အာဖဂန်နစ္စတန် - အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်ထဲက အရေးပါတဲ့ အခြေစိုက်စခန်းကနေ ထွက်ခွာ

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဖဂန်နစ္စတန်ထဲက Bagram ဘာ့ဂရမ် လေတပ်အခြေစိုက်စခန်းကနေ နောက်ဆုံးကျန်နေတဲ့ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေ ထွက်သွားကြပြီလို့ ကာကွယ်ရေး ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ လေတပ်စခန်းဟာ စစ်သွေးကြွတွေနဲ့ တိုက်နေတဲ့ အနှစ် ၂၀ စစ်ပွဲတွေအတွင်းမှာ ဗဟိုချက်တခုလို ဖြစ်နေခဲ့ပါတယ်။
ဒီလို ရုပ်သိမ်းသွားတာဟာ အာဖဂန်နစ္စတန်ထဲမှာ ရှိနေတဲ့ ပြည်ပတပ်ဖွဲ့တွေ လုံးဝ ရုပ်သိမ်းသွားတော့မယ့် သဘောလက္ခဏာပြနေတာလည်း ဖြစ်နိုင်ပါတယ်။
အာဖဂန်နစ္စတန် အတွင်းက နေရာတော်တော်များများမှာ ဂျီဟဒ်ဝါဒီ အဖွဲ့တွေထဲမှာ အကြီးဆုံးလို ဖြစ်နေတဲ့ တာလီဘန်တွေ ရှေ့တိုးလာနေချိန်မှာ အခုလို ကာဘူးလ်မြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ လေတပ်အခြေစိုက်စခန်းကနေ တပ်တွေ ရုပ်သိမ်းသွားတာ ဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာ ၁၁ ရက် ကို နောက်ဆုံး ထားပြီး တပ်တွေ ရုပ်သိမ်းဖို့ စီစဥ်ထားကြပါတယ်။
ဒါဟာ အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်က လူ ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကို အာဖဂန်နစ္စတန်ထဲမှာ အခြေစိုက်တဲ့ တာလီဘန်တွေရဲ့ ထောက်ပံ့မှုတွေကို ရရှိနေခဲ့တဲ့ အဲလ်ကာယီးဒါး အဖွဲ့က ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်ကိုလည်း ၁၉၉၀ ပြည့်နှစ်တွေ အတွင်းက စပြီး တာလီဘန်တွေ ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ် အနှောင်းပိုင်းမှာ အဲဒီ ၂ ဖွဲ့စလုံးကို ချေမှုန်းနိုင်ဖို့ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံစုံတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်ထဲကို ကျူးကျော်ထိုးစစ်ဆင်ခဲ့ကြပါတယ်။ အခုတော့ အမေရိကန်တွေက သူတို့ သမိုင်းမှာ အရှည်ကြာဆုံးနဲ့ လူအသေအပျောက်များသလို ကုန်ကျစရိတ်ကြီးလှတဲ့ ဒီ စစ်ပွဲကို အဆုံးသတ်ချင်ပြီ ဖြစ်ပြီး လုံခြုံရေးပိုင်း ဆိုင်ရာကိုလည်း အာဖဂန်အစိုးရကိုပဲ တာဝန်ယူစေတော့မှာ ဖြစ်ပါတယ်။
မကြာသေးခင်ကအထိ အာဖဂန်နစ္စတန်ထဲမှာ အမေရိကန် တပ်ဖွဲ့ဝင် ၂,၅၀၀ - ၃,၅၀၀ အထိရှိနေခဲ့ပြီး သူတို့တွေဟာလည်း တခြားနိုင်ငံစုံ တပ်ဖွဲ့ဝင်ပေါင်း ၇,၀၀၀ နဲ့ အတူ မကြာမီမှာ ထွက်ခွာသွားကြတော့မှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း အာဖဂန်နစ္စတန်ထဲမှာ အမေရိကန် တပ်ဖွဲ့ဝင် ၁,၀၀၀ အောက်သာ ကျန်နေတော့မှာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ပြည်ပတပ်တွေ ရုပ်သိမ်းပြီ ဖြစ်တာကြောင့် တာလီဘန်တွေ ခေါင်းထောင်လာနေပြီး ခရိုင်ပေါင်း ဒါဇင်နဲ့ ချီပြီး ထိန်းချုပ်လာတာကြောင့် ပြည်ပတပ်တွေ မရှိတော့ရင် နောက်ထပ် ပြည်တွင်းစစ် အသစ်တခု ဖြစ်လာမလား ဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
တာလီဘန်ရဲ့ ထိပ်ဆုံး ပစ်မှတ်
Bagram ဟာ အထင်ကရ စခန်းကြီး ဖြစ်ပါတယ်။ မြို့ အတွင်းက မြို့ကြီး တမြို့လို ဖြစ်နေတဲ့ အမေရိကန် စစ်တပ်ရဲ့ အင်အားပြရာ အမှတ်သညာလို ဖြစ်နေတဲ့ ဒီစခန်းဟာ တချိန်က ဆိုဗီယက်တပ်ဖွဲ့တွေရဲ့ ခြေကုတ်စခန်းလည်း ဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီနေရာမှာ အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေက နေရာဝင်ယူရတော့မှာ ဖြစ်ပါတယ်။
Bagram ဟာ အမှတ်သညာ တခုသာ မကဘဲ မဟာဗျူဟာအရလည်း အရေးပါလှပါတယ်။ နိုင်ငံအနှံ့မှာ ရှေ့တိုး လာနေကြပြီ ဖြစ်တဲ့ တာလီဘန် တပ်ဖွဲ့ဝင်တွေကလည်း ဒီစခန်းကို ရနိုင်ဖို့ ရည်မှန်းထားကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းကပဲ အဲဒီ စခန်းကို ပတ်ရံထားတဲ့ မြို့က မြို့ခံတွေက သူတို့အထဲ တာလီဘန်တွေ စရောက်နေကြပြီလို့ ပြောခဲ့ပါတယ်။
မကြာသေးခင်က ဘီဘီစီက အဲဒီစခန်းကို ရောက်ခဲ့ပါတယ်။ အမေရိကန် တပ်တွေ စတင်ထွက်ခွာဖို့ အတွက် ပြင်ဆင်နေကြချိန်လည်း ဖြစ်ပါတယ်။ အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေကတော့ အကောင်းအဆိုး တွေရောနေတယ်လို့ ရှုမြင်ကြပါတယ်။
ဒီစခန်းထဲမှာ စစ်လက်နက်ပစ္စည်းတွေ အများအပြားရှိနေသလို တဘက်မှာလည်း တာလီဘန်က ဒီစခန်းကို ထိပ်တန်း ပစ်မှတ်အဖြစ်သတ်မှတ်ထားကြပါတယ်။ နောက်ပြီး စာရိတ္တ ချစားနေတဲ့ အကျင့်ပျက် တပ်မှူးတချို့နဲ့ စီးပွားရှာချင်ကြသူတွေရဲ့ ရန်ကလည်း ရှိနေပါတယ်။
ဒီစခန်းကို မှီခိုရင်း လုပ်ကိုင်စားသောက်နေကြသူ အာဖဂန်ပြည်သူတွေအတွက်တော့ စွန့်ပစ်ခံရသလို ခံစားနေကြရပါတယ်။ Bagram ရဲ့ စာမျက်နှာသစ်ဟာ စိုးရိမ်စရာတွေနဲ့ ပြည့်လို့နေတယ်လို့ ဘီဘီစီရဲ့ နိုင်ငံတကာသတင်းထောက်ချုပ် လိစ္စ ဒူးဆက်က သုံးသပ်ထားပါတယ်။
Bagram ဘာလို့ အရေးပါသလဲ

Bagram လေတပ်အခြေစိုက် စခန်းကို ပြီးခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်တွေအတွင်းက အာဖဂန်နစ္စတန်ထဲ ဆိုဗီယက်တပ်ဖွဲ့တွေ ကျူးကျော် ဝင်ရောက်နေစဥ်အတွင်းမျာ တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကာဘူလ်မြို့တော်ရဲ့ မြောက်ဘက် ကီလိုမီတာ ၄၀ လောက် အကွာမှာ တည်ရှိတာဖြစ်ပြီး အနီးမှာ ရှိတဲ့ ရွာရဲ့ အမည်ကို ယူပြီး Bagram စခန်းလို့ ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ် ဒီဇင်ဘာလမှာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံစုံတပ်ဖွဲ့တွေ အဲဒီစခန်းမှာ ဝင်ရောက် အခြေစိုက်ခဲ့ကြပြီးနောက်မှာ တပ်ဖွဲ့ဝင် အင်အား ၁၀,၀၀၀ လောက်အထိ နေနိုင်တဲ့ ဧရာမ စခန်းကြီး ဖြစ်လာတဲ့အထိ ချဲ့ထွင်ခဲ့ကြပါတယ်။
အေပီသတင်းဌာနရဲ့ အဆိုအရ အဲဒီ Bagram စခန်းဟာ လေတပ်စခန်း ဖြစ်တာနဲ့ အညီ ပြေးလမ်း ၂ ခု ရှိပြီး နောက်ဆုံး တည်ဆောက်ထားတဲ့ ပြေးလမ်းဟာ ကုန်တင်လေယာဥ်နဲ့ ဗုံးကြဲလေယာဥ်ကြီးတွေ အတက်အဆင်း လုပ်နိုင်လောက်တဲ့ ၃.၆ ကီလိုမီတာအထိ ရှည်ပါတယ်။ လေယာဥ်ရပ်နားစရာ နေပေါင်း ၁၁၀ လည်းရှိပြီး အဲဒီနေရာတွေကို ပေါက်ကွဲမှုဒဏ် ခံနိုင်တဲ့ တံတိုင်းတွေနဲ့ ကာကွယ်ပေးထားပါတယ်။ နောက်ပြီး ကုတင် ၅၀ ပါတဲ့ ဆေးရုံတခုလည်း ရှိပြီး အဲဒီဆေးရုံမှာလည်း ဒဏ်ရာပြင်းထန်သူတွေ အတွက် ကုသဆောင်၊ ခွဲစိတ်ခန်း ၃ ခုနဲ့ ခေတ်မီ သွားဆေးခန်းတွေပါ ပါဝင် ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ မေလ အတွင်းမှာ အမေရိကန် တပ်မှူးကြီး တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စကော့ မေလာက အာဖဂန်နစ္စတန်အတွင်းက နေတိုးတပ်ဖွဲ့တွေရဲ့ တာဝန်ထမ်းဆောင်ပုံတွေကို သုံးသပ်ခဲ့ပါတယ်။
အဲဒီက လေယာဥ် သိုလှောင်ရုံတွေနဲ့ တခြား အဆောက်အအုံတွေ ထဲမှာ တိုက်ပွဲတွေ အရှိန်မြင့်နေတဲ့ ကာလအတွင်းက အမေရိကန်တပ်ဖွဲ့တွေက ဖမ်းဆီး ရမိခဲ့တဲ့ လူတွေကို ချုပ်နှောင်ထားတဲ့ အကျဥ်းထောင် တခုလည်း ရှိပါတယ်။ အဲဒီစခန်းကို ကျူးဘားမှာ ရှိတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အမေရိကန် စစ်အကျဥ်းထောင်ကို အမှီပြုပြီး အာဖဂန်နစ္စတန်ရဲ့ ဂွမ်တာနာမို လိုတောင် အမည်ပေးထားပါတယ်။
စီအိုင်အေက အဲလ်ကာယီးဒါးလို့ သံသယ ရှိသူတွေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ နေရာတွေမှာ နှိပ်စက် ညှင်းပန်းမှုတွေ လုပ်တာနဲ့ ပတ်သက်လို့ အမေရိကန် ဆီးနိတ်လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ နှိပ်စက်ညှင်းပန်းမှုတွေ လုပ်ခဲ့တဲ့ နေရာတွေ စာရင်းထဲမှာ အဲဒီ Bagram စခန်းလည်း ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘာတွေ ဆက်ဖြစ်မလဲ
အေပီ သတင်းဌာနရဲ့ အဆိုအရ သံတမန်တွေကို ကာကွယ်ပေးဖို့၊ ကာဘူးလ် နိုင်ငံတကာ လေဆိပ်ကို လုံခြုံရေး ပေးဖို့ နဲ့ ဒီကုန်းတွင်းပိတ် နိုင်ငံရဲ့ တခြား အရေးကြီးတဲ့ သယ်ယူပို့ဆောင်ရေး အချက်အခြာ ဌာနတွေကို ကာကွယ်ပေးဖို့ အာဖဂန်နစ္စတန်ထဲမှာ အမေရိကန် တပ်ဖွဲ့ဝင် ၆၅၀ လောက် ဆက်ရှိနေမှာ ဖြစ်ပါတယ်။
အာဖဂန် အစိုးရနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက် သစ်တခုကို ညှိနှိုင်းနေကြစဥ်မှာ ဒီတပ်ဖွဲ့ဝင်တွေနဲ့ အတူ အမေရိကန်ရဲ့ နေတိုး မဟာမိတ် ဖြစ်တဲ့ တူရကီ တပ်ဖွဲ့တွေလည်း အတူ လုံခြုံရေး ပေးကြမှာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ လေဆိပ် ကာကွယ်ရေး စနစ်မှာ ဒုံးခွင်းဒုံး၊ အမြောက်၊ မော်တာ စနစ်နဲ့ ဒါတွေကို ထိန်းချုပ် သုံးစွဲပေးမယ့် တပ်ဖွဲ့ဝင်တွေပါ ပါဝင်ပြီး ရဟတ်ယာဥ် အထောက်အကူတွေလည်း ရှိမှာ ဖြစ်ပါတယ်။ ကာဘူးလ်မြို့ပေါ်က အမေရိကန် သံရုံးကိုတော့ အမေရိကန် တပ်ဖွဲ့တွေက ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဖဂန်နစ္စတန် စစ်ပွဲအတွင်း အမေရိကန်ရဲ့ ကျဆုံးသူ ဦးရေနဲ့ စစ်အသုံးစရိတ်
ကာကွယ်ရေး ဆိုင်ရာ သုံးသပ်သူတွေကတော့ အာဖဂန် အစိုးရအနေနဲ့ ကာဘူးလ်မြို့တော်ကို ကာကွယ်ဖို့နဲ့ တာလီဘန်တွေကို တွန်းလှန် ပစ်ဖို့ အတွက် Bagram ကို ဘယ်လို ထိန်းချုပ်မလဲ ဆိုတဲ့ အပေါ်မှာ မူတည်ကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ အတွင်းက အမေရိကန်နဲ့ သဘောတူညီမှု လက်မှတ်ထိုးခဲ့ပြီး နောက်ပိုင်းမှာ တာလီဘန်တွေဘက်က နိုင်ငံစုံတပ်တွေအပေါ် တိုက်ခိုက်တာတွေ ရပ်သွားခဲ့ပေမယ့် အစိုးရတပ်တွေကိုတော့ ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။
တာလီဘန်ရဲ့ ပြောခွင့်ရသူ Zabihullah Mujahid က အမေရိကန် တပ်တွေ Bagram က ရုပ်သိမ်းမှာကို ကြိုဆိုကြောင်းနဲ့ အာဖဂန် ပြည်သူတွေ အနေနဲ့ သူတို့ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ဖို့ အခွင့်အလမ်း ရလာနိုင်တော့မယ် ဖြစ်ကြောင်း အေအဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။
အာဖဂန် စစ်ပွဲတွေအတွင်း အာဖဂန် အရပ်သူ အရပ်သား ၄၇,၀၀၀ အသက်ဆုံးရှုံးခဲ့ရပြီး အာဖဂန် တပ်ဖွဲ့ဝင် ၇၀,၀၀၀ နီးပါး ကျဆုံးခဲ့ရပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင် ၂,၄၄၂ ယောက် သေဆုံးခဲ့ပြီး အမေရိကန်က ပုဂ္ဂလိက လုံခြုံရေး ကန်ထရိုက်တွေရဲ့ အဖွဲ့ဝင်ပေါင်း ၃,၈၀၀ ကျော်လည်း သေဆုံးခဲ့ပါတယ်။ တခြားနိုင်ငံစုံ တပ်ဖွဲ့ဝင်တွေထဲက ၁,၁၄၄ ယောက် သေဆုံးခဲ့ပါတယ်။
စစ်အသုံးစရိတ်အနေနဲ့ အမေရိကန် ဒေါ်လာ ၂.၂၆ ထရီလျံ ကုန်ကျခဲ့တယ်လို့ အမေရိကန်ရဲ့ ၂၁ ရာစုနှစ် စစ်ပွဲတွေကို လေ့လာတဲ့ Brown University ရဲ့ The Costs of War စစ်အသုံးစရိတ် ဆိုင်ရာ သုတေသန အဖွဲ့က ခန့်မှန်းထားပါတယ်။









