အမေရိကန်တပ်တွေ ရုပ်သိမ်းမယ့်ရက်ကျော်ပြီး အာဖဂန်နစ္စတန်မှာ ဆက်ရှိနေနိုင်တယ်လို့ ဘိုင်ဒန်ပြော

အာဖဂန်နစ္စတန်က လေကြောင်းနဲ့ထွက်ခွာမယ့်သူတွေ

ဓာတ်ပုံ ရင်းမြစ်, Turkish National Defence Ministry via Getty Images

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အာဖဂန်နစ္စတန်ထဲမှာ အမေရိကန်တပ်ဖွဲ့တွေဟာ အစက ပြောထားတဲ့ တပ်ရုပ်သိမ်းမယ့် နောက်ဆုံးနေ့ ကျော်ပြီးတဲ့ အထိ ဆက်ပြီးရှိနေကောင်း ရှိနေမယ်လို့ ပြောလိုက်ပါတယ်။

တချိန်တည်းမှာပဲ အာဖဂန်နစ္စတန်ထဲက ထွက်ပြေးဖို့ ကြိုးစားနေကြသူတွေကိုလည်း ကာဘူးလ် လေဆိပ်ကို မရောက်ရှိစေဖို့အတွက် တာလီဘန် လက်နက်ကိုင်တွေက ဟန့်တားနေကြပါတယ်။

မစ္စတာ ဘိုင်ဒန်က အမေရိကန် တပ်တွေကို ဒီလကုန်မှာ အပြီးရုပ်သိမ်းသွားဖို့ ရည်ရွယ်ခဲ့ပေမယ့် အာဖဂန်ထဲမှာ သောင်တင်နေတဲ့ အမေရိကန် နိုင်ငံသား ၁၅,၀၀၀ လောက် ရှိနေပါတယ်။

ABC News သတင်းဌာနနဲ့ တွေ့ဆုံစဥ်မှာလည်း အမေရိကန်သမ္မတက ကာဘူးလ်က ကသောင်းကနင်း အခြေအနေတွေကို ရှောင်လွှဲလို့ မရခဲ့ကြောင်း ပြောပါတယ်။

အဲဒီမှာ ရှိနေတဲ့ အနောက်နိုင်ငံသားတွေနဲ့ သူတို့ အတွက် အလုပ်လုပ်ပေးခဲ့တဲ့ အာဖဂန်တွေကို ကယ်ထုတ်နိုင်ဖို့ ပြည်ပအစိုးရတွေကလည်း လေကြောင်း ခရီးစဥ်တွေကို တိုးမြှင့် စီစဥ်ပေးလာနေကြပါတယ်။

ဝါရှင်တန်က အာဖဂန်ထဲမှာရှိနေတဲ့ အမေရိကန် နိုင်ငံသား အားလုံးနဲ့ အတူ အမေရိကန် စစ်တပ်အတွက် စကားပြန်လုပ်ပေးခဲ့သူတွေ အပါအဝင် အာဖဂန်လူမျိုး ၅၀-၆၅,၀၀၀ လောက်အထိကို ကယ်ထုတ်သွားမှာ ဖြစ်တယ်လို့ ကတိပြုထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကဘူးလ်က ကသောင်းကနင်း အခြေအနေတွေကို ရှောင်လွှဲလို့ မရခဲ့ဘူးလို့ အမေရိကန်သမ္မတပြော

ဒီနေ့ အထိလည်း အမေရိကန်က လူပေါင်း ၅၂,၀၀ ကို ကယ်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအထဲမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကယ်ထုတ်ပေးခဲ့တဲ့ လူ ၂,၀၀၀ လည်း ပါဝင်ပါတယ်။

ပင်တဂွန် စစ်ဌာနချုပ်ကလည်း တနေ့ကို လူ ၉,၀၀၀ လောက်အထိ လေယာဥ်တွေနဲ့ ကယ်ထုတ်သွားနိုင်ဖို့ လုပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

လတ်တလောမှာတော့ ကာဘူးလ်မြို့တော်က ကာဇိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် မှာ အမေရိကန် တပ်ဖွဲ့ဝင်ပေါင်း ၄,၅၀၀ ယာယီ တပ်စွဲပြီး ထိန်းချုပ်ထားပါတယ်၊ ဒါပေမယ့် တာလီဘန်ကလည်း ပတ်လည်မှာ ကင်းတွေချပြီး စောင့်ကြည့်နေကြပါတယ်။

တနင်္ဂနွေနေ့က စပြီး ကာဘူးလ်လေဆိပ်နဲ့ အနီးတဝိုက်မှာ လူ ၁၂ ယောက် သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း တာလီဘန်က ရိုက်တာသင်းဌာနကို ပြောပါတယ်။ ဒီလူတွေ သေဆုံးရတာဟာ သေနတ်နဲ့ အပစ်ခံရတာနဲ့ လူနင်းမိတာတွေကြေင့် ဖြစ်ပါတယ်။

တာလီဘန်က အာဖဂန်နိုင်ငံသားတွေ လေဆိပ်ထဲကို ခရီးသွားလာခွင့် အထောက်အထား စာရွက်စာတမ်းတွေ မပါဘဲ ဝင်လို့မရအောင် တားဆီးထားပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ စာရွက်စာတမ်း အစစ်တွေနဲ့ လူတွေတောင်မှ ဝင်ရောက်နိုင်ဖို့ ခက်ခဲနေပါတယ်။

အင်္ဂါနေ့က သြစတြေးလျ စစ်ဘက် လေယာဥ်နဲ့ ထွက်ခွာဖို့ ကြိုးစားခဲ့တဲ့ အာဖဂန် လူမျိုး စကားပြန်တယောက်ဆိုလည်း တာလီဘန်က ခြေထောက်ကို သေနတ်နဲ့ ပစ်တာ ခံခဲ့ရပါတယ်။ SBS သတင်းဌာနက အဲဒီလူကို ဆရာဝန်က ကုသမှု ပေးနေတဲ့ ပုံတွေကို ပြသခဲ့ပါတယ်။

အမေရိကန် နိုင်ငံသား တချို့ကလည်း သူတို့တွေ အာဖဂန်နစ္စတန်ထဲက ထွက်ခွာသွားနိုင်ဖို့ အတွက် စီစဥ်ထားတဲ့ လေကြောင်း ခရီးစဥ်တွေနဲ့ မလိုက်ပါနိုင်ခဲ့တဲ့ အကြောင်း ဘီဘီစီရဲ့ အမေရိကန်ဘက်က တွဲဖက် သတင်းဌာနဖြစ်တဲ့ CBS News ကို ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ အနှောင်းပိုင်းကတော့ အမေရိကန် ပြည်တွင်း လေကြောင်း အာဏာပိုင်တွေက အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ရပြီးတဲ့ အရပ် ခရီးသည်တင် လေကြောင်းလိုင်းတွေနဲ့ အရပ် လေယာဥ်မှူးတွေကို ကယ်ဆယ်ရေး ခရီးစဥ်တွေ ပျံသန်းဖို့ အတွက် ကာဘူးလ်လေဆိပ်ကို ပျံသန်းခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

လေဆိပ်ဝင်း ဂိတ်ဝကို လူတွေစုပြုံတိုး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လေဆိပ်ဝင်း ဂိတ်ဝကို လူတွေစုပြုံတိုး

အာဖဂန်က ပြေးလာသူတွေ ကမ္ဘာ့မြို့ကြီးတွေမှာ ရောက်ရှိ

အာဖဂန်နစ္စတန်ကနေ ထွက်ပြေးလာကြသူတွေ ကမ္ဘာအနှံ့က မြို့ကြီးတွေကို ရောက်လာနေကြပြီ ဖြစ်ပါတယ်။ ဒီလူတွေထဲက အများစုဟာ အာဖဂန် လူမျိုးတွေ ဖြစ်ပြီး ကဘူးလ်မြို့တော်က ပြည်ပအစိုးရတွေနဲ့ ဆက်စပ်တဲ့ ရုံးတွေမှာ အလုပ်လုပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

အဲဒီလူတွေထဲက အများစုဟာ တိုင်းပြည်ကို စွန့်ခွာခဲ့ရတာသာ မကဘဲ မိသားစုတွေနဲ့ပါ ခွဲခွာပြီး ထွက်ပြေးလာရတာဖြစ်ပါတယ်။

ဒါဟာ သူတို့အခေါ်အရ ပြည်ပနိုင်ငံတခုမှာ ဘဝသစ် စနိုင်ဖို့အတွက် လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးရဲ့ အစပဲ​ဖြစ်ပါတယ်။