အာဖဂန်နစ္စတန် - တာလီဘန်တွေ အချိန်တိုအတွင်း နယ်မြေတွေ ဘယ်လို သိမ်းပိုက်နိုင်ခဲ့သလဲ

တာလီဘန်တွေမှာ အမြဲတမ်း တပ်ဖွဲ့ဝင် ၆၀,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တာလီဘန်တွေမှာ အမြဲတမ်း တပ်ဖွဲ့ဝင် ၆၀,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထား
    • ရေးသားသူ, ဂျိုနသန်ဘီးလ်
    • ရာထူးတာဝန်, စစ်ရေးသတင်းထောက်၊ ဘီဘီစီ သတင်း

အာဖဂန်နစ္စတန်မှာ တာလီဘန်ရဲ့ ထိုးစစ်အရှိန်အဟုန်ဟာ အံ့သြစရာကောင်းလောက်အောင် မြင့်မားနေပါတယ်၊ ဒေသအလိုက် မြို့ကြီးတွေဟာ ဒိုမီနို ပြားလေးတွေ လဲကျသလို ဆက်တိုက်ဆိုသလို တာလီဘန် လက်ထဲ ကျကုန်ပြီဖြစ်ပါတယ်။

တာလီဘန်ဘက်က ထိုးစစ်အရှိန် မြင့်နေချိန်မှာပဲ အာဖဂန်အစိုးရကတော့ သူ့အာဏာစက် တည်မြဲရေးအတွက် ရုန်းကန်နေရပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ ပေါက်ကြားလာတဲ့ အမေရိကန်ထောက်လှမ်းရေး သတင်းတခုထဲမှာ ကာဘူးလ် မြို့တော်တောင်မှ မကြာခင် သီတင်းပတ် တွေအတွင်းမှာ တိုက်ခိုက်ခံရနိုင်ပြီး ရက် ၉၀ လောက်အတွင်း အစိုးရ ပြိုလဲကျဖို့ ရှိတယ်လို့ မှန်းထားပါတယ်။

ဘာလို့ ဒီလောက် မြန်မြန် ဆန်ဆန် ပြိုလဲလာနေတာပါလဲ။

အမေရိကန်နဲ့ ယူကေအပါအဝင် နေတိုး မဟာမိတ်တွေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်အတွင်း အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေကို လက်နက်နဲ့ လေ့ကျင့်မှုတွေ ပေးနေခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ ဗြိတိသျှ ဗိုလ်ချုပ်ကြီးတွေကဆို သူတို့ဟာ အင်အားကောင်းတဲ့ တိုက်ရည်ခိုက်ရည်မြင့်တဲ့ အာဖဂန် စစ်တပ်ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီလို့တောင် ပြောခဲ့ကြပါတယ်။

ဒါပေမယ့် ဒီစကားတွေ အားလုံးဟာ ခုချိန်မှာ သဲထဲ ရေသွန် ဖြစ်သွားခဲ့ပါပြီ။

တာလီဘန်ရဲ့ အင်အား

အာဖဂန် စစ်တပ်နဲ့ ရဲ တွေမှာ အကျအဆုံး များတာ၊ တပ်ပြေးများတာနဲ့ အဂတိလိုက်စားမှုတွေ ရှိနေခဲ့တဲ့ သမိုင်းဆိုးရှိ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အာဖဂန် စစ်တပ်နဲ့ ရဲ တွေမှာ အကျအဆုံး များတာ၊ တပ်ပြေးများတာနဲ့ အဂတိလိုက်စားမှုတွေ ရှိနေခဲ့တဲ့ သမိုင်းဆိုးရှိ

အာဖဂန် အစိုးရ တပ်တွေဟာ အင်အားပိုကြီးတာကြောင့် ခုချိန်မှာ အပေါ်စီးက ဖြစ်နေသင့်တယ်လို့ ယူဆနိုင်ပါတယ်။ အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အင်အားဟာ စာရွက်ပေါ်က စာရင်းတွေအရ ၃၀၀,၀၀၀ အထက် ရှိပါတယ်။ အဲဒီအထဲမှာ အာဖဂန် ကြည်းတပ်၊ လေတပ်နဲ့ ရဲတပ်ဖွဲ့တွေ ပါဝင်ပါတယ်။

တကယ်တန်းမှာ သူတို့ အတွက် တပ်သားသစ် စုဆောင်းရေးဟာ ရည်မှန်းသလောက် ရဖို့ အမြဲ အခက်အခဲတွေကြားမှာ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

အာဖဂန် စစ်တပ်နဲ့ ရဲ တွေမှာ အကျအဆုံး များတာ၊ တပ်ပြေးများတာနဲ့ အဂတိလိုက်စားမှုတွေ ရှိနေခဲ့တဲ့ သမိုင်းဆိုးတခုလည်း ရှိပါတယ်။ တချို့ တပ်မှူးတွေဆို တစ္ဆေ စစ်သားတွေလို့ ခေါ်ကြတဲ့ တကယ်မရှိတဲ့ တပ်ဖွဲ့ဝင်တွေ ပြပြီး လစာတွေ ညာထုတ်နေခဲ့ကြတာမျိုးတွေတောင် ရှိခဲ့ပါတယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ တင်ခဲ့တဲ့ အာဖဂန် နစ္စတန်ဆိုင်ရာ အထူးစုံစမ်း စစ်ဆေးရေးမှူးချုပ်ရဲ့ အစီရင်ခံစာထဲမှာ ဆိုရင် အဂတိလိုက်စားမှုတွေ၊ ချစားမှုတွေကြောင့် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပကတိ အင်အားနဲ့ ပတ်သက်လို့ ဘယ်လောက်တိကျသလဲ ဆိုတာ မေးခွန်းထုတ်စရာ အချက်တွေ ရှိနေကြောင်း ဖော်ပြထားပါတယ်။

Royal United Services Institute က Jack Watling က အာဖဂန် စစ်တပ်ဟာ သူတို့ တပ်အင်အား ဘယ်လောက် ရှိသလဲ ဆိုတာက ဘယ်တုန်းကမှ တိတိကျကျ မပြောနိုင်ခဲ့ဘူး၊ စစ်လက်နက် ပစ္စည်းနဲ့ စိတ်ဓာတ်ရေးရာမှာလည်း အမြဲတမ်း ပြဿနာတွေ ရှိနေခဲ့တယ်လို့ ပြောပါတယ်။ နောက်ပြီး စစ်သားတွေကို သူတို့ရဲ့ မျိုးနွယ်စုနဲ့ အဆက်အသွယ် ဘာမှ မရှိတဲ့ ဒေသတွေကို မကြာခဏ စေလွှတ်တာတွေလည်း ရှိပါတယ်။ ဒါဟာလည်း သူတို့ရဲ့ စခန်းတွေကို ခုခံကာကွယ်တာမျိုး မရှိဘဲ စွန့်ပြေးကြခြင်းတွေရဲ့ အကြောင်းရင်း တခု ဖြစ်ပါတယ်။

တာလီဘန်ရဲ့ အင်အားကို တိုင်းတာဖို့ကတော့ ပိုပြီးတောင် ခက်ခဲပါတယ်။

တိုက်ပွဲတွေကြောင့် လူထောင်ပေါင်းများစွာဟာ နေအိမ်တွေကို စွန့်ခွာပြီး ယာယီစခန်းတွေမှာ နေထိုင်နေကြရပါတယ်

ဓာတ်ပုံ ရင်းမြစ်, AFP

အမေရိကန် ပြည်ထောင်စုက West Point မှာ ရှိတဲ့ အကြမ်းဖက် တိုက်ဖျက်ရေး စင်တာကတော့ တာလီဘန်မှာ တပ်ဖွဲ့ဝင် ၆၀,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နောက် တခြား လက်နက်ကိုင် အဖွဲ့တွေနဲ့ သူတို့ကို ထောက်ခံသူတွေပါ ထည့်ပေါင်းလိုက်ရင် အင်အား ၂၀၀,၀၀၀ ကျော်လောက် ရှိမယ်လို့ ဆိုပါတယ်။

ဟဲလ်မန် ပြည်နယ်ထဲက တိုက်ပွဲတွေအကြောင်းကို ရေးသားထားတဲ့ An Intimate War စာအုပ်ရဲ့ ကလောင်ရှင် ပါရှ်တို စကားပြောတတ်သူ ဗြိတိသျှ စစ်တပ် အရာရှိ Dr Mike Martin က တာလီဘန်ကို အစုအဖွဲ့ တခု အနေနဲ့ သတ်မှတ်မယ်ဆို အန္တရာယ်ကြီးကြောင်း ပြောပါတယ်။ သူက တာလီဘန်ဆိုတာ သီးခြားစီ ရှိနေတဲ့ အဖွဲ့အစည်းတွေ စုပေါင်းထားကြတာမျိုး ဖြစ်ပြီး တဖွဲ့နဲ့ တဖွဲ့ ယာယီ အားဖြင့် ချိတ်ထားကြတဲ့ သဘောမျိုးလို့ ဆိုပါတယ်။

တခါ အာဖဂန် အစိုးရဘက်မှာတော့ ဒေသအလိုက် ဂိုဏ်းဂဏ အခြေခံတဲ့ အကွဲအပြဲတွေရှိနေတယ်လို့ သူက ဆိုပါတယ်။ အာဖဂန်ရဲ့ သမိုင်းမှာ မိသားစုတွေ၊ လူမျိုးစုတွေနဲ့ အစိုးရ အရာထမ်း အမှုထမ်းတွေကစအ သူတို့ရဲ့ ရှင်သန်ရေးအတွက် ဘက်ပြောင်းတာမျိုးတွေဟာ အရင်ကတည်းက ရှိနေခဲ့ပါတယ်။

လက်နက်ဘယ်ကရ

စစ်လက်နက်ရေးရာ နဲ့ ပတ်သက်လို့ ကြည့်ပြန်ရင်လည်း အာဖဂန် အစိုးရဟာ ဘဏ္ဍာရေးပိုင်းရော လက်နက်ပိုင်းမှာပါ သာလွန်နေတာကို တွေ့ရပါတယ်။

သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေအတွက် လစာငွေနဲ့ လက်နက် ပစ္စည်းတွေအတွက် ဒေါ်လာ ဘီလျံများစွာ ကို ရရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။ အဲဒီထဲက အများစုကတော့ အမေရိကန်ဆီက ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လ အတွင်းက SIGAR ရဲ့ အစီရင်ခံစာထဲမှာ အာဖဂန်နစ္စတန် လုံခြု့ရေးအတွက် ဒေါ်လာ ၈၈ ဘီလျံ သုံးစွဲခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီငွေတွေ ကုန်ရကျိုး နပ်ခဲ့သလားဆိုတာတော့ အာဖဂန်မြေပေါ်က တိုက်ပွဲတွေရဲ့ ရလဒ်က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်တယ်လို့ ထပ်ဖော်ပြထားပါတယ်။

အာဖဂန်နစ္စတန် လေတပ်အနေနဲ့လည်း မြေပြင်တိုက်ပွဲတွေမှာ အထောက်အကူ ပေးသင့်ပေမယ့် သူတို့ရဲ့ တိုက်လေယာဥ် ၂၁၁ စင်း ကို ထိန်းသိမ်းဖို့နဲ့ မောင်းမယ့်လူ ရှိဖို့တောင် ကြိုးစားနေရတာ ဖြစ်ပါတယ်။ ဒီကြားထဲမှာ တာလီဘန်ကလည်း လေယာဥ်မှူးတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာတွေကြောင့် ပြဿနာက ပိုကြီးမားလာခဲ့ပါတယ်။ နောက် မြေပြင်က တပ်မှူးတွေရဲ့ တောင်းဆိုမှုတွေကို လေတပ်ဘက် ဖြည့်ဆည်း ပေးနိုင်တာမျိုး သိပ်မရှိပါဘူး။ ဒါကြောင့်လည်း မကြာခင်ကစပြီး လက်ရှ်ကာဂါ လိုမြို့ကြီးတွေကို တာလီဘန်က တိုက်ခိုက်တာ ခံလာရတဲ့ အခါမှာ အမေရိကန် လေတပ်က ပါဝင် တိုက်ခိုက်ပေးလာရတာ ဖြစ်ပါတယ်။ ဒီလို အမေရိကန်ဘက်က လေကြောင်း ပစ်ကူတွေ ဘယ်လောက်ကြာကြာ ပေးနေမလဲ ဆိုတာကတော့ မပြောနိုင်ပါဘူး။

တာလီဘန်ကတော့ ဘိန်းကုန်ကူးရောင်းဝယ်မှုတွေကနေ သူတို့အတွက် ဘဏ္ဍာငွေ တွေရရှိနေခဲ့တာ ဖြစ်ပြီး ပါကစ္စတန်လို ပြည်ပက အထောက်အပံ့မျိုးတွေ ရတာလည်း ရှိပါတယ်။ မကြာသေးခင်ကလည်း တာလီဘန်ဟာ အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေဆီက လက်နက်တွေနဲ့ စစ်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အဲဒီ စက်လက်နက် ပစ္စည်းအများစုက အမေရိကန်က ထောက်ပံ့ပေးထားတာဖြစ်တော့ သူတို့ ရသွားတဲ့အထဲမှာ ဟမ်ဗီးစ်တွေ၊ ညကြည့်မှန်ပြောင်းတွေ အပြင် စက်သေနတ်တွေ၊ မော်တာနဲ့ အမြောက်ကြီးတွေက အစ ရသွားခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် လူထောင်ပေါင်းများစွာဟာ နေအိမ်တွေကို စွန့်ခွာပြီး ယာယီစခန်းတွေမှာ နေထိုင်နေကြရပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေကြောင့် လူထောင်ပေါင်းများစွာဟာ နေအိမ်တွေကို စွန့်ခွာပြီး ယာယီစခန်းတွေမှာ နေထိုင်နေကြရပါတယ်

အာဖဂန်နစ္စတန်မှာ ဆိုဗီယက် ကျူးကျော်မှုတွေ နောက်ပိုင်းကတည်းက စစ်လက်နက်မျိုးစုံ ရောက်ရှိနေပြီး ဖြစ်သလို တာလီဘန်တွေကလည်း တော်တော် ခေတ်မီတဲ့ တပ်ဖွဲ့တွေကိုတောင်မှ နိုင်အောင် တိုက်ခိုက်နိုင်တာမျိုး ပြသခဲ့ ပြီးဖြစ်ပါတယ်။

အဲဒီအပိုင်းမှာတော့ အမေရိကန်နဲ့ ဗြိတိသျှ တပ်ဖွဲ့တွေ ကြုံခဲ့ရတဲ့ လက်လုပ်မိုင်းတွေက သာဓကတခုပဲ ဖြစ်ပါတယ်။ ဒေသအကြောင်း ပိုမို သိရှိနားလည်ထားတာနဲ့ မြေပြင်အနေအထား တွေကို ပိုမိုကျွမ်းကျင်ကြတာတွေဟာလည်း သူတို့အတွက် အားဖြစ်စေပါတယ်။

မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို အာရုံစိုက်လာ

တဖက်မှာ တာလီဘန်တွေအကြား ခြားနားမှုတွေ ရှိနေပေမယ့် အဲဒါရဲ့ နောက်ကွယ်မှာလည်း ပူးပေါင်း ချိတ်ဆက် စီမံထားတာတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

အရင် ဗြိတိသျှစစ်တပ်က ဗိုလ်မှူးချုပ်ဟောင်းတဦးဖြစ်ပြီး အခု မဟာဗျူဟာ လေ့လာရေး ဌာနမှာ အကြီးတန်း အဖွဲ့ဝင်တယောက်အဖြစ် ပါဝင် ဆောင်ရွက်နေတဲ့ Ben Barry က တာလီဘန်ရဲ့ အောင်ပွဲတွေဟာ အခွင့်ကောင်းကို အရယူနိုင်လို့ ဖြစ်တယ်လို့ ဆိုနိုင်ပေမယ့် သူ့ကို စစ်ဆင်ရေး တခု ရေးဆွဲပါဆိုရင်တောင် ဒီထက်ပိုပြီး ကောင်းဖို့ အတွက် တော်တော် ကြိုးစားရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

သူက အစဥ်အလာ အားဖြင့် တာလီဘန်ရဲ့ ခြေကုတ် နေရာတွေ ဖြစ်တဲ့ နိုင်ငံတောင်ပိုင်းက အခြေအနေတွေကို ရည်ညွှန်းတာ မဟုတ်ဘဲ မြောက်ပိုင်းနဲ့ အနောက်ပိုင်းက တာလီဘန်ရဲ့ တိုက်ခိုက်မှုတွေနဲ့ ဒေသအလိုက် မြို့ကြီးတွေ တာလီဘန်လက်ထဲ ကျကုန်တာနဲ့ ပတ်သက်လို့ ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။

တာလီဘန်တွေက နယ်စပ်ဖြတ်ကျော် စခန်းတွေနဲ့ ကင်းစခန်းတွေကိုပါ သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဘဏ္ဍာငွေ သိပ်မရှိတဲ့ အာဖဂန် အစိုးရအတွက် အခွန်ဝင်ငွေတွေပါ အရနည်းသွားခဲ့ပါတယ်။

နောက်ပြီး အရေးပါတဲ့ အရာရှိတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေကိုလည်း ပိုမို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တာတွေ လုပ်လာပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ရရှိထားခဲ့တဲ့ အောင်မြင်မှုတွကို တစချင်း တဖြည်းဖြည်းနဲ့ ဖျက်ဆီး ပစ်နေတာ ဖြစ်ပါတယ်။

ဆိုတော့ အာဖဂန် အစိုးရရဲ့ မဟာဗျူဟာက ဘာပါလဲ။ ပြောရရင် ဘာလဲ ပြောဖို့တောင် တော်တော် ခက်ပါတယ်။

တာလီဘန်က သိမ်းယူလိုက်တဲ့ နယ်မြေတွေ ပြန်ရအောင် တိုက်မယ်လို့ပြောနေတာတွေကလည်း အဆန်မပါတဲ့ သင်္ကြန်အမြောက်ပမာ ဖြစ်လို့ လာနေပါတယ်။ မြို့ကြီးတွေကို ထိန်းထားမယ့် အစီအစဥ်တော့ ရှိပုံရတယ်လို့ Ben Barry က ဆိုပါတယ်။ ဟဲလ်မန်ပြည်နယ်ထဲက မြို့ကြီး တမြို့ ဖြစ်တဲ့ လက်ရှ်ကာဂါ ကို တာလီဘန် လက်မကျစေဖို့ အဲဒီမှာ အာဖဂန် အသေခံတပ်တွေကို ချထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လောက်အထိ ထိန်းထားနိုင်မလဲ။

အာဖဂန် အထူးတပ်ဖွဲ့တွေက သိပ်ပြီး များများစားစားတော့ မရှိလှပါဘူး။ အင်အား ၁၀,၀၀၀ ဝန်းကျင်ပဲ ရှိသလို တော်တော်ကို သုံးထားရပြီး ဖြစ်ပါတယ်။

တဖက်မှာ တာလီဘန်က လက်ရှိ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဝါဒဖြန့်ရေးတွေမှာပါ အသာစီး ရလာနေတာကို တွေ့နေရပါတယ်။ Mr Barry က သူတို့ရဲ့ ထိုးစစ်အရှိန်ကြောင့်ပဲ စိတ်ဓာတ်ရေးရာက ပိုအားကောင်းလာသလို စုစည်းညီညွတ်မှုလည်း ပိုရလာနေတယ်လို့ ဆိုပါတယ်။ တဖက်မှာ အာဖဂန် အစိုးရကတော့ အသေးအဖွဲက အစ စကားများ ရန်ဖြစ်၊ တပ်မှူးတွေကို ဖြုတ်တာလုပ်ရင်း ခြေတလှမ်းစာ နောက်ကျလို့ နေပါတယ်။

Afghanistan map

ဓာတ်ပုံ ရင်းမြစ်, BBC Sport

အဆုံးသတ်တိုက်ပွဲ ဘာဖြစ်လာမလဲ

အခြေအနေတွေအရတော့ အာဖဂန် အစိုးရရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်လာနေပါတယ်။

Royal United Services Institute က Jack Watling ကတော့ အာဖဂန် စစ်တပ်အတွက် အခြေအနေတွေက အဆိုးဘက်ကို ပိုရောက်လာနေတာ မှန်ပေမယ့် တဖက်မှာ နိုင်ငံရေးနည်းလမ်းနဲ့ ကယ်ထုတ်လို့ ရကောင်းရနိုင်မယ်လို့ ပြောပါတယ်။ တကယ်လို့သာ အစိုးရက လူမျိုးစု ခေါင်းဆောင်တွေကို ကိုယ့်ဘက် ပါလာအောင် စည်းရုံးနိုင်မယ် ဆိုရင် ထိုးစစ်တွေ တန့်သွားတာမျိုး ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။

ဒီအဆိုမျိုးကို Mike Martin ကလည်း ထပ်လောင်း ပြောလာပါတယ်။ သူက အရင်စစ်ခေါင်းဆောင် တယောက်ဖြစ်တဲ့ Abdul Rashid Dostum တယောက် Mazar-i-Sharif မှာ ပြန်ရောက်လာတာကို ထောက်ပြပါတယ်။ သူက အခုဆို စတင် လှုပ်ရှားနေပြီ ဖြစ်ပါတယ်။

အာဖဂန်မှာ မကြာခင် ဆောင်းရာသီ ဝင်ရောက်လာတော့မှာဖြစ်ပြီး အဲဒီအခါ မြေပြင်မှာ တပ်တွေ ရွှေ့ရပြောင်းရတာ ခက်လာတော့မှာ ဖြစ်တာကြောင့် နွေရာသီ တိုက်ပွဲတွေ အဆုံးသတ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်ကုန်ချိန်အထိ နှစ်ဘက်စလုံး ရှေ့မတိုး နောက်မဆုတ် နိုင်တဲ့ အခြေအနေမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလို ဆိုရင် အာဖဂန် အစိုးရက ကာဘူးလ်နဲ့ တခြား မြို့ကြီး တွေကို ထိန်းထားနိုင်မယ့် သဘောမျိုး ရှိပါတယ်။ နောက်ပြီး တာလီဘန်တွေအကြား အက်ကြောင်းပေါ်လာခဲ့ရင်လည်း စစ်ရေး ဒီရေက အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့် လတ်တလောမှာတော့ အာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှု ရှိရေးအတွက် အမေရိကန်နဲ့ နေတိုးတပ်တွေ ကြိုးပမ်းအားထုတ်ပေးခဲ့သမျှ အရာတွေဟာ သူတို့ မတိုင်ခင်က ဆိုဗီယက်တွေရဲ့ အားထုတ်မှုတွေလိုပဲ အချည်းအနှီး ဖြစ်လာနေတာကိုပဲ တွေ့နေရပါတယ်။