ကရင်နီတော်လှန်ရေးတပ်တွေရဲ့ ၁၁၁၁ စစ်ဆင်ရေး နှစ်နှစ်ပြည့်ချိန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကယား (ကရင်နီ) စစ်မျက်နှာပြင်မှာ မြို့တော်လွိုင်ကော် တခုတည်းကိုသာ စစ်တပ်ထိန်းချုပ်နိုင်တဲ့အခင်းအကျင်းဟာ ၂၀၂၅ ခုနှစ်မှာ အပြောင်းအလဲတွေ ရှိလာပါတယ်။
ပအိုဝ်းပြည်သူ့စစ်(PNO)ရဲ့အကူအညီနဲ့ ရှမ်းတောင်တကြောကို ပြန်လည်ထိုးဖောက်လာတဲ့ စစ်တပ်ဟာ မိုးဗြဲ၊ ဖယ်ခုံကိုသာမက ဒီးမော့ဆိုကို သိမ်းပြီး ဖရူဆိုအထိ ဝင်ရောက်နိုင်ဖို့ ကြိုးစားနေပါတယ်။
ဒါဟာ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးနဲ့ မတိမ်းမယိမ်းပေါ်ပေါက်ခဲ့တဲ့ ကရင်နီတို့ရဲ့ ၁၁၁၁ စစ်ဆင်ရေး နှစ်နှစ်မပြည့်ခင်မှာပဲ မြင်တွေ့လာရတဲ့စစ်ရေးအရွေ့ပါ။
တိုက်ခိုက်ရည်ကောင်းတယ်လို့ နာမည်ကျော်တဲ့ ကရင်နီစစ်မျက်နှာပြင်မှာ ဘာကြောင့်စစ်တပ်ထိုးစစ်တွေ အောင်မြင်လာတာလဲ။ တော်လှန်ရေးအင်အားစုတွေ ရင်ဆိုင်နေရတဲ့ စစ်ပန်းမှုကိုဘယ်လိုဖြေရှင်းနေကြလဲ။
၁၁၁၁ စစ်ဆင်ရေးအောင်မြင်ခဲ့လား

ဓာတ်ပုံ ရင်းမြစ်, KNDF
၂၀၂၃ ခုနှစ်တုန်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က စစ်ကောင်စီရဲ့ တပ်စခန်း၊ တပ်ရင်းတွေကို သိမ်းနေချိန်မှာ ကယားပြည်နယ်မှာလည်း စစ်ဆင်ရေးတခု ပေါ်ပေါက်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၁ ရက်မှာ ပေါ်ပေါက်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ တခုတည်းသော မြို့ "လွိုင်ကော်" ကို သိမ်းပိုက်ဖို့ အဓိကကြိုးစားခဲ့ပါတယ်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အခြေစိုက်တဲ့ လွိုင်ကော်မြို့သိမ်းရေး စစ်ဆင်ရေးမှာ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ခဲ့ကြတာပါ။
ထိုင်း - မြန်မာနယ်စပ်က ရှားတော၊ မယ်စဲ့၊ ဖားဆောင်းမြို့တို့ကိုပါ ဆက်တိုက်သိမ်းယူခဲ့သလို ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းတို့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ပအိုဝ်းဒေသတိုက်ပွဲမှာ ကရင်နီတပ်တွေအပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်(PNLA) ရော၊ ရှမ်းတောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေပါ ပါဝင်ခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ်ဟာ ၁၁၁၁ စစ်ဆင်ရေးရဲ့အအောင်မြင်ဆုံး ကာလလို့ ပြောလို့ရသလို မြို့တော်လွိုင်ကော်ကို တစိတ်တပိုင်း ထိန်းချုပ်နိုင်ရုံသာမက ထိုင်းနယ်စပ်၊ ကယား-ရှမ်းတောင်အစပ်တွေကိုပါ စိုးမိုးနိုင်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"ရှမ်းတောင်ဘက်မှာ ဦးစီးဦးဆောင်မှုအပိုင်းမှာ ပါဝင်လာရခြင်းဖြစ်တယ်။ ဆိုတော့ လူမျိုးရေးကိုအခြေခံပြီးမှ ဒါက ကရင်နီဒေသ ပါဆိုတာမျိုး ကျွန်တော်တို့ မပြောဘူး။ ဒါက လူမျိုးရေးကိုအခြေခံတာ မဟုတ်ဘူး။ စစ်ကောင်စီရှိတဲ့နေရာကို တိုက်ရတာဖြစ်တယ်" လို့ ကရင်နီပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီး ခူးဒယ်နီရယ်က ပြောပါတယ်။
ဘာကြောင့်လဲဆိုတော့ ပအိုဝ်းဒေသကို ကရင်နီတပ်တွေက ဝင်ရောက်တိုက်ခိုက်တယ်ဆိုပြီး စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်(PNO) ထောက်ခံသူတွေကပါ ဆက်တိုက်ရေးသားဖော်ပြခဲ့ကြပြီး ဒေသခံတွေကြား လူမျိုးရေး အခြေခံပြောဆိုကာ လူသစ်စုဆောင်းမှုတွေ လုပ်ခဲ့ကြတယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။
ဒီလိုပြောဆိုဟောပြောမှုတွေနဲ့အတူ ဒေသခံတွေကို စုဆောင်းကာ အားသစ်လောင်းလာတဲ့ ပအိုဝ်းပြည်သူ့စစ် (PNO)ကြောင့် ဆီဆိုင်၊ ပင်လောင်းတိုက်ပွဲတွေမှာ ကရင်နီဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။ ဒါဟာ တိုက်စစ်ကို ကြိုက်တဲ့အချိန် ဖော်ဆောင်နိုင်ခဲ့တဲ့ ကရင်နီတော်လှန်ရေးတပ်တွေအတွက် အလှည့်အပြောင်းနဲ့ ရင်ဆိုင်ရတာလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ PNO ရဲ့ စစ်ဦးစီးအပြောင်းအလဲဖြစ်ခဲ့ပြီး လူ၊ လက်နက်အင်အားတိုးချဲ့ကာ ၂၀၂၅ နှစ်ဆန်းပိုင်းကစလို့ စစ်တပ်နဲ့လက်တွဲပြီး ထိုးစစ်မြှင့်လာခဲ့ပါတယ်။ နှစ်ကုန်ပိုင်းမှာတော့ မိုးဗြဲမြို့၊ မိုးဗြဲအင်းတဝိုက်က ဖယ်ခုံဒေသနဲ့ ဒီးမော့ဆိုမြို့ကို သိမ်းပိုက်နိုင်ရုံသာမက ဖရူဆိုမြို့ကိုပါ ထိုးဖောက်ဖို့ ကြိုးပမ်းနေကြပါတယ်။
ကရင်နီပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီး ခူးဒယ်နီရယ်ကတော့ စစ်ရေးကစားကွက်အရ တချို့နေရာတွေကို ပြန်ပေးရတာလို့ဆိုပါတယ်။
"မိုးဗြဲ၊ ဖယ်ခုံဆိုတာ တကယ်လို့ စစ်ကောင်စီချည်းပဲ ထိုးစစ်ဆင်တယ်ဆိုရင် သူတို့ မနိုင်လောက်ဘူး။ အဲဒီမှာ PNO ပြည်သူ့စစ်က ဒေသခံလို့ ပြောလို့ရတယ်။ ပထမအချက်က ကျွန်တော်တို့တပ်တွေ စစ်ပန်းတာပါတယ်၊ စစ်ရေးမှာ နယ်မြေကျွမ်းကျင်မှုမှာလည်း PNO က အားသာတယ်" လို့ ခူးဒယ်နီရယ်က ရှင်းပြပါတယ်။

ဒါအပြင် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းနည်းပညာ အဆင့်မြှင့်လာတာကလည်း ကရင်နီ တော်လှန်ရေးအင်အားစုတွေအပေါ် စစ်ရေးအရ ဖိအားဖြစ်စေခဲ့ပါတယ်။
"လူအင်အားအလုံးအရင်း၊ လက်နက်အင်အားအလုံးအရင်းနဲ့စစ်ဆင်တာက ကျွန်တော်တို့အတွက် ထိခိုက်မှုတွေ ပိုပိုများလာတယ်" လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အတွင်းရေးမှူး ၂ ကိုဗညားက ပြောပါတယ်။
ဒီလိုစစ်ရေးအပြောင်းအလဲနဲ့အတူ ကရင်နီကြားကာလအုပ်ချုပ်ရေးယန္တရားအပေါ်ပါ သက်ရောက်မှုရှိနေပါတယ်။ ဖယ်ခုံအရှေ့ခြမ်း၊ လွိုင်ကော်မြို့နယ်ထဲက တချို့နေရာတွေမှာ IEC ရဲ့ အုပ်ချုပ်ရေး အစိတ်အပိုင်းတွေ ရပ်ဆိုင်းသွားပါတယ်။
"ဒီလိုရပ်ဆိုင်းတာနဲ့အတူ လူထုဝန်ဆောင်မှုဖြစ်တဲ့ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ လူမှုစီးပွားအကုန်ရပ်သွားတယ်။ စစ်ရေးဆုံးရှုံးလိုက်ရတာနဲ့အတူ ထပ်ပြီးဆုံးရှုံးလိုက်ရတဲ့ လူမှုစီးပွားတွေလည်း ရှိပါတယ်" လို့ ကိုဗညားက ရှင်းပြပါတယ်။
လက်ရှိမှာ စစ်တပ်နဲ့ PNO ရဲ့ထိုးစစ်ဟာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အဓိက ပစ်မှတ်ထားပြီး ပင်လောင်း - လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးနဲ့ လွိုင်ကော် - ဒီးမော့ဆို - ဖရူဆိုလမ်းပိုင်းကို ထိုးဖောက်နေတဲ့အခြေအနေပါ။ အခုလို မြို့တချို့ကို လက်လွှတ်ခဲ့ရပေမဲ့ နန်းမယ်ခုံ၊ ဖရူဆို၊ မော်ချီး၊ မယ်စဲ့၊ ရှားတောနဲ့ ဖားဆောင်းမြို့တို့ကိုတော့ ကရင်နီတော်လှန်ရေးတပ်တွေကဆက်ပြီးထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ပါဝင်လာတဲ့ ဗိုလ်ကြီးဇင်ယော်ကတော့ "၁၁၁၁ စစ်ဆင်ရေးက ၁၀၂၇ စစ်ဆင်ရေးထက် ပိုပြီး အောင်မြင်တယ်" လို့ ဆိုပါတယ်။
"ကရင်နီပြည်နယ်အပြင်ဘက်အထိကို တက်နိုင်ခဲ့ကြတယ်၊ နယ်မြေပိုင်ဆိုင်မှုအရလည်း တဝက်ကျော်အထိ ထိန်းသိမ်းထားနိုင်တဲ့သဘော ဖြစ်ပါတယ်။ ဒီသဘောပါ" လို့ ဗိုလ်ကြီး ဇင်ယော်က နှိုင်းယှဉ်ပြောပါတယ်။
စစ်ဆင်ရေးနှစ်နှစ်ပြည့်ချိန်မှာတော့ ကရင်နီတော်လှန်ရေးအင်အားစုတွေရဲ့ ၁၁၁၁ စစ်ဆင်ရေးကိုယာယီ ရပ်နားထားပြီလို့ ဒုဝန်ကြီး ခူးဒယ်နီရယ် ဆီကသိရပါတယ်။ ဒါပေမဲ့ ကယား (ကရင်နီ) ပြည်နယ်ထဲမှာနေ့စဉ် လိုလိုတိုက်ပွဲရှိနေဆဲဖြစ်ပြီး ပြောက်ကျားစစ်ဆက်ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNDF
ကရင်နီတပ်တွေ မသိမ်းခဲ့တဲ့ စစ်တပ် တပ်ရင်းတွေ

ဓာတ်ပုံ ရင်းမြစ်, Telegram
ကရင်နီတော်လှန်ရေးတပ်တွေဟာ မြို့နယ်ဒေသအစိတ်အပိုင်းတွေကို စိုးမိုးသိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်တပ်ရဲ့တပ်ရင်းတွေကို အပြီးတိုင်မသိမ်းနိုင်တာဟာ အခုလိုစစ်တပ်ရဲ့တန်ပြန်ထိုးစစ်နဲ့ရင်ဆိုင်ရတာလို့ စစ်ရေးစောင့်ကြည့်သူတချို့က ဆိုကြပါတယ်။
"ကရင်နီခွင် တစ်ခုလုံးကို ကြည့်လိုက်ရင် ခလရ ၁၃၄ ကိုပဲ စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်။ ၁၃၄ ကိုတိုက်ပေမဲ့ ထိန်းချုပ်မထားနိုင်တာကို တွေ့ရတယ်" လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။
ဖားဆောင်းမြို့နယ်အခြေစိုက် အမှတ် ၁၃၄ ခြေလျင်တပ်ရင်းကို ၁၁၁၁ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာကို သူက ရည်ရွယ်ပြောပါတယ်။
ကရင်နီတော်လှန်ရေးအင်အားစုတွေ မသိမ်းပိုက်ခဲ့တဲ့ မိုးဗြဲက အမှတ် ၄၂၂ ခြေလျင်တပ်ရင်း၊ ဖယ်ခုံက နယ်မြေခံတပ်ရင်းဌာနချုပ်စတဲ့ တပ်ရင်းတွေမှာ စစ်တပ်က အင်အားပြန်လည် စုဖွဲ့ပြီး ထိုးစစ်ပြန်ဆင်လာတဲ့အချက်ကိုလည်း နောက်ထပ် CDM ဗိုလ်ကြီး အောင်မျိုးထက်က ဆိုပါတယ်။
အခုလို ကရင်နီစစ်ရေးသုံးသပ်ချက်ပြောတဲ့ ဗိုလ်ကြီး အောင်မျိုးထက်ဟာ ကယား (ကရင်နီ) ပြည်နယ်မှာ တာဝန်ကျချိန် CDM ပါဝင်လာသူ ဖြစ်ပါတယ်။
"လွိုင်ကော်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကိုလည်း မသိမ်းပိုက်နိုင်ခဲ့တာက ဒီလိုစစ်ရေး အရွေ့တွေကို ဖြစ်စေတယ်" လို့ သူက ပြောပါတယ်။
ဒါကြောင့် တိုက်ပွဲဖြစ်ပွားလို့နယ်မြေတွေသိမ်းရင် တပ်ရင်းဌာနချုပ်တွေဟာ အရေးပါတယ်လို့ CDM စစ်သားတွေက ထောက်ပြကြတာပါ။
"နောက်ဆုံး အားလုံးက ဝိုင်းတားပိတ်ဆို့ထားရင်တောင် လေကြောင်းကနေ ထောက်ပံ့တာမျိုးနဲ့ အသက်ဆက်ပြီး ရှင်လို့ရတယ်။ အပြင်ဘက်ကလာတဲ့စစ်ကြောင်းနဲ့ အတွင်းဘက်ကစစ်ကြောင်း လက်ချင်းချိတ်ပြီး ပြန်တိုက်သွားတာကို တွေ့ရတယ်။ ဒါကြောင့် တပ်ရင်းဌာနချုပ်တွေကို မသိမ်းနိုင်ခဲ့လို့ တန်ပြန်ထိုးစစ်နဲ့ ပြန်သိမ်းပိုက်သွားတာပါ" လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNDF
နောက်ထပ် တစ်ချက်ကတော့ ရှမ်းမြောက်မှာ စစ်တပ်က အပစ်ရပ်လိုက်တာကြောင့် အဲဒီစစ်မျက်နှာစာက လူ၊ လက်နက်အင်အားတွေကို ထုတ်နုတ်ပြောင်းရွှေ့ သုံးနိုင်တဲ့အနေအထားပါ။
၂၀၂၅ အောက်တိုဘာလကုန်ပိုင်းမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက တအာင်းတပ် (TNLA)နဲ့ စစ်တပ်တို့ဟာ တရုတ်ကမကထလုပ်တာနဲ့အတူ အပစ်ရပ်ပြီး ရှမ်းမြောက်စစ်မျက်နှာစာကို တခန်းရပ်လိုက်တာကြောင့် ကရင်နီစစ်မျက်နှာစာကို စစ်တပ်နဲ့ PNO ရဲ့ ပူးပေါင်းထိုးစစ်အပြင် ပိုပြီးစစ်ရေးခြိမ်းခြောက်မှုရှိလာနိုင်မလား ဆိုတဲ့မေးခွန်းရှိလာပါတယ်။
"စစ်တပ်ရဲ့ကစားကွက်အရတော့ တစ်နေရာရပ်ရင် နောက်တစ်နေရာမှာပြန်ပြီး သုံးလေ့ရှိပါတယ်" လို့ CDM ဗိုလ်ကြီး အောင်မျိုးထက်က ရှင်းပြပါတယ်။
ဒါပေမဲ့ ကရင်နီတော်လှန်ရေးတပ်တွေမှာ စုဖွဲ့မှုအားကောင်းပြီး နိုင်ငံရေး၊ စစ်ရေးမှာ ခေါင်းဆောင်မှုကောင်းတွေရှိနေတာကြောင့် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိတယ်လို့ သူက သုံးသပ်ပါတယ်။
ကရင်နီပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ခူးဒယ်နီရယ်ကတော့ ရှမ်းမြောက်အပစ်ရပ်လို့ ကရင်နီဘက် စစ်ရေးပိုမဖိလာနိုင်ဘူးလို့ ဘီဘီစီကိုပြောပါတယ်။
"မြောက်ပိုင်းညီနောင်သုံးဖွဲ့မှာတောင် ဆက်တိုက်နေတဲ့အဖွဲ့ ရှိပါတယ်။ တနိုင်ငံလုံးမှာ တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေအများကြီး ရှိနေသေးတယ်" လို့ ခူးဒယ်နီရယ်က ဆိုပါတယ်။
နိုင်ငံရေးဖိအားတွေနဲ့ရင်ဆိုင်နေရတာမျိုးလည်းမရှိဘဲ "လူထုကိုအခြေခံပြီးမှ တော်လှန်ရေးလုပ်တယ်" လို့ ဒုတိယဝန်ကြီးက ဆက်ပြောပါတယ်။
ဒါပေမဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေရော ကရင်နီပြည်သူတွေမှာပါ လူပင်ပန်း၊ စိတ်ပင်ပန်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ကရင်နီလူထုရဲ့ တော်လှန်ရေးအပေါ်လက်ရှိအမြင် ဘယ်လိုရှိလာလဲလို့ ဘီဘီစီက မေးမြန်းခဲ့ပါတယ်။
"လူထုက မင်းတို့နဲ့အတူ ငါတို့သေမယ်လို့ ပြောကြတယ်။ လူထုက စိတ်မပျက်ပါဘူး။ စစ်ပန်းလာတာ ဖြစ်တဲ့အတွက်တော့ လက်နက်ခဲယမ်းပံ့ပိုးမှု လျော့ကျလာတယ်" လို့ ခူးဒယ်နီရယ်က ရှင်းပြပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေရော နယ်မြေအရပါ အသေးဆုံးပြည်နယ်ဖြစ်ပေမဲ့ ကယား (ကရင်နီ) ပြည်နယ်မှာ စစ်အာဏာသိမ်းစကတည်းက စစ်တပ်ကို ခုခံတော်လှန်မှုအားကောင်းခဲ့ပြီး တော်လှန်ရေးအင်အားစုတွေအပေါ် ပြည်သူတွေကလည်း တခဲနက်ထောက်ခံခဲ့ကြပါတယ်။
ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ပန်းနေတဲ့အခြေအနေကိုတော့ စနစ်တကျကိုင်တွယ်သင့်တယ်လို့ စစ်ရေးစောင့်ကြည့်တဲ့ CDM စစ်သည်တွေက ပြောကြပါတယ်။
စစ်ပန်းနေတဲ့ ကရင်နီတော်လှန်ရေးတပ်တွေ

ဓာတ်ပုံ ရင်းမြစ်, KNDF
စစ်တပ်တွေမှာ စစ်ပန်းတယ်ဆိုရင် "လူနဲ့ ခဲယမ်း" အင်အားနှစ်မျိုးကို ထည့်တွက်ရလေ့ရှိပါတယ်။ တပ်ဖွဲ့ဝင် တွေ ပင်ပန်းတဲ့အခါ အလှည့်ပြောင်းပြီး အနားပေးတာတွေ လုပ်လေ့ရှိတာက တပ်တွေမှာ လုပ်လေ့ရှိတဲ့ သဘာဝဖြစ်ပါတယ်။
"တပ်နေပျော်ပြီး စစ်တိုက်တော်အောင်" အတွက် တပ်တွေမှာ စိတ်ပိုင်းဆိုင်ရာခွန်အားပေးတာတွေ သင်တန်း ပေးတာတွေလည်း လုပ်လေ့ရှိပါတယ်။ လက်ရှိ ကရင်နီတပ်တွေမှာလည်း ဒီလိုသင်တန်းပေးတာတွေ ဆောင်ရွက်နေတယ်လို့ စစ်ရေးလုပ်ဆောင်သူတွေဆီက သိရပါတယ်။
"PNO နဲ့ မိုးဗြဲ၊ ဖယ်ခုံဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်တာကိုကြည့်မယ်ဆိုရင် ပစ်အားကောင်းကောင်းနဲ့ ကရင်နီတပ်တွေက အချိန်အတိုင်းအတာတခုထိ စိုးမိုးထားနိုင်ပေမဲ့ ကြာလာတဲ့အခါမှာ ပစ်အားကျသွားတယ်။ ပစ်အားကျတာက ခဲယမ်းအားနည်းတဲ့အနေအထားပါ" လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
"ခဲယမ်းပြန်ဖြည့်တင်းနိုင်ဖို့ကတော့ ကာလတခုအထိ စောင့်ရမယ်လို့ထင်တယ်။ စစ်မြေပြင်မှာက ပစ်အားက အရေးပါတယ်။ ကျည်တတောင့် လူတတောင့်ပစ်နိုင်တာထက် ပစ်အားသုံးပြီး ပစ်ခတ်မှုနဲ့ ရွှေ့လျားမှုကို အချိုးချပြီး မြေပြင်တိုက်ပွဲမှာ လုပ်ရတာကိုး။ ပစ်အားမပါရင် ကျည်လည်းဆုံးတယ်၊ လူလည်းပန်းတယ်" လို့ သူက ဆက်ပြောပါတယ်။
ကရင်နီကာကွယ်ရေးဌာန ဒုတိယဝန်ကြီး ခူးဒယ်နီရယ်ကတော့ လက်နက်ခဲယမ်းဖြည့်တင်းနိုင်ဖို့အတွက် ရနိုင်တဲ့နည်းလမ်းနဲ့ကြိုးစားနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဒါကြောင့် ၂၀၂၅ ခုနှစ်အတွင်း ကရင်နီတော်လှန်ရေးတပ်တွေ လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်လည် ရရှိဖို့အတွက်ကတော့ အချိန်ကာလ လိုအပ်နိုင်တယ်လို့ စစ်ရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
"ရှေ့ဆက်လုပ်ငန်းစဉ်ကိုရှင်းရှင်းပြောရရင် တပ်ပိုင်းဆိုင်ရာကို စနစ်တကျဘယ်လိုမျိုးပေါင်းစည်းပြီးတော့ စုဖွဲ့နိုင်ပြီး မဟာဗျူဟာကျကျ လုပ်မလဲပေါ့။ အုပ်ချုပ်ရေးနဲ့ စစ်ဘက်ချိတ်ဆက်ပြီးတော့မှ ရန်သူကို ဘယ်လိုတုံ့ပြန်မလဲဆိုတာက အခရာကျပါတယ်" လို့ IEC ရဲ့ အတွင်းရေးမှူး ၂ ကိုဗညားက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Telegram
စစ်တပ်ကတော့ ကယား (ကရင်နီ) ပြည်နယ်မှာ နယ်မြေပြန်လည်သိမ်းပိုက်တာသာမက ၂၀၂၅ ရွေးကောက်ပွဲကိုလည်း လွိုင်ကော်၊ ဘော်လခဲတို့မှာ ပြုလုပ်ဖို့ပြင်ဆင်နေပါတယ်။
ဒါကြောင့် ၂၀၂၅ ရွေးကောက်ပွဲအလွန် ၂၀၂၆ မှာတော့ တော်လှန်ရေးစုစည်းအားက အရေးကြီးတယ်လို့ ဘီဘီစီမေးမြန်းခွင့်ရသူတွေက တပြေးညီတည်းဖြေကြပါတယ်။
"ကျွန်တော်တို့မှာ ဒါမျိုး ၄ ကြိမ်လောက်အတွေ့အကြုံရှိပါတယ်။ နွေဦးတော်လှန်ရေးမှာပါလာတဲ့ လူငယ်တွေအနေနဲ့ ကနဦးရည်ရွယ်ချက် မပျောက်ဖို့ လိုတယ်။ မဟုတ်ရင် စစ်အာဏာရှင်ကို သက်ဆိုးရှည်စေလိမ့်မယ်" လို့ ဒုဝန်ကြီးတာဝန်ယူထားသလို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ခူးဒယ်နီရယ်က ပြောပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဟာ ကယား (ကရင်နီ) ပြည်နယ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ရွေးကောက်ခံအစိုးရတွေလက်ထက်မှာ အပစ်ရပ်ဆွေးနွေးမှုတွေရှိပေမဲ့ သဘောတူလက်မှတ်မရေးထိုးဖြစ်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို လေ့ကျင့်သင့်ကြားပေးခဲ့ပြီး ကရင်နီကြားကာလအတွက် အုပ်ချုပ်ရေး၊ စစ်ရေးကို ဦးဆောင်ပါဝင်နေ ပါတယ်။
လက်ရှိမှာ ကရင်နီဒေသထိန်းချုပ်မှုကို ဦးစားလုပ်ကိုင်နေပြီး တနိုင်ငံလုံးတော်လှန်ရေးတပ်အင်အားတွေ စုစည်းကာ တပ်အရွှေ့အပြောင်းနဲ့ ဗျူဟာကျကျလှုပ်ရှားနိုင်ရေးက ဒုတိယအဆင့်အနေနဲ့ လုပ်ဆောင်မယ်လို့ ကရင်နီတော်လှန်ရေးဦးဆောင်သူတချို့က ပြောပါတယ်။
"မြေပြင်က လူတွေနဲ့စကားပြောကြည့်ချက်အရလည်း အခုက ၁၁၁၁ စစ်ဆင်ရေးမတိုင်ခင်က အခြေအနေတခုကို ပြန်ရောက်သွားတယ်လို့ ထင်တယ်။ တချို့နေရာတွေမှာ နှစ်ဖက်စလုံး အလုံးစုံ မစိုးမိုးနိုင်တဲ့အခြေအနေတခုပေါ့။ ဒါပေမဲ့ စစ်ရေးမှာကတော့ အရှုံး အနိုင်ကို နောက်ဆုံးအချိန်အထိ ပုံသေပြောလို့မရဘူး" လို့ CDM ဗိုလ်ကြီး အောင်မျိုးထက် က ပြောပါတယ်။
အသိပေးချက် - ဒုတိယဝန်ကြီး ခူးဒယ်နီရယ် တာဝန်ယူထားတဲ့ ဌာနအတိအကျကို ပြန်လည်ဖော်ပြထားပါတယ်။












