တာလီဘန်တွေ တကျော့ပြန်လာခြင်းက နိုင်ငံတကာမှာ ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာမလဲ

- ရေးသားသူ, ဂျိုနသန်မားကပ်စ်
- ရာထူးတာဝန်, သံတမန်ရေးသုံးသပ်သူနှင့် ဘီဘီစီ စစ်ရေးနှင့် သံတမန်ရေး သတင်းထောက်ဟောင်း
ဘိုင်ဒန်အစိုးရရဲ့ အာဖဂန်နစ္စတန်အတွင်းက အမေရိကန်တွေ အလောတကြီး ထွက်ခွာသွားဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဝေဖန်သုံးသပ်သူတွေက သမ္မတအပေါ် အပြစ်တင်ကြသလို အာဖဂန်မှာ အမှုထမ်းဖူးသူတွေနဲ့ အာဖဂန် ပြည်သူတွေကလည်း ဒါဟာ မလိုအပ်ဘူး၊ သစ္စာဖောက်တာ စသည်ဖြင့် ရှုမြင်ကြပါတယ်။
ကာဘူးလ်လေဆိပ်က စိတ်နှလုံး မချမ်းမြေ့စရာ ပုံရိပ်တွေ ထပ်ထွက်လာတော့ ဒီအမြင်တွေက ပိုပြီး ခိုင်မာလာကြသလို ခံစားမှုတွေလည်း ပြင်းထန်လာကြပါတယ်။ အနောက်အုပ်စုဟာ အာဖဂန်နစ္စတန်ထဲမှာ သွေး၊ ချွေး၊ အချိန်နဲ့ ငွေကြေးတွေ အများကြီး ရင်းနှီးမြှုပ်နှံထားခဲ့ကြသလို အာဖဂန် ပြည်သူတွေဘက်ကတော့ ပိုလို့တောင် များပါသေးတယ်။
ဘိုင်ဒန်အစိုးရရဲ့ အစောတလျင် တပ်ရုပ်သိမ်းမှုတွေအပေါ် ဝေဖန်ကြတာကို စောဒက တက်ဖို့ ခက်ပါတယ်။ အာဖဂန်နစ္စတန်ဟာ ပြန်ဆယ်လို့ မရတော့လောက်အောင် ဖြစ်ခဲ့ပြီး သူ့ရဲ့ အုပ်ချုပ်ရေး အဆောက်အဦတွေဟာလည်း ခြစားမှုတွေကြောင့် ပြိုလဲခဲ့ပြီဖြစ်ပါတယ်။ အာဖဂန်နစ္စတန်ကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာမှ ဆုံးရှုံးခဲ့ရတာမဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်း ၂၀ လုံးလုံး မှာ တစစနဲ့ ဆုံးရှုံးနေခဲ့ရသလား ဆိုတဲ့ မေးခွန်းတွေကို ပိုပြီး ကျယ်လောင်လာစေခဲ့ပါတယ်။
ဒီလို အာဖဂန်နစ္စတန်ကနေ ထွက်သွားဖို့ ဆုံးဖြတ်ချက်ကြောင့် အမေရိကန်အပေါ် ယုံကြည်မှုတွေ၊ စိတ်ချရတဲ့ လုပ်ဖော်ကိုင်ဖက်အဖြစ် ရှုမြင်ကြပုံနဲ့ ၊ ကမ္ဘာ့အရေးတွေမှာ အမေရိကန်ရဲ့ ရပ်တည်မှု အနေအထားတွေအပေါ် အများကြီး ထိခိုက်နစ်နာ သွားစေခဲ့ပါတယ်။ ဒီအဖြစ်တွေနဲ့ မစ္စတာ ဘိုင်ဒန် သမ္မတအဖြစ် တာဝန်စတင်ထမ်းဆောင်ချိန်မှာ ပြောခဲ့တဲ့ အမေရိကန် ပြန်လာပြီဆိုတဲ့ ကြွေးကြော်သံတွေက အပ်ကျမတ်ကျ ဖြစ်နိုင်ပါတော့မလား။
သတင်းစာတွေကလည်း အမေရိကန် နိုင်ငံသားတွေကို ရဟတ်ယာဥ်တွေနဲ့ သယ်ထုတ်နေကြပုံတွေကို မျက်နှာဖုံးစာမျက်နှာတွေမှာ ဖော်ပြပြီး ဗီယက်နမ်စစ်ပွဲကာလ အတွင်းက အဖြစ်တွေနဲ့ နှိုင်းယှဥ် ဖော်ပြကြပါတယ်။ ဒီလို အပေါ်ယံပိုင်း တူညီမှုတွေ ရှိတယ်ဆိုပေမယ့် တချို့ အရေးကြီးတဲ့ အချက်တွေမှာ မတူညီတာတွေလည်း ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
တောင်ဗီယက်နမ်ဟာ အမေရိကန် တပ်တွေ ထွက်သွားပြီး ၂ နှစ်လောက် နေမှ ပြိုလဲခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်တွေဟာ သူတို့ရဲ့ အာဖဂန် မဟာမိတ်တွေကို အချိန်ကာလ အတိုင်းအတာ တခုအထိတော့ တောင်ခံထားနိုင်ကြမယ်လို့ မျှော်လင့်ခဲ့ပုံ ရပါတယ်။
အမေရိကန်ဟာ ဗီယက်နမ် စစ်ကြောင့် အရှက်ရ သိမ်ငယ်ခဲ့ရသလို သူတို့ ပြည်သူလူထုတွေအကြားမှာလည်း စိတ်ဝမ်းကွဲတာ၊ စစ်တပ်ရဲ့ စိတ်ခွန်အားတွေ လျော့နည်းသွားတာမျိုးတွေ ဖြစ်ခဲ့ရပါတယ်။ ဗီယက်နမ်ဟာ စစ်အေး တိုက်ပွဲအတွင်းက ဝမ်းနည်းဖွယ် အဖြစ်တခုပါ။ ဒါပေမယ့် အဆုံးစွန်မှာ အနိုင်ရ အမြတ်ထွက်ခဲ့တာက အမေရိကန်တွေပဲလို့ ဆိုနိုင်ပါတယ်။ နေတိုးအဖွဲ့အင်အား မလျော့ကျသွားခဲ့သလို ကမ္ဘာတဝန်းက အမေရိကန်ရဲ့ မဟာမိတ်တွေကလည်း အရေးအကြောင်းဆို အမေရိကန် အကူအညီကို မျှော်ကြတုန်း ဖြစ်ပါတယ်။ နောက်ပြီး အမေရိကန်ဟာ အခုထက်တိုင် မဟာအင်အားကြီး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေနိုင်ဆဲ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန်ကတော့ ဗီယက်နမ်နဲ့ မတူပါဘူး၊ အမေရိကန်တွေအကြားက ဒီစစ်ပွဲတွေအပေါ် သဘောထား မတူညီမှုတွေဟာ ဗီယက်နမ်စစ်ကာလ အတွင်းက အခြေအနေတွေနဲ့တော့ ဘယ်လိုမှ နှိုင်းယှဥ်လို့ မရပါဘူး။ အာဖဂန်နစ္စတန် စစ်ပွဲတွေအပေါ် ပြည်သူလူထုက မနှစ်သက်ကြပေမယ့် ဒါကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးမျိုးတွေ မရှိခဲ့ပါဘူး။
နောက်ပြီး ဒီနေ့ခေတ် နိုင်ငံတကာစာမျက်နှာဟာ ၁၉၇၀ ပြည့်နှစ်တွေ အတွင်းကနဲ့ စာရင် အများကြီး ပြောင်းလဲသွားခဲ့ပါပြီ။ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်အုပ်စုဟာ အရေးကိစ္စ တော်တော်များများမှာ ပါဝင် ပတ်သက်နေကြပြီး အဲဒီထဲက တချို့ကိစ္စတွေမှာ အောင်မြင်မှုတွေ ရခဲ့ကြပါတယ်။ အခု အာဖဂန်ပြိုလဲမှုကတော့ သူတို့ ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲတွေအပေါ် အထိနာသွားစေနိုင်လောက်ပါတယ်။ ဒါထက်ဆိုးတာက ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်အကြား အားပြိုင်မှုမှာ ဝါရှင်တန်ရဲ့ ပျက်ကွက်ခြင်းကြောင့် အတော့်ကို နစ်နာ သွားခဲ့ရတယ်လို့ ရှုမြင်ကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media
အခုအချိန်မှာ မော်စကိုနဲ့ ဘေကျင်းကတော့ ပြုံးနေကောင်း ပြုံးနေကြမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ နဲ့ တရားဥပဒေ စိုးမိုးမှု ထွန်းကားရေးဆိုပြီးလုပ်လေ့ရှိတဲ့ အနောက်တိုင်းပုံစံ လစ်ဘရယ်ကြားဝင်စွက်ဖက်မှု ဝါဒဟာလည်း အာဖဂန်နစ္စတန်ဆိုတဲ့ မှတ်ကျောက်တင်ရာမှာတော့ မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။ နောင်လည်း ဒါမျိုးတွေ ကြုံလာမြင်လာရဦးမလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။
အာဖဂန်နစ္စတန် အရေးမှာ ပါဝင် လက်တွဲခဲ့ကြတဲ့ ဝါရှင်တန်ရဲ့ မဟာမိတ်တွေ အကြားမှာတောင် အခုကိစ္စကို နားလည်နိုင်ဖို့ ကြိုးစားနေရဆဲပါ။ အားမလို အားမရလည်း ဖြစ်နေကြပါတယ်။ ဝါရှင်တန်နဲ့ အထူး ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်လို့ မကြာခဏ ပြောလေ့ရှိသူတွေကတောင်မှ သမ္မတ ဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်း ဝေဖန်ပြစ်တင်လာကြပါတယ်။
ဥရောပက အမေရိကန်ရဲ့ မဟာမိတ်တွေထဲမှာတော့ သူတို့ အမေရိကန်အပေါ် ဘယ်လောက် မှီခို အားထားနေရတယ်ဆိုတာနဲ့ အိမ်ဖြူတော်က တလမ်းလမ်းကို သွားဖို့ ရွေးလိုက်ပြီ ဆိုရင်လည်း သူတို့ ရဲ့ အမြင်တွေက ဘယ်လောက်မှ အရေးမပါဘူးဆိုတာကိုပါ မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားခဲ့ပါတယ်။
လတ်တလောအဖြစ်တွေက အနောက်အုပ်စုအတွက် သတင်းဆိုးတွေလို ဖြစ်နေပါတယ်။ ဒါပေမယ့် ဘေကျင်း၊ မော်စကိုနဲ့ အစ္စလာမ်မာဘတ်ဒ်က အပြုံးတွေရော ဘယ်လောက်အထိ ကြာကြာ ခံနေနိုင်မလဲ။
ပါကစ္စတန်ဟာ သူ့ ပထဝီ မဟာဗျူဟာအတွက် တာလီဘန်ကို ခိုလှုံခွင့်ပေးပြီး အားပေး ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ တကြော့ပြန် အာဏာရလာခြင်းကြောင့် အချိန်ယန္တရား နောက်ပြန်သွားပြီး နိုင်ငံတကာက အကြမ်းဖက်သမားတွေအတွက် ခိုလှုံရာနယ်မြေ တခု ပြန်ဖြစ်လာတော့မလား။ ပါကစ္စတန်အတွက် ဒေသတွင်းမှာ မတည်မငြိမ် ဖြစ်လာတာနဲ့ အမျှ နောက်ဆက်တွဲ ဆိုးကျိုးတွေပဲ မြင်လာရနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်ကလည်း အမေရိကန်ရဲ့ ကျရှုံးမှုကို ဝမ်းသာနေမှာပါ။ တကယ်လို့သာ မစ္စတာ ဘိုင်ဒန်က တရုတ်ရဲ့ လွှမ်းမိုးမှုတွေ တိုးလာနေတာကို တုံ့ပြန်ဖို့ အတွက် အမေရိကန်ရဲ့ အမျိုးသား အင်အားကို ပြန်လည် အာရုံစိုက်ဖို့ ရည်ရွယ်ပြီး အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေကို ရုပ်သိမ်းသွားခဲ့တယ်ဆိုရင် ဒီအချက်ကပဲ တရုတ်ကို အာဖဂန်နစ္စတန်နဲ့ တခြားဒေသတွေမှာပါ သြဇာ ချဲ့ထွင် လွှမ်းမိုးနိုင်စေဖို့ အခွင့်ပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။
တရုတ်မှာလည်း သူ့စိုးရိမ်မှုနဲ့ သူတော့ ရှိပါတယ်။ တရုတ်ဟာ အာဖဂန်နစ္စတန်နဲ့ နယ်စပ်ချင်း ခပ်တိုတို ထိစပ်နေပါတယ်။ သူတို့ဆီမှာ လူနည်းစု မွတ်စလင်တွေအပေါ် ဖိနှိပ်မှုတွေ ရှိနေတာကြောင့် အဲဒီက ဘေကျင်းဆန့်ကျင်တဲ့ အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့တွေက အာဖဂန်နစ္စတန်မှာ အခြေစိုက် လှုပ်ရှားဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒါကြောင့်လည်း မကြာသေးခင် သီတင်းပတ်တွေအတွင်းမှာ တရုတ်ဟာ သံတမန်ရေးနဲ့ တာလီဘန်ကို အချိုသတ်ဖို့ ကြိုးစားနေတာဟာ အဆန်းတော့ မဟုတ်ပါဘူး။
ရုရှားမှာလည်း အကြမ်းဖက်မှုတွေနဲ့ မတည်မငြိမ်မှုတွေ ပြန်ခေါင်းထောင်လာမှာကို စိုးရိမ်နေကြမှာ ဖြစ်ပါတယ်။ တခုဖြေသာစရာ ရသွားတာက အရင် ၁၉၈၀ ပြည့်နှစ် အနှောင်းပိုင်းတွေက ဆိုဗီယက်ယူနီယံတပ်ဖွဲ့တွေ အာဖဂန် လက်နက်ကိုင်တွေကို ရှုံးနိမ့်ခဲ့ရသလို အမေရိကန်တွေလည်း ပြန်လှည့်ပြေးသွားရတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ အဓိက အာရုံထားတာက ဗဟို အာရှ ဒေသ လုံခြုံရေးပဲ ဖြစ်ပါတယ်။ အဲဒီ ဒေသက နိုင်ငံတော်တော်များများဟာ မော်စကိုနဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်။ ဒီနွေရာသီမှာပဲ ရုရှားဟာသူ့ရဲ့ တင့်ကားတပ်တွေကို တာဂျစ်ကစ္စတန်နဲ့ အာဖဂန်နစ္စတန် နယ်စပ်ကို ပို့ပြီး စစ်ရေး လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ သူတို့က အာဖဂန် ပြိုလဲမှုရဲ့ နောက်ဆက်တွဲ ဘာအဖိတ်အစင်မှ သူတို့ဘက်ကို ရောက်မလာဖို့ တားဆီးမယ်ဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်။
ရေတိုမှာ အာဖဂန် ဒုက္ခက အနောက်အုပ်စုရဲ့ အတိုက်အခံတွေအတွက် အကျိုးဖြစ်စေနိုင်ပေမယ့် သဘောထားတွေကတော့ ပြောင်းလာမှာ မဟုတ်ပါဘူး။
တကယ်အရေးကြီးတာက အမေရိကန်ရဲ့ မဟာမိတ်တွေအကြား ဘယ်လို အကျိုးဆက်တွေ ရှိလာမလဲ ဆိုတာပါ။ အာဖဂန်အတွေ့အကြုံတွေကနေ သူတို့ ဘာသင်ခန်းစာတွေ ရယူနိုင်ကြမလဲ။
လက်ရှိ အခြေအနေတွေကို ဖြတ်သန်းပြီး နောက်ပိုင်းမှာရော နေတိုး အဖွဲ့ဝင် နိုင်ငံတွေအပြင်၊ အစ္စရေး၊ တိုင်ဝမ်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က အမေရိကန်အပေါ် သိပ်ယုံကြည်လို့ မရတဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံအဖြစ် ရှုမြင်လာကြမလား။
အဲဒီလို မြင်လာမယ် ဆိုရင်တော့ မစ္စတာ ဘိုင်ဒန် အာဖဂန်နစ္စတန်က တပ်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဟာ ကိုယ့်ကြမ္မာကိုယ်ငင်သလို ဖြစ်သွားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။









