အာဖဂန်စစ်ပွဲအတွက် အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ဘယ်လောက် အကုန်အကျ များခဲ့ကြလဲ

အာဖဂန်နစ္စတန်၊ အမေရိကန်၊ မဟာမိတ်တပ်၊ တာလီဘန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၁ ခုနှစ်ကတည်းကစလို့ အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ တပ်စွဲထားခဲ့
    • ရေးသားသူ, သတင်းအချက်အလက် စုဆောင်း ရှာဖွေရေးအဖွဲ့
    • ရာထူးတာဝန်, ဘီဘီစီသတင်းဌာန

အာဖဂန်နစ္စတန်မှာ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေ ရုပ်သိမ်း ဆုတ်ခွာနေကြချိန်မှာပဲ တာလီဘန်တွေက ပြန်ထိန်းချုပ်လိုက်ပါပြီ။ အာဖဂန်နစ္စတန်နိုင်ငံမှာ နှစ် ၂၀ နီးပါး အခြေစိုက် စစ်ရေးအကူအညီတွေ ပေးခဲ့တဲ့ အမေရိကန်နဲ့ နေတိုးမဟာမိတ်တပ်တွေအတွက် အကုန်အကျ ဘယ်လောက် ရှိခဲ့သလဲ ဆိုတာ သုံးသပ်တင်ပြထားပါတယ်။

ဘယ်တပ်ဖွဲ့တွေ စေလွှတ်ခဲ့သလဲ

တာလီဘန်တွေကို တိုက်ထုတ်ဖို့ အမေရိကန်က ၂၀၀၁ ခုနှစ် အောက်တိုဘာလမှာ အာဖဂန်နစ္စတန်နိုင်ငံကို ကျူးကျော် တိုက်ခိုက်ခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ အိုဆမာ ဘင် လာဒင် နဲ့ တခြား အယ်လ်ကိုင်ဒါ ခေါင်းဆောင်တွေကို တာလီဘန်တွေက စောင့်ရှောက် အကာအကွယ်ပေးနေတယ်လို့ သူတို့က ပြောပါတယ်။

တာလီဘန် လက်နက်ကိုင်တွေရဲ့ ပုန်ကန်တိုက်ခိုက်မှုကို နှိမ်နင်းဖို့နဲ့ အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်အစိုးရက ဒေါ်လာ ဘီလျံပေါင်းများစွာ ပုံအော သုံးခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံဆီ စေလွှတ်ခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ဟာလည်း ၂၀၁၁ ခုနှစ်မှာ တစ်သိန်းတစ်သောင်းအထိ ရှိလာခဲ့ပါတယ်။

မနှစ်တုန်းကတော့ အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၄ ထောင် လောက်ပဲ ကျန်ပါတော့တယ်။ အထူးတပ်ဖွဲ့တွေနဲ့ တခြား ယာယီ တပ်ရင်းတွေကိုတော့ တရားဝင်စာရင်း ကိန်းဂဏန်းတွေထဲ ထည့်သွင်းထားတာမျိုး ရှိချင်မှ ရှိမှာပါ။

နေတိုး မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ တပ်ဖွဲ့တွေအပါအဝင် အာဖဂန်နစ္စတန်နိုင်ငံမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တွေထဲမှာ တခြားနိုင်ငံတွေက တပ်ဖွဲ့တွေလည်း ပါပါတယ်။

ဒါပေမဲ့ အမေရိကန်ကတော့ တပ်ဖွဲ့ဝင် အများဆုံး စေလွှတ်တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။

နေတိုးအဖွဲ့က သူ့ရဲ့ တိုက်ခိုက်ရေးလုပ်ငန်းစဉ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဖဂန်တပ်ဖွဲ့ဝင်တွေကို ကူညီ သင်တန်းပေးဖို့နဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးမှာ ထောက်ကူပေးဖို့အတွက် နေတိုးတပ်ဖွဲ့ဝင် တစ်သောင်း သုံးထောင် လောက်ကို ဆက်ထားထား ခဲ့ပါတယ်။

အာဖဂန်နစ္စတန်၊ အမေရိကန်၊ မဟာမိတ်တပ်၊ တာလီဘန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဖဂန်စစ်တပ်ဖွဲ့ဝင်တွေကို သငတန်းပေးရာမှာ နေတိုးတပ်ဖွဲ့ဝင်တွေ အကူအညီပေးခဲ့

ဒါ့အပြင် အာဖဂန်နစ္စတန်မှာ ကန်ထရိုက်နဲ့ ငှားထားတဲ့ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း အတော်များများ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ၂၀၂၀ ခုနှစ် နောက်ဆုံး ၃ လတာ ကာလအတွင်းမှာ အမေရိကန်နိုင်ငံသား ၇၈၀၀ ကျော် ပါတယ်လို့ အမေရိကန် ကွန်ဂရက်ရဲ့ လေ့လာချက်တစ်ခုအရ သိရပါတယ်။

ငွေဘယ်လောက် သုံးထားခဲ့သလဲ

အာဖဂန်နစ္စတန်မှာ သုံးခဲ့တဲ့ ငွေထဲက အများဆုံးဟာ အမေရိကန်ဆီက လာတာပါ။

အမေရိကန်က တပ်ဖွဲ့ဝင် တစ်သိန်းကျော် စေလွှတ်ခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ် အကြားကာလအတွင်းမှာ အာဖဂန်စစ်ပွဲအတွက် ကုန်ကျငွေဟာ တစ်နှစ်ကို ဒေါ်လာ ဘီလျံ ၁၀၀ နီးပါးအထိ တိုးလာခဲ့တယ်လို့ အမေရိကန် အစိုးရရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

အမေရိကန်စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကနေ အာဖဂန်တပ်ဖွဲ့ဝင်တွေကို သင်တန်းပေးမှုတွေဆီ ပိုအာရုံစိုက် လုပ်လာတဲ့အခါမှာတော့ ကုန်ကျစရိတ်က ထိုးကျသွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ရောက်တဲ့အခါမှာတော့ နှစ်စဉ် အသုံးစရိတ်က ဒေါ်လာ ၄၅ ဘီလျံလောက်ပဲ ရှိတော့တယ်လို့ အဲဒီနှစ်မှာ ပင်တဂွန်စစ်ဌာနချုပ် ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက အမေရိကန် ကွန်ဂရက်ကို ပြောပါတယ်။

အမေရိကန် ကာကွယ်ရေးဌာနရဲ့ ကိန်းဂဏန်းတွေအရ ၂၀၀၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ အာဖဂန်နစ္စတန်မှာ အမေရိကန်ရဲ့ စစ်ရေးအသုံးစရိတ်ဟာ ဒေါ်လာ ၇၇၈ ဘီလျံလောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဌာနဟာ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) နဲ့ တခြား အစိုးရ အေဂျင်စီတွေနဲ့အတူ အာဖဂန်နစ္စတန် ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် ဒေါ်လာ ၄၄ ဘီလျံ သုံးခဲ့ပါသေးတယ်။

ဒါ့ကြောင့် တရားဝင် ကိန်းဂဏန်း အချက်အလက်တွေကို အခြေခံပြီး ပြောရရင် စုစုပေါင်း ကုန်ကျငွေဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အကြားမှာ ဒေါ်လာ ၈၂၂ ဘီလျံ ရှိခဲ့ပါတယ်။ ဒါတောင်မှ ဒီကုန်ကျငွေထဲမှာ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းတွေအတွက် အမေရိကန်က အခြေစိုက် လုပ်ကိုင်နေတဲ့ ပါကစ္စတန်နိုင်ငံမှာ သုံးထားတဲ့ ငွေတွေ မပါသေးပါဘူး။

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးမှာ ကုန်ကျတဲ့ စစ်ပွဲအသုံးစရိတ်အကြောင်း ၂၀၁၉ ခုနှစ်က လေ့လာ စာရင်းပြုစုခဲ့တဲ့ ဘရောင်းယူနီဗာစီတီ ရဲ့ လေ့လာချက်တစ်ခုထဲမှာ အမေရိကန်အစိုးရဟာ ဒေါ်လာ ၉၇၈ ဘီလျံလောက်ကို သုံးခဲ့တယ်လို့ ခန့်မှန်း ဖော်ပြထားပါတယ်။ (အဲဒီ ခန့်မှန်းချက်ထဲမှာ ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် လျာထားခဲ့တဲ့ ငွေလည်း ပါဝင်ပါတယ်)

အဲဒီလေ့လာချက်ထဲမှာ အစိုးရ ဌာနတွေအကြား စာရင်းကိုင် ကိန်းဂဏန်း ပြုစုတဲ့ နည်းတွေ ကွာခြားတာကြောင့် ကုန်ကျစရိတ်အားလုံးကို ခြုံငုံ ခန့်မှန်းပြောဖို့ ခက်လှကြောင်းနဲ့ အချိန်နဲ့အမျှ ပြောင်းလဲနေမှုတွေကြောင့် ခြုံငုံခန့်မှန်းချက်တွေကလည်း လိုက်ပြောင်းသွားကြောင်း ထောက်ပြထားပါတယ်။

အမေရိကန်ပြီးရင် အာဖဂန်နစ္စတန်နိုင်ငံမှာ တပ်ဖွဲ့ဝင် အများဆုံး စေလွှတ်ခဲ့တဲ့ ယူကေနဲ့ ဂျာမနီနိုင်ငံတွေဟာလည်း စစ်ပွဲတစ်လျှောက်လုံးမှာ ဒေါ်လာ ၃၀ ဘီလျံနဲ့ ၁၉ ဘီလျံ လောက် အသီးသီး သုံးခဲ့ကြပါတယ်။

တပ်ဖွဲ့ဝင်အားလုံးနီးပါးလောက် ပြန်ရုပ်သိမ်းခဲ့ပေမဲ့လည်း အမေရိကန်နဲ့ နေတိုးအဖွဲ့က အာဖဂန်တပ်ဖွဲ့တွေအတွက် ၂၀၂၄ ခုနှစ်အထိ တစ်နှစ်ကို စုစုပေါင်း ဒေါ်လာ ၄ ဘီလျံ ထောက်ပံ့မယ်လို့ ကတိပြုထားပါတယ်။

ဒီနှစ်အထိ နေတိုးက အာဖဂန်နစ္စတန်ကို ဒေါ်လာ ၇၂ သန်းဘိုး အထောက်အပံ့နဲ့ ပစ္စည်းတွေ ပို့ထားပြီး ဖြစ်ပါတယ်။

ထောက်ပံ့ငွေတွေကို ဘယ်နေရာတွေမှာ သုံးသလဲ

အာဖဂန်နစ္စတန်မှာ ထောက်ပံ့ငွေ အတော်များများကို အကြမ်းဖက်မှု ဆန့်ကျင် စစ်ဆင်ရေးတွေမှာ သုံးခဲ့ပြီး တပ်ဖွဲ့ဝင်တွေ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးကုသမှု၊ အထူးလစာနဲ့ အကျိုးခံစားခွင့်တွေမှာ သုံးခဲ့ပါတယ်။

အာဖဂန်နစ္စတန်၊ အမေရိကန်၊ မဟာမိတ်တပ်၊ တာလီဘန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေမှာ အမေရိကန်က ကူညီပေးနေခဲ့

တရားဝင်ကိန်းဂဏန်း အချက်အလက်တွေအရ ၂၀၀၂ ခုနှစ်ကတည်းက အမေရိကန်ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက်လည်း ဒေါ်လာ ၁၄၃.၂၇ ဘီလျံ သုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲက ငွေတစ်ဝက်လောက်ကို အာဖဂန်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အပါအဝင် အာဖဂန် လုံခြုံရေး တပ်ဖွဲ့ တည်ထောင်ရေးမှာ သုံးခဲ့ပါတယ်။

ဒေါ်လာ ၃၆ ဘီလျံနီးပါးလောက်ကို နိုင်ငံအုပ်ချုပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် လျာထား ဆောင်ရွက်ခဲ့ပြီး ငွေအနည်းအပါးတချို့ကိုလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုခဲ့ပါတယ်။

အာဖဂန်နစ္စတန်၊ အမေရိကန်၊ မဟာမိတ်တပ်၊ တာလီဘန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု များခဲ့

ဒီထဲက ငွေတချို့ကတော့ နှစ်ကာလတွေအတွင်း ငွေမသမာမှုတွေ၊ အလွဲသုံးစားမှုတွေကြောင့် အလဟဿ ဆုံးရှုံးခဲ့ရတာလည်း ရှိခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ချက်တွေအကြောင်း စောင့်ကြည့် လေ့လာခဲ့တဲ့ အဖွဲ့တစ်ခုက ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ အမေရိကန် ကွန်ဂရက်ကို တင်ပြခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာဆိုရင် ၂၀၀၉ ခုနှစ် မေလကနေ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ငွေအလွဲသုံးစားမှုတွေ မသမာမှုတွေကြောင့် ဒေါ်လာ ၁၉ ဘီလျံလောက် ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။

လူအသေအပျောက် ဆုံးရှုံးမှုကရော ဘယ်လောက်ရှိခဲ့သလဲ

တာလီဘန် ဆန့်ကျင်တဲ့ စစ်ပွဲတွေ စခဲ့တဲ့ ၂၀၀၁ ခုနှစ်ကတည်းကဆိုရင် မဟာမိတ်တပ်ဖွဲ့ဝင် ၃၅၀၀ ကျော်လောက် သေဆုံးခဲ့ပြီး အဲဒီထဲက ၂၃၀၀ ကျော်ဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

ယူကေကတော့ တပ်ဖွဲ့ဝင် ၄၅၀ ကျော် လောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

နောက်ထပ် အမေရိကန် တပ်ဖွဲ့ဝင် ၂၀၆၆၀ လည်း တိုက်ပွဲတွေအတွင်း ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်၊ အမေရိကန်၊ မဟာမိတ်တပ်၊ တာလီဘန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်နိုင်ငံက အာလင်တန် စစ်သင်္ချိုင်းက ကျဆုံး စစ်သားတစ်ဦးရဲ့ မြေပုံ

ဒါပေမဲ့ ဒီထိခိုက်သေဆုံးသူ အရေအတွက်ဟာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား သေဆုံးမှု အရေအတွက်နဲ့ နှိုင်းယှဉ်လိုက်ရင် နည်းနည်းလေးလို့ ဆိုရမှာပါ။ ၂၀၁၉ ခုနှစ်မှာ အာဖဂန်သမ္မတ ဂါနီ က လွန်ခဲ့တဲ့ ၅ နှစ် သူသမ္မတ စဖြစ်ခဲ့ကတည်းကစလို့ သေဆုံးခဲ့တဲ့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် အရေအတွက်ဟာ လေးသောင်း ငါးထောင်ကျော် ရှိသွားပြီလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ဘရောင်းယူနီဗာစီတီရဲ့ ၂၀၁၉ ခုနှစ် လေ့လာချက်အရ အာဖဂန်စစ်ပွဲ စခဲ့တဲ့ ၂၀၀၁ ခုနှစ် အောက်တိုဘာလကစလို့ အသက်ဆုံးရှုံးခဲ့သူ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၆၄၁၀၀ ကျော် ရှိသွားပြီလို့ သိရပါတယ်။

ဒါ့အပြင် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေးလုပ်ငန်းအဖွဲ့ (Unama) ရဲ့ အစီရင်ခံစာထဲမှာ အရပ်သား ထိခိုက်သေဆုံးမှုအကြောင်း သူတို့အဖွဲ့ စနစ်တကျ မှတ်တမ်းယူ လေ့လာခဲ့တဲ့ ၂၀၀၉ ခုနှစ်ကစလို့ အရပ်သား စုစုပေါင်း တစ်သိန်း တစ်သောင်း တစ်ထောင်နီးပါး သေဆုံး ဒါမှမဟုတ် ထိခိုက် ဒဏ်ရာ ရခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။