အာဖဂန်နစ္စတန် ပဋိပက္ခ- အမေရိကန်တပ်တွေ ဘာဂရမ် လေတပ်စခန်းကနေ တိတ်တိတ် ထွက်သွားတယ်လို့ အာဖဂန်တပ်မှူးပြော

ဘာဂရမ် လေတပ်စခန်းကနေ အမေရိကန်တပ်တွေ ထွက်ခွာသွားပြီးနောက် ကျန်ခဲ့တဲ့ပစ္စည်းတွေကို အာဖဂန် စစ်သားတစ်ယောက် လိုက်လံ စစ်ဆေးနေ
ဓာတ်ပုံ ပုံစာ, ဘာဂရမ် လေတပ်စခန်းကနေ အမေရိကန်တပ်တွေ ထွက်ခွာသွားပြီးနောက် ကျန်ခဲ့တဲ့ပစ္စည်းတွေကို အာဖဂန် စစ်သားတစ်ယောက် လိုက်လံ စစ်ဆေးနေ

အာဖဂန်နစ္စတန်မှာ နှစ်ရှည် တပ်စွဲထားတဲ့ အမေရိကန်တပ်တွေ အဓိက စစ်စခန်းကြီးကနေ ထွက်ခွာသွားကြပါပြီ။

သူတို့ထွက်သွားတော့မယ်လို့ ဘယ်သူ့ကိုမှ သတိပေးပြောဆိုတာတွေ မလုပ်ဘဲ သူတို့ အဓိက အခြေစိုက်ရာ အာဖဂန်နစစ္စတန်က ဘာဂရမ် လေတပ်စခန်းကနေ အမေရိကန်တပ်တွေ ရုတ်တရက် ထွက်သွားတယ်လို့ အဲ့ဒီ စခန်း တပ်မှူးသစ်က ပြောပါတယ်။

ဘာဂရမ်ကနေ အမေရိကန်တပ်တွေ ထွက်သွားတဲ့ အချိန်က သောကြာနေ့ ဒေသစံတော်ချိန် မနက် ၃ နာရီဖြစ် ပြီး သူတို့ထွက်သွားပြီး နာရီပိုင်းကြာမှ အာဖဂန်စစ်တပ်က သိရတယ်လို့ ဗိုလ်ချုပ်ကြီး အက်ဆာဒူလာ ကိုဟစ်စတန်နီက ဘီဘီစီကို ပြောပြပါတယ်။

အမေရိကန်တပ်တွေ ထွက်ခွာသွားကြသလို တာလီဘန်တပ်တွေကလည်း အာဖဂန်နစ္စတန်နိုင်ငံထဲမှာ အလျင်အမြန် ရှေ့တိုးလာနေပါတယ်။ အဲ့ဒီအခြေနေတွေအရ ဘာဂရမ်ကိုလည်း တာလီဂန်တွေ တိုက်ခိုက်လာမယ်လို့ မျှော်လင့်ရကြောင်း ဗိုလ်ချုပ်ကြီး ကိုဟစ်စတန်နီက ပြောထားပါတယ်။

"ရွာတွေ ပတ်ဝန်းကျင်မှာ သူတို့တပ်တွေလှုပ်ရှားနေပြီ။ ခင်ဗျားသိတဲ့အတိုင်း အမေရိကန်တပ် တွေနဲ့ ကျွန်တော်တို့တပ်တွေရဲ့ အနေအထားက ဘယ်လောက် အကြီးအကျယ် ကွာခြားတယ်ဆိုတာ။ ဒါပေမယ့် အခြေအနေအရ ကျွန်တော်တို့မှာရှိတဲ့ အင်အားနဲ့ပဲ တတ်နိုင်သလောက် အကောင်းဆုံး ပြည်သူတွေအားလုံးကို ကာကွယ်သွားမှာပါ။"

အမေရိကန်တပ်တွေ ထွက်သွားပြီး နောက်တစ်နေ့မနက်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အမေရိကန်တပ်တွေ ထွက်သွားပြီး နောက်တစ်နေ့မနက်

သူတို့ တပ်တွေ ဘာဂရမ်က ထွက်ခွာသွားပြီဆိုတာ အမေရိကန်ဘက်က သောကြာနေ့က ကြေညာချက်ထုတ်ခဲ့ပြီး ဒါပေမယ့် ဒီရက်ဟာ ဒီနှစ်အစောပိုင်း သမ္မတဂျိုးဘိုင်ဒန်ထုတ်ပြန်ခဲ့တဲ့ အမေရိကန်တပ်တွေ တရားဝင်ထွက်ခွာမယ့် စက်တင်ဘာ၁၁ရက်နေ့ ထက်စောနေတာကို တွေ့ရပါတယ်။

အခြေစိုက်စခန်းကနေ ညနက်ပိုင်းကြီး ထွက်လာတာနဲ့ပတ်သက်လို့ အမေရိကန် စစ်တပ်ပြောရေးဆိုခွင့်ရှိသူက အေပီကမေးထားတာမှာတော့ အခြေစိုက်စခန်းတွေက အာဖဂန်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းထားတယ်လို့ ပြီးခဲ့တစ်ပတ်က ထုတ်ပြန်ချက်ထဲမှာ ရေးထားတယ်လို့ ဖြေထားပါတယ်။

ထောင်ချီတဲ့ အရပ်သုံးကားတွေနဲ့ ရာချီတဲ့ ကျည်ကားကားတွေ အမေရိကန် စစ်တပ်က ချန်ထားခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ထောင်ချီတဲ့ အရပ်သုံးကားတွေနဲ့ ရာချီတဲ့ ကျည်ကာကားတွေ အမေရိကန် စစ်တပ်က ချန်ထားခဲ့

အမေရိကန်တပ်တွေ ထွက်ခွာသွားတာနဲ့ အလားတူ တာလီဘန်တပ်တွေက အာဖဂန်မြို့ကြီးတချို့ တစ်ဝိုက်မှာ ခြေချတာနဲ့ ကျေးရွာဒေသတွေကို သိမ်းပိုက်တာတွေ လတ်တလော သီတင်းပတ်တွေ အတွင်းမှာ လုပ်လာပါတယ်။

ညနက်ပိုင်းကြီး အမေရိကန်တပ်တွေ ရုတ်တရက် ထွက်ခွာသွားတဲ့ ဘာဂရမ်စခန်းကို လက်နက်အင်အားမပြည့်စုံတဲ့ အာဖဂန်အစိုးရတပ်က လွှဲယူထိန်းချုပ်ထားပြီး သူတို့စခန်း တာလီဘန်လက်ထဲမကျသွားအောင် ကာကွယ်ဖို့ အခက်အခဲတွေလည်း ရှိနေပါတယ်။

ဗိုလ်ချုပ်ကြီး ကိုဟစ်စတန်နီလက်အောက်မှာ တပ်ဖွဲ့ဝင် သုံးထောင်လောက်ရှိနေပြီး တစ်ချိန်က အဲ့ဒီစခန်းမှာအခြေချတဲ့ အမေရိကန်နဲ့ မဟာမိတ်တပ်သား အရေအတွက် တစ်သောင်းထက်စာရင် သိသိသာသာ အင်အားနည်းနေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကလည်း အာဖဂန်မြောက်ပိုင်းမှာ အာဖဂန်အစိုးရတပ်တွေနဲ့ တာလီဘန်တွေ တိုက်ပွဲဖြစ်ပြီး အစိုးရတပ်သားတစ်ထောင် ပတ်ဝန်းကျင် အိမ်နီးချင်း တာဂျစ်ကစ္စတန်နိုင်ငံထဲကို ဝင်ပြေးရတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဘာဂရမ် စခန်း အနီးတစ်ဝိုက်က အကြွင်းအကျန်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘာဂရမ် စခန်း အနီးတစ်ဝိုက်က အကြွင်းအကျန်တွေ

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ အတွင်းမှာ ဘာဂရမ်ကို လက်လွှဲလက်ပြောင်းတွေ လုပ်ခဲ့ကြတာပါ။ ၁၉၇၉ ခုနှစ် တပ်နီတော်တွေ ဝင်ရောက်သိမ်းပိုက်ပြီး ဆိုဗီယက်လက်ထဲကို မရောက်ခင် ပထမဆုံးအနေနဲ့ ၁၉၅၀ ကျော် နှစ်တွေကစပြီး အမေရိကန်တပ်တွေ အဲ့ဒီမှာ စတပ်စွဲခဲ့တာပါ။

၁၉၉၀ ပြည့် အလယ်ပိုင်းနှစ်တွေ အတွင်း နောက်ဆုံး တာလီဘန် အုပ်စုလက်ထဲ အာဏာမရောက်ခင် အဲ့ဒီမတိုင်ခင် ရုရှားအစိုးရထောက်ခံတဲ့ အာဖဂန်အစိုးရနဲ့ မူဂျာဟစ်ဒင်တွေ လက်ထဲရောက်ခဲ့သေးတာပါ။

အမေရိကန်တွေ အာဖဂန်ကို ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့ ၂၀၀၁ခုနှစ်မှာ တာလီဘန်ကို တိုက်ထုတ်ဖြုတ်ချပြီး အဲ့ဒီ ဘာဂရမ်လေတပ်စခန်းမှာ တပ်စွဲပြီး စခန်းကို အဆင့်မြှင့် တိုးချဲ့တည်ဆောက်ခဲ့ပါတယ်။

presentational grey line

ဘယ်အချိန်မှာ ဘာတွေဖြစ်ခဲ့တာလဲ

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်ကနေ အမေရိကန်ဦးဆောင်တဲ့တပ်တွေ အပြီးထွက်ခွာသွားတဲ့အချိန်ထိ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို စုစည်းတင်ပြထားပါတယ်။

၂၀၀၁ စက်တင်ဘာ ၁၁ - ၉/၁၁ တိုက်ခိုက်မှု

မြေကြီးပေါ် ပြိုလဲကျသွားတဲ့ ကုန်သွယ်ရေးစင်တာ အဆောက်အအုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြေကြီးပေါ် ပြိုလဲကျသွားတဲ့ ကုန်သွယ်ရေးစင်တာ အဆောက်အအုံ

အာဖဂန်နစ္စန်မှာရှိတဲ့ အိုစမာဘင်လာဒင် ဦးဆောင်တဲ့ အယ်လ်ကေးဒါးတပ်ဖွဲ့က အမေရိကန်မြေပေါ်မှာ အကြီးမားဆုံး အကြမ်းဖက်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့နေ့ဖြစ်ပါတယ်။

ခရီးသည်တင် လေယာဥ်လေးစင်းကို အပိုင်စီး၊ ၂စင်းက နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ဝင်တိုက်။ တစ်စင်းက ဝါရှင်တန်က ပင်တဂွန်အဆောက် အအုံကိုဝင်တိုက်၊နောက်တစ်စင်းက ပင်ဆဲလ်ဗေးနီးယားက လယ်ကွင်းထဲကို ပျက်ကျ။ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် လူ၃ထောင်နီးပါး အသက်ဆုံးရှုံးခဲ့ရ။

၂၀၀၁ အောက်တိုဘာ ၇ - ပထမဆုံး လေကြောင်းတိုက်ခိုက်မှု

အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ် တွေက အာဖဂန်နစ္စတန်က တာလီဘန်နဲ့ အယ်လ်ကေးဒါး စခန်းတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့။ သူတို့တိုက်ခိုက်တဲ့နေရာ ပစ်မှတ်တွေက ကာဘူးလ်၊ ကန်ဒါဟာနဲ့ ဂျာလာလာဘတ်နေရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဘင်လာဒင်ကို တာလီဘန်တွေက အပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူတို့ရဲ့ လေကြောင်းရန် ကာကွယ်ရေးနဲ့ တိုက်လေယာဥ်ငယ်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။

၂၀၀၁ နိုဝင်ဘာ ၁၃ - ကဘူးလ်ကို လက်လွှတ်ရ

တာလီဘန်တွေဆုတ်ခွာသွားပြီးနောက် ညွှန်ပေါင်းအဖွဲ့ထောက်ခံတဲ့ မြောက်ပိုင်းအဖွဲ့ ကဘူးလ်မြို့ထဲကို ဝင်လာစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တာလီဘန်တွေဆုတ်ခွာသွားပြီးနောက် ညွှန်ပေါင်းအဖွဲ့ထောက်ခံတဲ့ မြောက်ပိုင်းအဖွဲ့ ကဘူးလ်မြို့ထဲကို ဝင်လာစဥ်

ညွန့်ပေါင်းတပ်တွေက အထောက်အပံ့ပေးတဲ့ တာလီဘန်ဆန့်ကျင်ရေး မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကဘူးလ်မြို့ကို သိမ်းပိုက်လိုက်တာကြောင့် တာလီဘန်တွေမြို့ထဲက ထွက်ပြေးသွားရပါတယ်။

နိုဝင်ဘာ ၁၃ရက် ၂၀၀၁ ခုနှစ်မှာ အဲ့ဒီက တာလီဘန်တွေအားလုံး ထွက်ပြေးတာ၊ မလှုပ်ရှားကြတော့တာတွေ ဖြစ်ခဲ့ပါတယ်။ တခြားမြို့တွေကိုလည်း သိပ်မကြာခင်မှာ ဆုံးရှုံးသွားခဲ့ပါတယ်။

၂၀၀၄ ဇန်နဝါရီ ၂၆ - အခြေခံ ဥပဒေသစ်

ဆွေးနွေးညှိနှိုင်းမှုတွေ အကြာကြီး လုပ်ပြီးနောက် အာဖဂန်အခြေခံဥပဒေသစ်ကို ရေးဆွဲ အတည်ပြုနိုင်ခဲ့ပါတယ်။ အဲ့ဒီအခြေဥပဒေအရ ၂၀၀၄ ခုနှစ် အောက်တိုဘာလမှာ သမ္မတ ရွေးကောက်ပွဲတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။

၂၀၀၄ ဒီဇင်ဘာ ၇ - ဟာမစ်ကာဇိုင်း သမ္မတဖြစ်

သမ္မတမဖြစ်ခင်က ကန်ဒါဟာတစ်ဝိုက်က တာလီဘန်ဆန့်ကျင်တဲ့အဖွဲ့တွေကို ဟာမစ်ကာဇိုင်း ဦးဆောင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတမဖြစ်ခင်က ကန်ဒါဟာတစ်ဝိုက်က တာလီဘန်ဆန့်ကျင်တဲ့အဖွဲ့တွေကို ဟာမစ်ကာဇိုင်း ဦးဆောင်ခဲ့

အခြေခံဥပဒေသစ်အရ ပိုပါဇိုင် ဒူရာနီလူမျိုးနွယ်စုခေါင်းဆောင် ဟာမစ်ကာဇိုင်း ပထမဆုံး သမ္မတဖြစ်လာပါတယ်။ သူက ၅ နှစ်သက်တမ်း ၂ ကြိမ် သမ္မတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၆ မေ - ယူကေတပ်တွေ ဟာမန်မှာ တပ်ဖြန့်

ယူကေ လေထီးစစ်သည်တွေ ပထမဆုံးအနေနဲ့ ဟာမန်ကို ရောက်ရှိလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကေ လေထီးစစ်သည်တွေ ပထမဆုံးအနေနဲ့ ဟာမန်ကို ရောက်ရှိလာ

နိုင်ငံတောင်ပိုင်းက တာလီဘန်တပ်တွေရဲ့ အမာခံနယ်မြေ ဟာမန်ခရိုင်ကို ဗြိတိသျှတပ်တွေ ရောက်လာခဲ့ပါတယ်။

သူတို့ရဲ့ အစပိုင်းလုပ်ဆောင်မယ့်ရည်ရွယ်ချက် ပြန်လည်တည်ဆောက်ရေး စီမံကိန်းတွေကို အထောက်အပံ့ပေးဖို့ ဖြစ်ပေမယ့် နောက်ပိုင်းမှာ တိုက်ခိုက်ချေမှုန်းတဲ့ဘက်ကို အမြန်လှည့်ရပါတယ်။ အာဖဂန် ပဋိပက္ခမှာ ဗြိတိသျှ စစ်သား ၄၅၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။

၂၀၀၉ ဖေဖော်ဝါရီ ၁၇ - အိုဘားမားရဲ့ ပါဝင်မှု

အာဖဂန် တောင်ပိုင်း စစ်ဆင်ရေးတစ်ခုမှာ အမေရိကန် တပ်သားတွေကို တွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဖဂန် တောင်ပိုင်း စစ်ဆင်ရေးတစ်ခုမှာ အမေရိကန် တပ်သားတွေကို တွေ့ရစဥ်

အာဖဂန်နစ္စတန်ကို အမေရိကန် တပ်တွေတွေ တိုးလွှတ်ဖို့ သမ္မတဘရက် အိုဘားမား ခွင့်ပြုသဘောတူခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင် အများဆုံး အချိန်မှာ စစ်သား ၁၄၀, ၀၀၀ အထိ ရှိခဲ့ပါတယ်။

လူထုကို အကာအကွယ်ပေးဖို့ဆိုတဲ့ Surge လို့ခေါ်တဲ့ အမေရိကန် မဟာဗျူဟာအတိုင်း စစ်သွေးကြွတွေကို တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

၂၀၁၁ မေ ၂ - အိုစမာဘင်လာဒင် အသတ်ခံရ

ပါကစ္စတန် စစ်တပ် အကယ်ဒမီကျောင်းနဲ့ တစ်မိုင်တောင် မဝေးတဲ့ နေရာမှာ ဘယ်လာဒင်ကို ခြေရာခံမိခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါကစ္စတန် စစ်တပ် အကယ်ဒမီကျောင်းနဲ့ တစ်မိုင်တောင် မဝေးတဲ့ နေရာမှာ ဘယ်လာဒင်ကို ခြေရာခံမိခဲ့

ပါကစ္စတန်နိုင်ငံ အက်ဘိုတာဘက်က အိမ်တစ်အိမ်ကို အမေရိကန်ရေတပ်အထူးတပ်ဖွဲ့ ဝင်စီးပြီး အယ်လ်ကေးဒါးခေါင်းဆောင် ဘင်လာဒင်ကို သုတ်သင် သတ်ဖြတ်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးက စီအိုင်‌အေက ဘင်လာဒင်နောက်လိုက်နေတဲ့ ၁၀နှစ်ကြာ အစီအစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။ ဘင်လာဒင် ပါကစ္စတန်မြေပေါ်မှာ ဘင်လာဒင် ခိုအောင်းခွင့်ရနေတာနဲ့ ပတ်သက်ပြီး ပါကစ္စတန်ဟာ အကြမ်းဖက်နှိမ်နင်း‌ရေး စစ်ပွဲမှာ အမေရိကန်ရဲ့ စိတ်ချရတဲ့ မဟာမိတ်မဟုတ်ဘူးလို့ စွပ်စွဲမှုတွေ ပေါ်ထွက်လာပါတယ်။

၂၀၁၃ ဧပြီ၂၃ - မူလာအိုမာ သေဆုံး

၁၉၈၀ ကျော်တုန်းက တာလီဘန် ခေါင်းဆာင်ရဲ့ ညာဘက်မျက်လုံးကို ဗုံးဆန်မှန်ခဲ့တယ်လို့ ယုံကြည်ရ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ၁၉၈၀ ကျော်တုန်းက တာလီဘန် ခေါင်းဆာင်ရဲ့ ညာဘက်မျက်လုံးကို ဗုံးဆန်မှန်ခဲ့တယ်လို့ ယုံကြည်ရ

တာလီဘန်အဖွဲ့ တည်ထောင်သူ မူလာ မိုဟာမက် အိုမာ သေဆုံးခဲ့ပါတယ်။ ဒါကို ၂ နှစ်ကျော်ကြာ လူတွေကို အသိမပေးဘဲ ထိန်းသိမ်းထားခဲ့ပါတယ်။

အာဖဂန်ထောက်လှမ်းရေးအဖွဲ့ရဲ့ အပြောအရ မူလာအိုမာဟာ ပါကစ္စတန်နိုင်ငံ မြို့တော် ကရာချိမှ ကျန်းမာရေး မကောင်းလို့ သေဆုံးခဲ့တာလို့ သိရပါတယ်။ဒါနဲ့ပတ်သက်ပြီး မူလာ သူတို့နိုင်ငံထဲ ရှိနေခဲ့တယ်ဆိုတာ ကို ပါကစ္စတန်ဘက်က ငြင်းဆိုထားပါတယ်။

၂၀၁၄ ဒီဇင်ဘာ ၂၈ ရက်- စစ်ဆင်ရေးတွေ နေတိုးအဖွဲ့ အဆုံးသတ်

ကဘူးလ်မြို့မှာ ပွဲတစ်ခုလုပ်ပြီး အာဖဂန်နစ္စတန်က သူတို့ စစ်ဆင်ရေးတွေကို နေတိုးအဖွဲ့က အဆုံးသတ်ခဲ့ပါတယ်။ အဲ့ဒီ အဆုံးသတ်မှုအရ အမေရိကန်ကလည်း သူတို့တပ် ထောင်နဲ့ချီကို ရုပ်သိမ်းခဲ့ပါတယ်။ မထွက်သေးဘဲ ကျန်ခဲ့တဲ့သူအများစုက အာဖဂန်လုံခြုံရေးအဖွဲ့တွေကို သင်တန်းပေး ထောက်ပံ့နေတဲ့သူတွေ ဖြစ်ခဲ့ပါတယ်။

၂၀၁၅ - တာလီဘန်တွေ ပြန်နိုးထလာ

ကားဗုံးခွဲတာ၊ အသေခံတိုက်ခိုက်တာတွေနဲ့ တခြားတိုက်ခိုက်မှုတွေ တာလီဘန်တွေက ဆက်တိုက်လုပ်ခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့နေရာတွေထဲမှာ ကဘူးလ်မြို့က လွှတ်တော် အဆောက်အအုံနဲ့၊ခွန်ဒုဇ်မြို့တွေလည်းပါဝင်ပါတယ်။ IS အစ္စလာမ် စစ်သွေးကြွတွေ အာဖဂန်နစ္စတန်မှာ တိုက်ခိုက်မှုတွေ ပြန်စလုပ်လာကြပါတယ်။

၂၀၁၉ ဇန်နဝါရီ ၂၅- လုံခြုံရေးတပ်ဖွဲ့ တွေ သေတဲ့စာရင်း

သူသမ္မတဖြစ်လာတဲ့ ၂၀၁၄ခုနှစ်ကတည်းက အာဖဂန်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေတဲ့ အရေအတွက်ဟာ ၄၅၀၀၀ ကျော်သွားပြီလို့ အာဖဂန်သမ္မတ အာရှက်ဂါနီကကြေညာခဲ့ပါတယ်။ဒီအရေအတွက်က အရင်ထင်ထားတာထက်တောင် အများကြီး ပိုများတာကို တွေ့ရပါတယ်။

၂၀၂၀ ဖေဖော်ဝါရီ ၂၉ - တာလီဘန်နဲ့ အမေရိကန် လက်မှတ်ထိုး သဘောတူ

အမေရိကန်တွေ လုံးဝရုပ်သိမ်းမယ့်အချိန် သဘောတူညီမှု ရအပြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်တွေ လုံးဝရုပ်သိမ်းမယ့်အချိန် သဘောတူညီမှု ရအပြီး

အမေရိကန်နဲ့ တာလီဘန်တို့ အာဖဂန်ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒီစာချုပ်ရဲ့ သဘောတူညီချက်ကို တာလီဘန်တွေ ဆက်လက် လက်ခံလိုက်နာမယ်ဆိုရင် ၁၄ လ အတွင်းမှာ အမေရိကန်နဲ့ နေတိုးတပ်တွေ အားလုံး အာဖဂန်နစ္စတန်က ထွက်မယ်လို့ သဘောတူခဲ့ပါတယ်။

၂၀၂၁ စက်တင်ဘာ ၁၁ - နောက်ဆုံး ဆုတ်ခွာမယ့်နေ့

9/11 ကနေ နှစ်၂၀ အတိအကျ ပြည့်တဲ့နေ့ စက်တင်ဘာ ၁၁ရက် ၂၀၂၁ခုနှစ်မှာ အာဖဂန်နစ္စတန်ကနေ သူတို့ တပ်တွေ အားလုံး အပြီးထွက်မယ်လို့ စီစဥ်ထားပါတယ်။ အခုတော့ အမေရိကန်တွေက နောက်ဆုံးထွက်ခွာဖို့ သတ်မှတ်ထားတဲ့ နေ့မတိုင်မီ ထွက်ခွာသွားပြီဆိုတဲ့ အခြေအနေတွေကို ထင်ထင်ရှားရှား တွေ့ရပါတယ်။