုပေမယ့် အထူးသဖြင့် အနောက်အာဖရိကမှာ ရှိတဲ့ စစ်သွေးကြွ အုပ်စုတွေက တာလီဘန်လို စုစုစည်းစည်း ရှိကြတဲ့ အဖွဲ့တွေတော့ မဟုတ်ကြဘဲ မျှော်မှန်းတဲ့ ပန်းတိုင်ကလည်း အမြဲတမ်း တစ်ထပ်တည်း မကျတာကို တွေ့ရပါတယ်။

ဒါ့အပြင် အိုင်အက်စ်နဲ့ အယ်လ်ကိုင်းဒါးအဖွဲ့တို့ နိုင်ငံတကာမှာ အပြိုင်အဆိုင်ဖြစ်လာတာကြောင့် သူတို့နဲ့ နီးစပ်တဲ့ အဖွဲ့အသီးသီးတို့ အချင်းချင်း တိုက်ခိုက်မှုတွေလည်း ရှိနေရာမှာ အာဖရိက အစိုးရတွေ အားနည်းသလောက်ထက်ကို ဒီအဖွဲ့တစ်ဖွဲ့ချင်းရဲ့ အနေအထားက ပိုပြီး အားနည်းတယ်လို့ လုံခြုံရေး ကျွမ်းကျင်သူ ဖူလန် နာဆရူလာက ထောက်ပြခဲ့ပါတယ်။

ဗီဒီယို ပုံစာ, အာဖဂန်နစ္စတန်ကနေ အမေရိကန် တပ်တွေ ဆုတ်ခွာတဲ့အပေါ် ဂျိုးဘိုင်ဒန်က ကာကွယ်ပြောဆို

အာဖဂန်အခြေအနေကနေ အာဖရိကနိုင်ငံတွေ အတွက် ဘာသင်ခန်းစာ ယူလို့ရမလဲ

အာဖဂန်မှာ ဖြစ်လာမယ့် အခြေအနေကြောင့် အာဖရိကတိုက်နဲ့ ပတ်သက်တဲ့ အစိုးရမူဝါဒတွေ ဘယ်လို အပြောင်းအလဲ ဖြစ်လာမလဲဆိုတာ ခန့်မှန်းဖို့ကတော့ စောသေးတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ အာဖရိကတိုက်ကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားတဲ့ နိုင်ငံတွေအနေနဲ့ ဘယ်လို အောင်အောင်မြင်မြင် ထွက်ခွာလာခဲ့ရမလဲ ဆိုတဲ့ ကိစ္စအပေါ် ဆွေးနွေးမှုတွေ ရှိလာပါတယ်။

နိုင်ငံတကာ အကျပ်အတည်းဆိုင်ရာ အုပ်စု လို့ ခေါ်တဲ့ သုတေသနနဲ့ မူဝါဒ ဖော်ဆောင်ရေး think tank အဖွဲ့က ကွန်းဖော့ အယ်ရိုကတော့ အကျင့်ပျက် ခြစားမှုတွေ ရှိတဲ့ အစိုးရရှိမှု၊ ပြည်ပအကူအညီအပေါ် အကြီးအကျယ် မှီခိုရမှုနဲ့ ပြည်တွင်းမှာ တရားဝင် အနေအထား ထောက်ခံမှု မရမှုတွေ ရှိတယ်ဆိုရင် နိုင်ငံတကာ ထောက်ပံ့မှု မရှိတော့တဲ့အခါမှာ ကျန်ခဲ့တဲ့ အစိုးရက မထိန်းနိုင်တာကို တွေ့ရတဲ့အတွက် အာဖဂန် အခြေအနေကို ကြည့်ပြီး ဆိုမားလီးယားမှာ အလားတူမဖြစ်အောင် နိုင်ငံတကာဘက်က ချင့်ချင့်ချိန်ချိန် လုပ်လာကြမယ်လို့ ယူဆထားပါတယ်။