အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ ဘယ်လောက် ရှေ့တိုးလာနေလဲ

ခန့်မှန်းချက်တွေ အရ တာလီဘန်တွေဟာ အာဖဂန်ခရိုင် ၄၀ဝ ရှိတဲ့အထဲက သုံးပုံတပုံ ကျော် သိမ်းပိုက်ထားနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခန့်မှန်းချက်တွေ အရ တာလီဘန်တွေဟာ အာဖဂန်ခရိုင် ၄၀ဝ ရှိတဲ့အထဲက သုံးပုံတပုံ ကျော် သိမ်းပိုက်ထားနိုင်

အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်တွေကို သြဂုတ်လ ၃၁ ရက်နေ့မှာ အပြီးသတ်ရုပ်သိမ်းဖို့ ရှိနေပြီး မြောက်အတ္တလန္တိတ် စစ်စာချုပ် နေတိုး အဖွဲ့ဝင် နိုင်ငံတွေလည်း ထွက်ခွာတော့မယ့် အချိန်မှာ တာလီဘန်တပ်တွေကလည်း နိုင်ငံမြောက်ပိုင်းမှာ ထိုးစစ်တွေ ဆင်လာတယ်လို့ အာဖဂန် အာဏာပိုင်တွေက ပြောပါတယ်။

အခုလို ထိုးစစ်ဆင် အပြီးမှာ တာလီဘန်တပ်တွေက အီရန်နဲ့ တာ့ခ်မန်နစ္စတန် နိုင်ငံတို့နဲ့ အာဖဂန် နယ်စပ် အဓိက အဝင်အထွက်နေရာတွေကိုလည်း သိမ်းပိုက် ခဲ့တယ်လို့ ဆိုပါတယ်။

တာလီဘန် စစ်သွေးကြွတွေကလည်း သူတို့ဟာ အဓိက နယ်စပ်မြို့နှစ်မြို့ဖြစ်တဲ့ အီရန်နဲ့နယ်စပ်မှာရှိတဲ့ အစ္စလာမ်ကာလာ မြို့နဲ့ တာ့ခ်မန်နစ္စတန်နဲ့နယ်စပ်မှာရှိတဲ့ တော်ဂွန်ဒီမြို့တွေကို သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဟီရတ်ပြည်နယ် အတွင်းမှာရှိတဲ့ အဲဒီမြို့နှစ်မြို့ သိမ်းပိုက်ခံရကြောင်းကို အာဖဂန် အာဏာပိုင်တွေကလည်း အတည်ပြုခဲ့ပါတယ်။

အဓိက နယ်စပ်မြို့နှစ်မြို့ဖြစ်တဲ့ အီရန်နဲ့နယ်စပ်မှာရှိတဲ့ အစ္စလာမ်ကာလာ မြို့နဲ့ တာ့ခ်မန်နစ္စတန်နဲ့နယ်စပ်မှာရှိတဲ့ တော်ဂွန်ဒီမြို့တွေကို တာလီဘန် သိမ်းပိုက်
ဓာတ်ပုံ ပုံစာ, အဓိက နယ်စပ်မြို့နှစ်မြို့ဖြစ်တဲ့ အီရန်နဲ့နယ်စပ်မှာရှိတဲ့ အစ္စလာမ်ကာလာ မြို့နဲ့ တာ့ခ်မန်နစ္စတန်နဲ့နယ်စပ်မှာရှိတဲ့ တော်ဂွန်ဒီမြို့တွေကို တာလီဘန် သိမ်းပိုက်

နယ်မြေတွေ ဘယ်လောက်အထိ ထိန်းချုပ်လာပြီလဲ

တာလီဘန် အာဏာပိုင်တွေက သူတို့ဟာ အာဖဂန်နယ်မြေ ၈၅ ရာခိုင်နှုန်း အထိ သိမ်းပိုက်နိုင်ပြီလို့ ကြေညာထားပေမယ့် သီးခြား အတည်ပြုလို့တော့ မရပါဘူး။

ဒါ့အပြင် အာဖဂန် အာဏာပိုင်တွေကလည်း အဲဒီ ပြောဆိုမှုဟာ မမှန်ကန်ဘူးလို့ တုံ့ပြန်ထားပါတယ်။

ဒါပေမယ့် ခန့်မှန်းချက်တွေ အရကတော့ တာလီဘန်တွေဟာ အာဖဂန်ခရိုင် ၄၀ဝ ရှိတဲ့အထဲက သုံးပုံတပုံ ကျော် သိမ်းပိုက်ထားနိုင်လောက်တယ်လို့ ဆိုပါတယ်။

တာလီဘန်တို့ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နယ်မြေတွေထဲမှာ အီရန်နဲ့ နယ်စပ်တလျှောက်ဒေသတွေနဲ့ တရုတ်နဲ့ နယ်စပ်တလျှောက် ဒေသတွေလည်း အပါအဝင် ဖြစ်ပါတယ်။

အခုနောက်ဆုံး တာလီဘန်က သိမ်းပိုက်လိုက်တဲ့ အစ္စလာမ်ကာလာ နယ်စပ်မြို့ဟာ အီရန်နဲ့ အာဖဂန်တို့ရဲ့ ကုန်သွယ်မှုအများဆုံး ရှိတဲ့ လမ်းကြောင်းဖြစ်ပြီး အာဖဂန်အစိုးရအတွက် လစဉ် အမေရိကန်ဒေါ်လာ သန်း ၂၀ ဖိုးလောက်အထိ ငွေရှာပေးနေတဲ့ မြို့လည်း ဖြစ်နေပါတယ်။

တော်ဂွန်ဒီ နယ်စပ်မြို့ကတော့ တာ့ခ်မန်နစ္စတန်နိုင်ငံနဲ့ အာဖဂန်တို့ရဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း နှစ်ခုထဲက တခု ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်တွေနဲ့ အာဖဂန်တပ်တွေက အဲဒီ နယ်စပ်မြို့တွေကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားနေတယ်လို့ အာဖဂန် ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် တာရက် အာရီယန်က AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဗီဒီယို ပုံစာ, အမေရိကန်တပ်ရုပ်သိမ်းမှုနဲ့ အာဖဂန်စစ်ပွဲ

အာဖဂန်သမ္မတ အက်ရှရက်ဖ် ဂါနီကလည်း အာဖဂန်တပ်ဖွဲ့တွေက တာဘီဘန်တွေကို ထိန်းချုပ်နိုင်ပါတယ်လို့ ပြောဆိုထားပါတယ်။

တာလီဘန်တွေ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ ပြည်နယ်မြို့တော်တခုဖြစ်တဲ့ ဘက်ဒ်ဂစ် ပြည်နယ်က ကာလာအီနော မြို့ကိုလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့မှာ အာဖဂန်တပ်တွေက ပြန်လည် သိမ်းပိုက်ခဲ့တယ်လို့ အာဖဂန် အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ တာလီဘန်တပ်တွေဟာ ဟီရတ်ပြည်နယ်အတွင်းက ခရိုင်ငါးခုကိုလည်း ခုခံတိုက်ခိုက်ခံရခြင်း မရှိဘဲ သိမ်းပိုက်နိုင်ခဲ့တယ် ဆိုတဲ့ သတင်းပေးပို့ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဇူလိုင်လ အစောပိုင်းကာလအတွင်းမှာလည်း အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ တာလီဘန်တွေရဲ့ ဝန်းရံ တိုက်ခိုက်မှုကြောင့် အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင် တထောင်ကျော်လောက် တာဂျစ်ကစ္စတန် နိုင်ငံထဲကို ထွက်ပြေးခဲ့ရပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်တွေကို သြဂုတ်လ ၃၁ ရက်နေ့မှာ အပြီးသတ်ရုတ်သိမ်းဖို့ ရှိနေ (ပုံ - အာဖဂန်က ဆုတ်ခွာနေတဲ့ ယူကေတပ်ဖွဲ့ဝင်များ)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်တွေကို သြဂုတ်လ ၃၁ ရက်နေ့မှာ အပြီးသတ်ရုတ်သိမ်းဖို့ ရှိနေ (ပုံ - အာဖဂန်က ဆုတ်ခွာနေတဲ့ ယူကေတပ်ဖွဲ့ဝင်များ)

နိုင်ငံတကာက ဘယ်လို တုံ့ပြန်နေသလဲ

တာလီဘန်တွေဟာ အာဖဂန်နဲ့ တာဂျစ်ကစ္စတန်နယ်စပ်တလျောက် ဒေသတွေရဲ့ သုံးပုံ နှစ်ပုံကို လျင်လျင်မြန်မြန် သိမ်းပိုက်လိုက်တယ် ဆိုပြီး ရုရှားအစိုးရက ဇူလိုင်လ ၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

လက်ရှိ အာဖဂန် အခြေအနေနဲ့ပတ်သက်ပြီး ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာခရိုဗာက တိုက်တွန်းထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အမေရိကန်တပ်တွေ ရုပ်သိမ်းမှုကို ခုခံပြောဆိုခဲ့ပြီး အာဖဂန်မှာ တပ်တွေဆက်ထားလို့ အခြေအနေတွေ ပိုကောင်းလာမယ် ဆိုတာ မသေချာဘဲ နောက်ထပ် အမေရိကန်မျိုးဆက်တခုကို အာဖဂန်စစ်ပွဲအတွင်း ဆွဲမသွင်းချင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိ အာဖဂန် အစိုးရ အနေနဲ့ တနိုင်ငံလုံးကို ထိန်းချုပ်နိုင်ဖို့ကတော့ ဖြစ်နိုင်ခြေ အလွန်နည်းတယ်လို့ မစ္စတာ ဘိုင်ဒန်က ဝန်ခံခဲ့ပါတယ်။

အာဖဂန် အစိုးရ တပ်က စစ်သား

ဓာတ်ပုံ ရင်းမြစ်, EPA

အမေရိကန်ထောက်လှမ်းရေး သုတေသီတချို့ကတော့ တာလီဘန်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံကို ခြောက်လအတွင်း အပြီးသတ် ပြန်လည် သိမ်းပိုက်နိုင်ခြေ ရှိနိုင်တာကို စိုးရိမ်နေကြပြီး အဲဒီ သုံးသပ်ချက်ဟာ ပြီးခဲ့တဲ့ ဇွန်လမှာ အမေရိကန်အစိုးရ အရာရှိတွေ အကြား ဖြန့်ဝေထားတဲ့ သုံးသပ်ချက်လည်း ဖြစ်ပါတယ်။

ယူကေနိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆာ နစ်ခ် ကာတာ ကတော့ အာဖဂန် အစိုးရအနေနဲ့ အနည်းဆုံး ပြည်နယ် မြို့တော်တွေကို ထိန်းထားနိုင်တဲ့ ဖြစ်နိုင်ခြေ တခု ရှိပေမယ့် အဆိုးဆုံး အနေနဲ့ ၁၉၉၀ နောက်ပိုင်း မှာ ဖြစ်ခဲ့သလို တာလီဘန်အပါအဝင် လူမျိုးစု အသီးသီးက အာဖဂန်ကို ခွဲခြမ်း အုပ်ချုပ်ကြတာမျိုးလည်း ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

နောက်ထပ် မျှော်လင့်နိုင်စရာ ဖြစ်နိုင်ခြေ တခုကတော့ အစိုးရနဲ့ တာလီဘန်တို့ နှစ်ဖက် နိုင်ငံရေး စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ကြပြီး တဖက်မှာလည်း အမေရိကန်နဲ့တကွ နိုင်ငံခြားတပ်တွေကလည်း စီစဉ်ထားတဲ့အတိုင်း ရုပ်သိမ်းသွားကြတဲ့ ဖြစ်နိုင်ခြေ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဆာ နစ်ခ် ကာတာက ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာ အာဖဂန် အစိုးရနဲ့ တာလီဘန် တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်ရှိနေပေမယ့်လည်း မကြာခဏ ဆိုင်းငံ့ ရွှေ့ဆိုင်းရမှုတွေ ရှိနေပြီး ဆွေးနွေးပွဲ အခြေအနေ တိုးတက်မှု နှောင့်နှေးနေပါတယ်။