အာဖဂန်ကို သိမ်းလိုက်တဲ့ တာလီဘန်နဲ့ ရုရှားတို့ ဘယ်လိုဆက်ဆံရေး ရှိနေခဲ့သလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဖဂန်က တာလီဘန်လက်အောက်ကို ကျလာတဲ့ အချိန်မှာ အမေရိကန်နဲ့တကွ ဥရောပနိုင်ငံတွေက သူတို့ရဲ့ အာဖဂန်ပြည်တွင်းရောက် နိုင်ငံသားတွေနဲ့ အာဖဂန်နိုင်ငံသား လုပ်ဖော်ကိုင်ဖက်တွေကို ပြည်ပခေါ်ထုတ်နိုင်ဖို့ အပြေးအလွှားလုပ်နေကြပေမယ့် ဒီအထဲမှာ ရုရှားနိုင်ငံ မပါဝင်တာကို တွေ့ရပါတယ်။
အာဖဂန်မြို့တော် ကာဘူးလ် ဆိုရင် အရင်ကထက်တောင် ပိုလုံခြုံသွားပြီး တာလီဘန်တွေ ဆိုတာကလည်း “ပုံမှန် သူလိုကိုယ်လို လူတွေပါပဲ” လို့ ရုရှားသံတမန်တွေက ပြောဆိုခဲ့ပြီး တာလီဘန်သိမ်းပိုက်မှုအပေါ် သိသိသာသာ စိုးရိမ်ကြောင်း မပြခဲ့ပါဘူး။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကလည်း အာဖဂန်ကို တာလီဘန်သိမ်းပိုက်မှုက ဖြစ်လာပြီးတဲ့ အရှိတရားတစ်ခုဖြစ်ပြီး အဲဒီ အရှိတရားကို ရင်ဆိုင် ကိုင်တွယ်ရမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့ကပဲ ပြောဆိုထားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တာလီဘန်တွေနဲ့ ပတ်သက်ပြီး ရုရှားဘက်က ဘာတွေ စပြောခဲ့သလဲ
တာလီဘန်တွေ ကာဘူးလ်မြို့ထဲအထိ ဝင်မလာခင်မှာပဲ မြို့တွင်းမှာ ရှိတဲ့ သံရုံးတော်တော်များများက ပိတ်လိုက်ကြပေမယ့် ရုရှားကတော့ သူတို့ရဲ့ သံရုံးကို မပိတ်တဲ့အပြင် အာဖဂန်အုပ်ချုပ်သူတွေ ဖြစ်လာတဲ့ တာလီဘန်တွေအပေါ် နွေးနွေးထွေးထွေး စကားပြောဆိုခဲ့ကြပါတယ်။
အာဖဂန်ဆိုင်ရာ ရုရှားသံအမတ် ဒီမီထရီ ဇဲနော့ဗ် ဆိုရင်လည်း အာဖဂန်ကို တာလီဘန်က သိမ်းယူပြီးတဲ့ ၄၈ နာရီအတွင်း တာလီဘန် ကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့ပြီး တာလီဘန်ဘက်က လက်တုံ့ပြန် အကြမ်းဖက်မှု လုပ်တဲ့ သက်သေအထောက်အထား မတွေ့ခဲ့ရဘူးလို့ ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားကိုယ်စားလှယ် ဗက်ဆီလီ နီဗန်းဇီးယား ဆိုရင်လည်း အာဖဂန်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တောက်ပတဲ့ အနာဂါတ်ကို မြင်နေရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိအနေအထားဟာ နှစ်ပေါင်းများစွာ သွေးမြေကျမှုတွေ အဆုံးသတ်သွားပြီး တရားဥပဒေစိုးမိုးတဲ့ အနေအထား ပြန်ရောက်လာတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
သမ္မတ ပူတင်က စေလွှတ်လိုက်တဲ့ အာဖဂန် ဆိုင်ရာ အထူးသံတမန် ဇမီရာ ကဘူးလော့ဗ်က ဆိုရင် ယခုတာလီဘန်တွေဟာ ယခင် ရုပ်သေးအစိုးရ လက်ရှိပြည်ပြေး အာဖဂန်သမ္မတ အရှရက်ဖ် ဂါနီရဲ့ အစိုးရအဖွဲ့ထက်တောင် ဆွေးနွေးရတာ အဆင်ပြေသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။
ရုရှားရဲ့ သံတမန်ဝန်ထမ်းတွေက ဆိုရင်လည်း မစ္စတာ ဂါနီဟာ ကားလေးစီးအပါအဝင် ငွေစက္ကူတွေ အပြည့်ပါတဲ့ ရဟတ်ယာဉ်တစီးနဲ့အတူ ပြည်ပကို ထွက်ပြေးသွားခဲ့တယ်လို့ လက်ရှိရက်သတ္တပတ်ထဲမှာပဲ စွပ်စွဲထားကြပြီး မစ္စတာ ဂါနီဘက်ကတော့ ဒါတွေဟာ မဟုတ်တမ်းတရား ပြောဆိုမှုတွေ ဆိုပြီး ငြင်းဆိုထားပါတယ်။
ရုရှားက တာလီဘန်တွေနဲ့ ဘယ်လို အဆင်ပြေလာတာလဲ
ရုရှားနိုင်ငံဟာ တာလီဘန်တွေရဲ့ အာဖဂန်ရဲ့ အုပ်ချုပ်သူတွေအဖြစ် အပြေးအလွှား အသိအမှတ်ပြုလိုက်တာတော့ မဟုတ်ပေမဲ့ သူတို့အပေါ် ပျော့ပျော့ပျောင်းပျောင်း ပြောဆိုလာခဲ့တာကတော့ သိသာတယ်လို့ ဆိုနိုင်ပါတယ်။
ရုရှားအစိုးရရဲ့ သတင်းဌာန တက်စ် ဆိုရင်လည်း လက်ရှိ သတင်းပတ်အတွင်းမှာပဲ တာလီဘန်တွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြရာမှာ အကြမ်းဖက်သမား ဆိုတဲ့ စကားလုံးအစား စိတ်ဓာတ်ပြင်းပြ လှုပ်ရှားသူများ ဆိုတဲ့ စကားလုံး ပြောင်းသုံးခဲ့တာကို တွေ့ရပါတယ်။
တကယ်တမ်းဆိုရင် ရုရှားအစိုးရက တာလီဘန်တွေနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နေတာ အချိန်တစ်ခု ရှိလာပြီလို့ ဆိုနိုင်ပါတယ်။
တာလီဘန်အဖွဲ့ကို ရုရှားက ၂၀ဝ၃ ခုနှစ်ကတည်းက စပြီး အကြမ်းဖက်အဖွဲ့စာရင်းသွင်း ပိတ်ပင်ထားခဲ့ပေမယ့် ၂၀၁၈ ခုနှစ်ကစပြီး တာလီဘန် ကိုယ်စားလှယ်တွေက ရုရှားမြို့တော် မော်စကိုကို တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေ အတွက် လာရောက်နေခဲ့ကြပါတယ်။
အနောက်နိုင်ငံတွေ ကျောထောက်နောက်ခံရှိတဲ့ ယခင်အာဖဂန်အစိုးရက ဆိုရင်လည်း ရုရှားသမ္မတရဲ့ အာဖဂန်ဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ တာလီဘန်ဘက်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံနေတယ်လို့ စွပ်စွဲခဲ့ပြီး ရုရှားအစိုးရရဲ့ အာဖဂန်ရေးရာ ဆွေးနွေးပွဲတွေမှာ တရားဝင်အာဖဂန်အစိုးရကို ဖယ်ထားတယ်ခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
ဒါပေမဲ့ မစ္စတာ ကဘူးလော့ဗ်ကတော့ အခုလို စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အာဖဂန်အရေးအတွက် ရုရှားရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြု ကျေးဇူးမတင်တဲ့ စွပ်စွဲမှု ဖြစ်တယ်လို့လည်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
မစ္စတာ ကဘူးလော့ဗ်ဟာ အစ္စလာမ္မစ်နိုင်ငံအဖွဲ့ အိုင်အက်စ် အဖွဲ့ဝင် ဂျီဟက်ဒ်ဝါဒီတွေကို နှိမ်နင်းဖို့ အရေးကိစ္စမှာဆိုရင် တာလီဘန်နဲ့ ရုရှားတို့ရဲ့ အကျိုးစီးပွားတွေက ထပ်တူကျပါတယ် ဆိုပြီး ၂၀၁၅ ခုနှစ်တုန်းက ပြောဆိုခဲ့ဖူးပါတယ်။
အခုလို ပြောဆိုမှုတွေကို အမေရိကန်အစိုးရဘက်ကလည်း သတိထားမိလာခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လမှာတော့ အဲဒီအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလ်လာဆင်က ရုရှားဟာ တာလီဘန်တွေကို လက်နက်တွေပါ ထောက်ပံ့နေတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး နားမလည်နိုင်စရာ စွပ်စွဲချက် ဖြစ်တယ်လို့လည်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
အခုလို စွပ်စွဲချက်နဲ့ ပတ်သက်လို့ အမေရိကန်တွေဘက်က သက်သေပြဖို့ တောင်းဆိုခဲ့ပေမယ့် ဘာမှ တုံ့ပြန်ချက် မရခဲ့ဘူးလို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပြီး တာလီဘန်တွေကို ဘယ်လို ထောက်ပံ့မှုမျိုးမှ မလုပ်ပါဘူးလို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
လောလောလတ်လတ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဆိုရင်လည်း မစ္စတာ ကဘူးလော့ဗ်က တာလီဘန်တွေဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဆွေးနွေးထားခဲ့တဲ့ အချက်အလက်တွေကို အပိုအလိုမရှိ လိုက်နာ ဖြည့်ဆည်းပေးခဲ့ပေမဲ့ အာဖဂန် အစိုးရဘက်ကတော့ ဒီဆွေးနွေးထားခဲ့တဲ့ အချက်တွေကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့လို့ အာဖဂန် အစိုးရဘက် ဒေါသထွက်ခဲ့ရပါတယ်။
ရုရှားတွေရဲ့ ဒေသတွင်း လုံခြုံရေးကို အလေးပေးလာမှု
ရုရှားအစိုးရဟာ တာလီဘန်တွေနဲ့ အခုလို နီးစပ်တဲ့ ဆက်ဆံရေး ရှိလာပေမယ့် လက်ရှိအနေအထားအထိ လက်တွေ့ကျကျ ကိုင်တွယ်နေတယ်လို့ ယူဆရပါတယ်။
ရုရှားဟာ တာလီဘန်ကို အကြမ်းဖက်အဖွဲ့စာရင်းက မထုတ်ပယ်သေးတဲ့အပြင် အာဖဂန် ပြည်တွင်းအခြေအနေ ပြောင်းလဲမှုအနေအထား ကိုလည်း စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။
တာလီဘန်တွေအနေနဲ့ အာဖဂန်ပြည်တွင်း အခြေအနေတွေ တည်ငြိမ်အောင် ထိန်းချုပ်ပေးပါမယ်ဆိုတဲ့ ကတိစကားတည်ပေးမယ်လို့ မျှော်လင့်တယ်လို့လည်း ရုရှားသမ္မတ ပူတင်က ပြောဆိုထားပါတယ်။
အာဖဂန်ပြည်တွင်းက အကြမ်းဖက်သမားတွေက အိမ်နီးချင်းနိုင်ငံတွေကို ပျံ့နှံ့ရောက်ရှိသွားတာမျိုး မဖြစ်ဖို့ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။
ရုရှားရဲ့ လက်ရှိအာဖဂန်ရေးရာ မူဝါဒကို အဓိက ပုံသွင်းနေတဲ့ နောက်ခံ အကြောင်းအရာတွေထဲမှာ ဒေသတွင်း လုံခြုံရေးအပါအဝင် အာဖဂန်နဲ့ ပတ်သက်တဲ့ ရုရှားရဲ့ ဆိုးဝါးတဲ့ အတွေ့အကြုံတွေလည်း အပါအဝင် ဖြစ်ပါတယ်။
ဆိုဗီယက် ရုရှားအစိုးရဟာ ၁၉၇၉ အာဖဂန် ပြည်တွင်း မငြိမ်မသက်မှု ဖြစ်နေချိန်မှာ သူတို့ရဲ့ စစ်တပ်ကို စေလွှတ်ခဲ့ပြီး ၁၉၈၉ အရောက်မှာတော့ စစ်အသုံးစရိတ်ဖိအားနဲ့ နိုင်ငံတကာဖိအားတွေကြောင့် ပြန်လည် ဆုတ်ခွာပေးခဲ့ရပါတယ်။ အခုလို ဆုတ်ခွာခဲ့ပြီး နှစ်အနည်းငယ်အကြာ ၁၉၉၂ အရောက်မှာတော့ ဆိုဗီယက်တို့ ကျောထောက်နောက်ခံ ပေးခဲ့တဲ့ အာဖဂန် အစိုးရ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။
အခုလို သမိုင်းကြောင်းရှိထားတဲ့ ရုရှားအနေနဲ့ သူတို့ရဲ့ မဟာမိတ် အာရှအလယ်ပိုင်းဒေသ နိုင်ငံတွေအတွက် စိတ်ချရတဲ့ နယ်စပ်အနေအထား ရှိဖို့ လိုလားနေပြီး အကြမ်းဖက်ဝါဒ ပြန့်ပွားမှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း ပြန့်ပွားမှုတို့ကို တားဆီးချင်နေတာ ဖြစ်ပါတယ်။
၂၀ဝ၁ စက်တင်ဘာလ ၁၁ ရက်နေ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှု အပြီးမှာ အမေရိကန်တွေက ယခင် ဆိုဗီယက်ပြည်ထောင်စုအတွင်းမှာ ပါဝင်ခဲ့တဲ့ အဲဒီ အာရှအလယ်ပိုင်းဒေသ နိုင်ငံတွေမှာ အခြေစိုက်ပြီး တာလီဘန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကိုလည်း ရုရှားက အစပိုင်းမှာ ကြိုဆိုထောက်ခံခဲ့ပါတယ်။
ဒါပေမဲ့လည်း နောက်ပိုင်းမှာ အမေရိကန်နဲ့ ဆက်ဆံရေးက မပြေမလည် ဖြစ်သွားခဲ့ပါတယ်။
လက်ရှိအခြေအနေမှာ ဆိုရင်တော့ ရုရှားဟာ သြဂုတ်လ အစောပိုင်းမှာ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန် နိုင်ငံတို့နဲ့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါဟာလည်း အာရှအလယ်ပိုင်း နိုင်ငံတွေထဲက ရုရှားရဲ့ မဟာမိတ်နိုင်ငံတွေကို သူတို့ လုံခြုံရေးအတွက် စိတ်ချစေချင်တဲ့အတွက် ပြုလုပ်ပေးတာလို့လည်း ဆိုနိုင်ပါတယ်။
အမှန်တကယ်ဆိုရင် တာလီဘန်တွေရဲ့ အာဖဂန်မှာ တိုးတက် ထိန်းချုပ်လာနိုင်မှုတွေက ရုရှားရဲ့ ဒေသတွင်း မဟာမိတ်နိုင်ငံတွေကို ခြိမ်းခြောက်လာမှာ မဟုတ်ပါဘူး ဆိုတဲ့ ကတိနဲ့ အိုင်အက် စစ်သွေးကြွတွေကို ဆက်လက် တိုက်ခိုက်ပေးပါမယ်ဆိုတဲ့ ကတိတွေကို ရုရှားတို့က တာလီဘန်တွေဆီက ပြီးခဲ့တဲ့လ ကတည်းက ရခဲ့ပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားရဲ့ အာဖဂန် ဆိုင်ရာ ခါးသီးတဲ့ စစ်အတွေ့အကြုံ
ရုရှားအနေနဲ့ အာဖဂန်ကို တပ်သားစေလွှတ်တဲ့အထိ မလုပ်ပါဘူး ဆိုတာကို အစဉ်တစိုက် ပြောဆိုနေခဲ့ပြီး ဒီလို ဘာ့ကြောင့် ပြောဆိုနေတာလည်း ဆိုတာကို မြင်ဖို့ကတော့ မခက်လှပါဘူး။
၁၉၈၀ နောက်ပိုင်းမှာ ဆိုဗီယက်ရုရှားဟာ အာဖဂန်မှာ သွေးစွန်းခဲ့တဲ့ တိုက်ပွဲတွေ သွားရောက် ဆင်နွှဲခဲ့ရပြီး ဆိုဗီယက်အတွင်း အကျိုးယုတ်စေတဲ့ အဓိပ္ပာယ်မဲ့ စစ်ဆင်နွှဲမှုတွေ ဖြစ်တယ်လို့လည်း အများက ဝေဖန်ထောက်ပြတာကို ခံခဲ့ရပါတယ်။
၁၉၇၉ မှာ ဆိုဗီယက်ရုရှားအစိုးရနဲ့ မဟာမိတ်ဖြစ်တဲ့ အာဖဂန်အစိုးရ တည်တံ့ရေးအတွက် တပ်သားစေလွှတ် တိုက်ပွဲဝင်ရမှုက ရှစ်နှစ်အထိ ကြာသွားခဲ့ပြီး ဆိုဗီယက်စစ်သား တစ်သောင်းခွဲလောက်လည်း အသက်ပေးခဲ့ရပါတယ်။ အဲဒီအာဖဂန်ပြည်တွင်း တပ်စွဲမှု ကာလအတွက် စစ်အသုံးစရိတ်ကလည်း ဆိုဗီယက်ရဲ့ ယိုင်နဲ့နေပြီးသား စီးပွားရေးကို ပိုပြီး ဝန်ပိစေခဲ့ပါတယ်။
ဆိုဗီယက်ရဲ့ အာဖဂန်စစ်ပွဲကြောင့် နိုင်ငံတကာက ဝိုင်းကြဉ်တာကိုလည်း ခံခဲ့ရပြီး ရုရှားမှာ ကျင်းပတဲ့ ၁၉၈၀ အိုလံပစ်ပြိုင်ပွဲကို နိုင်ငံအတော်များများက သပိတ်မှောက်ခဲ့ကြပါတယ်။
အဲဒီကာလက ဆိုဗီယက်အစိုးရက အာဖဂန်မြို့တော် ကာဘူးလ်မှာ အာဖဂန်နိုင်ငံရေးသမား ဘာဘရတ် ကာမယ် ဦးဆောင်တဲ့ အာဖဂန် အစိုးရကို နောက်ခံပြု အားပေးထားခဲ့ပါတယ်။
ဒီလို အားပေးထားတဲ့ အချိန်အတွင်းမှာပဲ အမေရိကန်၊ ပါကစ္စတန်၊ တရုတ်၊ အီရန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေက ဆိုဗီယက်တပ်သားတွေနဲ့ ဆိုဗီယက်တွေနဲ့ မဟာမိတ် အာဖဂန်တပ်သားတွေကို တိုက်ခိုက်နေတဲ့ မူဂျာဟေဒင် တပ်ဖွဲ့တွေကို လက်နက်နဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့ကြပါတယ်။
အခုလို တိုက်ခိုက်ကြရာမှာ ဆိုဗီယက်ဘက်က သေဆုံးတဲ့ တပ်သားအများစုက တပ်သားသစ် စုဆောင်းမှုမှာ ပါဝင်လာတဲ့ ဆယ်ကျော်သက်တွေ ဖြစ်ခဲ့ကြပြီး ဆိုဗီယက် ပြည်တွင်းလူထုက မကျေနပ်မှုတွေ တိုးပွားလာခဲ့ရာမှာ ဒီအာဖဂန်စစ်ပွဲက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှုကို ပိုမို လျင်မြန်စေခဲ့တယ်လို့လည်း အခုအချိန်မှာ ပြန်လည် သုံးသပ်ကြပါတယ်။
အာဖဂန် လက်ရှိနဲ့ အနာဂါတ်ကို ရုရှားကို ဘယ်လို စဉ်းစားနိုင်သလဲ
လက်ရှိ ရုရှားအစိုးရရဲ့ ပြောဆိုမှုတွေအရ သူတို့ဟာ အာဖဂန်ကို တာလီဘန်တွေက သိမ်းပိုက်လိုက်မှာကို ကြိုတင် သိရှိပြီး ပြင်ဆင်နေခဲ့ပြီးသား ဖြစ်တယ်လို့ အထင်ရောက်စရာ ရှိပါတယ်။
ဒါပေမဲ့ နိုင်ငံရေး ကျွမ်းကျင်သူ တချို့တော့ တာလီဘန်တွေ အာဖဂန်ကို သိမ်းပိုက်နိုင်လိုက်တဲ့အပေါ် ရုရှားအစိုးရကလည်း အခြားနိုင်ငံတွေနည်းတူ အံ့အားတသင့် ဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။
ခေတ်သစ် အာဖဂန်နစ္စတန် လေ့လာမှု ရေးရာ ရုရှားစင်တာက အင်ဒရေ စရန်ကို ကလည်း ရုရှားအစိုးရဆီက ဘယ်လို နိုင်ငံရေး နည်းဗျူဟာ နဲ့ လုပ်နေပါတယ် ဆိုပြီး ပြောစရာမရှိလှပဲ သေသေချာချာ ပြင်ဆင်ထားခြင်း မရှိဘဲ ဆုံးဖြတ်ချက် ချနေတာကိုပဲ မြင်နေရတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရုရှားအစိုးရအနေနဲ့ ဒေသတွင်း နိုင်ငံရေး အခင်းအကျင်း ပုံစံကို ပုံဖော်ရာမှာ နောက်ကျပြီးမှ ပါဝင်ရသူ ဖြစ်သွားမှာကိုတောင် စိုးရိမ်နေပုံရတယ်လို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။
ရုရှား နိုင်ငံတကာရေးရာ ကောင်စီလို့ခေါ်တဲ့ သုတေသနနဲ့ မူဝါဒဖော်ဆောင်ရေး Think Tank အဖွဲ့ ခေါင်းဆောင် အန်ဒရေး ကော်တူးနော့ဗ်ကတော့ တာလီဘန်တွေ အနေနဲ့ တကယ်တမ်း အာဖဂန်တစ်နိုင်ငံလုံးကို ထိန်းနိုင်မှာ မဟုတ်ဘူးလို့ ယူဆနေပါတယ်။
တာလီဘန်တွေဟာ အထူးသဖြင့် အာဖဂန်မြောက်ပိုင်းကို ထိန်းချုပ်ရ ခက်နိုင်တဲ့အတွက် အဲဒီ အခြေအနေက ရုရှားနဲ့တကွ ရုရှားမဟာမိတ်နိုင်ငံတွေကို ခြိမ်းခြောက်လာနိုင်ခြေ ရှိတယ်လို့လည်း သူက ယူဆနေပါတယ်။
အာဖဂန်မှာ အခြေစိုက်တဲ့ အယ်လ်ကိုင်းဒါး အဖွဲ့ခွဲတွေ ဒါမှမဟုတ် အိုင်းစစ်စ် အဖွဲ့တွေက အာရှအလယ်ပိုင်း ဒေသမှာ လှုပ်ရှားမှုတွေ လုပ်လာနိုင်ပြီး သိသိသာသာ ယိုယွင်းလာတဲ့ အာဖဂန် စီးပွားရေး အခြေအနေကြောင့်လည်း နောက်ထပ် မတည်မငြိမ်မှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့ မစ္စတာ ကော်တူးနော့ဗ်က စိုးရိမ်နေပါတယ်။











