ရန်ကုန်မှာ လက်ဖက်ရည် ၁ ခွက်ထက် စျေးချိုနေတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ

ကျပ်ဘီလျံချီတန်တဲ့ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိမှုက ဘာကိုပြနေလဲ

ရန်ကုန်မြို့လယ်ခေါင်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၁ ပြားတန်ဖိုးဟာ မြန်မာကျပ်ငွေ ၁ ထောင် အောက်ရောက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စိတ်ကြွရူးသွပ်ဆေးပြား

စစ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း ရန်ကုန်လိုမြို့ကြီးမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁ ပြားရဲ့ တန်ဖိုးက မြန်မာကျပ်ငွေ ၁ ထောင်ခန့်သာ စျေးရှိလာပါတယ်။

မြန်မာကိုဝင်ရောက်နေတဲ့ မူးယစ်ဆေးဝါးတွေ အမယ်စုံလာသလို ကမ္ဘ့ာဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအနေနဲ့ ဆက်ရပ်တည်နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့(UNODC)က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC)ရဲ့ မူးယစ်ဆေးဖမ်းဆီးရရှိမှုတွေနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်တွေကို လေ့လာကြည့်တဲ့အခါ စိတ်ကြွမူးယစ်ဆေးဝါးမျိုးစုံဖမ်းဆီးရမိသလို ဘိန်းဖြူလည်းပါဝင်နေပါတယ်။

ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ထိုင်း-မြန်မာနယ်စပ်က တာချီလိတ်မြို့တွေအပါအဝင် မြို့ကြီး ၈ မြို့ ထက် မနည်းမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလတစ်လအတွင်း ကျပ်ဘီလျံနဲ့ချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိထားပါတယ်။

နိုင်ငံခြားသားတွေပါဝင်လာတဲ့ ရန်ကုန် မူးယစ်ဆေးဝါးကွန်ရက်

မလေးရှားနိုင်ငံသားရဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် နေအိမ်မှာ သိန်း ၂၇၀၀ ကျော် တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံသား ၂ ဦးနဲ့ မလေးရှားနိုင်ငံသား ၁ ဦးကို မူးယစ်ဆေးဝါးရောင်းချမှုနဲ့ ရန်ကုန်မှာ ဖမ်းဆီး

ဒီဇင်ဘာလ ၂၂ ရက် ညပိုင်းက ရန်ကုန်၊ ဗိုလ်အောင်ကျော်လမ်းပေါ် က ကားတစီးကို စစ်ဆေးရာမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီကွင်းဆက်ကနေ ဒီဇင်ဘာ ၂၃ ရက်မှာတော့ မလေးရှားနိုင်ငံသား တစ်ဦးကို သူနေထိုင်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က နေအိမ်မှာ သိန်း ၂,၇၀၀ ကျော် တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီလက်အောက် မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC)က ပြောပါတယ်။

အဲဒီမလေးရှားနိုင်ငံသားရဲ့ ထွက်ဆိုချက်ထဲမှာ ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေဟာ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ကေတီဗီ၊ ဘား၊ ကလပ်နဲ့ စားသောက်ဆိုင်တွေက လူငယ်တွေကို ဦးတည် ဖြန့်ဖြူရောင်းချဖို့ အတွက်လို့ ပြောထားပါတယ်။

"ရန်ကုန်မှာ ၉ တန်း၊ ၁၀တန်းဆို ဆေးစသုံးတဲ့သူတွေ ရှိနေပြီ။ ပုံမှန်ဆေးရှုတဲ့သူဆိုရင် တစ်နေ့ကို ၁၅ ပြားကနေ အပြား ၂၀ အထိ ကုန်တယ်။ တစ်ပြား ၁ ထောင်နဲ့ ၁ သောင်းဖိုးဝယ်ရင် အပို ၂ ပြား ထပ်ပေးတယ်။ အပိုပေးတဲ့ ၂ ပြားကို ဆေးသွားဝယ်ပေးတဲ့သူက ယူထားလိုက်တယ်။''

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

''အဲဒီလိုဆိုတော့ ဆေးဝယ်ပေးရင်းနဲ့သူက ပိုက်ဆံမကုန်ဘဲ ဆေးရကြတယ်။ အဲဒီလိုနည်းနဲ့ ဆေးသုံးတဲ့သူပိုတိုးလာတာပေါ့'' လို့ ရန်ကုန်၊ မရမ်းကုန်းမြို့ က စိတ်ကြွဆေးရောင်းဝယ်တဲ့စျေးကွက်မှာ လုပ်ကိုင်နေတဲ့လူငယ်တစ်ဦးက ရှင်းပြပါတယ်။

မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု(ISP Myanmar)ရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်ထုတ် အစီရင်ခံစာအရ မြန်မာမှာ မူးယစ်ဆေးဝါးပျံ့နှံ့သုံးစွဲမှုနဲ့ ပတ်သက်ပြီး မြို့နယ်ပေါင်း ၁၁၀ မှာစစ်တမ်းကောက်ယူခဲ့ရာမှာ ၉၃ မြို့နယ်နဲ့အထက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ သုံးစွဲမှုတွေ ရှိနေတယ်လို့ ပြောထားပါတယ်။

၈၅ ရာခိုင်နှုန်းဖြစ်တဲ့အဲဒီ ၉၄ မြို့နယ်မှာ ဆေးခြောက်ကို အများဆုံးသုံးစွဲကြပြီး WY၊ ခေါင်းခါဆေးလို့ လူသိများတဲ့ E ဆေးပြားကို ဒုတိယအများဆုံးသုံးစွဲတယ်လို့ ဆိုပါတယ်။ ကော်ရှုတာနဲ့ ဘိန်းဖြူကို တတိယအများဆုံး သုံးစွဲတယ်လို့ပြောပြီး ကိုကင်း၊ အိုက်စ်၊ ကတ်တမင်း သုံးစွဲမှုတွေလည်း တွင်ကျယ်နေတယ်လို့ ပြောပါတယ်။

ဆေးခြောက်၊ ဆေးပြား၊ ဘိန်းဖြူ၊ ကတ်တမင်းနဲ့ အိုက်စ်တွေကို ရန်ကုန်မူးယစ်ဆေးစျေးကွက်ထဲမှာ လွယ်လွယ်ကူကူရနေတယ်လို့ မူးယစ်ဆေးစျေးကွက်ထဲကျင်လည်နေတဲ့ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်က လူငယ် ၁ ဦးက ပြောပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တချို့ ပါဝင်နေသလို စစ်တပ်လက်အောက်ခံအာဏာပိုင်တွေကလည်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေမှာ ပမာဏများတဲ့အဂတိလိုက်စားမှုတွေရှိနေတယ်လို့ မူးယစ်ဆေးဝါးစျေးကွက်ကို စောင့်ကြည့်သုတေသနပြုသူတချို့က ပြောထားပါတယ်။

"ဂိတ်တွေကလွှတ်ပေးမှရတာလေ။ အောက်ခြေအဆင့်ဆိုတာထက် ရာထူးအကြီးကြီးတွေ ကလုပ်တာများတယ်။ မင်းဂိတ်ထိုင်ရင် ငါ့ကားလာမယ်။ ငါထိုင်တဲ့အလှည့် မင်းကားဖြတ်ရင်ကြိုပြောထားဆိုပြီး သူတို့က အချင်းချင်းညှိထားကြတာ။ ကားလာရင် ပိုက်ဆံပဲတောင်းတာ အထဲကို ဘယ်သူမှမကြည့်တာ" လို့ မူးယစ်ဆေးဝါးဖြန့်ဖြူရေးလမ်းကြောင်း သိသူတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

မြို့ကြီး ၈ မြို့ထက်မနည်းမှာ တစ်လအတွင်း ကျပ်ဘီလျံချီတန်တဲ့ မူးယစ်ဆေးဝါးတွေဖမ်းမိ
ပဲခူးမြို့မှာ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်အပါအဝင် ကျပ်ငွေ ၁၄ ဘီလျံ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

ဓာတ်ပုံ ရင်းမြစ်, CCDAC

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၂၀ ရက်နေ့က ပဲခူးမြို့မှာ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော် ဖမ်းမိ
မန္တလေးမြို့ မှာ ဒီဇင်ဘာလ ၁၇ ရက်က ကျပ် ၂ ဘီလျံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကဖင်း ၁ တန်ဟာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းအထိထုတ်နိုင်

၂၀၂၄ ဒီဇင်ဘာ ၂၀ ရက်က ပဲခူးမြို့မှာ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်အပါအဝင် ကျပ်ငွေ ၁၄ ဘီလျံကျော်တန်ဖိုးရှိတဲ့မူးယစ်ဆေးဝါးတွေ စစ်ကောင်စီအာဏာပိုင်တွေက ဖမ်းမိခဲ့ပါတယ်။

ဒါဟာ ၂၀၂၄ ဒီဇင်ဘာလ တစ်လလုံးဖမ်းဆီးရရှိမှုတွေနဲ့ နှိုင်းယှဥ်ရင် တစ်လအတွင်း စံချိန်တင်ဖမ်းဆီးမိခဲ့တဲ့ပမာဏဖြစ်ပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ကနေ သယ်လာတာဖြစ်ပြီး ပဲခူးကနေ ရန်ကုန်၊ ရခိုင်နဲ့ ကရင်ပြည်နယ်တွေကို ဖြန့်ဖြူးဖို့ဖြစ်တယ်လို့ ဖမ်းဆီးခံခဲ့ရသူတွေက ထွက်ဆိုကြတဲ့အကြောင်း စစ်ကောင်စီက ကြေညာပါတယ်။

ဒီဇင်ဘာ ၁၇ ရက်ကလည်း မန္တလေးမြို့ မှာ ကျပ် ၂ ဘီလျံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့ပါသေးတယ်။ ဒီဇင်ဘာ ၆ ရက်ကလည်း မန္တလေးတိုင်းထဲမှာပဲ ငွေကျပ် ၉ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၁ သိန်းနဲ့ ဘိန်းဖြူ ၄၄၀ ဂရမ် ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ဒါအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းကို တင်ပို့မယ်ဆိုတဲ့ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့မှာ ဒီဇင်ဘာ ၃ ရက်က ဖမ်းမိခဲ့ပါတယ်။

ကဖင်း ၁ တန်ဟာ တခြားဓာတုပစ္စည်းတွေနဲ့ ရောစပ်မယ်ဆိုရင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကျော် ထုတ်လုပ်နိုင်တဲ့ပမာဏဖြစ်တယ်လို့ နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီတွေက ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဒေသတွေကနေ တရားမဝင်တင်သွင်းခဲ့ ထိန်းချုပ်ဓာတု ပစ္စည်း ကဖင်း ၂၄ တန်ကျော် ဖမ်းဆီးမိထားပြီး ဒါဟာ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆ သန်းကျော် ထုတ်လုပ်နိုင်တဲ့ပမာဏဖြစ်တယ်လို့ CCDAC က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးမှုတိုင်းမှာ ပါလာတဲ့ "ဟက်ပီးဝါးတား" မူးယစ်ဆေးဝါး

၂၀၂၄ မှာ ခေတ်စားလာတဲ့ ဟက်ပီးဝါးတာ မူးယစ်ဆေးဝါး

ဓာတ်ပုံ ရင်းမြစ်, CCDAC Myanmar

ဓာတ်ပုံ ပုံစာ, ပျော်ရွှင်ဆေးရည်လို့ မြန်မာမှုပြုနိုင်တဲ့ ဟက်ပီးဝါးတား မူးယစ်ဆေးဝါး

တဖက်မှာလည်း ဟက်ပီးဝါးတား(Happy Water)လို မူးယစ်ဆေးဝါးသုံးစွဲမှုဟာ ၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေပေါ်က ကေတီဗီ၊ ဘား၊ နိုက်ကလတ်နဲ့ ဟိုင်းခန်းလို့ခေါ်တဲ့ အလုံပိတ်အခန်းတွေမှာ သုံးစွဲမှုမြင့်တက်လာတယ်လို့ မူးယစ်ဆေးဝါးစျေးကွက်အကြောင်းသိသူတွေက ပြောပါတယ်။

("ဟိုင်းခန်း" - "ဟိုင်း" "Hi" ဆိုတာဟာ အင်္ဂလိပ်ဝေါဟာရ High အတိုကောက်ကိုဖြစ်ပြီး ဆေးအရှိန်တက်နေတာကို ရည်ညွှန်းတာဖြစ်ပါတယ်။ "ခန်း" ဆိုတာက အခန်းကို ပြောတာဖြစ်ပါတယ်။)

မူးယစ်ဆေးဝါးဖမ်းဆီးရမှုတွေထဲမှာ အရင်က ဘိန်းဖြူနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေသာ အဓိက ဖမ်းမိခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမှုတွေတိုင်းမှာ ကက်တမင်း၊ အက်တက်စီ နဲ့ ဟက်ပီးဝါးတား(Happy Water)လို မူးယစ်ဆေးဝါးတွေတွဲပြီး ပါဝင်လာပါတယ်။

တရားမဝင်မူးယစ်ဆေးဝါး ရောင်းချမှုနဲ့ စစ်ကောင်စီ ရန်ကုန်မှာ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၂ ဦးနဲ့ မလေးရှားနိုင်ငံသား ၁ ဦးတို့ရဲ့ ဖမ်းမိမူးယစ်ဆေးဝါးတွေထဲမှာ ဟက်ပီးဝါးတား ၆ ဒသမ ၄၉၂၅ ကီလိုအပါအဝင် ဟက်ပီးဝါးတား ရောစပ်ရာမှာ သုံးတဲ့စတော်ဘယ်ရီ အရသာမှုန့် ၈၀၀ ဂရမ်နဲ့ လိမ္မော်အရသာမှုန့် ၇၀၀ ဂရမ် တို့ပါဝင်ပါတယ်။

ရန်ကုန်တင်မက ဒီဇင်ဘာ ၂၅ ရက်က တာချီလိတ်မြို့နယ်ထဲမှာ ကျပ် သိန်း ၃,၀၀၀ ကျော် တန်ဖိုးရှိတဲ့ ဟက်ပီးဝါးတားတွေ ဖမ်းမိခဲ့ပါသေးတယ်။

ပဲခူးမြို့မှာ ဖမ်းမိခဲ့တဲ့ ၁၄ ဘီလျံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးဖမ်းဆီမှုမှာလည်း ဟက်ပီးဝါးတား ၂ ဒသမ ၆၇ ကီလိုပါဝင်သလို မန္တလေးမြို့က ငွေ ကျပ် ၂ ဘီလျံကျော်တန်တဲ့ မူးယစ်ဆေးဝါးဖမ်းဆီးမူမှာလည်း ဟက်ပီးဝါးတား ၆ ကီလိုကျော် ပါဝင်ခဲ့တာပါ။

ဟက်ပီးဝါးတား တစ်ထုတ်ကို ကျပ် ၄ သိန်းခွဲကနေ ၅ သိန်းအထိ ပေးရပြီး လူ ၇ ယောက်လောက် သောက်လို့ ရတယ်လို့ ရောင်းချနေတဲ့ လူငယ်တစ်ဦးကပြောပါတယ်။

တရုတ်-ထိုင်းနဲ့ မြန်မာနယ်စပ်မြို့တွေမှာ ဟက်ပီးဝါးတားသုံးစွဲမှု ခေတ်စားနေတာဟာ ၁၀ စုနှစ် တစ်ခု နီးပါးရှိပြီဖြစ်ပါတယ်။

"စိတ်ကြွဆေးဆိုတာ အာရုံကြောနဲ့ စိတ်ကို လှုံ့ဆော်တယ်။ ကတ်တမင်းက dissociative စိတ်နဲ့ကိုကိုယ်မကပ်စေတဲ့ ဆေးတွေပါ " လို့ မြန်မာနိုင်ငံမှာ မူးယစ်ဆေး အန္တရာယ်လျှော့ချရေးလုပ်ငန်းတွေမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး လက်ရှိ အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်မှာ ပြည်သူ့ကျန်းမာရေးဘာသာရပ် လေ့လာနေတဲ့ ဒေါက်တာသိန်းဟန်က ဘီဘီစီကို ပြောပါတယ်။

တဖက်မှာလည်း ကန့်သတ်တားမြစ်ထားတဲ့ "K" လို့ခေါ်တဲ့ ကတ်တမင်း၊ ခေါင်းခါဆေး အီး(E)လို့ လူသိများတဲ့ အတ်စ်တစီ ဆေးဝါးတွေလည်း ဒီဇင်ဘာလအတွင်း ဘီလျံချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးဖမ်းဆီးမှုထဲမှာ ပါခဲ့ပါတယ်။

ကေ(K) ကတ်တမင်းဟာ အမှုန့်အဖြစ် ရှူရတဲ့ မူးယစ်ဆေးဖြစ်ပြီး အတ်စ်တစီ လို့ခေါ်တဲ့ အီး(E) ကတော့ မူးယစ်ဆေးပြားပုံစံအပြင် အမှုန့်လည်းရှိပါတယ်။

ကေ(K)ဟာ မေ့ဆေးအနေနဲ့ သုံးကြတဲ့ ကတ်တမင်း ဆေးရည်ကို အငွေ့ပျံပြီး အမှုန့်ဖြစ်အောင်လုပ်ထားတဲ့ အမှုန့်အမျိုးအစားပါ။ စိတ်ကို ပေါ့ပါးလွတ်လပ်စေတဲ့အာနိသင်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး လူငယ်တွေကြား ပိုသုံးစွဲကြတယ်လို့ ရောင်းချသူတစ်ဦးက ပြောပါတယ်။

အီးကတော့ အရက်ဘီယာတွေထဲထည့်သောက်ရင် အာနိသင်ပိုတယ်လို့ ယူဆကြတဲ့ မူးယစ်ဆေးဖြစ်ပါတယ်။

တောင်ကြီးက မူးယစ်ဆေးစျေးကွက်ကိုသိထားတဲ့ ဘီဘီစီရဲ့ ရင်းမြစ်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်း တာချီလိတ်မြို့တွေကနေ မူးယစ်ဆေးတွေ အဝင်များပြီး ကျိုင်းတုံနဲ့ တောင်ကြီးမြို့ကနေတဆင့်ခံပြီး ရွာငံ-ကျောက်ဆည်-မန္တလေးလမ်းကနေ မန္တလေး၊ ရန်ကုန် အပါအဝင် မြို့တွေကို ပြန်ဖြန့်တာလို့ ပြောပြပါတယ်။

"တချို့ဆို နယ်စပ်တွေမှာ ကုမ္ပဏီထောင်ပြီး တောင်ထုတ်တယ်။ နောက်ပြီး နယ်စပ်မှာဆို သူဌေးကြီးတွေက စစ်ယူနီဖောင်းတာ မဝတ်ပဲရှိတယ် ဗိုလ်ချုပ်တွေလိုပဲ သြဇာတော်တော်ကြီးတယ်။ အဲဒီဘက်မှာ တာဝန်ကျလာတဲ့ မြန်မာစစ်တပ် အရာရှိကြီးတော်တော်များများကလည်း သူတို့အရိပ်မကင်းဘူး'' လို့ ဘီဘီစီရဲ့ ရင်းမြစ်က သူသိတဲ့အချက်ကို ရှင်းပြပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ မူးယစ်ဆေးဝါးတွေ ၅ ကြိမ်ထက်မနည်း ဖမ်းဆီးမိခဲ့တာကို CCDAC ရဲ့ ထုတ်ပြန်ချက်တွေထဲမှာ တွေ့ရပါတယ်။

မြန်မာက ကမ္ဘ့ာဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံး နိုင်ငံအနေနဲ့ ဆက်ရပ်တည်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘိန်းပင်ကနေ အစေးခြစ်နေသူ တစ်ဦး

၂၀၂၄ ဒီဇင်ဘာ ၈ ရက်က မန္တလေးတိုင်း ကျောက်ဆည်မှာ သိန်း ၂,၀၀၀ ကျော်တန်တဲ့ ဘိန်းဖြူ ၈ ဒသမ ၈ ကီလို ဖမ်းမိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ကျောက်ဆည်မှာပဲ ကျပ် ၁၄ ဘီလျံကျော်တန်တဲ့ ဘိန်းဖြူ ၃၃၂ ကီလိုကျော်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄၁ သိန်းကျော် ဖမ်းဆီးရမိတယ်လို့ CCDAC က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်ရပ်တည်နေတယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) က ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ ရှမ်းပြည်နယ်ဟာ နိုင်ငံတဝန်း ဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့ ၈၈ ရာခိုင်နှုန်းနဲ့ အများဆုံး ရှိခဲ့ပါတယ်။

အထူးသဖြင့် ရှမ်းတောင်မှာ ၉ ရာခိုင်နှုန်းနဲ့ ရှမ်းမြောက်မှာ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပေမဲ့ ရှမ်းအရှေ့မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်တာဟာ ၂၀၂၃ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းတိုးလာတယ်လို့လည်း UNODC က ပြောပါတယ်။

ဒါအပြင် ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၁၈ ရာခိုင်နှုန်းအထိ တိုးလာပြီး ကယား (ကရင်နီဒေသ)မှာတော့ ၈ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့လည်း UNODC ကပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာတော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

လူသူအရောက်နည်းပြီး မြေဆီလွှာမကောင်းတဲ့ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုကို စီးပွားရေး တွန်းအားတစ်ခုအဖြစ် လုပ်ကိုင်လာနေတာ အတော်ကြာနေပြီ ဖြစ်ပါတယ်။

ဘိန်းဖြူထုတ်လုပ်မှုနဲ့ မှောင်ခိုကုန်ကူးမှုဟာ ဘိန်းစီးပွားရေးလုပ်ငန်းမှာ အမြတ်အစွန်း အရဆုံး ဖြစ်ပါတယ်။

မြန်မာ၊ ထိုင်းနဲ့ လာအိုတို့ ထိစပ်နေတဲ့ ရွှေတြိဂံနယ်မြေဟာ အစဉ်အဆက် ကတည်းက ဘိန်းနဲ့ ဘိန်းဖြူ အဓိကထုတ်လုပ်ရာ အရင်းအမြစ်နေရာ ဖြစ်ခဲ့ပါတယ်။ မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ ကမ္ဘာတဝန်း ရောင်းဝယ်နေကြတဲ့ ဘိန်းဖြူ အများစု ထုတ်လုပ်ရာ အရင်းမြစ် နိုင်ငံတွေ ဖြစ်ပါတယ်။

အရင်က ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ၂၀၂၂ ခုနှစ်က တာလီဘန်တွေသိမ်းပိုက်ပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို ပိတ်ပင်တားဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၇ နှစ်ကြာ ဘိန်းထုတ်လုပ်မှု ကျဆင်းလာခဲ့ပြီးတဲ့နောက်ပြန်ပြီး ထိုးတက်လာနေတယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းတွေက ဖော်ပြပါတယ်။

၂၀၂၂ မှာ ဘိန်းအထွက်က ၇၉၅ တန်ရှိခဲ့ပြီး ၄၂၃ တန် ထွက်ခဲ့တဲ့ စစ်တပ်အာဏာသိမ်း တဲ့နှစ် ၂၀၂၁ ကထက် ၂ ဆနီးပါး တက်ခဲ့တာပါ။

စီးပွားရေး ကျပ်တည်းလာတာ၊ လုံခြုံစိတ်ချရမှုမရှိတာ၊ ကမ္ဘာမှာ ဘိန်းစျေးတွေ ကြီးလာတာ စတာတွေကြောင့် မြန်မာမှာ ဘိန်းထုတ်လုပ်မှုတွေ တိုးလာတာလို့ ကုလသမဂ္ဂက မြင်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်က‌ နေရာဒေသ အတော်များများမှာ ပြည်တွင်းစစ် စဖြစ်ခဲ့လာပြီး ဆက်လက် ဖြစ်ပွားနေဆဲပါ။

"၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ဖြစ်လာတဲ့ စီးပွားရေး၊ လုံခြုံရေး၊ စီမံအုပ်ချုပ်မှု အကျပ်အတည်းတွေက ပေါင်းစုံသွားကြပြီး ‌ဝေးလံခေါင်သီတဲ့ အရပ်က တောင်သူတွေ၊ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ နယ်စပ်နဲ့ ကပ်လျက် ပြည်နယ်တွေက တောင်သူတွေဟာ ဘိန်းစိုက်ပျိုးရေးဘက်ကို ပြန်လှည့်ကုန်ကြတယ်" လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်ဆိုင်ရာရုံး (UN Office on Drugs and Crime - UNODC)က ဒေသဆိုင်ရာကိုယ်စားလှယ် ဂျယ်ရမီ ဒေါက်ကလပ်စ် ပြောထားပါတယ်။

အဲဒီနောက်ပိုင်း ၂၀၂၃ ခုနှစ်ကစလို့ မြန်မာက ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာခဲ့သလို စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု အားနည်းတာကြောင့် နိုင်ငံတွင်းမူးယစ်ဆေး သုံးစွဲမှုနှုန်းကလည်း ပိုတိုးလာပါတယ်။