ဟက်ပီးဝါးတား - အလုံပိတ်ခန်းထဲက လူငယ်တွေနဲ့ မြို့ပြမူးယစ်ဆေးစျေးကွက်

ဓာတ်ပုံ ရင်းမြစ်, AFP
မှောင်တလှည့် လင်းတလှည့် ခပ်ဝါးဝါးမှိန်မှိန် ရောင်စုံမီးတွေ၊ DJ သံဆူဆူညံညံတွေ ဖွင့်ထားတဲ့ သီးသန့် အလုံပိတ်ခန်းတွေထဲက ညတွေရဲ့ ဇာတ်လိုက်ကမူးယစ်ဆေးတမျိုးဖြစ်တဲ့ ပျော်ရွှင်ဆေးရည်လို့ မြန်မာမှုပြုနိုင်တဲ့ (ဟက်ပီးဝါးတား) ဖြစ်နေခဲ့တာ နှစ်ချီရှိလာပါပြီ။
အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ညမထွက်ရအမိန့်တွေကြောင့် ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ နိုက်ကလပ်အမည်ခံထားတဲ့ ညပိုင်းဖျော်ဖြေရေးလုပ်ငန်းတွေ ပိုတွင်ကျယ်လာပါတယ်။
အလုံပိတ်ခန်းတွေထဲ မှာ ညတွေကုန်ဆုံးလည်ပတ်နေတဲ့လူငယ်တွေရဲ့ အခြေအနေ၊ မူးယစ်ဆေးစျေးကွက်တွေအကြောင်း ထဲထဲဝင်ဝင်သိထားတဲ့ ၄ ဦးနဲ့ ဘီဘီစီက စကားပြောခွင့်ရခဲ့ပါတယ်။
သူတို့က ရန်ကုန်မြို့က ဘား၊ကလပ်တချို့မှာ မန်နေဂျာရာထူးနဲ့ နှစ်ချီလုပ်သက်ရှိသူ အသက် ၄၀ ကျော်အမျိုးသားတစ်ဦး၊ ကာစီနိုနဲ့ကလပ်တွဲထားတဲ့ လုပ်ငန်းတချို့မှာ လုပ်သက် ၅ နှစ်လောက်ရှိနေတဲ့ မန်နေဂျာလက်ထောက် ဝန်ထမ်းကြီးကြပ်ရာထူးယူထားတဲ့ အသက် ၃၀ ကျော် လူငယ်တစ်ဦး၊ သီးသန့်အလုံပိတ်ခန်းတွေမှာ မူးယစ်ဆေးရောင်းချနေသူ အသက် ၂၈ ဝန်းကျင် လူငယ် ၂ ဦးတို့ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၆ ခုနှစ်ဇန်နဝါရီလမှာလည်း ဒီစျေးကွက်တွေထဲ ပါဝင်ပတ်သက်နေသူတချို့နဲ့ ဘီဘီစီက ထပ်မံမေးမြန်းခဲ့ပါတယ်။
ဟက်ပီးဝါးတားဆိုတာဘာလဲ

ဓာတ်ပုံ ရင်းမြစ်, Thai Antidrug
ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေက အလုံပိတ်ခန်းတွေထဲမှာ ညတွေကုန်ဆုံးရတဲ့ Night Life ကို ခုံမင်စွဲလန်းနေတဲ့ လူငယ်တွေဟာ ဟက်ပီးဝါးတား ဆိုတဲ့ စိတ်ကြွဆေးရည်ရဲ့ သားကောင်တွေ ပိုတိုးဖြစ်လာတယ်လို့ ကလပ်မန်နေဂျာက ပြောပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်မှာ ရန်ကုန်၊မန္တလေးမြို့ မှာ ဘား၊ ကလပ် အမည်ခံထားပြီး ပုံမှန်ဝန်ဆောင်မှုမဟုတ်ဘဲ မူးယစ်ဆေးရောင်းချသုံးစွဲနိုင်တဲ့ ညပိုင်းစုလို့နေရာတွေ၊ ကာရာအိုကေ(KTV) ဆိုင်ကြီးတွေနဲ့ ဟိုင်းခန်း လို့ခေါ်တဲ့ သီးသန့် အလုံပိတ်အခန်းတွေမှာ မူးယစ်ဆေးဝါး အစုံအလင်ကို အလွယ်တကူဝယ်သုံးလို့ရနေတာကို သူတို့အားလုံးက တညီတညွတ်တည်း ဖြေကြပါတယ်။
နေပြည်တော်မှာတော့ ရန်ကုန်၊ မန္တလေးလို လုပ်ငန်းဗန်းပြထင်သာမြင်သာ လုပ်ကြတာမျိုးမရှိပေမဲ့ စစ်ဗိုလ်ချုပ်သားသမီးတွေအသိုင်းအဝိုင်း၊ သူတို့နဲ့ ဆက်စပ်ပတ်သက်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဝင်ထွက်နေတဲ့ မူးယစ်ဆေးဝါးသုံးစွဲလို့ရတဲ့ အလုံပိတ်ခန်းတွေရှိနေတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ မေးမြန်းခွင့်ရခဲ့တဲ့သူတွေထဲက ၃ ဦးထက်မနည်းကတော့ Night Life တွေကို ပျော်မွေ့သူ လူငယ်အသိုင်းအဝိုင်းကြားမှာ မူးယစ်ဆေးပေါင်းစုံနဲ့ အချိန်ကုန်ကြတဲ့အခြေအနေက ဆိုးဆိုးဝါးဝါးဖြစ်နေပြီလို့ ပြောကြပါတယ်။
အဲဒီနေရာတွေမှာ တွေ့ရတဲ့လူတန်းစားတွေက မူးယစ်ဆေးဝါးသုံးဖို့အတွက်ငွေကြေးတတ်နိုင်တဲ့လူငယ်တွေ၊ ငွေကြေးတတ်နိုင်သူတွေနဲ့ ပေါင်းသင်းနေတဲ့လူငယ်အများစု၊ အဲဒီလူငယ်အသိုင်းအဝိုင်းကိုဝင်ဆန့်ရင်း မူးယစ်ဆေးဖြန့်ချိရောင်းချပြီး ကိုယ်တိုင်လည်းသုံးစွဲနေတဲ့ လူငယ်တွေဖြစ်ပါတယ်။
ကန့်သတ်တားမြစ်ထားတဲ့ "K" လို့ခေါ်တဲ့ ကတ်တမင်း၊ ခေါင်းခါဆေး အီး(E)လို့ လူသိများတဲ့ အတ်စ်တစီနဲ့ အခုခတ်စားနေတဲ့ ဟက်ပီးဝါးတား (Happy Water) ဆိုတဲ့ မူးယစ်ဆေးဝါးတွေကို အဓိကထား ရောင်းချနေကြလို့ပြောကြပါတယ်။
ကေ(K) ကတ်တမင်း ဟာ အမှုန့်အဖြစ် ရှူရတဲ့ မူးယစ်ဆေးဖြစ်ပြီး အတ်စ်တစီ လို့ခေါ်တဲ့ အီး(E) ကတော့ မူးယစ်ဆေးပြားနဲ့ အမှုန့်ဖြစ်ပါတယ်။
ကေ(K)ဟာ မေ့ဆေးအနေနဲ့ သုံးကြတဲ့ ကတ်တမင်း ဆေးရည်ကို အငွေ့ပျံပြီး အမှုန့်ပြန်ဖြစ်အောင်လုပ်ထားတဲ့ အမှုန့်အမျိုးအစားပါ။ စိတ်ကို ပေါ့ပါးလွတ်လပ်စေတဲ့အာနိသင်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး လူငယ်တွေကြား ပိုသုံးစွဲကြတယ်လို့ ရောင်းချသူတစ်ဦးက ပြောပါတယ်။
အီးကတော့ အရက်ဘီယာတွေထဲထည့်သောက်ရင် အာနိသင်ပိုတယ်လို့ ယူဆကြတဲ့ မူးယစ်ဆေးဖြစ်ပါတယ်။
ဒီဆေးတွေအပြင် ဟက်ပီးဝါးတား ကို ပိုသုံးလာကြတယ်လို့ ဒီစျေးကွက်ထဲကျင်လည်နေတဲ့ လူငယ် ၂ ဦးက ပြောပါတယ်။
“စိတ်ကြွဆေးဆိုတာ အာရုံကြောနဲ့ စိတ်ကို လှုံ့ဆော်တယ်။ ကတ်တမင်းက dissociative စိတ်နဲ့ကိုယ်ကို မကပ်စေတဲ့ ဆေးတွေပါ " လို့ မြန်မာနိုင်ငံမှာ မူးယစ်ဆေး အန္တရာယ်လျှော့ချရေးလုပ်ငန်းတွေမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး လက်ရှိ အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်မှာ ပြည်သူ့ကျန်းမာရေးဘာသာရပ် လေ့လာနေတဲ့ ဒေါက်တာသိန်းဟန်က ဘီဘီစီကို ပြောပါတယ်။
ဟက်ပီးဝါးတား ဆိုတာ မူယစ်ဆေးပေါင်းစုံ ရောစပ်ထုတ်လုပ်ထားတဲ့ စိတ်ကြွဆေးရည်လို့ အလွယ်တကူနားလည်နိုင်ပါတယ်။ ဒါပေမဲ့ ထုတ်လုပ်သူတွေရဲ့ ပေါင်းစပ်မှုပေါ် မူတည်ပြီး မူကွဲတွေရှိပါတယ်။
အများစုထုတ်လုပ်ကြတာကတော့ အတ်စ်တစီ၊ မက်သာဖက်တမင်း၊ ဒိုင်ယာဇီပမ်၊ ထရာမယ်ဒေါ နဲ့ ကတ်တမင်းတို့လို မူးယစ်စေတဲ့ ဓာတုဆေးဝါးတွေကို အမှုန့်လုပ်ပြီး အရည်ဖျော်နိုင်တဲ့ပုံစံထုတ်လုပ်ထားတာလို့ မူးယစ်ဆေးသုံးစွဲမှုတိုက်ဖျက်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ဆရာဝန်တချို့က ရှင်းပြပါတယ်။
ဆေးအမှုန့်တွေကို အချိုရည်အမျိုးမျိုး၊ အရက်၊ ဘီယာနဲ့ ကော့တေးလ်တွေထဲမှာ ထည့်ဖျော်ပြီး ဟက်ပီးဝါးတား'' ဆိုပြီး သောက်သုံးကြတာပါ။
ပါဝင်တဲ့ ဓာတုဆေးဝါးတွေက ဆေးကုသရေးလုပ်ငန်းတွေမှာ အကန့်အသတ်နဲ့သုံးရတဲ့ ဆေးဝါးတွေဖြစ်ပါတယ်။
"K" လို့ခေါ်တဲ့ ကတ်တမင်းက မေ့ဆေးအနေနဲ့သုံးတဲ့ဆေးဝါးဖြစ်သလိုထရာမယ်ဒေါ(Tramadol) က အပြင်းအထန် နာကျင်မှုဝေဒနာကို ကုသရာမှာသုံးပါတယ်။ ဒိုင်ရာဇီပမ်ကတော့ အများသိသလို စိတ်ငြိမ်ဆေးဖြစ်ပါတယ်။
'' ဒီလိုရောတဲ့လုပ်တဲ့အချိုးအစား အမြဲမမှန်နိုင်တော့ တစ်ခုခု ပိုများတဲ့ အခါ များတဲ့ဆေးက overdose ဖြစ်ပြီး ဆေးရုံရောက်လာတတ်သလို ထုတ်တဲ့ဆီက အပတ်စဥ် (batch) အသစ်မှာ ပိုပြင်းသွားရင်းလည်းဆေးရုံရောက်လာကြတယ်’’ လို့ ဆေးလွန်လူနာတွေကို ကုသပေးရလေ့ရှိတဲ့ နယ်စပ်မြို့က အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောပါတယ်။
ဘယ်သူတွေ ဟိုင်းခန်းထဲလာပြီး ဟက်ပီးဝါးတား သောက်ကြလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟက်ပီးဝါးတား တစ်ထုတ်ကို ကျပ် ၄ သိန်းခွဲကနေ ၅ သိန်းအထိ ပေးရပြီး လူ ၇ ယောက်လောက် သောက်လို့ ရပါတယ်။ တချို့ကလည်း တစ်ထုတ်ကို ၅ ခွက်စာပဲဖျော်ပြီး လူ ၅ ယောက်ပဲ သောက်သွားတာ မျိုးလည်း ရှိတယ်လို့ ဆိုင်မန်နေဂျာက ပြောပါတယ်။ ။
ဟိုင်းခန်းကိုလာပြီး ဟက်ပီးဝါးတား သောက်သုံးသူတွေဟာ အသက် ၂၀ ကနေ ၃၅ နှစ် ကြား လူငယ်တွေ ဖြစ်ကြပြီး အသက် ၄၀ ကနေ ၅၀ ကြား လူလတ်ပိုင်းတွေလည်းလာကြတယ် လို့ ဟိုင်းခန်းတွေထဲမှာ ဟက်ပီးဝါးတား ရောင်းချသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
“လောင်းကစားသမားတွေ၊ ပိုက်ဆံကိုလွယ်လွယ်ရနေတဲ့ လူမျိုးတွေ လာတာများတယ်။ တရုတ်တွေဆို အသက် ၅၀ ကျော်တွေလည်းလာပြီး ဟက်ပီးဝါးတား သောက်ကြတယ်” လို့ သူပြောပြပါတယ်။
တဖက်မှာလည်း လူချမ်းသာတဲ့ အသိုင်းအဝိုင်းထဲက လူငယ်တွေလာကြတာတွေလည်း ရှိနေသလို ငွေကြေးမတတ်နိုင်တဲ့သူတွေကလည်း ငွေစိုက်ပေးနိုင်မဲ့ သူငယ်ချင်း အပေါင်းအသင်းက တဆင့် ချိတ်ဆက်ရောက်လာပြီး သုံးစွဲသူတွေလည်းရှိနေပါတယ်။
“ဒီနေ့ ဘယ်သူကတော့ ငွေကုန်ခံမယ်၊ အဲဒါသူနဲ့နီးစပ်တဲ့ လူတွေလိုက်ခေါ်ရင်း ခေါ်ရင်းနဲ့ အခန်းပြည့်တဲ့ အထိ လူတွေများသွားတာလို့” ရန်ကုန်မြို့ ဓမ္မစေတီလမ်းပေါ်မှာဖွင့်ထားတဲ့ ဟိုင်းခန်းတခုကို ရောက်ခဲ့ဖူးတဲ့ လူငယ်အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
ဟိုင်းခန်းတွေ တစ်ညသွားမယ်ဆိုရင် အခန်းငှားရမ်းခ၊ ဟက်ပီးဝါးတားဖိုး နဲ့ ဒီဂျေသမားငှားတာ အပါအဝင် တစ်ယောက်ကို ငွေ ၅ သိန်းကျပ် ကနေ ၇ သိန်းလောက်အထိ ကုန်ကျပါတယ်။
တဖက်မှာလည်း ဟက်ပီးဝါးတား ပျံ့နှံ့ လာတာနဲ့ အတူ ရန်ကုန်နဲ့မန္တလေးမြို့ပေါ်မှာ ကာရာအိုကေဆိုင်ကြီးတွေနဲ့ အချိန်ပိုင်း အခန်းငှားရမ်းပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပလို့ရတဲ့ အလုံပိတ်အခန်းကျယ်တွေပါတဲ့ ဆိုင်ကြီးတွေ ပေါ် လာပါတယ်။
နယ်စပ်မြို့တွေနဲ့ ယှဉ်ရင်တော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့ကြီးတွေမှာ ကာရာအိုအေ(KTV)ဆိုင် ဒါမှမဟုတ် ဖျော်ဖြေရေးနေရာ စတဲ့ ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ဟိုင်းခန်းဖွင့်ထားတဲ့ ဆိုင်တွေခေတ်စားလာတာ မကြာသေးဘူးလို့ ပြောရမှာပါ။
အဲဒီမှာ ဟိုင်းခန်းလို့ခေါ်တဲ့ အလုံပိတ်အခန်းကျယ်တွေကို နာရီ နဲ့စျေးသတ်မှတ်ပြီး ပြန်ငှားစားကြတာဖြစ်ပါတယ်။ ဟိုင်းခန်းတွေရဲ့ အတွင်းပိုင်းအပြင်အဆင်ကိုလည်း ခမ်းခမ်းနားနား အလှဆင်ထားကြပြီး ဒီဂျေတီးဖို့ နေရာလည်း ရှိပါတယ်။
လူ ၁၅ ယောက်ကနေ အယောက် ၂၀ အထိဆန့်တဲ့ ဟိုင်းခန်းတွေရှိသလို လူ ၅၀ လောက်အထိ ဆန့်တဲ့ အခန်းကျယ်ကြီးတွေလည်းရှိပါတယ်။
“ရန်ကုန်မှာ သိန်းသောင်းနဲ့ချီရင်းပြီး ဟိုင်းခန်း ဖွင့်ထားတာ အနည်းဆုံး ၅ နေရာလောက်ရှိတယ်။ အဲဒါ သိန်းတသောင်းအောက် ဆိုင်အသေးလေးတွေမပါဘူး” လို့ ဟိုင်းခန်းဆိုင်တွေ အကြောင်းသိတဲ့ ရန်ကုန်မြို့က ဘား၊ကလပ်တချို့မှာ မန်နေဂျာရာထူးနဲ့ နှစ်ချီလုပ်သက်ရှိသူ အသက် ၄၀ ကျော်အမျိုးသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
“ကျွန်တော်တို့ ကာရာအိုကေဆိုင်ဖွင့်တာတောင် လိုင်းကြေးက တလကို သိန်း ၁၀၀ နီးပါးရှိတယ်။ အဖွဲ့ပေါင်းစုံပေးရတာ။ အဲဒီဟိုင်းခန်းတွေဆိုရင် လိုင်းကြေးက သိန်း ၅၀၀ အထက်ပဲ၊ အဲဒီထက်ပိုဖို့ပဲရှိတယ်လို့” လည်း သူက ဆက်ပြီးခန့်မှန်းပြပါတယ်။
အဲဒီ ဟိုင်းခန်းတွေထဲမှာ ဟက်ပီးဝါးတားအမှုန့်တွေကို ကျယ်ကျယ်ပြန့်ပြန့်ရောင်းချကြပါတယ်။
ဒီဂျေနဲ့ ဟိုင်းခန်းစျေးကွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟိုင်းခန်းတွေမှာလုပ်ဖို့ ဝန်ထမ်းတွေကို ကလပ်တွေ၊ ဘားတွေနဲ့ ကာရာအိုကေဆိုင် တွေမှာ လုပ်ခဲ့ကြဖူးသူတွေအချင်းချင်း အပြန်အလှန်အချိတ်အဆက်နဲ့ လူရှာကြသလို လူမှုကွန်ရက်တွေပေါ် က နေလည်း ရှာဖွေခေါ်ယူနေတာတွေ ရှိပါတယ်။
၂၀၂၄ သြဂုတ် ပထမပတ်ကဆိုရင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာအသစ်ဖွင့်မဲ့ ဟိုင်းခန်းဆိုင်အတွက်ဝန်ထမ်းရှာပေးနေသူတစ်ဦး က “ဖျော်ဖြေရေး အမျိုးသမီး လူလိုနေတယ်။ လစာ တစ်လ ကျပ်ငွေ ၆၀,၀၀၀၊ တစ်နာရီစာ ရိုးရိုး အခန်းဝင်ထိုင်ကြေး ၅,၀၀၀ နဲ့ ဟိုင်းခန်း ဆိုရင် ၆,၀၀၀ ပေးမယ်” လို့လူမှုကွန်ရက်ပေါ်မှာ ရေးသားဖြန့်ဝေထားပါတယ်။
ဟိုင်းခန်းဝန်ထမ်းတွေသာမက ဒီဂျေကလည်း မပါမဖြစ်စျေးကွက်ဖြစ်နေပါတယ်။
ဟက်ပီးဝါးတား နဲ့ ဒီဂျေတီးလုံးဟာ အလိုက်ဖက်ဆုံး အတွဲအစပ်လို့ အဲဒီနေရာတွေကို သွားကြတဲ့လူငယ်တွေက သူတို့အမြင်ကို ပြောပါတယ်။
"ဒီဂျေဖွင့်ထားမှ ဆေးရဲ့ အမြင့်ဆုံးအရှိန်ကို ရတယ်" လို့ ဟက်ပီးဝါးတား သုံးသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အလုံပိတ် ဟိုင်းခန်းတွေထဲကိုလာပြီး ဟက်ပီးဝါးတား သုံးတဲ့သူတွေဟာ ဒီဂျေတီးတဲ့သူတွေကိုပါ ငှားရမ်းထားကြတာဖြစ်ပါတယ်။
"ဟက်ပီးဝါးတားက ဒီဂျေ အပေါ်မှာ စကားအရမ်းပြောတယ်။ ဒီဂျေသမားကောင်းမှ ဆေးအရှိန်အမြင့်ဆုံးကို ရောက်တာ။ ဆေးသုံးထားတဲ့သူတွေရဲ့ အခြေအနေနဲ့ လိုက်ဖက်အောင် တီးပေးနိုင်တဲ့ ဒီဂျေ သမားတွေက ပိုအောင်မြင်နေတယ်” လို့ ဟိုင်းခန်းတွေကို ပုံမှန်သွားလေ့ရှိသူ တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
“ဆေးသုံးထားပြီး သီချင်းမဖွင့်ထားရင် နေရထိုင်ရတာ တော်တော်လေးကြောင်တယ်၊ စကားတွေ အများကြီးပြောတယ်၊ ပြန်မှတ်မိလားဆိုတော့လည်း မမှတ်မိဘူးပြန်ဘူး” လို့ ဘီဘီစီကို ပြောပါတယ်။
ဒီဂျေသမားအများစုကလည်း ဟက်ပီးဝါးတား သောက်ထားမှ အဆင်ပြေပြေတီးနိုင်တဲ့အခြေအနေဖြစ်လာတယ်လို့ ရန်ကုန်မြို့ က ဟိုင်းခန်းတွေမှာ ဒီဂျေလိုက်တီးနေသူတစ်ဦးက ပြောပါတယ်။
“ပိုက်ဆံပေးပြီးငှားထားတာဆိုတော့ တီးတဲ့သူနဲ့ ကနေတဲ့သူတွေနဲ့ အဆင်ပြေနေမှရမှာ။ အဲဒီတော့ သူကိုယ်တိုင်သုံးရတယ်။ သုံးပြီးမှ ဒီလိုဆိုရင် ပိုပျော်တယ်၊ ဒီလိုဆိုရင်တော့ မပျော်တော့ဘူး အရှိန်ကျ သွားတယ်ဆိုပြီး သူတို့ Mood(ခံစားချက်)ကို လိုက်ဖမ်းပြီးတီးပေးရတာ” လို့ ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ ဒီဂျေတွေကြောင့် ပိုမြူးပြီး မူးယစ်ဆေးကို အရှိန်တင်သုံးကြတာကြောင့် ဆေးလွန်ပြီး ဒုက္ခ ရောက်တဲ့အထိဖြစ်လာကြတယ်လို့ ပြောကြပါတယ်။
ကတ်တမင်း တစ်မျိုးနဲ့တင် အန္တရာယ် ရှိနေချိန် တခြားမူးယစ်ဆေး အတွဲအစပ်တွေပါ သုံးလာတဲ့အခါ ဆေးတွေ တစ်ခုချင်းစီရဲ့ အာနိသင်ကို ပိုပြင်းအောင် တွန်းအားပေးမှုဖြစ်စေပြီး ဆေးလွန် အသက်ဆုံးရှုံးတဲ့အထိ ဦးတည်နိုင်တယ်လို့ အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်မှာ ပြည်သူ့ကျန်းမာရေး ဘာသာရပ် လေ့လာနေသူ ဒေါက်တာသိန်းဟန် သတိပေးပါတယ်။
‘‘ကက်တမင်း(Ketamine) သက်သက်ပဲ ဆိုရင်တောင်သူက အစပိုင်းမှာ စိတ်ကို relax ဖြစ် ကခုန်စေတာမှန်ပေမဲ့ များလာရင် စိတ်နဲ့ကိုယ်လွတ်သွားတာမျိုး ဖြစ်နေတယ်။ Out of body experience ပေါ့ Ketamine သိပ်များရင်တော့ လူနာ စိတ်ဂနာမငြိမ် ချောက်ချားပြီး ရန်လိုတတ်တယ်။ သိပ်ဆိုးရင်တော့ စိတ်လွတ်ပြီး အရူးတစ်ယောက်လို လျှောက်လုပ်တတ်တယ်။ သူ့ကိုယ်သူပျံနိုင်တယ်ဆိုပြီး အိမ်အမြင့်ကနေ ခုန်ချမိတာ တစ်ယောက်ကြုံဖူးတယ်'' လို့ ဆေးလွန်လူနာတွေကို ကုသပေးရလေ့ရှိတဲ့ နယ်စပ်မြို့က အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောပါတယ်။
''တချို့လည်း သတိလစ်၊ တက်ပြီး ရောက်လာတတ်တယ်။ Diazpam များရင်တော့လူနာက နှိုးမရ အိပ်ပျော်ပြီးရောက်လာတတ်တယ်။ တစ်ရက်ကျော်လောက်မှ နိုးတာတွေကြုံရတယ်။ Tramadol ဒါမှမဟုတ် ketamine ထဲမှာ fentanyl ရောပါနေတာများရင်တော့ opiod overdose သတိလစ်၊ သူငယ်အိမ်ကကျဥ်းပြီး အသက်ရှူတာနှေးမယ်၊ သူကတော့ နံပါတ်ဖိုး(ဘိန်းဖြူ)များသလိုပဲ ဖြေဆေးထိုးပြီးကုပေးနိုင်ဖို့လိုတယ်။ အချိန်မီဆေးရုံမရောက်ရင် သေနိုင်ပါတယ်’’ လို့ ဆေးလွန်ပြီး အသက်ဆုံးနိုင်တဲ့ အန္တရာယ်ကို ဆက်ပြောပြပါတယ်။
ဘယ်လမ်းကြောင်းတွေကနေ ဟက်ပီးဝါးတားပျံ့နှံ့နေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟက်ပီးဝါးတား မူးယစ်ဆေးဝါးသုံးစွဲတဲ့ ယဥ်ကျေးမှုဟာ ထိုင်း-တရုတ်-လာအို-မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်မြို့ တွေမှာ ခေတ်စားနေတာ ၁၀ နှစ်နီးပါးခန့် ရှိနေပါပြီ။
ထိုင်းနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း “ဟက်ပီးဝါးတား” မူးယစ်ဆေးဝါး တွေ အများအပြားဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းမူးယစ်တိုက်ဖျက်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး UNDOC က ၂၀၂၄ အစီအရင်ခံစာထဲမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံကတော့ “ဟက်ပီးဝါးတား (Happy Water) ” ဆိုတဲ့ နာမည်ကို သီးခြားခွဲထုတ်ပြီး မူးယစ်ဆေးဝါး အမျိုးအမည်အသစ် ခေါင်းစဥ်အောက်ထဲ စာရင်းသွင်းလိုက်ပါပြီ။
တရုတ်၊ ထိုင်း၊ လာအိုစတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကပ်နေတဲ့ မြို့တွေမှာ ခေတ်စားနေတဲ့ ဟက်ပီးဝါးတားဟာ ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်လောက်က စပြီး ရန်ကုန်၊မန္တလေး မြို့ကြီးတွေပေါ်က ငွေကြေးတတ်နိုင်တဲ့ လူငယ်တွေကြားထဲကို စပျံ့လာခဲ့တာလို့ ရန်ကုန်မြို့က ဘား၊ကလပ်တချို့မှာ မန်နေဂျာရာထူးနဲ့ နှစ်ချီလုပ်သက်ရှိသူ အသက် ၄၀ ကျော်အမျိုးသားတစ်ဦး က ဘီဘီစီ ကိုပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်မြို့တွေမှာဖွင့်ထားတဲ့ ကာရာအိုကေ(KTV) အခန်းတွေမှာ ဟက်ပီးဝါးတား သောက်ပြီး အလုပ်ကိစ္စ စကားပြောကြတာဟာ ယဥ်ကျေးမှုလိုဖြစ်နေကြတာလို့ တရုတ်-မြန်မာ နယ်စပ်မှာ စီးပွားရေးလုပ်ကိုင်သူတွေက ပြောကြပါတယ်။
ဟက်ပီးဝါးတား မူးယစ်ဆေးအမှုန့်ထုတ်တွေဟာ မဲခေါင်မြစ်အောက်ဘက်ပိုင်း ထိုင်း-မြန်မာ-လာအို နယ်စပ်ဖြစ်တဲ့ ရွှေတြိဂံဒေသကနေ ကုန်းလမ်းနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့ မြို့ကြီးတွေဆီကို ရောက်လာတာလို့ ဒီစျေးကွက်အကြောင်းသိသူက ရှင်းပြပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြီးထွားနေတဲ့ ကချင်ပြည်နယ် တရုတ်နယ်စပ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၊တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ လောက်ကိုင်မြို့ ဘက်ကလာတဲ့ ဟက်ပီးဝါးတား မူးယစ်ဆေးထုတ်တွေလည်း ရှိနေပါတယ်။
ဘီဘီစီက ဆက်သွယ်မေးမြန်းခွင့်ရခဲ့တဲ့ မန္တလေးမြို့ခံ ဟက်ပီးဝါးတား ဖြန့်ဖြူးသူ တစ်ဦးကတော့ " တစ်ခါတလေ သူတို့ လာပေးတာရှိတယ်။ ကျွန်တော်တို့ သွားယူရတာမျိုးလည်း ရှိတယ်။ ကျွန်တော်တို့ က ဟိုင်းခန်းတွေကို တဆင့်ပြန်ဖြန့်တယ်" ဆိုပြီးပြောပါတယ်။
ဟက်ပီးဝါးတား မူးယစ်ဆေးဝါးဟာ အမျိုးအစားနဲ့ နေရာဒေသအပေါ်မူတည်ပြီး စျေးနှုန်းတွေ ကွဲလွဲ ပါတယ်။
"ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ ပတ်ဝန်းကျင်မှာ ထုတ်တဲ့ ဟက်ပီးဝါးတား မူးယစ် ဆေးဝါးက စျေးသက်သာတယ်" လို့ သူကဆက်ပြောပါတယ်။
စစ်ကော်မရှင် မထိန်းချုပ်နိုင်ဖြစ်နေတဲ့ မူးယစ်ဆေးစျေးကွက်

ဓာတ်ပုံ ရင်းမြစ်, CCDAC
မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း ဟက်ပီးဝါးတား ထုတ်လုပ်ရာမှာထည့်သုံးတဲ့ ကတ်တမင်း တားမြစ်ဆေးဝါး ကီလိုဂရမ် ၄,၀၀၀ ကျော်အထိဖမ်းဆီးရမိခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု နှိမ်နင်းရေးရုံး(UNDOC) ရဲ့ ၂၀၂၄ ခုနှစ်အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါဟာ ၂၀၂၂ က ထက် ၂ ဆနီးပါးမြင့်တက်ခဲ့တာဖြစ်ပြီး စစ်အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် အခြေအနေ နဲ့ နှိုင်းယဥ်မယ်ဆိုရင် ၅ ဆ ကျော်အထိ မြင့်တက်လာတာလို့လည်း UNDOC က ပြောပါတယ်။
ကန့်သတ်တားမြစ်ဆေးဝါး ကတ်တမင်းပါဝင်တဲ့ ဟက်ပီးဝါးတား မူးယစ်ဆေးအမှုန့်ထုတ်တွေ ဖမ်းဆီးရမိတယ်ဆိုပြီး စစ်ကောင်စီ မူးယစ်ထိန်းချုပ်ရေးဗဟိုအဖွဲ့ (CCDAC) က ဒီနှစ်ပိုင်း အတွင်း ခပ်စိပ်စိပ်ထုတ်ပြန်တာရှိပါတယ်။
ဒါပေမဲ့ တကယ်တမ်းမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေက မူးယစ်ဆေးစျေးကွက်ကိုစစ်ကော်မရှင်က ထိန်းချူပ်နိုင်တာမရှိဘူးလို့ အဲဒီ စျေးကွက်ထဲရှိသူတချို့က ပြောပါတယ်။
၂၀၂၀ ကိုဗစ်ကပ်ရောဂါကာလ ရန်ကုန်မြို့ပေါ်မှာ တစ်ထုတ်ကို ကျပ် ၁ သိန်းခွဲ ကျသင့်တဲ့ ဟက်ပီးဝါးတားက ၂၀၂၄ အရောက်မှာတော့ တစ်ထုတ်ကို ကျပ် ၄ သိန်းခွဲကနေ ၅ သိန်း အတွင်း စျေးတက်ခဲ့တယ်လို့ စျေးကွက်ထဲ ဖြန့်ဖြူးသူ ၂ ဦးက ပြောပါတယ်။
၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်မှာ အဲဒီထက်စျေးပိုရနေကြပြီး တစ်ထုတ်ကို ကျပ် ၅ သိန်းကျော် ကနေ ၇ သိန်းကြား စျေးပေါက်တယ်လို့ ရန်ကုန်က ကလပ်တချို့မှာ ဒီဆေးထုတ်တွေ ဖောက်ကားသူတစ်ဦးက ဘီဘီစီကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ထပ်ပြောပါတယ်။
ဟက်ပီးဝါးတားထဲမှာမှ အမျိုးအစားအကောင်းဆုံးသတ်မှတ်ထားတဲ့ ဟိုင်းကြီးရွှေ အမျိုးအစားက ပုလင်းသေးတစ်ပုလင်းအတွက် တန်ဖိုးက ကျပ် ၁၁ သိန်းအထိ စျေးပေါက်တယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က ညပိုင်းဖွင့်တဲ့ကလပ်တွေမှာ ကျင်လည်လှုပ်ရှားပြီး ဟက်ပီးဝါးတား ရောင်းချနေသူ တစ် ဦး ကတော့ “ပစ္စည်းက သွင်းရတာခက်လို့ စျေးတက်တာမဟုတ်ဘူး။ သုံးတဲ့သူအရမ်းများလာလို့ စျေးကတက်သွားတာ။ အထူးသဖြင့် ညဘက်တွေမှာ ပျော်ကြတဲ့ လူငယ်တွေသုံးတာ များလာတာ” လို့ ဘီဘီစီကို ပြောပါတယ်။
“လမ်းကြောင်းကြေးက ပေးပြီးသားလေ၊ အဲဒီတော့ အစစ်အဆေးအဖမ်းအဆီးက မရှိသလောက်ပဲ။ ဟက်ပီးဝါးတား အထုတ်က သေးသေးလေး၊ နောက်ပြီး အခုနောက်ပိုင်း အမျိုးသမီးတွေ အသားအရည်လှဖို့ အသောက်များလာ ကြတဲ့ ကော်လဂျင် အထုတ်နဲ့ ဆင်တူပုံစံမျိုး ဖြစ်နေတော့ ရောထည့်ပြီးသယ်လို့ရတယ်” လို့ ဟက်ပီးဝါးတား ဖြန့်ဖြူးရေးလမ်းကြောင်း သိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ ဟာ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးနေတာနဲ့ အဲဒီနောက်ဆက်တွဲဖြစ်လာတဲ့ပြဿနာတွေကို ထိထိရောက်ရောက် မတားဆီးနိုင်ဘူးလို့ ထောက်ပြကြတဲ့ အရပ်ဘက်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရှိပါတယ်။
စစ်ကောင်စီ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) က ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးရမိထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၉ သန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောထားပါတယ်။
စိတ်ကြွမူးယစ်ဆေးဝါး မက်သာဖက်တမင်း၊ ဘိန်းဖြူ၊ ဆေးခြောက် အပါအဝင် ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်း ၇၇ မျိုး တို့ရဲ့ စုစုပေါင်း ကာလတန်ဖိုး မြန်မာငွေကျပ် ၁,၁၆၃ ဘီလျံ ကျော် (အမေရိကန်ဒေါ်လာ ၃၄၉.၄၄၃ သန်း) ဖို့အထိ ဖျက်ဆီးခဲ့တယ်လို့လည်း စစ်ကော်မရှင်က ဇွန် ၂၆ ရက်က ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင် ဖျက်ဆီးခဲ့တဲ့ အထဲမှာ ဟက်ပီးဝါးတား ထဲမှာပါဝင်တဲ့ K လို့ လူသိများတဲ့ ကတ်တမင်း ၄,၁၆၅ ကီလိုဂရမ် ပါဝင်တယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။
တဖက်မှာလည်း အိုက်စ်လို့ခေါ်တဲ့ မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါးတွေတွေကို အခြေခံလူတန်းစားတွေ ပိုသုံးလာကြတယ်လို့ ဘီဘီစီက မေးမြန်းခဲ့တဲ့ မူးယစ်ဆေးဝါးဖြန့်ဖြူးသူတစ်ဦး က ပြောပါတယ်။
"စျေးနှုန်းက အရင်နဲ့ယှဥ်ရင် အများကြီးသက်သာသွားတော့ ကုန်ထမ်းတဲ့သူတွေနဲ့ ဆိုက်ကားနင်းတဲ့ သူတွေပါ လက်လှမ်းမီသွားတဲ့ သဘောဖြစ်သွားတယ်" လို့လည်း ပြောပြပါတယ်။
နိုင်ငံတဝန်းလက်နက်ကိုင်ခုခံမှုတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ မြို့ပြကြီးတွေမှာလည်း PDF အဆက်အသွယ်လူငယ်တွေကို ဖမ်းဆီးရေးသာလုပ်ဆောင်နေပြီး မူးယစ်ဆေးနဲ့ တခြားဒုစရိုက်အမှုတွေကို လစ်လျူရှုထားတယ်လို့ ဝေဖန်ချက်တွေရှိပါတယ်။
မြန်မာနိုင်ငံမှာ အိုက်စ်လို့ခေါ်တဲ့ မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါး ဖမ်းဆီးရမှုဟာ ၂၀၂၃ ခုနှစ် အတွင်းမှာ ၁၇ ဒသမ ၈ တန်ရှိတယ်လို့လည်း UNDOC က ပြောပါတယ်။
ရန်ကုန်မြို့ ညဘက်ပိုင်းတွေမှာ ဖွင့်တဲ့ ဘားတွေ၊ ကလပ်တွေ သွားလေ့သွားထ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးကတော့ ''အာဏာသိမ်းလိုက်တာကြောင့် လူငယ်တွေတော်တော်များများ ရည်ရွယ် ချက် ပျောက်သွားတယ်။ စိတ်ထွက်ပေါက်အနေနဲ့ ဘားတွေ ကလပ်တွေ အသွားများကြတာ'' လို့ သူမြင်တွေ့ရတာကို ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC)ရဲ့ မူးယစ်ဆေးဖမ်းဆီးရရှိမှုတွေနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်တွေကို လေ့လာကြည့်တဲ့အခါ စိတ်ကြွမူးယစ်ဆေးဝါးမျိုးစုံဖမ်းဆီးရမိသလို ဘိန်းဖြူလည်းပါဝင်နေပါတယ်။
ရန်ကုန်၊ မန္တလေး လို မြို့ကြီးတွေ အပါအဝင် မြို့ကြီး ၈ မြို့ ထက် မနည်းမှာ လတိုင်းနီးပါး ကျပ်ဘီလျံနဲ့ချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိထားပါတယ်။
စစ်ကော်မရှင်ရဲ့ မူးယစ်နှိမ်နင်းရေးအထူးရဲတပ်ဖွဲ့ရဲ့ စာရင်းအရ ၂၀၂၅ ဒီဇင်ဘာတစ်လတည်းမှာပဲ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူ အပါအဝင် မူးယစ်ဆေးဝါး အမျိုးအစား မျိုးစုံရဲ့ တန်ဖိုးက ဘီလျံ ၁၆၀ တန်ဖိုးရှိနေပါတယ်။
ဖမ်းဆီးရမိသူတွေကို ထုတ်ပြန်ချက်အရ သယ်ယူဖောက်ကားသူတချို့ကို ဖမ်းဆီးမှုတွေလုပ်တယ်လို့ မကြာခဏသတင်းထုတ်ပြန်ပေမဲ့ နောက်ကွယ်က လမ်းကြောင်းကွင်းဆက်နဲ့ အဓိကလုပ်ကိုင်သူတွေကိုတော့ ဖမ်းဆီးထုတ်ပြန်တာမတွေ့ရပါဘူး။
တချိန်တည်းမှာပဲ မြန်မာဟာ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံးမှာ စာရင်းမှာ ဆက်ရှိနေပြီး မနှစ်ကထက်တောင် ဘိန်းဟက်တာတွေ ပိုများလာတယ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၅ ဒီဇင်ဘာ ၃ ရက် က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ တစ်နိုင်ငံလုံး ဘိန်းစိုက်ဧက ၁၁၁၀၀၀ ကျော် (၄၅,၂၀၀ ဟတ်တာ) သာရှိခဲ့ပေမဲ့ အခုနှစ်မှာ ဘိန်းစိုက်ပျိုး မြေဧက ၁၃၁၀၀၀ ကျော် (၅၃,၁၀၀ ဟက်တာ) အထိ ရှိလာပြီး ၁၇ ရာခိုင်နှုန်း တိုးလာတယ်လို့ UNODC ကဖော်ပြထားပါတယ်။
ဒါဟာ အရင် ကမ္ဘာ့ထိပ်ဆုံးဖြစ်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံကထက် ကျော်လွန်လာခဲ့ပြီး ၁၀ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့တာလို့ (UNODC) ကဆိုပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ဘိန်းအထွက်တိုးလာတာဖြစ်ပြီး တန်ချိန် တစ်ထောင်ကျော်အထိ ထွက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အသစ်ဖြည့်စွက်ချက် - ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ခုနှစ်က ရရှိတဲ့အချက်အလက်တချို့ကို ထပ်မံဖြည့်စွက်ထားပါတယ်။












