အာဖဂန် အာဏာလွှဲပြောင်းမှု ရက်ပိုင်းအတွင်း ပြီးစီးနိုင်တယ်လို့ တာလီဘန်ပြော

ဓာတ်ပုံ ရင်းမြစ်, EPA
အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးနီးပါးကို ထိန်းချုပ်လိုက်ပြီ ဖြစ်ပြီး မြို့တော် ကာဘူးလ်ကိုလည်း ဝိုင်းထားလိုက်ပြီ ဖြစ်တဲ့ တာလီဘန်တွေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဆူဟေးလ် ရှာဟင်းက တာလီဘန်တွေ အနေနဲ့ အာဖဂန် အစိုးရဆီက ငြိမ်းချမ်းစွာအာဏာလွှဲယူဖို့ စီစဉ်နေပြီး ရက်ပိုင်းအတွင်း အပြီးသတ်နိုင်တယ်လို့ ဘီဘီစီကို ပြောဆိုလိုက်ပါတယ်။
အခုလို တာလီဘန်တွေကို ငြိမ်းချမ်းစွာ အာဏာလွှဲပေးရမယ့် အစီအစဉ်ကို အာဖဂန်အစိုးရ ယာယီ ပြည်ထဲရေးဝန်ကြီး အဗ္ဗဒူ ဆာတာ မီဇက်ဝယ်ကလည်း အတည်ပြုခဲ့ပြီး အခုလို လွှဲပြောင်းဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
အခုလို အခြေအနေမှာ ကာဘူးလ်မြို့က ထွက်ခွာချင်တဲ့သူတွေကို အကြမ်းမဖက်ပဲ ငြိမ်းငြိမ်းချမ်းချမ်း ထွက်ခွာနိုင်တဲ့ လမ်းကြောင်းဖွင့်ပေးဖို့ တာလီဘန်တွေက သူတို့ရဲ့ တပ်သားတွေကို အမိန့်ထုတ်ထားပါတယ်။
ဒါ့အပြင် အာဖဂန် အစိုးရတပ်ဖွဲ့ဝင်တွေကိုလည်း သူတို့နေအိမ်တွေကို ပြန်ခွင့်ပေးမယ်လို့ တာလီဘန်တွေက ပြောပါတယ်။
တာလီဘန်တွေက အခုလို မြို့တော် ကာဘူးလ်အထိ သိမ်းပိုက်နိုင်ခဲ့တဲ့ လမ်းတစ်လျှောက်မှာ သူတို့ကို တုံ့ပြန် တိုက်ခိုက်မှု မကြုံရသလောက် ဖြစ်အောင်ကို သိမ်းပိုက်လာနိုင်ခဲ့တာလို့ ဒေသခံ မျက်မြင်သက်သေတွေက ပြောပါတယ်။
တာလီဘန်တွေ ဒီနေ့ထပ်မံ သိမ်းယူခဲ့တဲ့ နယ်မြေတွေထဲမှာ ယခင် အမေရိကန်လေတပ်စခန်းဟောင်း ဘက်ဂရမ်နဲ့ အာဖဂန် အလယ်ပိုင်း ဘာမီယန် ပြည်နယ်လည်း ပါဝင်ပါတယ်။
အခုလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် လက်ရှိ နွေကာလ ရပ်နားထားတဲ့ ပါလီမန်ကို ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လာမယ့် သြဂုတ်လ ၁၈ ရက်နေ့မှာ ပြန်လည် ခေါ်ယူလိုက်ပါတယ်။
အာဖဂန်ရောက် ဗြိတိသျှနိုင်ငံသားတွေနဲ့တကွ အခြား ယူကေကို ပြန်လာမယ့်သူတွေကို ကာကွယ်ဖို့အတွက် ယူကေအစိုးရက ဗြိတိသျှတပ်သား ၆၀ဝ စေလွှတ် နေပြီး အမေရိကန်ကလည်း သူတို့ရဲ့ သံရုံးဝန်ထမ်းတွေကို ခေါ်ထုတ်နေဆဲ ဖြစ်ပါတယ်။








