အရှေ့တောင်အာရှရဲ့ အံ့သြဖွယ်ရာ ဆေးခြောက်ကမ္ဘာ

ဂျော်နသန်ဟက်ဒ်၊

ဘီဘီစီ အရှေ့တောင်အာရှသတင်းထောက်

ဆေးခြောက်အရွက်ဟာ ဘန်ကောက်မြို့ လမ်းတွေပေါ်မှာ လူတွေ့များတဲ့ သင်္ကေတတစ်ခုဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆေးခြောက်အရွက်ဟာ ဘန်ကောက်မြို့ လမ်းတွေပေါ်မှာ လူတွေ့များတဲ့ သင်္ကေတတစ်ခုဖြစ်လာ

နိုင်ငံခြားသားတွေ အများဆုံးလာရောက်လေ့ရှိတဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ ဆူခွန်ဗစ်လမ်းက နီယွန်မီးရောင်စုံ ဆိုင်းဘုတ်တွေ‌ပေါ်မှာ သင်္ကေတအသစ်တစ်ခုကို ပြီးခဲ့တဲ့လပိုင်းတွေအတွင်းက သိသိသာသာ တွေ့လာရပါတယ်။

အဲ့ဒီသင်္ကေတကတော့ ငါးမွှာဆေးခြောက်ရွက်ပုံ ဖြစ်ပါတယ်။ ပြီးခဲ့တဲနှစ်ဇွန်လကစပြီး ဆေးခြောက်သုံးစွဲ ရောင်းဝယ်တာကို တရားဝင်ခွင့်ပြုလိုက်ပြီးနောက်ပိုင်း ဆေးခြောက်ရွက်ပုံ သင်္ကေတတွေ ထိုင်းနိုင်ငံ နေရာအနှံ့အပြားမှာတွေ့လာရသလို ဆေးခြောက်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း တမဟုတ်ချင်း ဖွံ့ဖြိုးလာပါတယ်။

ဘန်ကောက် ဘီဘီစီရုံးကနေ အရှေ့ဘက်ကို နှစ်ကီလိုမီတာလောက်လမ်းလျှောက်သွားရင် ဆေး ခြောက်ပင်က အဖူးတွေရောင်းတဲ့ ဆိုင် ၄၀ ကျော်ကိုတွေ့ရမှာဖြစ်သလို အဲဒီမှာ ဆေးခြောက်ရှုဖို့ လိုအပ်တဲ့ ပစ္စည်းတွေအားလုံး ဝယ်လို့ရနိုင်ပါတယ်။

အဲ့ဒီကနေ ဆန့်ကျင်ဘက်ကို သွားလိုက်ရင်လည်း နိုင်ငံခြားခရီးသွားတွေ ကျက်စားတဲ့ ပလန်တိုပီး ယား စျေးဝယ်စင်တာတစ်ခုလုံး ဆေးခြောက်ငွေ့တွေနောက်မှာ ဆေးခြောက်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားနေကြတာ တွေ့ရမှာပါ။

ထိုင်းနိုင်ငံ Weed ဝဘ်ဆိုဒ်က ပြုစုထားတဲ့စာရင်းအရ ထိုင်းနိုင်ငံတစ်ဝန်းလုံးမှာ ဆေးခြောက်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေရောင်းချတဲ့ စီးပွား‌ရေးလုပ်ငန်းပေါင်း ၄၀၀၀ ကျော်ရှိနေပါပြီ။

ဒါက ပြီးခဲ့တဲ့ ဇွန်လမတိုင်ခင်အထိ ဆေးခြောက်လက်ဝယ်တွေ့ရင် ထောင်ငါးနှစ်အထိ ချမှတ်ခံ ရနိုင်တဲ့၊ ဆေးခြောက်စိုက်ပျိုးတာမိရင် ထောင် ၁၅ နှစ်အထိ ကျနိုင်ပြီး တခြားမူးယစ်ဆေးမှုတွေနဲ့ သေဒဏ်ချနေတဲ့ ထိုင်းနိုင်ငံရဲ့ လက်ရှိအခြေအနေပါ။

"လတ်တလောမှာတော့ ဒီကိစ္စက ရှုပ်ထွေးနေတယ်။ထိုင်းနိုင်ငံဆို‌တော့လည်း ဒါမျိုးဖြစ်မှာပဲလေ။ ဖြေလျှော့မှုတွေသာ ရုတ်တရက်လုပ်မပေးလိုက်ရင် ဒါမျိုးတွေဖြစ်လာမယ်လို့ ကျွန်မ မထင်ဘူး"လို့ ဆေးခြောက်လုပ်ငန်းနဲ့ ပတ်သက်တာတွေ အကြံဉာဏ်ပေးနေတဲ့ Elevated Estate ကုမ္ပဏီ တည်ထောင်သူ ကစ်တီချိုပါကာက ပြောပါတယ်။

သူဟာ ဆေးခြောက်နည်းဥပဒေသစ် အတည်ပြုနိုင်ရေး ကြိုးပမ်းနေတဲ့ လွှတ်တော်ကော်မတီမှာလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နေသူ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလိုဖြေလျော့မှုမျိုးက သူတို့လို ဆေးခြောက်နဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေ တောက်လျှောက်လုပ်လာတဲ့ သူတွေလိုချင်တာမျိုး မဟုတ်ဘူးလို့ ကစ်တီချိုပါကာက ဆက်ပြောပါတယ်။

ဘာတွေလုပ်လို့ရတယ်၊ ဘာတွေတော့လုပ်လို့မရဘူးဆိုတဲ့ စည်းမျဥ်းတွေ သေသေချာချာချမှတ်ဖို့ လိုတယ်လို့လည်း ချိုပါကာက ဖြည့်ပြောပါတယ်။

ဆေးခြောက် စီးပွားရေးလုပ်ငန်းကို ကူညီချင်တယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ စည်းမျဉ်းတွေ ထိုင်းနိုင်ငံမှာ ချမှတ်ဖို့ လိုအပ်နေပြီလို့ ကစ်တီချိုပါကာက ပြော

ဓာတ်ပုံ ရင်းမြစ်, LULU LUO/BBC

ဓာတ်ပုံ ပုံစာ, ဆေးခြောက် စီးပွားရေးလုပ်ငန်းကို ကူညီချင်တယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ စည်းမျဉ်းတွေ ထိုင်းနိုင်ငံမှာ ချမှတ်ဖို့ လိုအပ်နေပြီလို့ ကစ်တီချိုပါကာက ပြော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"အခုအခြေအနေကနေ ရှုပ်ထွေးမှုတွေ ဖြစ်လာတယ်။ လူတော်တော်များများကလည်း ငွေရဖို့ပဲ ခေါင်း ထဲမှာ ရှိနေကြတော့ သူတို့ ဘာလုပ်လို့ရတယ်ဆိုတာပဲ တွေးပြီးလုပ်နေကြတယ်"လို့ ချိုပါကာက ပြောပါတယ်။

စည်းမျဥ်းအချို့ ထုတ်ပြန်ထားတာရှိနေပေမဲ့လည်း လက်ရှိမှာ အားလုံးက ဆေးခြောက်လုပ်ငန်းတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်နေကြပြီး စည်းမျဥ်းတွေကိုလည်း သူတို့ အဆင်ပြေသလို ကျင့်သုံးနေကြပါတယ်။

ဆေးခြောက်ရောင်းတဲ့ ဆိုင်အားလုံးမှာ လိုင်စင်မရှိကြဘူး။ ပြီးတော့ ဝယ်ယူသုံးစွဲတဲ့ ဖောက်သည်တွေ ရဲ့ ကိုယ်ရေးကိုယ်တာ အသေးစိတ် အချက်အလက်တွေနဲ့ သူတို့ ရောင်းနေတဲ့ ဆေးခြောက်တွေ ဘယ်ဒေသကလာတယ်ဆိုတဲ့ မှတ်တမ်းတွေလည်း မဖြစ်မနေ လုပ်ဖို့ လိုအပ်ပါတယ်။

စျေးကွက်ထဲ ရောင်းချခွင့်ပြုထားတဲ့ ဆေးခြောက်ပွင့်တွေထဲမှာ စိတ်ကိုပြောင်းလဲစေနိုင်တဲ့ ဓာတု ပစ္စည်း THC 0.2 ရာခိုင်နှုန်းထက် ပိုပါဝင်ခွင့်မပြုထားသလို အွန်လိုင်းက ရောင်းချခွင့်လည်း မရှိဘူးလို့ သိရပါတယ်။

ဒါပေမဲ့ အာနိသင်ပြင်းထန်တဲ့ ဆေးခြောက် THC ပါဝင်မှုမြင့်မားတဲ့ စားသုံးနိုင်တဲ့ ဆေးခြောက် တွေလိုချင်ရင် တစ်နာရီအတွင်း အိမ်ပေါက်ဝရောက်လာအောင် အွန်လိုင်းက မှာလို့ရနေပါတယ်။

အသက် ၂၀ အောက်တွေကို ဆေးခြောက်ရောင်းခွင့်မပြုထားပေမဲ့ ဆိုင်ကယ်အမြန်ချောပို့နဲ့ လွယ်လွယ်ကူကူမှာလို့ရနေရင် ဒါကိုသိနိုင်ဖို့ ခက်ပါတယ်။

ဆေးခြောက်ထည့်ချက်တဲ့ ဟင်းလျာတွေ ရောင်းချနေတဲ့ စားသောက်ဆိုင်တွေ ရှိနေပြီး၊ဆေးခြောက် လက်ဖက်ရည်နဲ့ ဆေးခြောက်ရေခဲမုန့်တွေတောင် ဝယ်လို့ရနေပါတယ်။

စားသောက်ကုန်‌ရောင်းတဲ့ ဆိုင်တွေမှာဆိုရင် ဆေးခြောက်နံ့ပါတဲ့ သောက်ရေတွေ ရောင်းနေပါ တယ်။ဆေးခြောက်နဲ့ပတ်သတ်ပြီး လိုက်နာရတဲ့စည်းမျဥ်းတွေချမှတ်ထားတာ အလွန်နည်းတာကြောင့် သူတို့ကိုယ်တိုင်တောင် ဘယ်ဟာက တရားဝင်တယ်၊ဘယ်ဟာက တရားမဝင်ဘူးဆိုတာ မသိဘူးလို့ ရဲတပ်ဖွဲ့ကတောင် ဝန်ခံထားရပါတယ်။

ဆေးခြောက်ဥပဒေသစ်ကို ချမှတ်ခဲ့တဲ့ ထိုင်းအစိုးရမှာလည်း နိုင်ငံရေး တိုက်ဆိုင်မှု အနည်းငယ် ရှိနေပါတယ်။ထိုင်းနိုင်ငံ နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ အကြီးအကဲ Anutin Charnvirakulဟာ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်တဲ့အချိန်မှာ သူနိုင်ရင် ဆေးခြောက်ကို တရားဝင် သုံးစွဲလို့ရအောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ပြီးတော့ ဆေးခြောက်ဟာ ဆင်းရဲသား တောင်သူလယ်သမားများအတွက် အမြတ်အစွန်းရရှိလာနိုင်တဲ့ အစားထိုးသီးနှံဖြစ်လာနိုင်တယ်ဆိုပြီး လက်တွေ့စမ်းသပ်မှုမပါတဲ့ အယူအဆနဲ့ မဲဆွယ် စည်းရုံးမှုတွေ လုပ်ခဲ့ပါတယ်။

သူတို့ပါတီအာဏာရလာပြီး အစိုးရသစ်မှာ မစ္စတာ Anutin ကျန်းမာရေးဝန်ကြီးဖြစ်လာတော့ သူ့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ဆေးခြောက်ကို တားမြစ်ထားတဲ့ မူးယစ်ဆေးဝါးစာရင်းကနေ အမြန်ဆုံးဖယ်ရှားရေးကို ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ဆေးခြောက်နဲ့ပတ်သက်ပြီး အပြိုင်အဆိုင်တွေရှိနေတဲ့ ထိုင်းပါလီမန်ထဲမှာတော့ လှုပ်ရှားမှုတွေ ဖြည်းဖြည်းချင်းပဲလုပ်ခဲ့ပါတယ်။ လုပ်ငန်းသစ်ကို ထိန်းချုပ်ဖို့ စည်းမျဉ်းစည်းကမ်းတွေ သေသေချာချာ ရေးဆွဲမထုတ်ပြန်နိုင်ခင်မှာ ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ရှိတဲ့ ပစ္စည်း တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ချမှတ်ဖို့ စီစဉ်ထားတဲ့ ဥပဒေသစ်တွေဟာလည်း ပါတီအချင်းချင်း အချင်းများမှုကြောင့် မချမှတ် နိုင်သေးဘဲ ပြိုပျက်သွားခဲ့ရပါတယ်။ လာမယ့် အထွေထွေရွေးကောက်ပွဲကို မေလထဲမှာ ကျင်းပဖို့ စီစဥ်ထားတာကြောင့် အခုနှစ် မကုန်မီအထိ ဥပဒေအသစ်တွေ လွှတ်တော်ထဲမှာ တင်သွင်းနိုင်ဖို့ အခွင့်အလမ်းနည်းပါးပါတယ်။

စည်းကြပ်မှုမရှိတဲ့ ဆေးခြောက်အန္တရာယ်ကို ပြိုင်ဘက်ပါတီတွေက အရင်ကတည်းက သတိပေးနေကြပြီး သူတို့ အာဏာပြန်ရရင် ဆေးခြောက်ကိစ္စကို ရာဇ၀တ်မှုထဲ ပြန်ထည့်မယ်လို့တောင် ခြိမ်းခြောက်နေကြ ပါတယ်။

ဆေးခြောက်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ အရှိန်နဲ့တိုးပွားလာမှုကြောင့် လူအများကို အံ့အားသင့်စေခဲ့

ဓာတ်ပုံ ရင်းမြစ်, LULU LUO/BBC

ဓာတ်ပုံ ပုံစာ, ဆေးခြောက်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ အရှိန်နဲ့တိုးပွားလာမှုကြောင့် လူအများကို အံ့အားသင့်စေခဲ့

အထိန်းချုပ်မဲ့သလိုဖြစ်နေတဲ့ ဆေးခြောက်စီးပွားရေးလုပ်ငန်းသစ်ရဲ့ အနာဂတ်ကလည်း မရေရာမှုတွေနဲ့ ရှေ့မှာစောင့်ကြိုနေပါတယ်။

အသက်၂၁ နှစ် တက္ကသိုလ်ကျောင်းသား တူကတာဟာ ပြီးခဲ့တဲ့နှစ်ကစပြီး ဆေးခြောက်စီးပွားရေး လုပ်ငန်းထဲ ခြေချခဲ့ပြီး၊ဘန်ကောက်မြို့ Klong Toei ခရိုင် The Herb Club လို့ခေါ်တဲ့ ကော်ဖီ ဆိုင်မှာ ဘတ်တစ်သန်း (ဒေါ်လာ သုံးသောင်း)ကျော် ရင်းနှီးမြှုပ်နှံထားပါတယ်။

သူ့ဆိုင်မှာ ဆေးခြောက်အမျိုးအစား ၁၆ မျိုးရောင်းချနေပြီး စျေးနှုန်းက တစ်ဂရမ်ကို ၁၀ ဒေါ်လာကနေ ဒေါ်လာ ၈၀ အထိရှိပါတယ်။ အဲ့ဒါကြောင့် ဆေးခြောက်ဥပဒေသစ်ထွက်လာရင် သူ့စီးပွား‌ရေးထိခိုက်သွားမှာအတွက် စိုးရိမ်နေပါတယ်။

သူ့ဆိုင်နားမှာ အပြိုင်အဆိုင်ဖွင့်ထားတဲ့ဆိုင်တွေ အများကြီးရှိပေမယ့် လက်ရှိသူ့ စီးပွားရေးအခြေ အနေက မဆိုးဘူးလို့ ပြောလို့ရပါတယ်။ဆေးခြောက်တွေ အများကြီး ထွက်လာတာကြောင့် စျေးတွေကျသွားတယ်လို့လည်း ချိုပါကာက ပြောပါတယ်။

“တရားမ၀င် တင်သွင်းလာတာတွေ အများကြီးရှိတယ်။ စိုက်တဲ့အခါ လေအေးပေးစက်နဲ့ မီး အလင်းရောင်ပေးဖို့ လိုတဲ့ ပြည်ပကလာတဲ့ မျိုးကွဲတွေကိုပဲ စိုက်နေကြတယ်။ ကုန်ကျစရိတ် သက်သာအောင် ရာသီဥတုနဲ့ ကိုက်ညီတဲ့ မျိုးကွဲအသစ်တွေ ရှာစိုက်သင့်တယ်”လို့ သူက ပြော ပါတယ်။

"ကျွန်မတို့ရဲ့ အမွေအနှစ်တွေ၊ ယဉ်ကျေးမှုဟောင်းတွေကို ပြန်သွားရမှာပဲ။ ဘာလို့လဲဆိုတော့ ဆေးခြောက်နဲ့ ထိုင်းလူမျိုးတွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်နေတာကြောင့်ပါ။"

မူးယစ်ဆေးဝါးအားလုံးကို အန္တရာယ်ကြီးတဲ့ လူမှုရေးဆိုးယုတ်မှုတွေအဖြစ် ရှုမြင်နေတဲ့ နိုင်ငံတစ်ခုမှာ ကြီးပြင်းလာတဲ့ ထိုင်းလူမျိုးအများအပြားအတွက်ကတော့ ပြီးခဲ့တဲ့နှစ်ကစတဲ့ ဆေးခြောက်လုပ်ငန်းဖွံ့ဖြိုးလာမှု အခြေအနေကို အံ့အားသင့်နေကြပါတယ်။

ဒါပေမဲ့ ဆေးခြောက်နဲ့ပတ်သက်တဲ့ လတ်တလောတိုးတက်မှုတွေက သူတို့ဆီမှာရှိနေတဲ့ အရင်က အမြင်တွေကို မပြောင်းလဲနိုင်သေးပါဘူး။

၁၉၇၀ ပြည့်လွန်နှစ် နှောင်းပိုင်းတွေအထိ ဆေးခြောက်ကို ကမ္ဘာ့ဘိန်းအများအပြားထွက်တဲ့ နေရာတစ်ခုဖြစ်ခဲ့ဖူးတဲ့ ရွှေတြိဂံဒေသလို့ လူသိများတဲ့ နယ်စပ်ဒေသ ထိုင်းနိုင်ငံမြောက်ပိုင်း တောင်ပေါ်ဒေသက လူတွေပဲ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခဲ့ကြတာ ရှိပါတယ်။

အရင်ကလည်း ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဆေးခြောက်ကို ဆေးဖက်ဝင်အပင်တစ်ခုလို ဟင်း ချက်တာမှာ ပါဝင်ပစ္စည်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြဖူးပါတယ်။

၁၉၆၀ နှစ်တွေအတွင်း ဗီယက်နမ်စစ်ပွဲမှာဝင်တိုက်နေတဲ့ အမေရိကန်စစ်သားတွေ အနားယူ အပန်းဖြေဖို့ ရောက်လာတဲ့အချိန် ဆေးခြောက်အဖူးတွေကို သစ်ရွက်တွေနဲ့ ပတ်လိပ်ထားတဲ့ ဆေးပြင်းလိပ်ပွကြီးလိုမျိုး Thai stick ကို တွေ့ခဲ့ကြပါတယ်။

အဲ့ဒီကနေစပြီး အမေရိကန်စစ်သားတွေဟာ ရွှေတြိဂံဒေသက ဘိန်းဖြူတွေနဲ့အတူ ထိုင်းဆေးခြောက် အမြောက်အမြားကိုလည်း သူတို့နိုင်ငံထဲကို တင်သွင်းခဲ့ကြပါတယ်။

ဆေးခြောက်ထည့်လိပ်ထားတဲ့ Thai stickလို့ခေါ်တဲ့ ထိုးဆေးပြင်းလိပ်အပါအဝင် ပုံစံအမျိုးမျိုးနဲ့ ဆေးခြောက်တွေကို လမ်းထောင့်တွေမှာ ရောင်းချနေ

ဓာတ်ပုံ ရင်းမြစ်, LULU LUO/BBC

ဓာတ်ပုံ ပုံစာ, ဆေးခြောက်ထည့်လိပ်ထားတဲ့ Thai stickလို့ခေါ်တဲ့ ထိုးဆေးပြင်းလိပ်အပါအဝင် ပုံစံအမျိုးမျိုးနဲ့ ဆေးခြောက်တွေကို လမ်းထောင့်တွေမှာ ရောင်းချနေ

ဗီယက်နမ်စစ်ပွဲ ငြိမ်သက်သွားချိန်မှာတော့ ထိုင်းကို အမေရိကန်က မူးယစ်ဆေးဝါးထုတ်လုပ် မှုနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်တားဆီးနှိမ်နင်းဖို့ ဖိအားပေးခဲ့ပါတယ်။ ၁၉၇၉ခုနှစ်က ထိုင်းနိုင်ငံမှာ ပြင်းထန်တဲ့ မူးယစ်ဆေးဝါး အက်ဥပဒေကို အတည်ပြုခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲတာ၊ရောင်းချတာတွေကို သေဒဏ်အပါအဝင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

အဲ့ဒီအချိန် ၁၉၆၀ ခုနှစ်တွေမှာ အရှေ့ဘက်ကို ခရီးထွက်လာနေကြတဲ့ ဆေးခြောက်သုံးစွဲတဲ့ ဟစ်ပီလမ်းကြောင်းကလည်း ရှိနေပြီး မူးယစ်ဆေးဝါး၊ လိင်နဲ့ပတ်သက်တဲ့တာတွေကို အရှေ့ တောင်အာရှတစ်ခွင် ရှေးရိုးစွဲအယူအဆနဲ့ ဆန့်ကျင်တုံ့ပြန်မှုတွေလုပ်နေတဲ့ အချိန်နဲ့လည်းသွား တိုက်ဆိုင်နေပါတယ်။

ထိုင်း၊စင်ကာပူနှင့် မလေးရှားနိုင်ငံအစိုးရတွေက သူတို့နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေကို ဟစ်ပီတွေကို ရအောင်ရှာဖွေပြီး ပြည်ဝင်ခွင့်မပေးဖို့ ညွှန်ကြားထားပါတယ်။

စင်ကာပူလေဆိပ်မှာဆိုရင် ဆံပင်ရှည်တဲ့သူတွေကို ဆံပင်ညှပ်မလား၊ ဒါမှမဟုတ် လေဆိပ်ကနေ လှည့်ပြန်မလားဆိုတာတွေအထိတောင် လုပ်ခဲ့ပါတယ်။ မလေးရှားမှာဆိုရင်လည်း ဟစ်ပီလို့ သံသယရှိတဲ့ ဘယ်သူ့ကိုမဆို ပြည်နှင်ဒဏ်မပေးခင် သူတို့ နိုင်ငံကူးလက်မှတ်တွေမှာ SHIT - suspected hippie in transit-ဆိုတဲ့ စာလုံးကို ရိုက်နှိပ်ပြီးမှ ပြန်ပေးခဲ့ပါတယ်။

၁၉၇၆ ခုနှစ် အောက်တိုဘာလက ဘန်ကောက်မြို့ Thammasat တက္ကသိုလ်မှာ လူဒါဇင်ပေါင်း များစွာ သေဆုံးခဲ့တဲ့ လက်ဝဲကျောင်းသားလှုပ်ရှားမှုကို ချေမှုန်းခဲ့ပြီးတဲ့နောက် သမားရိုးကျမဟုတ်တဲ့ လူငယ်ယဉ်ကျေးမှုလှုပ်ရှားမှုတွေကို ထိုင်းအစိုးရက အထူးသတိထားခဲ့ပါတယ်။

အိမ်နီးနားချင်း လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့အတိုင်း ထိုင်းနိုင်ငံမှာ ကွန်မြူနစ်တွေ အာဏာရသွားမှာကို ထိုင်းနိုင်ငံက ရှေးရိုးစွဲဝါဒီတွေက စိုးရိမ်ခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ ဘိန်းနဲ့ဆေးခြောက် စိုက်ပျိုးတာတွေ ရပ်တန့်သွားဖို့ သီးနှံအစားထိုး ကော်ဖီတို့၊ မက်ကာဒမီးယား အစေ့အဆန်တို့ကို အလုံးအရင်းနဲ့ စမ်းသပ်စိုက်ပျိုးပြီး တောင်ပေါ်သားအများစုကို ဆွဲဆောင်ခဲ့ပါတယ်။

၁၉၉၀ ခုနှစ်တွေကစပြီး စျေးပေါတဲ့ စိတ်ကြွဆေးပြားတွေ ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံစစ်ဘေးသင့်ဒေသတွေကနေ ရောက်လာပါတယ်။

မူးယစ်ဆေးစွဲတာရဲ့ နောက်ဆက်တွဲ ဆိုးရွားတဲ့လူမှုရေး အကျိုးသက်ရောက်မှုတွေဟာ ထိုင်းလူထုရဲ့ မူးယစ်ဆေးဝါးဆန့်ကျင်မှုကို ပိုမိုခိုင်မာစေခဲ့ပြီး၂၀၀၃ ခုနှစ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးလှုပ်ရှားမှု ဖြစ်ပေါ်စေခဲ့ပါတယ်။ မူးယစ်ဆေး သံသယရှိသူနဲ့ ရောင်းဝယ်သူ အနည်းဆုံး ၁၄၀၀ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံက ထောင်တွေထဲမှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထားတဲ့ အကျဥ်းသား လေးပုံသုံးပုံ ခန့် ရှိလာတာကြောင့် ထောင်တွေမှာ လူပြည့်ကျပ်နေတဲ့ အခြေအနေထိ ဖြစ်လာပါတယ်။ အဖမ်းခံရသူ အများစုက မူးယစ်ဆေးဝါး အသေးအဖွဲ ပတ်သက်နေတဲ့သူတွေ ဖြစ်နေတဲ့ အချက်က မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေရဲ့ သဘော ထားချဥ်းကပ်မှုကို ပြန်စဥ်းစားသုံးသပ်ဖို့ အထိဖြစ်လာခဲ့ပါတယ်။

ဆေးခြောက်ရဲ့ ဆေးဖက်ဝင်မှုနဲ့ ကုသမှုတွေမှာ အသုံးချနိုင်တဲ့အချက်ကလည်း ထိုင်းနိုင်ငံရဲ့ အောင်မြင်တဲ့ ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်းအဖြစ်ပြောင်းလဲဖို့ ဖြစ်လာပါတယ်။

အဲဒါက ဆေးခြောက်ကို အပန်းဖြေရာမှာသုံးဖို့ ဖြစ်နိုင်မလားလို့ ထည့်စဥ်းစားတာနဲ့လည်း အများကြီး မကွာပါဘူး။

မူးယစ်ဆေးဝါး ဥပဒေတွေ ဖြေလျှော့ပေးဖို့အရေးမှာ ပါဝင်မှုကြောင့် Tom Kruesopon ကို ထိုင်းနိုင်ငံမှာ Mr Weedလို့ လူသိများ

ဓာတ်ပုံ ရင်းမြစ်, LULU LUO/BBC

ဓာတ်ပုံ ပုံစာ, မူးယစ်ဆေးဝါး ဥပဒေတွေ ဖြေလျှော့ပေးဖို့အရေးမှာ ပါဝင်မှုကြောင့် Tom Kruesopon ကို ထိုင်းနိုင်ငံမှာ Mr Weedလို့ လူသိများ

ထိုင်းစီးပွားရေးလုပ်ငန်းရှင် Tom Kruesoponကို မူးယစ်ဆေးဝါးဥပဒေတွေ ဖြေလျှော့သွားတဲ့ ကိစ္စမှာ သူပါဝင်ခဲ့တဲ့အနေအထားကြောင့် သူ့ကို ထိုင်းနိုင်ငံမှာ "Mr Weed" လို့လူသိများပါတယ်။ ဂျာမန် ခရီးသွားအုပ်စု လေယာဉ်ပေါ်ကဆင်းလာတဲ့အချိန်မှာဆို သူတို့မြင်ရတဲ့မြင်ကွင်းတွေကို မယုံနိုင်လောက်အောင် ဖြစ်ခဲ့ကြပါတယ်။

Mr Kruesoponဟာ ဘန်ကောက်မှာ အမေရိကန် ဆေးခြောက်စတိုးဆိုင် "ကွတ်ကီး" ဆိုင်ခွဲတစ်ခုကို ဖွင့်လှစ်ထားပြီး သူတို့ကုမ္ပဏီအမှတ်တံဆိပ်ပါတဲ့ ဘူးထဲမှာ ပြည်တွင်း ဒေသအသီးသီးက ထွက်တဲ့ ဆေးခြောက်မျိုးကွဲတွေကို ပြသထားပါတယ်။ ဆေးခြောက်ရွက်ပုံပါတဲ့ အတွင်းခံဘောင်းဘီ၊ ဖိနပ်နဲ့ တီရှပ်တွေကိုလည်း စင်ပေါ်တင်ပြထားပါတယ် ။

အရင်ဆယ်စုနှစ်တွေမှာ ဘန်ကောက် ဟီလ်တန်ဟော်တယ်မှာ အနောက်တိုင်းကလူတွေ ပိတ်လှောင်ခံထားခဲ့ရဖူးတယ်ဆိုတဲ့ အတွေ့အကြုံတွေရှိခဲ့တာကြောင့်လည်း လာလည်တဲ့ ဧည့်သည်တွေအတွက် အခုအခြေအနေက ချီတုံချတုံဖြစ်စေပါတယ်။

အခုတော့ ထိုင်းနိုင်ငံမှာ ဆေးခြောက်ပင်နဲ့ပတ်သက်ပြီး သုံးစွဲတာဖြစ်ဖြစ်၊ ဝယ်ယူတာဖြစ်ဖြစ် အဖမ်းခံရတော့မှာမဟုတ်ဘူးလို့ Mr Kruesopon ကိုယ်တိုင်က အာမခံထားပေမဲ့ သူ့ဆိုင်မှာတော့ ဆေးလိပ်သောက်တာ ခွင့်မပြုထားပါဘူး။

Mr Kruesoponက ဆေးခြောက်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ ထိုင်းနိုင်ငံမှာ ဆက်တိုးတက်လာမယ်လို့ယုံကြည်ထားသလို၊ ဒေါ်လာဘီလီယံနဲ့ချီတဲ့ ကုမ္ပဏီတွေလည်း ပေါ်လာ လိမ့်မယ်လို့ အာမခံထားပါတယ်။

ဒါပေမယ့် အဲ့လိုအခြေအနေတွေဖြစ်လာဖို့ ပိုကောင်းတဲ့ စည်းမျဥ်းတွေ မဖြစ်မနေ လိုအပ်တယ် ဆိုတဲ့အချက်ကိုလည်း သူက လက်ခံထားသလို "မဟုတ်ရင် တစ်နေ့ ရွှေဥတစ်လုံးဥပေးနေတဲ့ ရွှေငန်းကြီး သတ်စားမိသလို ဖြစ်သွားလိမ့်မယ် "လို့ လည်း သတိပေးပါတယ်။

ပါလီမန်အပြင်ဘက်မှာတော့ ဆေးခြောက်အကြောင်း လူထုဆွေးနွေးမှုတွေက အံ့အားသင့်စရာကောင်းလောက်အောင် အသံတိတ်နေပါတယ်။

“အဆင်မပြေဘူး။ ကျွန်တော့်အတွက်ကတော့ ဆေးခြောက်က မူးယစ်ဆေးဝါးပဲ။ လူငယ်တွေ သုံးတာပိုများလာပြီး အရင်က သုံးဖူးတဲ့သူတွေလည်း ပြန်သုံးနေကြတယ်”လို့ အသက် ၃၂ နှစ် လမ်းဘေးဈေးသည်တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် အသက်ကြီးပိုင်း မော်တော်ဆိုင်ကယ်တက္ကစီသမားတစ်ယောက်ကတော့ ဆေးခြောက်ကို အခုလို တရားဝင်ခွင့်ပြုပေးလိုက်တာဟာ သူ့ကို အထောက်အကူဖြစ်စေသလို ထိခိုက်မှုလည်း ဘာမှ မရှိဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့က ဆေးခြောက်ကို အိုး(ပေါ့)နဲ့ မရှုတဲ့အတွက် ဘာပြဿနာမှ မရှိပါဘူး"

ဆေးခြောက်စွဲတဲ့အန္တရာယ်နဲ့ပတ်သက်ပြီး တချို့ဆရာဝန်တွေက သတိပေးထားတယ်ဆိုပေမဲ့ ထိုင်းအများစုဟာ မက်သာဖက်တမင်း အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာ နှစ်ပေါင်းများစွာရှိနေပါပြီ။

ဘန်ကောက်မြို့လယ်က ဆိုင်တွေကတော့ သူတို့ဆီမှာ ဆေးခြောက်လာဝယ်တဲ့ ဖောက်သည်အများစုက ထိုင်းလူမျိုးတွေ မဟုတ်ကြဘဲ နိုင်ငံခြားခရီးသွားတွေလို့ ဆိုကြပါတယ်။

မူဝါဒသစ်ကို စိတ်အားထက်သန်သန် ထောက်ခံသူတွေထဲမှာလည်း ထိုင်းနိုင်ငံထဲက ဆေးခြောက်ကို ပုံမှန်သုံးစွဲနေကြသူ အရေအတွက် နည်းပါတယ်။

ရဲတွေလာရောက်မှာ ကြောက်စရာမလိုတော့ဘဲ အိမ်မှာ ဆေးခြောက်ပင် စိုက်လာနိုင်တဲ့အတွက် စိတ်သက်သာရာရတယ်လို့ Amanda ကပြော

ဓာတ်ပုံ ရင်းမြစ်, LULU LUO/BBC

ဓာတ်ပုံ ပုံစာ, ရဲတွေလာရောက်မှာ ကြောက်စရာမလိုတော့ဘဲ အိမ်မှာ ဆေးခြောက်ပင် စိုက်လာနိုင်တဲ့အတွက် စိတ်သက်သာရာရတယ်လို့ Amanda ကပြော

ဆေးခြောက် ပုံမှန်သုံးစွဲတဲ့ သူတွေထဲမှာ အမန်ဒါလည်း တစ်ယောက်အပါအဝင်ပါ။ အခုတော့ ရဲတွေ တံခါးလာခေါက်မှာကို ကြောက်စရာမလိုတော့ဘဲ သူကြိုက်တဲ့ ဆေးခြောက်ပင်တွေ အိမ်မှာ ကိုယ်တိုင် တရားဝင်စိုက်နိုင်တဲ့အတွက်လည်း ဝမ်းသာနေပါတယ်။

သူနေတဲ့အခန်းလေးကို ဆေးခြောက်စိုက်တဲ့ နေရာအဖြစ်ပြောင်းလဲပြီး သူရဲ့ အိပ်ခန်း လေသာ ဆောင်မှာ ရောင်ပြန်ရွက်ဖျဥ်တဲလေးထိုး အားကောင်းတဲ့လျုပ်စစ်မီးတွေထွန်းပြီး ဆေးခြောက်ပင်ခုနစ်ပင်ကို စိုက်ထားပါတယ်။ သူ့ကြောင်ကိုလည်း အိပ်ခန်းထဲ ဆက်ဝင် ခွင့်မပြုတော့ဘူး။

“အစပိုင်းမှာတော့ ခက်တယ်။ အများကြီးသင်ယူခဲ့ရတယ်။ လိုအပ်တဲ့ အပူချိန်လည်း ပထမပိုင်းမှာ ကောင်းကောင်း မရဘူး။ ၂၄ နာရီလုံး လေအေးပေးစက် သုံးနေရတယ်။ စိုထိုင်းမှုထိန်းဖို့ စက်တစ်ခုလိုတယ်။ ဒါပေမယ့် အခုထိုင်းနိုင်ငံမှာဖြစ်နေတာတွေက အရမ်းထူးခြားတယ်။

အခုဆို ထောင်နဲ့ချီတဲ့ ဆေးခြောက်စိုက်ခင်းတွေ ရှိလာနေပြီ။ ဆေးခြောက်ဝယ်လို့ရတဲ့ ဆိုင်တွေလည်း အများကြီးရှိနေပြီဆိုတော့ စိတ်ဝင်စားစရာတွေ အများကြီးရှိနေပြီ။”

ထိုင်းနိုင်ငံရေးပါတီတွေထဲမှာ ဆွေးနွေးနေတဲ့ ဆေးခြောက်ရောင်းဝယ်သုံးစွဲမှုကို ရာဇ၀တ်မှုအဖြစ် ပြန် သတ်မှတ်ဖို့ကိစ္စ ဒါမှမဟုတ် အပန်းဖြေဖို့အတွက် သုံးစွဲတာကို ဆေးဝါးအဖြစ်ပဲ သုံးစွဲဖို့ ပြန်ကန့်သတ်ဖို့ ကိစ္စတွေကတော့ မဖြစ်နိုင်တော့ဘူးလို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်သလို ကိုးလကြာဖွင့် ပေး ထားပြီးသား ကိစ္စကို ပြန်ပိတ်ပင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောကြပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံမှာ အထိမ်းအကွပ်မရှိသလိုဖြစ်နေတဲ့ ဆေးခြောက်လုပ်ငန်းရဲ့ အနာဂတ်လမ်း ကြောင်းက ဘယ်ကိုဦးတည်သွားနေလဲဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရနိုင်သေးပါဘူး။