အမျိုးသားညီညွတ်ရေးအစိုးရ-၂၀၂၄ လည်ပြန်၊ ၂၀၂၅ မူဝါဒ

အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ၂၀၂၄ လည်ပြန် နဲ့ ၂၀၂၅ အတွက် မူဝါဒ တွေကို နိုင်ငံခြား‌ရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ဘီဘီစီက ၂၀၂၄ ဒီဇင်ဘာလ အစောပိုင်းက ဘီဘီစီသတင်းထောက် မညိုလဲ့ရည်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒီမေးမြန်းမှုမှာ တရုတ်နိုင်ငံအပေါ်သဘောထား၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေး၊ မလေးရှား အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ အပေါ် အမြင်သဘောထားတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကပြုလုပ်ဖို့ရှိတဲ့ ရွေးကောက်ပွဲအပေါ် NUG ရဲ့ အမြင်ကိုလည်း ဒီမေးမြန်းခန်းမှာ ပြောပြထားပါတယ်။

နိုင်ငံခြား‌ရေးဝန်ကြီး ဒေါ်ဇင်မာအောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံခြား‌ရေးဝန်ကြီး ဒေါ်ဇင်မာအောင်

ဘီဘီစီ။ ။ ၂၀၂၄ ကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံတကာ ဆက်ဆံရေး၊ စစ်ရေး၊ နိုင်ငံရေး ဒီအခင်းအကျင်း ၃ ခုမှာ အပိုင်း ၁ ပိုင်းချင်းစီအလိုက်ရှုမြင်ချက်၊ သုံးသပ်ချက် သိပါရစေ။

ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ ၂၀၂၄ ကို ပြန်ပြီးတော့ ကြည့်မယ်ဆိုလို့ရှိရင်တော့ တိုးတက်မှုတချို့ ၊Action ယူခဲ့တာတွေရှိတယ်။ ဥပမာ - လူ့အခွင့်အရေးကောင်စီကနေပြီးတော့ ဆုံးဖြတ်ခဲ့တာတွေရှိတယ်။ ဒီလုံခြုံရေးကောင်စီပြီးတဲ့နောက်ပိုင်းမှာပေါ့နော်။ လူ့အခွင့်အရေးကောင်စီကနေပြီးတော့ အရေးယူဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်တာတွေရှိတယ်။

နောက်တစ်ခုကကျတော့ အဖွဲ့ဝင်နိုင်ငံတခုချင်းစီ (Indiviudual Member States) လို့ ပြောလို့ရတယ်။ ဥပမာ - အမေရိကန်၊ ဥရောပသမဂ္ဂ တို့ကနေပြီးတော့ Round of Sanction (ဒဏ်ခတ်ပိတ်ဆို့တာတွေ) တွေပေါ့၊ စစ်ကောင်စီအပေါ်မှာ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်ခဲ့တာကို ကျွန်မတို့တွေ့ရတယ်။ တစ်ရစ်ချင်း ကျပ်နေတဲ့ သဘောတော့ရှိတယ်။ အဲဒီအမြင်အရ ကြည့်မယ်ဆိုရင်တော့ တိုးတက်မှုရှိတယ်လို့ ကျွန်မတော့ပြောလို့ရတယ်။

ဒါပေမဲ့ ပြဿနာက ကျွန်မတို့လိုလားတဲ့ အပြောင်းအလဲကို ဖြစ်စေတဲ့အထိ ရောက်ပြီလားဆိုရင်တော့ ကျွန်မတို့ မရောက်သေးဘူးပေါ့နော်။ ဒါပေမဲ့ တဖြည်းဖြည်းတော့ ရွေ့လာတယ်လို့ ကျွန်မတို့ မြင်ရတယ်။

နောက်တစ်ခုက နိုင်ငံခြားရေးနဲ့ရော၊ လူ့အခွင့်အရေးနဲ့ရော တရားမျှတမှုဆိုင်ရာ ပြန်လည်ဖော်ဆောင်ရေးအနေနဲ့ရော ဆောင်ရွက်နေတဲ့ Advocacy (ညှိနှိုင်းဆွေးနွေးနေတာတွေ) ရှိပါတယ်။ ဒါကတော့ Accountability (တာဝန်သိမှု) နဲ့ ပတ်သက်လို့ပေါ့နော်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီရဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ဟိုးအစောပိုင်းကတည်းက ထုတ်ပြန်ခဲ့တာရှိတယ်။ Rome Statue မှာ လက်မှတ်ရေးထိုးဖို့ပေါ့နော်၊ State Party အနေနဲ့ ရေးထိုးခွင့်ရဖို့ ကျွန်မတို့ စာရေးအကြောင်းကြားခဲ့တာရှိတယ်၊ ICC(အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး) ကိုပေါ့နော်။ ICJ (အပြည်ပြည်ဆိုင်ရာ တရားရုံး) ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာလည်းပဲ ကျွန်မတို့တွေက အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးတော့ ICJ နဲ့လည်းပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းကြား တင်ပြနေခဲ့တာတွေလည်းရှိပါတယ်။

ပုံမှန် ၆ လတစ်ကြိမ် တင်ပြရတဲ့ကိစ္စတွေ။ အဲဒါတွေက ခုနကပြောတဲ့ ဒီရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်တဲ့ ကျူးလွန်မှုဖြစ်ပေမယ့် ဒီဘက်မှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်းပဲ ဆက်ပြီးတော့ ရိုဟင်ဂျာမဟုတ်တဲ့ တခြားသောလူထုတွေအပေါ်မှာ ကျူးလွန်နေတာတွေက ဘာကိုအတည်ပြုသွားလဲဆိုတော့ ဒီအခြေအနေမျိုးမှာတောင် ဒီလောက်လုပ်တယ်။ မမြင်ကွယ်ရာမှာ ဘယ်လိုလုပ်မလဲဆိုတာ ကျွန်မတို့ မှန်းဆလို့ရပါတယ်။ ဒါကတော့ မှန်းဆချက်ပေါ့။

သို့သော် တကယ့်တကယ် ဒေတာအချက်အလက်တွေအရ IIMM (ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား) နဲ့လည်း ကျွန်မတို့ အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေရှိတော့ ဒီအချက်အလက်ကောက်ယူရေးကိစ္စတွေကနေ အစပြုလို့ပေါ့နော်၊ ဒီနှစ်တစ်နှစ်လုံးမှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်လို့တော့ ပြောလို့ရတယ်။

ICC ကနေပြီးတော့ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းကပ်ဖို့ ခွင့်တောင်းတဲ့ကိစ္စပေါ့နော်၊ ဒီတရားသူကြီးအဖွဲ့တွေဆီ တင်လိုက်တဲ့ကိစ္စကတော့ တကယ့်ကို အားရစရာကောင်းတဲ့ တရားမျှတမှုပြန်လည်ဖော်ဆောင်ရေး ရှုထောင့်အရ ကြည့်မယ်ဆိုလို့ရှိရင်ကော၊ နောက်တစ်ခုကကျတော့ ဒီတော်လှန်ရေး အခြေခံနဲ့ ကြည့်မယ်ဆိုလို့ရှိရင်ကော၊ ကျူးလွန်ခံရတဲ့ ရိုဟင်ဂျာပြည်သူတွေအတွက် ကြည့်မယ်ဆိုရင်လည်းပဲ အင်မတန်တော့ နိုင်ငံတကာ Mechanism (လုပ်ငန်းစဉ်)တစ်ခုကနေပြီးတော့ သိသာထင်ရှားတဲ့ အရွေ့တစ်ခု၊ ကြိုးစားအားထုတ်မှုကို မြင်ရတဲ့ နှစ်တစ်နှစ်လို့ ကျွန်မတို့ ပြောလို့ရတယ်။

ကြားမှာ ဖြစ်ခဲ့တဲ့ဟာတွေတော့ ရှိတော့ရှိတယ်။ ဒါပေမဲ့ အဲဒါတွေအများကြီးရှိပေမယ့် ဒီတစ်ချက်ကတော့ ဘာပဲပြောပြော တရားမျှတမှုအလင်းရောင်လို့တော့ ကျွန်မတို့မြင်လို့ရနေတဲ့ အနေအထားမျိုး မျှော်လင့်ချက်တစ်စုံတစ်ရာပေးတယ်လို့တော့ ကျွန်မ မြင်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)ကနေ ဖမ်းဝရမ်းထုတ်ဖို့ ဆောင်ရွက်နေ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်ဖို့ ဆောင်ရွက်နေ

ဘီဘီစီ။ ။ စစ်ရေးနဲ့ပတ်သက်ပြီးတော့ကော ၂၀၂၄ ကို ပြန်သုံးသပ်မယ်ဆိုရင် NUG အစိုးရရဲ့ အထူးသဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက လုပ်ဆောင်တယ်။ ၂၀၂၄ ကို ပြန်သုံးသပ်မယ်ဆိုရင် NUG အစိုးရရဲ့ အထူးသဖြင့် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးကဏ္ဏလုပ်ဆောင်မှုတွေအပေါ်မှာ အားရခဲ့လား။ ၂၀၂၄ မှာ NUG သိမ်းခဲ့တဲ့မြို့တချို့ရှိသလို တချို့မြို့တွေကလည်း မြို့ကိုသိမ်းပြီးရင် ရေရှည်ဆက်ထိန်းနိုင်ဖို့ခက်တာတွေတွေ့ရပါတယ်။ ဘာကြောင့်လဲ။

ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ ထိန်းချုပ်နယ်မြေတွေကတော့ တလောကလေ ကျွန်မတို့ စကားဝိုင်းမှာ ကာကွယ်ရေးဝန်ကြီးလည်း ပြောသွားတာရှိတယ်။ လွန်ခဲ့တဲ့ ၂ လလောက်ကထင်တယ်။ ဒါပေမဲ့ ဒီ ၂ လလောက်အတွင်းမှာကိုပဲ ထပ်ပြီးတော့ မြို့တွေက တိုးလာတာတွေ ရှိတယ်ပေါ့။ တိုးတဲ့မြို့တွေက NUG တိုက်ရိုက်ထိန်းချုပ်တဲ့ မြို့တွေလည်းရှိသလို တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပြည်နယ်တွေပေါ့နော်။

အထူးသဖြင့် ပြည်နယ်တွေဆိုလို့ရှိရင်တော့ ပြည်နယ်မှာရှိပြီးသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ နောက်သူတို့မှာလည်း သူတို့နိုင်ငံရေးနဲ့အုပ်ချုပ်ရေး ရှိပြီးသားတွေရှိကြတယ်။ အညာဒေသလို စစ်ကိုင်း၊ မကွေးလို ကိစ္စမျိုးတွေမှာကြတော့ ဟုတ်တယ်၊ စစ်ရေးအရတော့ မြို့တွေသိမ်းလိုက်ပြီ၊ မှန်တယ်။

သို့သော်လည်းပဲ လုံခြုံရေးအရ တည်ငြိမ်တဲ့နေရာမျိုးတွေ မဟုတ်သေးတဲ့အခါကျတော့ စစ်အုပ်ချုပ်ရေးအပြည့်ကြီးမဟုတ်ရင်တောင်မှ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးနဲ့တွဲပြီးတော့ ဝန်ဆောင်မှုတွေနဲ့ တွဲပြီးသွားမှာပေါ့နော်။ မြို့တစ်ခု ရှင်းလိုက်ပြီ၊ သိမ်းလိုက်ပြီဆိုလို့ရှိရင် မြေမြှုပ်မိုင်းတွေ ကျန်ခဲ့နိုင်တာတွေ ရှိနိုင်တယ်။ အခြားအခြားသောပေါ့နော်။

ရန်သူက ဘယ်လိုထားခဲ့လဲဆိုတာတွေ မသိနိုင်တော့ ဒီကာလတစ်ခုက သိမ်းလိုက်ပြီဆိုပေမယ့် ချက်ချင်းလူတွေပြန်ဝင်လို့ရတာ မဟုတ်ဘူးလေနော်။ အရပ်သားတွေပြန်ဝင်လို့ရအောင် ဖြစ်နေတဲ့ရပ်ဝန်းမျိုး မဟုတ်တဲ့အခါကျတော့ အခင်းအကျင်းပြင်ဆင်တာတွေ လုံခြုံရေးအရ ပြင်ဆင်ရတဲ့ဟာတွေ ရှိတဲ့အခါကျတော့ ကာကွယ်ရေးကတော့ ဆက်ပါနေရတာပဲပေါ့နော်။

ပေါင်းစပ်ညှိနှိုင်းတဲ့သဘောမျိုးနဲ့ ဆက်ပြီးပါနေကြရတယ်။ တစ်ဖက်မှာလည်း သတင်းထုတ်ပြန်တဲ့နေရာမှာ အခက်အခဲ အကျပ်အတည်းတွေရှိပါတယ်။ မြို့တစ်မြို့ သိမ်းလိုက်ပြီလို့ သတင်းထုတ်ပြန်လိုက်တာနဲ့ လေကြောင်းရန်က အမြဲတမ်းစိုးရိမ်ရတယ်။

စစ်ကောင်စီရဲ့တိုက်လေယာဉ်တစ်စင်း

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီရဲ့တိုက်လေယာဉ်တစ်စင်း

လေကြောင်းရန်လို့ ပြောရင်လည်းပဲ သူတို့တွေက စစ်ဖက်၊ အရပ်ဖက်ပစ်မှတ်တွေ ခွဲခြားတာမျိုးမဟုတ်ဘဲနဲ့ အကုန်ကြဲချပစ်တာပေါ့နော်။ Collective Punishment (လူအစုလိုက်အပြုံလိုက်ကို ရည်ရွယ်ကြဲတာ) လိုမျိုးလုပ်တာပေါ့။ လုပ်တဲ့အခါကျတော့ ကျွန်မတို့က ပြည်သူလူထုရဲ့ လုံခြုံရေးကိုလည်း ပြန်ကြည့်ရတဲ့အခါမျိုးတွေရှိတော့ ဒါတွေက အကျပ်အတည်းတွေရှိတယ်။

တစ်ဖက်မှာလည်းပဲ ပြည်သူ့ကာကွယ်ရေး (ပကဖ) ၊ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)၊ တချို့နေရာတွေပေါ့လေ။ ကျွန်မတို့ထင်တယ်၊ အချက်အလက်အရ ပြန်ကြည့်မယ်ဆိုရင်တော့ မြို့ နယ် အများကြီးမှာဖြစ်တာမဟုတ်ပေမယ့် အသံထွက်တဲ့နေရာတွေလည်း အသံထွက်တယ်ပေါ့နော်။

ဒီဟာတွေကိုလည်း ကျွန်မတို့ ပြန်ကြည့်ရတာတွေရှိတယ်။ ဘာကြောင့်ဖြစ်တာလဲ၊ လူကြောင့်ဖြစ်တာလား၊ မူကြောင့်ဖြစ်တာလား၊ ဒါမှမဟုတ်ရင် တည်ဆောက်တဲ့ဒီဇိုင်းကြောင့် ဖြစ်နေတာလားဆိုတာတော့ ကျွန်မတို့ ပြန်ကြည့်ဖို့ လိုအပ်နေတာတွေရှိပါတယ်ပေါ့နော်။

Review ပြန်လုပ်သင့်တယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပ.အ.ဖ၊ ပ.က.ဖ တွေကို တစ်ပြည်လုံးအတိုင်းအတာနဲ့ စဖွဲ့တုန်းက ကျွန်မတို့က မြို့တွေသိမ်းထားနိုင်သေးတာမဟုတ်ဘူး။ တကယ့်လက်ရှိအနေအထားမှာမဟုတ်ဘဲ နိုင်ငံရေးအံတုမှုနဲ့ပဲ ဖွဲ့စည်းခဲ့ကြတာဖြစ်တယ်ပေါ့နော်။

တကယ့်တကယ်လက်တွေ့လုပ်ရတဲ့အခါကျတော့ အခက်အခဲတွေတော့ အများကြီးရှိပါတယ်။ အဲဒီအခက်အခဲတွေကို ကျွန်မတို့ကလည်း ပြည်သူလူထုအသံကို နားထောင်ပြီးတော့ ကျော်လွှားဖို့ ကြိုးစားဆောင်ရွက်နေတာရှိပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း ကချင်ဒေသ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ ဘွမ်ရေဘွမ့် စခန်းကို ၂၀၂၄ ခုနှစ်က သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် နဲ့ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း ဘွမ်ရေဘွမ့် စခန်းကို ၂၀၂၄ ခုနှစ်က သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့

ဘီဘီစီ။ ။ ဆက်မေးချင်တာက ၂၀၂၄ မှာ နိုင်ငံရေးအခင်းအကျင်းအရ NUG က အောင်မြင်မှုရှိခဲ့လား။ သဘောက နိုင်ငံရေးစုဖွဲ့နိုင်မှုဟာ ဘယ်လောက်လုပ်နိုင်ခဲ့လဲ။ဘာတွေဆက်လုပ်နေလဲ။ နိုင်ငံရေးအခင်းအကျင်းနဲ့ ပတ်သက်ရင် NUG အနေနဲ့ ၂၀၂၄ ကိုကြည့်မယ်ဆိုရင် ဘယ်လိုပုံစံပြန်တွေ့ရလဲ။

ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ နိုင်ငံရေးအခင်းအကျင်းအရ ကြည့်မယ်ဆိုရင် အားလုံးသိကြလိမ့်မယ်ပေါ့နော်။ ကျွန်မတို့ Joint Statement (ပူးပေါင်းထုတ်ပြန်ချက်) ထုတ်ခဲ့တာရှိတယ်။ ၂၀၂၄ ဇန်နဝါရီလ ၃၁ ရက်နေ့ ကြေညာချက်ပေါ့နော်။ K3C လို့ပြောကြတယ်။ ဆွေးနွေးမှုတွေမှာတော့ အဲဒီထက်ပိုပြီးတော့ ကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ ထုတ်နိုင်တဲ့အဖွဲ့အစည်းရှိတယ်၊ မထုတ်နိုင်တဲ့ အဖွဲ့အစည်းရှိတယ်ပေါ့နော်။

အထူးသဖြင့် K2C၊ NUG ကတော့ ပုံမှန်အများသိအောင် ချပြတာရော၊ အများမဟုတ်တဲ့ သီးသန့်ဆွေးနွေးပွဲတွေမှာလည်း ကျွန်မတို့ အတူတကွသွားနေတာတွေရှိတယ်။

နိုင်ငံရေးအရ ပြောမယ်ဆိုရင်တော့ ကျွန်မတို့ အခြေအနေတစ်ခုပေါ့နော်။ ဒီ Commom Ground ကို ရှာနိုင်တဲ့အပြင်ကို အကောင်အထည်ဖော်တဲ့အပိုင်းမှာလည်း စတင်ပြီးအတွေ့အကြုံယူနေနိုင်တဲ့ အနေအထားတွေရှိတယ်။ ကောင်းတဲ့အတွေ့အကြုံလည်းရှိတယ်၊ ဆက်သယ်ယူသွားရမယ့် အတွေ့အကြုံလည်းရှိသလို သင်ခန်းစာယူရမယ့် အတွေ့အကြုံတွေလည်းရှိပါတယ်။

ဒါက ဘာနဲ့လည်းဆိုင်လဲဆိုတော့ စစ်အာဏာရှင်စနစ် ပြုတ်ကျရုံတင်မဟုတ်ဘဲ စစ်အာဏာရှင်အလွန်ကာလမှာ ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာတွေရဲ့ အခြေခံလည်းဖြစ်သလို စမ်းသပ်ချက်တွေလည်းဖြစ်တယ်ပေါ့နော်။ ဒီအချက်တွေကို ဒီနှစ်အတွင်းမှာ နိုင်ငံရေးအခင်းအကျင်းအနေနဲ့ မြင်ရတာပါ။

ဘီဘီစီ။ ။ ၂၀၂၄ မှာ အားမရခဲ့တဲ့အပိုင်း မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်နေတဲ့ အခြေအနေတွေ အမျိုးမျိုးကြားထဲမှာအားမရခဲ့တာဆိုရင် ဘာရှိမလဲ။အထူးသဖြင့် တရုတ်နဲ့ဆက်ဆံရေးနဲ့ ပတ်သက်လို့ NUG ဘယ်လောက်လုပ်န်ိုင်ခဲ့လဲ။

ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ အားမရခဲ့တာဆိုရင်တော့ နိုင်ငံတကာနဲ့ ပတ်သက်လို့ရှိရင်လည်းပဲ ဒီနှစ်ထဲက အာဆီယံခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲတွေမှာ သိပ်ပြီးတော့ မျှော်လင့်တာတော့မရှိဘူး။ သို့သော် ကျွန်မတို့မျှော်လင့်ခဲ့တာက ဒီကုလလုံခြုံရေးကောင်စီဘက်ကိုတော့ ဒီထက်ပိုပြီးတော့ ထိရောက်တဲ့ အရေးယူမှုတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တာပေါ့နော်၊ တွန်းခဲ့တာရှိတယ်။

ဒါပေမဲ့သိပ်ပြီးတော့ ထူးခြားတာဖြစ်မလာဘူးပေါ့နော်။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို အခြေခံပြီးတော့ အရေးယူဖို့အပိုင်းမှာတော့ နိုင်ငံကြီးတွေကြားမှာရှိနေတဲ့ Power Balance (အင်အားချိန်ခွင်လျှာ) တွေကြောင့် ထင်သလောက် မပေါက်ဘူး၊ ဖြစ်သင့်သလောက်မဖြစ်တာတွေ့ရတော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် နည်းနည်း စိတ်ပျက်စရာကောင်းတယ်ပေါ့နော်။

''ဒီနိုင်ငံတွေက အကျိုးစီးပွားကိုပဲအခြေခံပြီးလာကြတာဆိုတော့ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကျွန်မတို့က ဘယ်နေရာမှာ ထိထိရောက်ရောက်မလုပ်နိုင်ဘူးလဲဆိုတဲ့ဟာကတော့ ကျွန်မတို့နည်းနည်း သုံးသပ်ရမယ်'' ဒေါ်ဇင်မာအောင်

နောက်တစ်ခုကကျတော့ ကျွန်မတို့ တရုတ်ဆိုင်ရာမူဝါဒနဲ့ ပတ်သက်လို့ ထုတ်ပြန်ခဲ့တာရှိတယ်။ အဲဒီအပိုင်းမှာလည်း လုပ်ငန်းစဉ်ကြီးလို တောက်လျှောက်ဖြစ်နေတဲ့အခါကျတော့ တရုတ်ရဲ့သဘောထားကို မြောက်ပိုင်းအဖွဲ့တွေကလည်း လက်ခံညှိနှိုင်းလာရတယ်။ ဒီဖိအားတွေရှိလာတယ်။

အဲဒီဟာကလည်း ကျွန်မတို့အတွက် နည်းနည်းပြန်ပြီးတော့ ပြန်ကြည့်ပြီး ပြန်ပြင်ဆင်ဖို့ လိုအပ်တဲ့အနေအထားမျိုး ရှိလာတယ်လို့တော့ မြင်တယ်ပေါ့နော်။ မူဝါဒဆိုတာကတော့ ပြောင်းဖို့အတွက်မဟုတ်ဘူး။

ဒါပေမဲ့ စေ့စပ်ညှိနှိုင်းတဲ့အခါတွေမှာ ဘာတွေများလိုသွားလဲ၊ ဒါမှမဟုတ် ကျွန်မတို့ဘက်က မည်မျှပင်ကောင်းအောင်ဖြစ်စေကာမူ ဒီနိုင်ငံတွေက အကျိုးစီးပွားကိုပဲအခြေခံပြီးလာကြတာဆိုတော့ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကျွန်မတို့က ဘယ်နေရာမှာ ထိထိရောက်ရောက်မလုပ်နိုင်ဘူးလဲဆိုတဲ့ဟာကတော့ ကျွန်မတို့နည်းနည်း သုံးသပ်ရမယ့်ဟာဖြစ်တယ်။

ဘီဘီစီ။ ။ အဲဒါနဲ့ ပတ်သက်ပြီး ဆက်စပ်ပြီးမေးချင်တာက တရုတ်ဟာ ၂၀၂၄ နှစ်လယ်ပိုင်းက နေပြည်တော်ကိုသွားခဲ့တဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့နေပြည်တော်ခရီးစဉ်အပြီးမှာ တရုတ်ဟာ စစ်တပ်ဘက်ကိုလုံးဝယိမ်းသွားပြီဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။ ဒီလိုစစ်တပ်ဘက်ကိုတရုတ်ယိမ်းသွားတာက NUG အတွက်ဘယ်လောက်သက်ရောက်မှုရှိခဲ့လဲ။ ဆိုတော့… တရုတ်ရဲ့ မြန်မာအရေးချဉ်းကပ်မှုပုံစံနဲ့ စစ်တပ်ကို ယိမ်းလာတဲ့မူက NUG နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးနဲ့ စစ်ဆင်ရေးအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာမျိုး တည့်တည့်ပြောနိုင်မလဲ။

ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ သက်ရောက်မှု ထိုက်သင့်သလောက်ရှိပါတယ်။ ဥပမာဆိုရင် ကြိုက်ကြိုက်၊ မကြိုက်ကြိုက် မြောက်ပိုင်းညီနောင်အဖွဲ့တွေက အပစ်ခတ်ရပ်စဲတာတို့ ကြေညာချက်တွေ ထုတ်လိုက်ရတာမျိုးရှိတယ်။

တကယ်တော့ တရုတ်နဲ့ တိုက်ရိုက် မြောက်ပိုင်းမှာ ဆက်စပ်နေတဲ့ တိုင်းရင်းသားတွေက ပိုပြီးတော့ တရုတ်နဲ့ ဘယ်လိုညှိနှိုင်းရမလဲဆိုတာ သူတို့က ပိုသိပါတယ်။ ဒါကြောင့် ကျွန်မတို့ သူတို့ဆီကနေပြီးတော့တဆင့် ဒီအချက်ပြမှုတွေကို မြင်ရ၊ ကြည့်ရတာတွေရှိတာပေါ့နော်။

ကျွန်မတို့က နိုင်ငံတစ်စုံလုံးကို စဉ်းစားရတဲ့အခါမျိုးမှာ ဒီဟာက တချို့ဒေသတွေအတွက်ကတော့ ဟုတ်တယ်၊ မှန်တယ်ဆိုပေမယ့် တစ်စုံလုံးနိုင်ငံခြားရေးမူဝါဒအရ ကြည့်မယ်ဆိုရင်တော့ စိန်ခေါ်မှုအနေနဲ့ သွားဖြစ်တာပေါ့လေ။ တစ်ဖက်မှာလည်းပဲ လက်တွေ့ အခြေအနေကို ငြင်းလို့မရဘူးပေါ့။

လက်တွေ့မြေပြင်မှာ နိုင်ငံအချင်းချင်းဆက်ဆံရေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တကယ့်ပါဝါပါပဲ၊ အင်အားပဲ။ ကျွန်မတို့ရဲ့ အင်အားအခြေခံက ဘယ်မှာရှိသလဲဆိုတာနဲ့ တခြားအင်အားကြီးနိုင်ငံကြီးတွေရဲ့ အင်အားအခြေခံက ဘယ်မှာရှိလဲဆိုတော့ အခြေခံချင်းက မတူကြဘူးပေါ့နော်။ မတူကြတော့ နိုင်ငံတကာဆက်ဆံရေးမှာ နိုင်ငံခြားရေးမူဝါဒကို တည်ရတဲ့အခါ ဒါမှမဟုတ် အကောင်အထည်ဖော်ရတဲ့အခါ အင်မတန် ကြီးမားတဲ့စိန်ခေါ်မှုရှိတယ်။

တစ်ဖက်မှာ တော်လှန်ရေးကို ဘယ်လောက်သက်ရောက်မှုရှိသလဲဆိုတော့ မြင်ကြည့်လို့ရပါတယ်။ တကယ်တော့ ရှုံးသွားတဲ့စစ်တပ်ရဲ့ နယ်မြေတွေကို ပြန်ပေးခိုင်းနေတာ။ ပြန်ပေးသလား၊ မပေးသလားဆိုတဲ့ အပေါ်မှာပဲကြည့်ပြီးတော့ ကျွန်မတို့ဆုံးဖြတ်ရလိမ့်မယ်လို့တော့မြင်တယ်။

 ရှုံးသွားတဲ့စစ်တပ်ရဲ့ နယ်မြေတွေကို ပြန်ပေးခိုင်းနေတာ။ ပြန်ပေးသလား၊ မပေးသလားဆိုတဲ့ အပေါ်မှာပဲကြည့်ပြီးတော့ ကျွန်မတို့ဆုံးဖြတ်ရလိမ့်မယ်လို့တော့မြင်တယ်။

ဒါပေမဲ့ အခုအချိန်ထိ တစ်လက်မ မှတော့ ပြန်မပေးသေးဘူး။ မပေးတဲ့အပြင်ကို တစ်ဖက်မှာ ဥပမာ- ကချင် ဆိုပိုသိမ်းလာနိုင်တာရှိတယ်။ အာရက္ခအာမီ (အေအေ) ဆိုရင်လည်း ဒီကြားထဲကကိုပဲ သိမ်းလာနိုင်တာရှိတော့ ဒီဖိအားတွေအပေါ်မှာပဲ တရုတ်နဲ့ ညှိနှိုင်းတာလည်းမပြတ်ဘူး။

ကိုယ့်တော်လှန်ရေးရဲ့ အရှိန်ကိုလည်း လျော့ကျမသွားစေဘဲနဲ့တော့ ချိန်ဆပြီးတော့ ဒီတိုင်းရင်းသားအဖွဲ့တွေက သွားနေကြတယ်လို့တော့ ကျွန်မ မြင်မိတယ်။

ကျွန်မတို့ကလည်းပဲ လက်တွေ့ကျတဲ့ဟာပေါ့နော်၊ ဥပမာ-ကျွန်မတို့ စိုးမိုးထိန်းချုပ်ဒေသတွေမှာရှိတဲ့ စီမံကိန်းတွေကို ကျွန်မတို့ ဘယ်လိုသဘောထားမလဲ။ ဒါက အရေးကြီးတယ်လို့တော့မြင်တယ်။

ကျွန်မတို့က ကောင်းကောင်းမွန်မွန် စိုးမိုးထိန်းချုပ်တဲ့ဒေသတွေမှာ အုပ်ချုပ်နိုင်တယ်လို့ ပြနိုင်လေလေ ဒီဆက်ဆံရေးက ပိုပြီးတော့ ကိုယ်က ခိုင်မာမှုရမယ်ပေါ့နော်။ ကျွန်မကတော့ အဲဒီလိုမြင်မိပါတယ်။ ဒီဟာမှာ ကျွန်မတို့ တည်နိုင်ဖို့လိုတယ်။ မူဝါဒမှန်ဖို့လည်းလိုသလို အကောင်အထည်မှန်မှန်ဖော်ဖို့လည်းလိုတယ်။

ထို့အတူ အကောင်အထည်မှန်မှန်ဖော်နိုင်ဖို့ဆိုရင် မြေပြင်မှာ တည်ထားနိုင်တဲ့ကျွန်မတို့ရဲ့ နေရာတွေနဲ့ လုပ်နိုင်ခွင့်တွေကလည်း အရေးကြီးတယ်လို့တော့ မြင်ပါတယ်။ အဲဒီအပိုင်းမှာတော့ ကျွန်မတို့ တော်တော်ကြီး ရုန်းကန်ပြီးတော့ တည်ဆောက်နေရတဲ့ အခြေအနေရှိပါတယ်။

ဘီဘီစီ။ ။ တရုတ်ကတော့ စစ်တပ်ကို ရွေးကောက်ပွဲလုပ်ဖို့ တိုက်တွန်းမှုတွေရှိတယ်လို့ နားလည်ရတယ်။ တရုတ်ဟာ မြန်မာ့ပြဿနာကို ရွေးကောက်ပွဲနဲ့အဖြေထုတ်ဖို့ ပြင်နေတယ်ဆိုရင် NUG ဘက်ကဘယ်လိုတုံ့ပြန်မလဲ။

ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ အခုမြေပြင်အခြေအနေတွေအရဆိုရင် ရွေးကောက်ပွဲလုပ်မယ်ဆိုရင် လုပ်သွားမှာမှန်ပေမယ့် ဒါက အဖြေတော့ မဟုတ်ဘူး။

ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးအရ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့သူတွေ၊ အဓိကက ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့သူတွေကတော့ ပြည်သူလူထုအသံပါပဲ။ ပြည်သူလူထုက ဘယ်လိုတိုင်းပြည်မျိုး၊ ဘယ်လိုပြည်ထောင်စုမျိုးကို တည်ဆောက်ချင်တာလဲ။

ဒီပြည်ထောင်စုကရော ကျွန်မတို့မှာ အနာဂတ်ရှိရဲ့လားဆိုတဲ့ဟာကို သေသေချာချာကြေကြေလည်လည်ဆွေးနွေးပြီးမှ သွားတဲ့ရွေးကောက်ပွဲမျိုးကသာလျှင် အဖြေဖြစ်မယ်။ ရွေးကောက်ပွဲသည် ပန်းတိုင်မဟုတ်ဘူး။ ရွေးကောက်ပွဲက ဖြတ်သန်းရမယ့် မှတ်တိုင်တစ်ခုပဲဖြစ်တယ်။

အဲဒီမှတ်တိုင်ကိုမသွားခင်မှာ ကျွန်မတို့ ပြင်ဆင်စရာတွေအများကြီးရှိသေးတယ်လို့ မြင်ပါတယ်။ ပြင်ဆင်စရာရှိတာတွေ မပြင်ဆင်ဘဲနဲ့ တဖတ်သတ်လုပ်တဲ့ ဖြစ်ပြီးရောဆိုတဲ့ ရွေးကောက်ပွဲမျိုးက မြန်မာပြည်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ပြောချင်ပါတယ်။

ဘီဘီစီ။ ။ နောက်တခု တရုတ်ကိစ္စနဲ့ဆက်ပြီးမေးချင်တာက စစ်တပ်ဟာ တရုတ်ရဲ့ ဖိအားနဲ့ ရွေးကောက်ပွဲလုပ်ပြီး နယ်မြေရ လက်နက်ကိုင်တပ်တွေကို စကားပြောခိုင်းရင် NUG ဘာဆက်ဖြစ်မလဲဆိုတာမျိုး ပြောကြတာလည်းရှိပါတယ်။ ဒေါ်ဇင်မာအောင် ဘယ်လိုမြင်ပါသလဲ။

ဒေါ်ဇင်မာအောင် ။ ။ ကျွန်မကတော့ အရမ်းကြီးမစိုးရိမ်ဘူး။ မစိုးရိမ်ဘူးဆိုတာက အလုပ်မလုပ်ရင်တော့ မစိုးရိမ်စရာရှိတာပေါ့။ ဒါပေမဲ့ အရမ်းကြီး Corner ကြီး တခုကိုရောက်သွားတဲ့အထိတော့ စိုးရိမ်စရာမရှိဘူး။ ကျွန်မတို့မှာ အမြဲတမ်း Progress ရှိနေတယ်။ နောက်တခုကကျတော့ လူထုရဲ့အသံကိုနားထောင်နေတယ်။ လူထုကလည်း ကြည့်မယ်ဆိုရင် တလောကလုပ်ခဲ့တဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနရဲ့ ICO2 ကမ်ပိန်း အောင်မြင်တာကိုကြည့်ရင် လူထုရဲ့ထားတဲ့ မျှော်လင့်ချက်ဖြစ်တယ်။ ဒီထည့်ဝင်မှုက ဒီမျှော်လင့်ချက်ဖြစ်တယ်။ ထောက်ခံမှုသပ်သပ်ပဲမဟုတ်ဘူး။ ဒါမျှော်လင့်ချက်လည်းဖြစ်တယ်။ ဆိုတော့ ကျွန်မတို့ဆီက ပြန်ရနိုင်တဲ့ Return ကို မျှော်လင့်ယုံကြည်နေတယ်လို့ ကျွန်မတော့ မြင်တယ်။ NUG ကိုထားခဲ့ခြင်း မထားခဲ့ခြင်းက ပြည်သူလူထုနဲ့ပဲဆိုင်တယ်လို့ပဲ ကျွန်မကတော့ မြင်ပါတယ်။ ကျွန်မတို့ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ တော်လှန်ရေးရဲ့လားရာ၊ ပြည်သူလူထုရဲ့ လိုလားချက်ကို ကျွန်မတို့ စွန့်ခွာရင်တော့ ပြည်သူလူထုက ထားခဲ့မှာပဲ။ အဲဒီတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ပြည်သူလူထုရဲ့ Aspiration ကို Inline ဖြစ်အောင် ရှိနေသရွေ့ ရှိတဲ့အခါမှာလည်း ဥာဏ်ပါပါနဲ့ လုပ်ရမှာပေါ့။ ကျွန်မတို့စိတ်ခံစားချက်တွေနဲ့ သွားလို့မရဘူး။ Capacity ကို အကောင်းဆုံးဖြစ်အောင်လုပ်ရမှာဖြစ်သလို တဖက်မှာလည်း အရည်အသွေးရှိရှိနဲ့ ဥာဏ်ပါပါနဲ့ အလုပ်လုပ်ရမှာတွေ အများကြီးရှိတယ်။ တဖြတ်တဖြတ် နဲ့ အတောအတွင်းလေး တခုမှာတော့ ဆုံးဖြတ်လို့မရဘူးထင်တယ်။ ဖြစ်ရပ်တွေများလာတဲ့အခါမှာတော့ ဘယ်လိုပုံစံမျိုး ပုံပေါ် လာမလဲဆိုတာကို မြင်ရမှာဖြစ်တယ်။ ဒါကြောင့် ဒီဟာကို သတိမူနေသရွေ့ အဆက်မပြတ်သရွေ့ တော့ NUG က Isolate ဖြစ်မယ်လို့ မထင်ဘူး။ NUG ကို Isolate ဖြစ်အောင်လုပ်မှာပဲ။ ကိုယ်လည်း စစ်ကောင်စီနေရာမှာဆိုရင် လုပ်မှာပဲ။ ဖယ်ပြီးတော့ စဥ်းစားမှာပဲ။ NUG ဟာ De jure ရော de facto ရော ပေါင်းထားတဲ့အတွက် တစုံလုံးပဲ။ NUG လို့ပြောလို့ရှိရင် တချို့က ဝေဖန်ကြတာရှိတယ်။ NLD တိုဘာတို့ပါတယ်ပေါ့။ မှန်တယ် NLD ပါတယ်။ ဒါပေမဲ့ အများစုကိုကြည့်ပြီးတွက်ချက်ကြည့်ရင် ကျွန်မတို့လုပ်နေတာက ပါတီတခုတည်းအကျိုးအတွက်လုပ်နေတာမဟုတ်ဘူး။ လူမျိုးစုတစ်စုတည်းအတွက်လုပ်နေတာမဟုတ်ဘူး။ ဒီပြည်ထောင်စုကို ဘယ်လိုပုံဖော်တည်ဆောက် ကြမလဲဆိုတဲ့အထိုင်ကိုပဲသွားနေကြတာဖြစ်တယ်။ စစ်ကောင်စီ ကိုတဖက်မှာတိုက်နေရင်းနဲ့ပေါ့။ ဒါကြောင့်မို့ NUG ကိုချန်ခဲ့ဖို့ဟာက ကျွန်မထင်တယ်။ သိပ်တော့ မစိုးရိမ်ဘူး။ ကျွန်မတို့တိုင်းရင်းသားတွေနဲ့ လုပ်ငန်းစဥ်တွေမှာ အတူတကွရှိနေမယ်ဆိုရင် အလုပ်အတူတူလုပ်နေမယ်ဆိုရင် ပြည်သူလူထုနဲ့ အတူတူရှိနေမယ်ဆိုရင် ကျွန်မတို့ကိုချန်ထားခဲ့လို့မရပါဘူး။ ကျွန်မတော့ အဲဒီအတွက်မစိုးရိမ်ဘူးလို့ပဲပြောချင်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို မဲရေတွက်စက် ပြသနေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို မဲရေတွက်စက် ပြသနေပုံ

ဘီဘီစီ။ ။ ၂၀၂၄ ဟာ NUG အစိုးရနဲ့ တော်လှန်‌ရေးအင်အားစုတွေအတွက် အဆုံးအဖြတ်နှစ်တစ်ခုဖြစ်ခဲ့တယ်လို့ ပြောနိုင်လား။ ၂၀၂၄ ခုနှစ်က NUG အတွက် ဘယ်လိုနှစ်ဖြစ်ခဲ့တာလဲ။

ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ ကျွန်မပြောခဲ့တဲ့စကားရှိပါတယ်။ အဆုံးအဖြတ်ဆိုတဲ့နေရာမှာ အရှေ့မှာ‌လေ အဆုံးသတ်ဖို့အတွက် အဆုံးအဖြတ်နှစ်ဖြစ်မယ်ဆိုပြီးတော့လေ...ဘယ်လိုအဆုံးသတ်နိုင်မှာလဲဆိုတဲ့ အဆုံးအဖြတ်နှစ်ပေါ့။ ၁၀၀ ရာခိုင်နှုန်းတော့ မပြီးမြောက်ခဲ့ဘူး။

သို့သော် အဆုံးအဖြတ်က လာတော့မယ်ဆိုတဲ့ အခင်းအကျင်းတွေတော့ အကုန်ဖြစ်ခဲ့တယ်လို့မြင်တယ်။ စစ်ရေးအရ ကြည့်မယ်ဆိုရင်လည်း တကယ့်အရေးပါတဲ့ စစ်စခန်းတွေကို သိမ်းနိုင်ခဲ့တာရှိတယ်။ အခုအချိန်ထိ ဆက်ပြီးတော့ သွားနေတုန်း။

နောက်တစ်ခုကကျတော့ နိုင်ငံရေးအရဆိုရင်လည်းပဲ ဘယ်လိုပုံသဏ္ဍာန်မျိုးနဲ့ ပြည်ထောင်စုကို တည်ဆောက်ကြမလဲဆိုတဲ့ ဆွေးနွေးချက်တွေက တဖြည်းဖြည်းနဲ့ ပွင့်လင်းလာတဲ့အနေအထားမျိုးတွေရှိတယ်။

တစ်ဖက်မှာလည်း တရားမျှတမှုပြန်လည်ဖော်ဆောင်ဖို့နဲ့ အရင်ဆုံးတော့ မင်းအောင်လှိုင်ကို ဘယ်လိုမျိုးအဆုံးသတ်မလဲဆိုတဲ့ဟာက နည်းလမ်းပေါင်းစုံနဲ့ ပေါ်လာနေတယ်။ နေပြည်တော်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတာတွေ အဆုံးပေါ့နော်။

အဲဒီကနေစလို့ ICC (နိုင်ငံတကာရာဇဝတ်ခုံရုံး) ကနေ ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားအားထုတ်မှုတွေအဆုံးပေါ့နော်...လူသိရှင်ကြားဖြစ်လာတာကိုက အဆုံးသတ်ဖို့အတွက် အဆုံးအဖြတ်နှစ်ဟာ ထိုက်သင့်သလောက် ပုံပေါ်ခဲ့တယ်လို့မြင်တယ်။

ဘယ်သူနိုင်မလဲ၊ ရှုံးမလဲ၊ ဘယ်သူကတော့ရှိသင့်လဲ၊ မရှိသင့်ဘူးဆိုတာ အနည်းဆုံးတော့ ‌အောက်ခြေတော့ပေါ်သွားပြီလို့ ကျွန်မမြင်တယ်။ သေချာတယ်၊ မင်းအောင်လှိုင်နဲ့ဆက်ပြီး အလုပ်မဖြစ်တော့ဘူး။ စနစ်မပြောင်းဘူးဆိုရင်တော့ မဖြစ်တော့ဘူး။

တပ်ကိုယ်တိုင်ကိုက ပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့ အဆုံးအဖြတ်ကို ပိုပြီးတော့သေချာသွားစေတယ်လို့မြင်ပါတယ်။ နည်းနည်းပုံပေါ် လာတယ်။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ အခင်းအကျင်းမဟုတ်သေးဘူးလို့တော့ကျွန်မမြင်ပါတယ်။

ဘီဘီစီ။ ။ ၂၀၂၅ မှာ NUG အစိုးရအနေနဲ့ ဘယ်လိုပုံစံမူဝါဒတွေ၊ အပြောင်းအလဲတွေနဲ့ ဆက်သွားမလဲ။

ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ ကျွန်မတို့ကတော့ အမြန်ဆုံးအဆုံးသတ်ချင်တာပဲ။ ဒါပေမဲ့ အဆုံးသတ်ရင် ပြီးရောဆိုပြီး ပြီးစလွယ်တော့ လုပ်လို့တော့မရဘူးပေါ့နော်။ အဆုံးသတ်တယ်ဆိုတာက ပြည်သူလူထုလိုချင်တဲ့ နိုင်ငံရေးအပြောင်းအလဲကို အာမခံနိုင်တဲ့ အခြေအနေတစ်ခုရောက်မှ ဒီတော်လှန်ရေးက အဆုံးသတ်တဲ့အစကို ရောက်မှာပေါ့နော်။

ဒီဟာကို အမြန်ဆုံးရောက်ချင်တယ်။ ရောက်ချင်လို့ နည်းလမ်းပေါင်းစုံနဲ့ ကျွန်မတို့ ခင်းကျင်းပြင်ဆင်နေကြတာဖြစ်တယ်။ တစ်ဖက်မှာ မြန်မြန်ထက်ထက်လုပ်ဖို့နဲ့ မှန်မှန်ကန်ကန် ကိုယ်လိုချင်ရာပန်းတိုင်ကိုရောက်ဖို့ဆိုတဲ့ကြားမှာတော့ ကျွန်မတို့ ထိန်းညှိရတာတွေရှိပါတယ်။ မြန်ပြီး‌တော့လည်း လုပ်လို့မရသလို အချိန်ဆွဲလို့လည်းမရဘူး။ တစ်ရက်ကြာရင် တစ်ရက်မြေပြင်မှာ ဒုက္ခရောက်နေတာပဲ။

အခုကျွန်မ စကားပြောတဲ့အချိန်မှာကိုပဲ ဘယ်နှစ်ယောက်ဗုံးကြဲခံရပြီးပြီလဲ၊ ဘယ်နှစ်‌ယောက် မိုင်းနင်းမိသွားပြီလဲ၊ ဘယ်နှစ်ယောက် ဖမ်းဆီးထိန်းသိမ်းခံရပြီလဲဆိုတာ မပြောနိုင်ဘူး။ ဒီဟာကို ကျွန်မတို့ကိုယ်တိုင် ပြန်ကုစားခဲ့ရတယ်၊ ကျွန်မတို့စိတ်ပိုင်းဆိုင်ရာအခြေအနေကို၊ ငါတို့က စကားတွေပြော...အလုပ်လုပ်...ဟိုမှာက သေနေပြီ၊ ဒုက္ခတွေရောက်နေပြီဆိုတဲ့ ဖိအားတွေက အင်မတန် နေ့စဉ်နဲ့အမျှ နာရီနဲ့အမျှရှိနေတယ်။ ကျွန်မတို့အပေါ်မှာရှိနေတဲ့ ဖိအားလည်းဖြစ်တယ်ပေါ့နော်။

အဲဒါကြောင့် ဘာကတိပေးနိုင်လဲဆိုရင် ကျွန်မတို့ အခု NUG ရဲ့လုပ်နေကိုင်နေတဲ့ဆောင်ရွက်ချက်တွေ၊ လူထုဝေဖန်သံတွေကို ကျွန်မတို့နားထောင်တယ်။ Functioning (လက်တွေ့ကျကျ) ဒီထက်ပိုဖြစ်‌အောင် ဘယ်လိုလုပ်မလဲပေါ့နော်။ ဘယ်လိုလုပ်မလဲဆိုတာကိုလည်း အကြိတ်အနယ်ဆွေးနွေးနေကြတာရှိတယ်။

ဆိုလိုတာက ဝန်ကြီးဌာနတွေအတွက် ပြောဆိုဖို့ လိုလို့လား၊ မလိုဘူးလား။ ဆိုလိုတာကတော့ ဝန်ကြီးဌာနရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ...ဒီမှာပါဝင်နေကြတဲ့ လူပုဂ္ဂိုလ်တွေကတော့ တော်လှန်ရေးအတွက်ကို နည်းမျိုးစုံနဲ့ လုပ်နေကြတာပဲ။

အဲဒီဟာတွေအပေါ်မှာ ပိုပြီးတော့ ဆီလျော်မှုရှိအောင်၊ ပိုပြီးတော့ လက်တွေ့ကျလာအောင် ပြီးတော့ထိရောက်မှုရှိလာ‌အောင်လို့ ကျွန်မတို့ ပြန်ကြည့်ပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ ဝန်ကြီးဌာနတစ်ခုချင်းစီရဲ့အလုပ်က တော်လှန်ရေးအပေါ်မှာ အခြေခံပြီး အလုပ်နည်းတဲ့ဝန်ကြီးဌာနရှိတယ်။ သက်ဆိုင်တာ၊ မသက်ဆိုင်တာတွေရှိနိုင်တယ်။ တချို့ကလုပ်ချင်ပေမယ့် ဒီအခြေအနေပေးချက်အရ လုပ်လို့ကိုမရတာမျိုးရှိတဲ့အခါကျရင် သူ့ရဲ့လုပ်အားတွေကို ကျွန်မတို့ ဘယ်လိုမျိုး တော်လှန်ရေးရဲ့ ရှေ့တန်းထဲမှာ ဝင်အောင်လို့ ထည့်ပြီးတော့သုံးနိုင်မလဲပေါ့နော်။

ဒီလိုမျိုးနည်းနဲ့ ကျွန်မတို့စဉ်းစားဆောင်ရွက်နေတာတွေရှိတယ်။ ဗျူဟာကျတဲ့ ဧရိယာ ၄ ခုလား၊ ၅ခုလား ဒီမဟာဗျူဟာအရ...အဲဒီမှာပေါင်းထည့်ပြီးတော့ ဘယ်လိုအားဖြစ်အောင်လို့ လုပ်ကြမလဲပေါ့နော်။ ကိုယ့်မှာရှိတဲ့ ရင်းမြစ်တွေနဲ့ ပိုပြီးထိရောက်မှုရှိအောင်၊ အသုံးတည့်အောင်၊ ရွေ့အောင်လို့ အားဖြစ်‌အောင်လို့ပေါ့လေ အကောင်းမြင်တဲ့နည်းနဲ့ သွားဖို့တော့ ဆွေးနွေးညှိနှိုင်းနေတာရှိတယ်။

ကျွန်မထင်တယ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မတိုင်ခင်လောက်မှာလည်း ကျွန်မတို့ ဒီအပြောင်းအလဲကို ကိုယ့်အတွင်းထဲမှာတင်ကို ဖွဲ့စည်းတည်ဆောက်ပုံတွေ အပြောင်းအလဲလုပ်နိုင်ဖို့တော့ရှိတယ်။ အဲဒါက လူအသစ်ပြောင်းတာတွေ ဖြုတ်တာတွေ မဟုတ်ဘဲနဲ့ ပိုပြီးတော့ အလုပ်ဖြစ်တဲ့ တည်ဆောက်မှုဖြစ်အောင်လုပ်ဖို့တော့ ကျွန်မတို့ကြိုးစားဆောင်ရွက်နေတာတွေရှိပါတယ်။

၂၀၂၅ က ဆိုလိုတာက အပြောင်းအလဲကို ကိုယ်ကလုပ်မှာလား၊ ဒါမှမဟုတ် ကိုယ်က အပြောင်းလဲခံလိုက်ရမှာလားဆိုတဲ့ မေးခွန်းကိုဖြေရမယ့်အချိန်လို့တော့ ကျွန်မတို့မြင်တယ်။

ဒါကြောင့်မို့ တကယ့်ကို ပြည်သူလူထုအတွက် လိုအပ်တဲ့ တော်လှန်‌ရေးရည်မှန်းချက်ကိုဦးတည်တဲ့ အပြောင်းအလဲမျိုးဖြစ်အောင်လို့တော့ ကျွန်မတို့ဖော်ဆောင်ရမယ့်နှစ်တစ်နှစ်၊ ကြိုးစားအားထုတ်ရမယ့်နှစ်တစ်နှစ်ဖြစ်တယ်လို့တော့ ကျွန်မက ပြောချင်ပါတယ်ရှင့်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် နဲ့ PDF သင်တန်းသူ၊သင်တန်းသားတွေ

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, NUG ပြည်ထောင်စုဝန်ကြီးချုပ် နဲ့ PDF သင်တန်းသူ၊သင်တန်းသားတွေ

ဘီဘီစီ။ ။ ၂၀၂၅ မှာဆိုရင် မလေးရှားက အာဆီယံဥက္ကဋ္ဌဖြစ်လာမယ်။ ပြီးခဲ့တဲ့ လာအိုနဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ လာအိုနဲ့အများကြီးအလုပ် မလုပ်နိုင်ခဲ့တာတွေရှိတယ်။ အထူးသဖြင့် အများစုစွပ်စွဲထားကြသလို လာအိုရဲ့အနောက်မှာ တရုတ်ရှိတယ်ဆိုပြီးတော့လည်းပြောကြတယ်။ မလေးရှားဖြစ်လာမယ်ဆိုရင် NUG ရဲ့ မျှော်လင့်ချက်က ဘယ်လိုရှိလဲ။

ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ ကျွန်မတို့ မလေးရှားအာဆီယံဥက္ကဋ္ဌဖြစ်လာမယ့် အလှည့်အတွက် ပြင်ဆင်ဆောင်ရွက်နေတာတွေရှိပါတယ်။ စေ့စပ်ညှိနှိုင်းတဲ့အပိုင်းတွေ ကြိုလုပ်ထားတာရှိတယ်။ ကျွန်မတို့အချင်းချင်းကြားထဲမှာ တူညီတဲ့အသံတွေဖြစ်အောင် မဟာမိတ်တိုင်းရင်းသားတွေနဲ့ ကျွန်မတို့ရဲ့ သဘောထားတွေကို ကြိုပြီးတော့ ပို့ထားတာတွေရှိတယ်။ ပိုပြီးတော့ တက်တက်ကြွကြွနဲ့ မလေးရှားက ဆွေးနွေးလာနိုင်မယ့်သဘောတော့ ရှိတော့ရှိပါတယ်။

၂၀၂၅ ကလည်း နိုင်ငံရေးအရ ပိုပြီးတော့ အလှုပ်အရမ်းတွေနဲ့ ဖိအားပေးမှုတွေ ပိုများလာနိုင်တဲ့အနေအထားမျိုးရှိတာပေါ့...မြန်မာနိုင်ငံအပေါ်မှာလေ။ တရုတ်အပါအဝင်ပေါ့၊ အိမ်နီးနားချင်းတွေကလည်း အပြောင်းအလဲတအားဖြစ်ချင်နေပြီ။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ ပြန်ကြည့်ရမယ်ဆိုရင်လည်း ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံးက ကိုဗစ်ကနေပြီးတော့ ကမ္ဘာ့စီးပွားရေးက နလန်ထူဖို့လုပ်နေတဲ့အချိန်မှာ မြန်မာပြည်မှာက စစ်အာဏာသိမ်းတဲ့ဟာဖြစ်သွားတော့ ပိုပြီးတော့ ဆိုးသွားတယ်ပေါ့နော်။

နှစ်ထပ်ကွမ်းဒုက္ခရောက်တဲ့အနေအထားမျိုး မတည်မငြိမ်မှုတွေဖြစ်တဲ့အခါကျတော့ နိုင်ငံတော်တော်များများက ပြန်ထူထောင်ချင်နေကြပြီ။ နိုင်ငံတကာဖိအားတွေကလည်း ကျွန်မတို့အပေါ်မှာ ရှိလာပါလိမ့်မယ်။ အဲဒီဖိအားသည် ကိုယ်လိုချင်တဲ့ လားရာကို တွန်းနိုင်တဲ့ဖိအားမျိုးဖြစ်ဖို့တော့ လိုပါတယ်။

အဲဒါကို ကျွန်မတို့ ပြင်ပြင်ဆင်ဆင်နဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ဆောင်ရွက်သွားဖို့ ပြင်ဆင်နေတာရှိပါတယ်။

ဘီဘီစီ။ ။ ၂၀၂၅ ကို ကြိုပြီးကြည့်မယ်ဆိုရင် NUG က လူထု အားကိုးမျှော်လင့်ထားတဲ့အတိုင်း အဖြေတစ်ခုပေးနိုင်မလား။ လူထုအတွက် အဖြစ်နိုင်ဆုံးကတိဆိုရင် ဘယ်လိုကတိပေးနိုင်မလဲ။

ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ ကျွန်မတို့ ၂၀၂၅ မှာတော့ ၂၀၂၄ တုန်းက အားနည်းချက်၊ အားသာချက်တွေပေါ့နော်။ အားသာချက်တွေလည်းရှိပါတယ်။ အားနည်းချက်...ပြုပြင်ပြောင်းလဲမှုမလုပ်နိုင်သေးတဲ့ ကဏ္ဍတွေလည်းရှိတယ်။

သို့သော် အဲဒီကဏ္ဍတွေရဲ့ ပြုပြင်ပြောင်းလဲမှု မရှိနိုင်သေးရင်တောင်မှ ကျွန်မတို့ရဲ့ ဗျူဟာကျတဲ့ အရွေ့ကြီး၊ ဦးတည်ချက်တစ်ခုလုံးကို ထိခိုက်တဲ့အထိ၊ အနှောင့်အယှက်ဖြစ်တဲ့အထိ မဖြစ်အောင်တော့ ကျွန်မတို့ကြိုးစားအားထုတ်သွားမယ်ဆိုတာကတော့ အသေအချာပါပဲ။ အဲဒါကိုပြောချင်တယ်...ဆိုတော့ ၂၀၂၅ သည် အလှည့်အပြောင်းတစ်ခုပါပဲ။

တကယ့်ကို အချိုးအကွေ့တစ်ခုကိုရောက်လာမယ့်နှစ်တစ်နှစ်လို့ ကျွန်မတို့မြင်တယ်။ အဲဒီအချိုးအကွေ့က ကိုယ်လိုချင်တဲ့ အချိုးအကွေ့ဖြစ်ဖို့တော့လိုတယ်။ ပြည်သူလူထုရဲ့ ရည်မှန်းချက်၊ ဒီတော်လှန်ရေးရဲ့ လိုလားတောင့်တနေတဲ့ ပန်းတိုင်ကို ဦးတည်တဲ့အချိုးအကွေ့ဖြစ်အောင်လို့တော့ ကြိုးစားအားထုတ်သွားမယ်ဆိုတာကိုတော့ ကျွန်မပြောနိုင်ပါတယ်။ ဒီအချိုးအကွေ့ကလည်း ရောက်ကိုရောက်လာမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။