၂၀၂၅ မြန်မာ့စစ်ရေး - အတက်အဆုတ်တွေနဲ့ စစ်တလင်းပြင်တွေ

တအာင်းတပ် ဖွဲ့ဝင်တစ်ဦး သေနတ်ချိန်ရွယ်နေပုံ၊ ဂုတ်ထိပ်တံတားပေါ်ကနေ ရထားတစ်စင်းဖြတ်နေပုံ၊ လားရှိုးမြို့အဝင် စည်းလုံးခြင်းပြရုပ်ထု၊ ကိုးကန့်ခေါင်းဆောင်၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ မိုးကုတ်မြို့အဝင်ဆိုင်းဘုတ်တို့ကို ဝဲမှယာအတိုင်း အဖြူ၊ အနက်၊ အဝါ၊အပြာ၊ အနီ ပေါင်းစပ်ဓာတ်ပုံ

နှစ်စမှာ မြို့သိမ်းတိုက်ပွဲတွေကို တော်လှန်ရေးတပ်တွေက ဦးဆောင်ပေမဲ့ နှစ်လယ်မှာတော့ စစ်တပ်က မြို့ပြန်သိမ်းတဲ့အလှည့်အပြောင်းဖြစ်တဲ့အထိ ၂၀၂၅ တစ်နှစ်တာ စစ်ရေးက အတက်အကျမြန်ပါတယ်။

စစ်တပ်ဟာ စစ်ရေးအကျပ်ရိုက်တဲ့ကာလကို ကျော်လွန်ခဲ့ပြီဖြစ်သလို တော်လှန်ရေးအင်အားစုတွေအတွက်လည်း ညီညွတ်ရေး လိုအပ်နေပြီဆိုတာ မြင်သာလာတဲ့အချိုးအကွေ့ကို ရောက်လာပါတယ်။

"ယေဘုယျပြောရရင် ၂၀၂၅ ခုနှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေးစစ်ရေးတိုက်ပွဲတွေမှာ အတက်အဆုတ်တွေနဲ့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရတဲ့အခြေအနေဖြစ်ပါတယ်" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)ရဲ့ ဥက္ကဋ္ဌ ရဲဘော်သံခဲက ဘီဘီစီကိုပြောပါတယ်။

နိုင်ငံတဝန်းမှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ မြို့တွေထဲက ၁၄ မြို့ကို စစ်တပ် ပြန်လည် သိမ်းပိုက်ခဲ့တာကလည်း ၂၀၂၅ စစ်ရေးထူးခြားချက်ဖြစ်ပါတယ်။

၂၀၂၅ ရဲ့ ထူးကဲ စစ်မျက်နှာပြင်တွေ

ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို ကိုးကန့်တပ် ထိန်းချုပ်ထားချိန် တပ်ဖွဲ့အလံလွှင့်ထူထားတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို ကိုးကန့်တပ် ထိန်းချုပ်ထားချိန် တပ်ဖွဲ့အလံလွှင့်ထူထားတဲ့မြင်ကွင်း

၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်/ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ အပစ်ရပ်လိုက်တာက သက်ရောက်မှု အရှိဆုံးအလှည့်အပြောင်းတွေလို့ စစ်ရေးအကဲခတ်တွေက ဆိုကြပါတယ်။

အထူးသဖြင့် တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် ဟိုင်ဂင်ဆွေးနွေးပွဲတွေကနေ ရလာတဲ့ အပစ်ရပ်မှုတွေက မြို့အုပ်စိုးသူအပြောင်းအလဲတွေကိုပါ ယူဆောင်လာပါတယ်။

နှစ်စ ဇန်နဝါရီ ၁၈ ရက်မှာပဲ ကိုးကန့်တပ်(MNDAA)နဲ့ မြန်မာစစ်တပ်ကြား အပစ်ရပ်စတင်အသက်ဝင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မျက်နှာပြင်မှာအရွေ့တွေ စဖြစ်လာပါတယ်။

တော်လှန်ရေးအင်အားစုတွေအတွက် အောင်ပွဲဖြစ်ပြီး စစ်တပ်အတွက်အထိနာခဲ့ရတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်ရာ လားရှိုးမြို့အုပ်စိုးသူအပြောင်းအလဲပြန်ဖြစ်တာက အစပျိုးတယ်လို့ ဆိုနိုင်ပါတယ်။

လားရှိုးမြို့ဟာ နှစ်ဖက်အပစ်ရပ်တာနဲ့အတူ ဧပြီလမှာ စစ်တပ်လက်အောက် ပြန်ရောက်ခဲ့ပါတယ်။

ရှမ်းမြောက်စစ်မျက်နှာပြင်အပစ်ရပ်ချိန်မှာပဲ တရုတ်ဖိအားတွေရင်ဆိုင်နေရကြောင်း တအာင်းတပ်(TNLA)က ထုတ်ပြောခဲ့တာက အပြောင်းအလဲဟာ TNLA အရယူထားတဲ့ ရှမ်းမြောက်နဲ့ မန္တလေးစစ်မျက်နှာပြင်ဆီ ရွေ့လာခဲ့တာကို မီးမောင်းထိုးပြခဲ့ပါတယ်။

ဒီဇင်ဘာ ၂၅ ရက် လားရှိုးမြို့ပေါ်မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲပထမပိုင်းကျင်းပနေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ပြန်ဆက်

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၂၅ ရက် လားရှိုးမြို့ပေါ်မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲပထမပိုင်း ကျင်းပနေတဲ့မြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

TNLA ရဲ့ နောင်ချိုမြို့နယ်အပိုင် တောင်ခမ်းတပ်နယ်တိုက်ပွဲရပ်သွားပြီး စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ပြန်စလာပါတယ်။

ရှမ်း - မန်းစစ်မျက်နှာပြင်က နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေကို ဇူလိုင်လကစလို့ စစ်တပ်က ဆက်တိုက်ပြန်သိမ်းခဲ့ပြီး အောက်တိုဘာ ၂၉ ရက်မှာတော့ TNLA နဲ့ အပစ်ရပ်သဘောတူညီချက်ရခဲ့ပါတယ်။

ဒီအပစ်ရပ်သဘောတူညီချက်မှာတော့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်တပ်ဆီပြန်ပေးဖို့ဆိုတဲ့အချက်ပါဝင်လာခဲ့တာကြောင့် မြို့တွေကို အလွယ်တကူပြန်ပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ TNLA အပေါ် ဝေဖန်သံတွေ ညံခဲ့ကြပါတယ်။

"ကျွန်မတို့လည်း ဒီမြို့တွေကို ပြန်ပေးဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရပါတယ်" လို့ TNLA ပြောခွင့်ရသူ လွေး‌ယေဦးက နိုဝင်ဘာလထဲမှာ ဘီဘီစီကို ပြောခဲ့ပါတယ်။

မကြာခင်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က "မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့" ကိုဖွဲ့စည်းပါတယ်။

အဲဒီနောက် မိုးကုတ်မြို့နယ်ထဲက ကျေးရွာတစ်ရွာနဲ့ စစ်တပ်စိုးမိုးကုန်း ၂ ခုကို သိမ်းထားနိုင်ပြီလို့ ဒီဇင်ဘာလနောက်ဆုံးသီတင်းပတ်မှာ သတင်းထုတ်ပြန်ပါတယ်။​

ဒါပေမဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေထဲမှာ စစ်တပ်က ပြန်လည်နေရာယူထားပြီဖြစ်ပါတယ်။ ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းခဲ့တဲ့ ၅ မြို့စလုံးကို ပြန်လက်လွှတ် လိုက်ရတဲ့သဘောလည်းဖြစ်ပါတယ်။

မန္တလေးစစ်မျက်နှာပြင်ကိုကြည့်ရင် မိုးကုတ်မြို့တခုတည်းကိုပဲ စစ်တပ်က ပြန်ရခဲ့တာမဟုတ်ပါဘူး။ NUG ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီဖြစ်တဲ့ သပိတ်ကျင်း၊ စဉ့်ကူးမြို့တွေကိုလည်း စစ်တပ်က ပြန်သိမ်းခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တပိုင်းတစသာ သိမ်းပိုက်နိုင်ခဲ့တဲ့ မန္တလေးမြို့နဲ့အနီးစပ်ဆုံး မတ္တရာမြို့နယ်မှာ စစ်တပ်က တဖြည်းဖြည်းပြန်လည်နေရာယူလာနိုင်ရာကနေ စဉ့်ကူးအထိ ထိုးဖောက်ခဲ့တဲ့အခြေအနေပါ။

ကယား (ကရင်နီ) ပြည်နယ်က တိုက်ပွဲမြင်ကွင်း (ပုံ‌ဟောင်း)

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, ကယား (ကရင်နီ) ပြည်နယ်က တိုက်ပွဲမြင်ကွင်း (ပုံ‌ဟောင်း)

စစ်တပ်ရဲ့တန်ပြန်ထိုးစစ်မြှင့်ပြီး မြို့တွေပြန်ယူနိုင်တဲ့စစ်မျက်နှာပြင်တွေအကြောင်း ပြောတဲ့အခါ နိုင်ငံအရှေ့ခြမ်းမှာရှိတဲ့ ရှမ်းတောင်နဲ့ ကယားအစပ်က စစ်မျက်နှာပြင်ကိုလည်း ချန်ရစ်ထားခဲ့လို့မရပါဘူး။

အားကောင်းလာတဲ့ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်တွေနဲ့ပူးပေါင်းထားတဲ့ စစ်တပ်ထိုးစစ်ဟာ ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို၊ ဖရူဆို စတဲ့ တော်လှန်ရေးတပ်တွေ သိမ်းယူထားတဲ့မြို့တွေကို ပြန်သိမ်းခဲ့ပါတယ်။

"ရန်သူက အင်အားများလာတာနဲ့ PNO ရဲ့ နယ်မြေကျွမ်းကျင်မှုတွေက အဓိကအချက်တွေဖြစ်တယ်" လို့ ရှမ်းတောင်နဲ့ ကယားအစပ်ကမြို့တွေ ပြန်လက်လွှတ်ရတာနဲ့ပတ်သက်လို့ ကရင်နီပြည်အစိုးရ၊ ကာကွယ်ရေးဌာန ဒုတိယဝန်ကြီး ခူးဒယ်နီရယ်က နိုဝင်ဘာလထဲမှာပဲ ဘီဘီစီကိုပြောခဲ့ပါတယ်။

နိုင်ငံအနောက်ခြမ်းက ချင်းစစ်မျက်နှာပြင်ပေါ်မှာတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ တက်လာတဲ့ စစ်တပ် စစ်ကြောင်းက ဝေဘူလနဲ့ ဖလမ်းမြို့တွေကို ပြန်သိမ်းခဲ့ပါတယ်။ စစ်တပ်ရဲ့ ဒီထိုးစစ်ဟာ ချင်းတော်လှန်ရေးအင်အားစုတွေရဲ့ ပြည်နယ်မြောက်ပိုင်းက တီးတိန်မြို့သိမ်းရေး ရည်မှန်းချက်ကိုလည်း မဖြစ်မြောက်စေခဲ့ပါဘူး။

"ဒီထိုးစစ်တွေကို တန်ပြန်ခုခံရတဲ့အခါမှာ တီးတိန်မြို့သိမ်းဖို့ စုထားတဲ့ လက်နက်ခဲယမ်းတွေကို သုံးခဲ့ရတယ်" လို့ ချင်းညီနောင်အဖွဲ့ (CB) ရဲ့အလှည့်ကျအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက ဒီဇင်ဘာ ၂၈ ရက်မှာ ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်လျော့နေချိန်မှာ တီးတိန်မြို့သိမ်းတိုက်ပွဲဝင်ဖို့က စစ်တပ် ဖိအားကို ပိုပြီးဖိတ်ခေါ်သလိုဖြစ်နိုင်တယ်ဆိုတဲ့စဉ်းစားချက်လည်း ပါဝင်နေပါတယ်။

မြင်သာတာကတော့ တစ်နှစ်တာအတွင်းမှာ ရှမ်းမြောက်၊ ရှမ်းတောင်၊ မန္တလေး၊ ကယား၊ ချင်း စတဲ့ဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ခဲ့တဲ့ ၁၄ မြို့ကို ပြန်လက်လွှတ်လိုက်ရတာပဲ ဖြစ်ပါတယ်။

ပြန်သိမ်းလိုက်တဲ့မြို့တွေထဲက နောင်ချို၊ လားရှိုးတို့မှာ စစ်တပ်က ရွေးကောက်ပွဲအပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဒီးမော့ဆို၊ ဖရူဆို မြို့တွေမှာ ဇန်နဝါရီ ၁၁ ရက်ကျရင် ရွေးကောက်ပွဲအပိုင်း ၂ လုပ်မှာဖြစ်သလို ဇန်နဝါရီ ၂၅ ရက် အပိုင်း ၃ မှာလည်း သပိတ်ကျင်း၊ သီပေါ၊ ကျောက်မဲနဲ့ ဖယ်ခုံ မြို့တွေ ပါလာပါတယ်။

ချင်းပြည်နယ် ဖလမ်းနဲ့ ဝေဘူလ၊ မန္တလေးတိုင်း မိုးကုတ်နဲ့စဉ့်ကူး၊ ရှမ်းပြည်နယ် မိုးမိတ်နဲ့ မိုးဗြဲ တို့ကို စစ်တပ်က ပြန်သိမ်းခဲ့ပေမဲ့ ရွေးကောက်ပွဲပြုလုပ်နိုင်တဲ့အခြေအနေမရှိဘူးဆိုတာကိုတွေ့မြင်နိုင်ပါတယ်။

နှစ်ကုန်ပိုင်းမှ လှုပ်ခတ်လာတဲ့ စစ်မျက်နှာပြင်တွေ

ဒီဇင်ဘာ ၁၀ ရက်က အေအေထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Wai Hun Aung

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၁၀ ရက်က အေအေထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့

ရှမ်းမြောက်နဲ့ မန္တလေးစစ်မျက်နှာပြင်ကို စစ်တပ်က ရပ်လိုက်နိုင်တယ်လို့ ဆိုလို့ရပေမဲ့ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ တနင်္သာရီတို့က ဒေသတချို့မှာ တိုက်ပွဲတွေဆက်ရှိနေတာက ၂၀၂၅ စစ်ရေးရဲ့ ထူးခြားချက်တခုဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော်မြို့ကို ဧပြီလနဲ့ ဗန်းမောက်မြို့ကို စက်တင်ဘာလတို့မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်ရေးကွပ်ကဲပြီး အမှတ် ၁ စစ်ဒေသလက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခဲ့ကြတာပါ။

အဲဒီနောက်ကာလရှည်ဖြစ်ပွားနေတဲ့ ကချင်က ဗန်းမော်တိုက်ပွဲ၊ ရခိုင်က ကျောက်ဖြူတိုက်ပွဲတွေမှာ KIA နဲ့ အေအေတို့ ထိုးစစ်တွေ ရပ်တန့်သွားတာကို အစောပိုင်းမှာ တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ နှစ်ကုန်ပိုင်းမှာ‌တော့ ဒီစစ်မျက်နှာပြင်တွေမှာ အလှုပ်အခတ်တွေပြန်ရှိလာပါတယ်။

ဒီနေရာမှာ ရွေးကောက်ပွဲကာလစစ်ရေးနဲ့ ကျားဖြန့်အရေး ဆက်စပ်စစ်ရေးလို့ နှစ်မျိုးခွဲပြောနိုင်ပါတယ်။

ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီးပြောမယ်ဆိုရင် စစ်တပ်ရဲ့ အပိုင်း ၃ ရွေးကောက်ပွဲလုပ်မယ့်မြို့နယ်စာရင်းအထိ ပါဝင်လာတဲ့ ဗန်းမော်မြို့မှာ ဒီဇင်ဘာ ၂၅ ရက် ကစလို့ KIA ရဲ့ ထိုးစစ်တွေပြန်မြှင့်လာပြီး တစ်မြို့လုံးနီးပါး တိုက်ပွဲပြန်ဖြစ်ပါတယ်။

"ဗန်းမော်မှာ မဲပုံးထောင်ဖို့ အခက်အခဲရှိနိုင်ပါတယ်" လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီဇင်ဘာ ၂၆ ရက်မှာ ဘီဘီစီကိုပြောပါတယ်။

အာရက္ခတပ်တော်(အေအေ)နဲ့ စစ်မျက်နှာပြင်မှာတော့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းအစပ်ဒေသတွေမှာ ပိုပြီးထိုးစစ်ဆင်နေတာကို အစောပိုင်းမှာ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုအပြီးမှာတော့ ကျောက်ဖြူထိုးစစ်ပြန်မြှင့်လာတယ်လို့ အေအေစစ်ရေးအရင်းအမြစ်က ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မြောက်ဦးဆေးရုံကို စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၃ ဦးသေဆုံးပြီး ၇၇ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ် ကုလသမဂ္ဂနဲ့ အာဆီယံကပါ စိုးရိမ်ပူပန်ကြောင်း စာထုတ်ပြန်ခဲ့ကြပါတယ်။

အေအေဘက်ကလည်း ဒီလုပ်ရပ်အတွက် လက်တုံ့ပြန်မယ်လို့ တရားဝင်ထုတ်ပြောပါတယ်။ ဒီဇင်ဘာလထဲ တိုက်ပွဲပြန်ပြင်းထန်လာတာဖြစ်လို့ ရွေးကောက်ပွဲကာလစစ်ရေးထဲမှာ ကျောက်ဖြူစစ်ရေးကို ထည့်သွင်းပြောတာဖြစ်ပါတယ်။

မကွေးတိုင်းစစ်မျက်နှာပြင်က တိုက်ပွဲအပြီး စစ်တပ်ရဲ့ ယာဉ်တွေပျက်စီးနေတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, NUG/ MOD

ဓာတ်ပုံ ပုံစာ, မကွေးတိုင်းစစ်မျက်နှာပြင်က တိုက်ပွဲအပြီး စစ်တပ်ရဲ့ ယာဉ်တွေပျက်စီးနေတဲ့ မြင်ကွင်း

ရွေးကောက်ပွဲအချိန်ကာလနီးချိန်မှာတော့ ချင်းပြည်နယ်ထဲက ဟားခါးနဲ့ မကွေးတိုင်းထဲက စလင်း၊ ဆင်ဖြူကျွန်းတို့မှာ တိုက်ပွဲတွေရှိလာတာပါ။

ဟားခါးမြို့ပေါ်က စစ်တပ်ရဲ့အမှတ် ၂၆၆ ခြေလျင်တပ်ရင်းကို ဒီဇင်ဘာ ၂၆ ရက်မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ရဲ့လေကြောင်းနဲ့ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် ပြန်ဆုတ်ခွာခဲ့တယ်လို့ CDF ဟားခါးရဲ့ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကိုပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ကစလို့ မကွေးတိုင်းထဲက စလင်း၊ ပွင့်ဖြူအပါအဝင် မြို့နယ် ၆ ခုကို မကွေးတိုင်းစစ်ဌာနရဲ့ကွပ်ကဲမှုနဲ့ တပြိုင်နက် စတင်ထိုးစစ်ဆင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်က ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲအပိုင်း ၁ လုပ်တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာတော့ စစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာမြို့နဲ့ အနီးဆုံးမှာရှိတဲ့ ဘုတလင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ စစ်တပ်ဘက်က လေယာဉ်၊ ဒရုန်း၊ စက်တပ်လေထီးနဲ့ ဂျိုင်ရိုကော်ပတာ အမျိုးစုံအသုံးပြုကာ ပြန်လည်ခုခံတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။

တစ်ရက်တည်းမှာ စစ်ကိုင်းတိုင်းထဲမှာပဲရှိတဲ့ ကသာမြို့ပေါ်တိုက်ပွဲဖြစ်နေပြီး မြို့ထဲဒေသခံတွေ ပိတ်မိနေတဲ့အခြေအနေလို့ ကနဦးသိရှိထားရပါတယ်။

ဒီလိုစစ်ရေးဖော်ဆော်မှုတွေက နိုင်ငံရေးနဲ့မလွတ်ကင်းဘူးလို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက မှတ်ချက်ပေးပါတယ်။

စစ်တပ်က ရွေးကောက်ပွဲနဲ့ လှမ်းလာတဲ့ "နိုင်ငံရေးခြေလှမ်းကို တန်ပြန်တဲ့သဘောပါ" လို့ ရဲဘော်သံခဲက ဆက်ပြောပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံတောင်ပိုင်းက အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ အလှုပ်အခတ်ကတော့ တမူထူးခြားပါတယ်။ နှစ်ပေါင်း ၃၀ နီးပါး လက်လွှတ်ခဲ့ရတဲ့ ထိုင်း - မြန်မာနယ်စပ်က KNU စခန်းဟောင်းနေရာတွေကို ပြန်သိမ်းပိုက်ခဲ့တာကြောင့် ၁၀၂၇ စစ်ဆင်ရေးလိုမျိုး အောင်မြင်မှုရနိုင်မလားဆိုပြီး စစ်ရေးအကဲခတ်တွေက စောင့်ကြည့်ခဲ့ကြတာပါ။

"၂၀၂၅ နှစ်ကုန်ပိုင်းမှာတော့ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကိုရော လေးကေ့ကော်မြို့သစ်ကိုပါ စစ်တပ်က ပြန်ထိန်းချုပ်ခဲ့သလို နိုင်ငံတကာက အာရုံစိုက်တဲ့ ကရင်ပြည်နယ်ထဲက ကျားဖြန့်နှိမ်နင်းရေးတွေ ဖြစ်လာပါတယ်။ ထိုင်းနဲ့ ကရင်ပြည်နယ်အစပ်က ဒီနှိမ်နင်းရေးတွေဟာ KNU ရဲ့ ထိုးစစ်တွေကို ကမောက်ကမ ဖြစ်စေတယ်" လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

ထိုင်းနိုင်ငံနဲ့နယ်စပ် ကရင်ပြည်နယ်ထဲက အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) အရေးဟာ နိုင်ငံတကာ စာမျက်နှာပေါ်အထိ ရောက်ခဲ့ပါတယ်။

နိုဝင်ဘာလမှာတော့ KNU က မင်းလက်ပံ ကျားဖြန့်စခန်းကို ဝင်ရောက်စီးနင်းကာ အွန်လိုင်းငွေလိမ်လုပ်ငန်း ပါဝင်သူတွေကို ထိုင်းနိုင်ငံဘက်လွှဲပြောင်းရေးလုပ်တာကြောင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာခဲ့ပါတယ်။

ကျားဖြန့်ကြောင့်ဖြစ်လာတဲ့ မင်းလက်ပံတိုက်ပွဲဟာ ထိုင်းနိုင်ငံထဲ လက်နက်ကြီးကျည် အကြိမ်ကြိမ် ကျရောက်ပေါက်ကွဲတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၇ ရက် မင်းလက်ပံမှာ ကျားဖြန့်လုပ်သူတွေ ရှင်းလင်းသွားပြီးတဲ့နောက် ကရင်ပြည်နယ်ထဲက စစ်ရေးတိုက်ပွဲအသံတွေလည်း တိတ်ဆိတ်နေပါတယ်။

ဒါပေမဲ့ ကျားဖြန့်နှိမ်နင်းရေးဟာ တရုတ်ရဲ့ စိတ်ဝင်စားမှုဖြစ်သလို မြောက်ပိုင်းအဖွဲ့တွေ အပစ်ရပ်တာကလည်း တရုတ်ရဲ့စေ့စပ်မှုတွေဖြစ်တာကြောင့် ၂၀၂၅ စစ်ရေးအလှည့်အပြောင်းတွေဟာ တရုတ်ရဲ့ ဆောင်ရွက်မှုတွေအပေါ် သိသိသာသာမှီတည်ခဲ့တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

မြန်မာ့စစ်ရေး၊ တရုတ်ပါဝင်မှုနဲ့ ရွေးကောက်ပွဲအလွန်

၂၀၂၅ သြဂုတ် - အာဏာသိမ်းပြီးတဲ့နောက် စစ်ခေါင်းဆောင်ရဲ့ ဒုတိယအကြိမ်မြောက်တရုတ်ခရီးစဥ်ဖြစ်ပြီး သမ္မတရှီနဲ့ တရုတ်မှာပထမဆုံးတွေ့ခွင့်ရ

ဓာတ်ပုံ ရင်းမြစ်, CCTV

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာ တရုတ်ကိုသွားခဲ့တဲ့ခရီးစဥ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သမ္မတရှီကျင့်ဖျင်နဲ့ ပထမဆုံးတွေ့ဆုံခွင့်ရ

၁၀၂၇ စစ်ဆင်‌ရေးအလွန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအထိ ၁၀ လတာအတွင်းမှာ စစ်တပ်ဟာ အခြေစိုက်တပ်စခန်း‌ပေါင်း ၁၄၅ ခုထက်မနည်းနဲ့ ၇၅ မြို့ကိုလက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအင်စတီကျု (ISP Myanmar) ရဲ့ စစ်တမ်းမှာဖော်ပြပါတယ်။

ဒါကို "တပ်ကို ကိုင်လှုပ်ခဲ့တဲ့ ၁၀ လတာ ရှော့ခ်" လို့ သုတေသနအဖွဲ့က သုံးနှုန်းပါတယ်။

အခုတော့ စစ်တပ်ဟာ ဒီရှော့ခ် ကာလကို လွန်မြောက်ခဲ့ပြီလို့ ISP Myanmar ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က ၁၄ မြို့ကိုသာ ပြန်သိမ်းထားနိုင်တာကြောင့် ၅ ဆ နီးပါးကျန်ရှိတဲ့မြို့တွေကို တော်လှန်ရေးအင်အားစုတွေက ဆက်သိမ်းပိုက်ထားတဲ့အခြေအနေလည်းဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်ဟာ ၂၀၂၅ တစ်နှစ်တာအတွင်း စစ်မှုထမ်းဥပဒေနဲ့ လူအင်အားဖြည့်တင်းသလို လေယာဉ်အသစ်တွေ ဝယ်ယူတာ၊ ဒရုန်းနည်းပညာအသစ်တွေ အဆင့်မြှင့်တာလိုမျိုး လက်နက်၊ နည်းပညာတွေကိုပါ အားသစ်လောင်းခဲ့ပါတယ်။

ဒီနေရာမှာ စစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်အပြောင်းအလဲတွေလည်းလုပ်ခဲ့ပြီး ဒီနှစ်ထဲ စစ်ဌာနချုပ် ၁၄ ခုစလုံးက တိုင်းမှူးတွေ ပြောင်းလဲခဲ့တာကို ISP Myanmar ရဲ့စစ်တမ်းအရ သိရပါတယ်။

အခုလို စစ်တပ်က တကျော့ပြန်အားကောင်းလာတာဟာ နေပြည်တော်ပြိုလို့မဖြစ်ဘူးဆိုတဲ့ တရုတ်ရဲ့ရှုမြင်ချက်ကြောင့်လို့ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။

"တရုတ်ရဲ့ စဉ်းစားချက်က သူများတွေနဲ့မတူဘူး။ အနောက်နိုင်ငံတွေကအပစ်ခတ်ရပ်စဲမယ်၊ ပြီးရင် Humanitarian Ceasefire လူသားချင်းစာနာထောက်ထားမှုပေးနိုင်ဖို့အတွက် စဉ်းစားပါတယ်။ တရုတ်ကတော့ Ceasefire through Trade and Investments ဖြစ်တယ်။ အပစ်ခတ်ရပ်စဲရေး လုပ်မယ်၊ အကျိုးအမြတ်က ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ပွင့်လာမယ်။ ဒီအဖွဲ့တွေမှာလည်း အကျိုးအမြတ်ရနိုင်မယ်ဆိုတဲ့ မက်လုံးမျိုးလုံး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းခဲ့တာဖြစ်တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး" လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

"မြန်မာပြည်အရေးက ရှမ်းမြောက်မှာပဲ ကွက်ကွက်ကလေးဖြေရှင်းလို့ မရတော့ဘူးလို့ တရုတ်က မြင်လာတယ်။ တစ်နိုင်ငံလုံးအရေးကို ဝင်တွန်းမှ ဆိုတာမျိုးယူဆပြီး ရွေးကောက်ပွဲကို တွန်းတယ်၊ နေပြည်တော် ပြိုလို့မရဘူးဆိုတဲ့အိုင်ဒီယိုလော်ဂျီကို ပြောင်းလာတယ်" လို့ သူက ဆက်ပြောပါတယ်။

တရုတ်က စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲအလွန်မှာ Post Election Mediation လို့ခေါ်တဲ့ ငြိမ်းချမ်းရေး ဒါမှမဟုတ် အပစ်အခတ်ရပ်စဲရေးကို တွန်းတွန်းတိုက်တိုက်လုပ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။

အခုလို ရွေးကောက်ပွဲအပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့အခြေအနေကို တော်လှန်ရေးအင်အားစုတွေကလည်း ကြိုတင်တွက်ဆထားပြီးဖြစ်ကြောင်း ဘီဘီစီနဲ့ ပြောခွင့်ရတဲ့ တပ်ဦးဆောင်သူနှစ်ဦးထက်မနည်းက ပြောပါတယ်။

၈ လေးလုံး အရေးအခင်းကာလ ၁၉၈၈ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့တဲ့ ABSDF ကတော့ လက်ရှိဟာ ၂၀၁၀၊ ၂၀၁၅ အခင်းအကျင်းနဲ့ မတူဘူးလို့ ဆိုပါတယ်။

"အပစ်ရပ်စကားပြောခဲ့မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကို ပြန်သွားရမှာဖြစ်တယ်။ အခုက လတ်ဆတ်တာကို တောင်းဆိုနေတာဖြစ်တယ်။ ချဉ်ဖတ်မဖြစ်ချင်တော့ဘူး" လို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောပါတယ်။

ဒါကြောင့် စစ်တပ်ရဲ့ ရွေးကောက်ပွဲအလွန်မှာ မြန်မာ့စစ်ရေးအခင်းအကျင်းက အပြောင်းအလဲရှိလာမယ်လို့ မထင်ကြောင်း သူက ဆက်ပြောပါတယ်။

၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်လာတဲ့ ချင်းညီနောင်အဖွဲ့ (CB)မှာလည်း ဒီအခင်းအကျင်းကို ကြိုတင်တွက်ဆထားတယ်လို့ အလှည့်ကျအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက ပြောပါတယ်။

"တစ်ယောက်တစ်ပေါက်မဟုတ်ဘဲ အဖွဲ့တွေအားလုံးက ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာမျိုးလည်း ဆွေးနွေးပြောဖြစ်တယ်" လို့ ဆလိုင်းဝီလျံချင်းက ဆက်ပြောပါတယ်။

ဒီလိုမျိုး စစ်တပ်ဘက်က လှမ်းလာတဲ့ နိုင်ငံရေးအရဖိအားနဲ့အတူ စစ်ရေးအရွေ့တွေအတွက် တော်လှန်ရေး အင်အားစုတွေကြားမှာ စည်းလုံးညီညွတ်ရေးက ပိုပြီးအရေးကြီးလာတယ်လို့ ဆိုကြပါတယ်။

တွဲအားလုံးမှာ စက်ခေါင်းပါတဲ့အချိန်ကျော်လွန်ပြီ

မန္တလေး PDF ရဲ့ စစ်ရေးပြမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, NUG/ MOD

ဓာတ်ပုံ ပုံစာ, မန္တလေး PDF ရဲ့ စစ်ရေးပြမြင်ကွင်း

စစ်တပ်နယ်မြေပြန်လည်စိုးမိုးနိုင်တာရဲ့နောက်ဆက်တွဲက တော်လှန်ရေးတပ်တွေရဲ့သွားလာရေး၊ လက်နက်ခဲယမ်းရရှိရေးတွေအတွက်ပါ စိန်ခေါ်မှုတွေ ပိုတိုးလာစေပါတယ်။ အခုဆိုရင် ရှမ်းမြောက်စစ်မျက်နှာပြင်ကနေ လက်နက်ခဲယမ်း စီးဆင်းဖို့က ပိုပြီးခက်ခဲလာတယ်လို့ အညာနဲ့ ချင်းဘက်က တော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။

CDM စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်ဆိုင်ရာသုတေသနတာဝန်ခံ ကိုနောင်ရိုးကလည်း စစ်တပ်က "ထောက်ပို့ဖြတ်တောက်ရေး" ဗျူဟာကို ပြောင်းလဲလာပြီလို့ ကနဦးကတည်းက ထောက်ပြထားပါတယ်။

ဒါအပြင် စစ်တပ်ရဲ့လက်နက်၊ နည်းပညာ အဆင့်မြှင့်လာတာကို တန်ပြန်နိုင်ဖို့ ၂၀၂၆ ခုနှစ်အတွင်း တော်လှန်ရေး အင်အားစုတွေဘက်က နည်းပညာပိုမြှင့်နိုင်ဖို့လိုပြီလို့လည်း ပြောကြပါတယ်။

ဒီစိန်ခေါ်ချက်တွေကို ကျော်လွှားနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေကြား စည်းလုံးညီညွတ်ရေးက အခရာကျလာပါတယ်။ ဒါကြောင့်ပဲ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံမဟုတ်တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ် ၁၉ ဖွဲ့ပေါင်းစည်းပြီး SRA ဆိုတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု နိုဝင်ဘာလကုန်ပိုင်းမှာ ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

"SRA ‌ပေါ်လာတာက ဒီနှစ်အတွက် တော်လှန်ရေးတပ်တွေရဲ့ထူးခြားတဲ့စစ်ရေးအရွေ့ဖြစ်တယ်" လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောပါတယ်။

PLA ဟာ SRA မှာ တစ်စိတ်တစ်ပိုင်းပါဝင်ပြီး အပြည့်အဝပူးပေါင်းဖို့ ဆွေးနွေးမှုတွေလုပ်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

ဒါကြောင့် တော်လှန်ရေးတပ်တွေကို ကြည့်မယ်ဆိုရင် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံအင်အားစု၊ SRA မဟာမိတ်တပ်ပေါင်းစုနဲ့ EROs လက်နက်ကိုင်တော်လှန်ရေးတပ်တွေဆိုပြီး သုံးမျိုးကို ယေဘုယျခွဲမြင်နိုင်မှာဖြစ်ပါတယ်။

စစ်အာဏာသိမ်းစက ကြွေးကြော်သံတခုဖြစ်တဲ့ "တွဲအားလုံးမှာ စက်ခေါင်းပါချိန်ကို ကျော်လွန်ပြီ" လို့ ချင်းညီနောင်အဖွဲ့ရဲ့ အလှည့်ကျအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက ပြောပါတယ်။

"အားလုံးကို ကိုယ်စားပြုပြီး စစ်ဦးစီး‌ချုပ်ပေါ်လာရေး ဒါမှမဟုတ် မဟာမိတ်စစ်ဦးစီးအဖွဲ့လိုပေါ်လာဖို့ ဆွေးနွေးနေတာတွေရှိတယ်" လို့ ဆလိုင်းဝီလျံချင်းက ဆက်ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ဟာ SRA မဟာမိတ်တပ်ပေါင်းစုမှာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ ဒါကြောင့် SRA နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနကြား၊ SRA နဲ့ EROs တွေကြား စည်းလုံးရေးအတွက် ဆွေးနွေးမှုတွေရှိနေတဲ့သဘောလို့ နားလည်နိုင်ပါတယ်။

ABSDF တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, ABSDF

ဓာတ်ပုံ ပုံစာ, ABSDF တပ်ဖွဲ့ဝင်တွေ

ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲကတော့ ဆွေးနွေးမှုတွေအပြင် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်ဖို့ မလွဲမသေ လိုအပ်နေပြီလို့ဆိုပြီး အချက် ၄ ချက်နဲ့ ထောက်ပြပါတယ်။

  • စစ်ရေးအရထိရောက်အောင် ပြင်ဆင်စုဖွဲ့ဖို့
  • မဟာမိတ်ရေးရာအရ ပေါင်းစည်းဖို့
  • နိုင်ငံရေး၊ စီးပွားရေးအပါအဝင်ထိထိရောက်ရောက်လုပ်ဆောင်နိုင်မယ့် သေနင်္ဂဗျူဟာတွေကို စိစစ်ရွေးချယ်ဖို့
  • စစ်ရေးအရစုဖွဲ့မှုတွေမှာ အပြန်အလှန်ပူးပေါင်းဖေးမပြီး လက်တွေ့ဆောင်ရွက်ဖို့ ဆိုတဲ့အချက်တွေပါ။

ABSDF ဟာ NUG ကာကွယ်ရေးဝန်ကြီးနဲ့လည်း နှစ်ဖက်ညှိနှိုင်းပေါင်းစပ်ရေးအဖွဲ့ဖွဲ့ကာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေပါတယ်။

အခုလို ၂၀၂၅ တစ်နှစ်တာ စစ်ရေးနဲ့ပတ်သက်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိပါဘူး။

လက်ရှိ မြန်မာ့စစ်ရေးအခြေအနေဟာ "Stalemate ဖြစ်သွားပြီ။ သူလည်းမနိုင်၊ ကိုယ်လည်းမနိုင် အခြေအနေဖြစ်သွားတာပါ" လို့ ISP Myanmar အတွင်းရေးမှူး ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

"တချိန်ကပြောသလို တပ်မတော်ကြီးပြိုကွဲသွားမလားကလည်း အခုချိန်မှာ မဖြစ်နိုင်တော့ဘူး။ တော်လှန်ရေးတွေရဲ့နေပြည်တော်အထိ ထိုးစစ်ကြီးလုပ်မယ်ဆိုတာကလည်း အဲဒါမဖြစ်နိုင်တော့ဘူးလို့ ယူဆနိုင်တယ်" လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံတဝန်း စစ်မျက်နှာပြင်တွေကြား အရပ်သားအိုးအိမ်စည်းစိမ်တွေ ထိခိုက်ပျက်စီးနေဆဲ ဖြစ်သလို စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း လူအစုလိုက်အပြုံလိုက်သေဆုံးမှုတွေက ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ့စစ်ရေးပဋိပက္ခဟာ လွယ်လွယ်နဲ့ ပြီးဆုံးဖွယ်မရှိသေးပါဘူး။