အာဖဂန်နစ္စတန် - တာလီဘန်အောင်ပွဲရဲ့ အိန္ဒိယနဲ့ တောင်အာရှ ဒေသအပေါ် ရိုက်ခတ်မှု

တာလီဘန်ဟာ အချိန်တိုအတွင်း အာဖဂန်နစ္စတန် ကို ထိန်းချုပ်နိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တာလီဘန်ဟာ အချိန်တိုအတွင်း အာဖဂန်နစ္စတန် ကို ထိန်းချုပ်နိုင်ခဲ့
    • ရေးသားသူ, ဗီကားစ် ပန်ဒီ
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန၊ ဒေလီ

အာဖဂန်နစ္စတန်ကို တာလီဘန်တွေက အချိန်တိုအတွင်း ထိန်းချုပ်လိုက်တာကြောင့် ကမ္ဘာတဝန်းက လုံခြုံရေးနဲ့ သံတမန်ရေး ကျွမ်းကျင်သူတွေ ကြက်သေသေသွားခဲ့ရပါတယ်။ ကာဘူးလ်မြို့တော် ကျဆုံးခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ကမ္ဘာ့နိုင်ငံတွေလည်း ဆယ်စုနှစ် ၂ ခုစာ ရင်းနှီးမြှုပ်နှံမှုတွေ အလုပ်တွေအကုန် ထားခဲ့ပြီး သူတို့ နိုင်ငံသားတွေနဲ့ သံတမန်တွေကို ကသုတ်ကယက် ကယ်ထုတ်နေကြရပြီ ဖြစ်ပါတယ်။

ဒီလို တာလီဘန်ရဲ့ အောင်မြင်မှုတွေကြောင့် တောင်အာရှ ဒေသတွင်းရဲ့ ပထဝီနိုင်ငံရေးမှာ ကြီးမားတဲ့ အပြောင်းအလဲကြီးတွေ ရှိလာနိုင်ပါတယ်။ အထူးသဖြင့် အိန္ဒိယအတွက်ဖြစ်ပါတယ်။ အိန္ဒိယဟာ အာဖဂန်နစ္စတန်နဲ့ သမိုင်းစဥ်ဆက် ဆက်ဆံရေးမပြေပြစ်တဲ့အပြင် ပါကစ္စတန်၊ တရုတ်တို့နဲ့လည်း နယ်စပ်ကိစ္စ အငြင်းပွားမှုတွေ ရှိနေပါတယ်။

တခါ ပါကစ္စတန်ကလည်း အာဖဂန်နစ္စတန်နဲ့ နယ်စပ်ချင်း ထိစပ်နေပြီး သူတို့ မြောက်ဘက် အိမ်နီးချင်းနိုင်ငံရဲ့ အရေးကိစ္စတွေမှာ အတော်ပါဝင် ပတ်သက်နေတာ ဖြစ်ပါတယ်။ အခု တရုတ်ကလည်း အာဖဂန်နစ္စတန် အရေးတွေမှာ အဓိက နေရာက ပါဝင်ပတ်သက်လိုတဲ့ အရိပ်အယောင်မျိုးတွေ ပြလာနေပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝန်ယိ ကိုယ်တိုင် ပြီးခဲ့တဲ့ လပိုင်းက တာလီဘန် အကြီးတန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာကို ကြည့်ရင် ဘေကျင်းဟာ နှုတ်ဆိတ်နေတာ့မှာ မဟုတ်ဘူးဆိုတာကို ပြသနေပြီ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နဲ့ ဆီးရီးယား ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဟောင်း Gautam Mukhopadhaya ကတော့ ဒီလို ပထဝီနိုင်ငံရေးမှာ ချိန်ခွင်လျှာ အပြောင်းအလဲ တွေဖြစ်လာခဲ့ရင် အခြေအနေတွေလည်း ကပြောင်းကပြန်တွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

တချိန်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ ကာဘူးလ် အာဖဂန်နစ္စတန်အစိုးရဟာ အနောက်အုပ်စုနဲ့ အိန္ဒိယလို့ ဒီမိုကရေစီ နိုင်ငံတွေအတွက် လျော့ရိလျော့ရဲ မဟာမိတ်မျိုး ဖြစ်ခဲ့ပါတယ်။ အခုတော့ အာဖဂန်နစ္စတန်ရဲ့ စာမျက်နှာသစ်ဟာ ပါကစ္စတန်၊ ရုရှား၊ အီရန်နဲ့ တရုတ်တို့ ပါ ပါဝင်ပတ်သက်လာကြတော့မှာ ဖြစ်တဲ့ ကစားပွဲကြီး တခုလို ဖြစ်လာပါတယ်။

အိန္ဒိယထဲမှာတော့ တချို့က ဒါဟာ ဒေလီအတွက် ဆုံးရှုံးမှု ဖြစ်ပြီး ပါကစ္စတန်အတွက် အမြတ်ထွက်တာပဲလို့ ယူဆကြပါတယ်။ ဒါပေမယ့် အိန္ဒိယ သံတမန်ဟောင်း တဦး ဖြစ်တဲ့ Jitendra Nath Misra ကတော့ ဒါရိုးလွန်းတယ်၊ ပက်ရှ်တွန်း တာလီဘန်တွေက အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် ကြားက နယ်စပ်ကို ဘယ်တုန်းကမှ အသိအမှတ်မပြုတာကြောင့် ဒါနဲ့ပတ်သက်လို့ အစ္စလာမ်မာဘတ်ဒ်ဟာ မအီမသာ ဖြစ်နေရတာလို့ ပြောပါတယ်။

ပါကစ္စတန်က တာလီဘန်တွေကို နယ်စပ်ကို အသိအမှတ်ပြုစေချင်တယ်။ ဒါက သူတို့အတွက် ထိပ်တန်းဦးစားပေးပဲ လို့ သူက ပြောပါတယ်။ ဒါပေမယ့် တာလီဘန် အုပ်ချုပ်ရေးဟာ ပါကစ္စတန်အတွက် အိန္ဒိယအပေါ် မဟာဗျူဟာပိုင်း အသာရသလို ဖြစ်သွားတယ်၊ အစ္စလာမ်မာဘတ်ဒ်အတွက် သူတို့ လိုချင်တာ ရသွားတာပဲ၊ အာဖဂန်နစ္စတန် မှာသူတို့ လိုသလို ချယ်လှယ်လို့ ရနိင်မယ့် အစိုးရမျိုး ရသွားတာ လို့ ဝါရှင်တန် အခြေစိုက် Wilson Center အကြံပေး အဖွဲ့ရဲ့ လက်ထောက် ညွှန်ကြားရေးမှူး Michael Kugelman က ပြောပါတယ်။

ပါကစ္စတန် အာဏာပိုင်တွေက ဒါ အိန္ဒိယရဲ့ ဆုံးရှုံးမှုပဲဆို ပုံဖော်ကြမှာပဲ၊ ဒါပေမယ့် ဒီထက် ပိုပြီး ကြီးမားတဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေလည်း ရှိသေးတယ်၊ လတ်တလောမှာ သူတို့ကိုယ်သူတို့လည်း ဒေသတွင်းမှာ အမြတ်အထွက်ဆုံးပဲလို့ မှတ်ယူထားကြတယ်လို့ Mr Kugelman က ပြောပါတယ်။

ပြည်ပနိုင်ငံတွေက အာဖဂန်နစ္စတန်ထဲက သူ့နိုင်ငံသားတွေကို လေယာဥ်တွေလွှတ်ပြီး ခေါ်ယူ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပြည်ပနိုင်ငံတွေက အာဖဂန်နစ္စတန်ထဲက သူ့နိုင်ငံသားတွေကို လေယာဥ်တွေလွှတ်ပြီး ခေါ်ယူ

ကျွမ်းကျင်သူတွေကတော့ အမေရိကန်နဲ့ အိန္ဒိယတို့ အကြား ပိုမို ရင်းနှီးလာတာနဲ့ အရင် အာဖဂန် သမ္မတ Ashraf Ghani နဲ့ အစ္စလာမ်မာဘတ်ဒ်အကြား ဟက်ဟက်ပက်ပက် မရှိတော့တွေကိုလည်း ပါကစ္စတန်ဘက်က မနှစ်မြို့ဘူးလို့ ဆိုပါတယ်။ ပြီးတော့ ရုန်းကန်နေရတဲ့ တိုင်းပြည်စီးပွားရေးကလည်း ပျော့ကွက်တခုလို ဖြစ်နေခဲ့ပါတယ်။

အခုတော့ အစ္စလာမ်မာဘတ်ဒ် အစိုးရအဖို့ သူတို့ရဲ့ ၁၂ ရာသီ ကောင်းမွန်တဲ့ တရုတ်နဲ့ ဆက်ဆံရေးတွေကြောင့် အာဖဂန်နစ္စတန် အရေးမှာ အမြတ်ထွက်မယ်လို့ ယုံကြည်ထားပါတယ်။ တဖက်မှာလည်း ဘေကျင်းက သူတို့ရဲ့ အင်အားကို ချပြလာရုံတင်မကဘဲ တရုတ်ဟာ သူတို့ အတွက် အမြတ်ထွက်ရင် ဘယ်ဇာတ်ထုတ်မဆို ဝင်ကနိုင်နေပြီ ဖြစ်တယ်လို့ Mr Misra က ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ တရုတ် အကျိုးစီးပွားတွေလည်း ရှိနေပါတယ်။ သူတို့ လိုသည်ထက် လိုဖြစ်နေတဲ့ သတ္တု တွင်းထွက်တွေ ရဖို့ အထောက်အကူတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေထက် ပိုပြီး အရေးကြီးတာက တရုတ်က မွတ်စလင် အများစု ရှိတဲ့ ရှင်ကျန်းပြည်နယ်မှာ မတည်မငြိမ် ဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ အရှေ့ တာကက်စ်တန် အစ္စလာမ်မ်စ လှုပ်ရှားမှု အဖွဲ့ (ETIM) ကို အာဖဂန်မြေပေါ်မှာ အခြေမစိုက်အောင် ပိတ်ပင်ဖို့ တာလီဘန်တွေကို ဖိအားပေးလာနိုင်ပါတယ်။

အာဖဂန်နစ္စတန်နဲ့ ဆီးရီးယား ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဟောင်း Gautam Mukhopadhaya က တရုတ်နဲ့ ပါကစ္စတန်ဟာ အာဖဂန်နစ္စတန်အရေးမှာ တယောက်ကို တယောက် ဖေးကူ သယ်ပိုးရင်း ခရီးနှင်နေကြတဲ့ တူကြောင်း ပြောပါတယ်။ ဒါပေမယ့် ဘေကျင်းအနေနဲ့ အရင်က တခြားကမ္ဘာ့အင်အားကြီး နိုင်ငံတွေ ကြုံခဲ့ရသလို ဘယ်ထောင်ချောက်ထဲမှ ဝင်မသွားမိဖို့ သတိထားဖို့ လည်း လိုတယ်လို့ ပြောပါတယ်။

အာဖဂန် အရေးနဲ့ ပတ်သက်ရင် ရုရှားနဲ့ အီရန်ဟာလည်း အကြံတူနေကြတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဘယ်နိုင်ငံမှ သူတို့ သံရုံးတွေကို မပိတ်သေးသလို သံရုံးအမှုထမ်းတွေလည်း ကာဘူးလ်မြို့တော်မှာ ဆက်လက် တာဝန် ထမ်းဆောင်နေကြဆဲ ဖြစ်ပါတယ်။

လက်တုံ့ပြန်မှုတွေ မလုပ်ပါဘူးလို့ တာလီဘန်က ပြောပေမယ့် ကျွမ်းကျင်သူတွေကတော့ ဒါတွေကို ယုံဖို့ စောလွန်းသေးတယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, လက်တုံ့ပြန်မှုတွေ မလုပ်ပါဘူးလို့ တာလီဘန်က ပြောပေမယ့် ကျွမ်းကျင်သူတွေကတော့ ဒါတွေကို ယုံဖို့ စောလွန်းသေးတယ်လို့ ဆို

ဒီတော့ အိန္ဒိယကရော ဘာလုပ်နိုင်မလဲ။ အာဖဂန်နစ္စတန်အရေးကိစ္စတွေမှာ အိန္ဒိယဟာ အမေရိကန်၊ ရုရှား နဲ့ ပါကစ္စတန်တို့လောက် အရေးပါတဲ့ နေရာမျိုးမှာ ဘယ်တုန်းကမှ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒေလီဟာ လုံခြုံရေးနဲ့ ယဥ်ကျေးမှု ရေးရာတွေမှာတော့ အမြဲ ဆက်ဆံမှုတွေရှိနေခဲ့ပါတယ်။ အိန္ဒိယမှာ ကျောင်းတက်၊ အလုပ်လုပ် ဖို့နဲ့ ဆေးကုသခံဖို့ ရောက်နေတဲ့ အာဖဂန် လူမျိုး ထောင်ပေါင်း များစွာ ရှိပါတယ်။

Mr Misra က ဒေလီအတွက် အကျိုးရှိမယ့် ရွေးချယ်စရာ ဘာမှ မရှိဘူးလို့ ပြောပါတယ်။ မကောင်းတာနဲ့ အဲဒါထက် ပိုဆိုးမယ့် ဟာမျိုးတွေပဲ ရွေးစရာ ရှိတယ်လို့ သူက ဆိုပါတယ်။ လတ်တလော အိန္ဒိယအတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီးက တာလီဘန် အစိုးရကို အသိအမှတ်ပြုမလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ ဆုံးဖြတ်ရခက်တဲ့ ကိစ္စ ဖြစ်ပါတယ်။ တကယ်လို့သာ မော်စကိုနဲ့ ဘေကျင်းက တာလီဘန် အစိုးရကို တနည်းနည်းနဲ့ တမျိုးတဖုံ အသိအမှတ်ပြုလိုက်မယ် ဆိုရင် ပိုတောင် ခက်ခဲ လာနိုင်ပါတယ်။ အစ္စလာမ်မာဘတ်ဒ်ကတော့ ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်တုန်းကလိုပဲ တာလီဘန် အစိုးရကို တရားဝင် အသိအမှတ်ပြုလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

ခုချိန်မှာ အိန္ဒိယအတွက် အကောင်းဆုံး ရွေးချယ်စရာ လမ်းကကတော့ တာလီဘန်နဲ့ ဆက်သွယ်ရေး လမ်းကြောင်းတခု ဖွင့်ထားဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေလီနဲ့ တာလီဘန်အကြားက သမိုင်းကြောင်းကို ကြည့်ရင်တော့ ဒီဆက်ဆံမှုဟာလည်း သိပ်တော့ အဆင်ပြေမယ့်ပုံ မပေါ်ပါဘူး။ တာလီဘန်တွေဟာ ၁၉၉၉ ခုနှစ်က အိန္ဒိယ ခရီးသည်တင် လေယာဥ်ကို ပြန်ပေးဆွဲခဲ့တဲ့ လူတွေကို ဘေးကင်း လုံခြုံစေဖို့ ကူညီပေးခဲ့ဖူးပါတယ်။ ဒါနဲ့ ပတ်သက်လို့ အိန္ဒိယ ပြည်သူတွေ မမေ့ပျောက်ကြသေးပါဘူး။ နောက်ပြီး ဒေလီဟာ တာလီဘန်တွေကို ၁၉၉၆ ကနေ ၁၉၉၉ အထိ ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့နဲ့လည်း အမြဲတမ်း အဆက်အဆံ ရှိနေခဲ့ပါတယ်။

မြို့ကြီးတွေ အားလုံးမှာ တာလီဘန်တွေ ကင်းလှည့်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မြို့ကြီးတွေ အားလုံးမှာ တာလီဘန်တွေ ကင်းလှည့်နေ

ဒါပေမယ့် ကာဘူးလ်မြို့တော် တာလီဘန်လက်ကို ကျခဲ့ပြီးပြီ ဖြစ်တာကြောင့် အိန္ဒိယဟာ အတိတ်က ဖြစ်ရပ်တွေကို ဘေးချိတ်ပြီး သူ့အကျိုးစီးပွား မထိခိုက်အေင် လုပ်ဖို့ နဲ့ ဒေသတွင်း တည်ငြိမ်မှု ဆက်လက် တည်တံ့နေစေဖို့ စဥ်းစားလာနိုင်ပါတယ်။ နောက်ပြီး တာလီဘန်ရဲ့ အောင်မြင်မှုကို အားကျပြီး Jaish-e-Mohammad နဲ့ Lashkar-e-Taiba တို့လို စစ်သွေးကြွ အဖွဲ့တွေ အိန္ဒိယ ထဲမှာ တိုက်ခိုက်မှုတွေ လုပ်လာမှာကို စိုးရိမ်နေတာလည်း ရှိပါတယ်။

လန်ကက်စတာ တက္ကသိုလ်က နိုင်ငံရေး ပါမောက္ခ Amalendu Misra က အိန္ဒိယဟာ သံတမန်ရေး သတိကြီးစွာနဲ့ လျှောက်လှမ်းရ တော့မယ်လို့ ပြောပါတယ်။ နောက်ပြီး ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကက်ရှ်မီးယား ဒေသဟာ မူဂျာဟစ်ဒင်တွေရဲ့ ပုန်ကန် ထကြွရာနေရာသစ် ဖြစ်မလာဖို့အတွက်လည်း ဗျူဟာကောင်း တခု ရှိဖို့ လိုလာပြီလို့ ဆိုပါတယ်။

ကျွမ်းကျင်သူတွေက အိန္ဒိယအနေနဲ့ တာလီဘန်နဲ့ ဆက်ဆံရေး တခု ရှိနေဖို့ ပြောနေပေမယ့် တဖက်မှာလည်း တာလီဘန် ဆန့်ကျင်ရေးတွေမှာ ဘယ်အတိုင်းအတာ အထိပါဝင်မလဲ ဆိုတာကို ဆုံးဖြတ်ဖို့ လိုလာမှာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေကတော့ တာလီဘန်ကို ဖိအားပေးဖို့ ညီညွတ်ရေး တည်ဆောက်ပြကြမှာ ဖြစ်ပါတယ်၊ ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်ကလည်း တာလီဘန် အစိုးရကို တစုတစည်းတည်း တုံ့ပြန်ကြဖို့ ဆော်သြနေပြီဖြစ်ပါတယ်။

အာဖဂန်နစ္စတန်မှာ နောက်ဖြစ်လာနိုင်တဲ့ တခြားအခြေအနေတွေလည်း ရှိနေပါတယ်။ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ ပြန်လည် စုစည်းကြတာမျိုး ဖြစ်လာနိုင်သလို အာဖဂန်နစ္စတန်ဟာ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေနဲ့ တရုတ်၊ ရုရှားနဲ့ ပါကစ္စတန်တို့ ပူးပေါင်းအဖွဲ့ရဲ့ အင်အား ပြိုင်ရာ မြေတလင်းတခု ဖြစ်လာနိုင်ပါတယ်။

အိန္ဒိယအတွက် ဘယ်လမ်းကို ရွေးရွေး လွယ်ကူချောမွေ့ဖို့တော့ မရှိပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ကမ္ဘာ့ ပထဝီ နိုင်ငံရေးမှာပါ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာမှာ ဖြစ်ပါတယ်။