တအာင်းတပ်နဲ့ စစ်တပ်တို့ အပစ်ရပ်မှုအလွန် မဟာမိတ်တပ်တွေ လှမ်းရမယ့်ခြေလှမ်းတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images/TRI ဗျူုဟာ/AA
မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကနေ တအာင်းတပ် (TNLA) ပြန်ဆုတ်တာဟာ ရှမ်းမြောက်၊ မန္တလေးနဲ့ စစ်ကိုင်းက တော်လှန်ရေးထိန်းချုပ်နယ်မြေတွေအတွက် အရှေ့စည်းပွင့်သွားနိုင်တယ်လို့ စစ်ရေးစောင့်ကြည့်သူတွေက ပြောကြပါတယ်။
၁၀၂၇ စစ်ဆင်ရေး နှစ်နှစ် တင်းတင်းပြည့်ချိန် တရုတ် ကြားဝင်ညှိနှိုင်းတဲ့ စစ်တပ်နဲ့တွေ့ဆုံမှုအပြီး မိုးကုတ်နဲ့ မိုးမိတ်ကနေ ဆုတ်ခွာမယ်လို့ တအာင်းတပ်က လူသိရှင်ကြားထုတ်ပြောခဲ့တာအပေါ် အကဲခတ်တွေ သုံးသပ်ကြတာပါ။
"ဒီမြို့တွေကနေ တဖြည်းဖြည်း ပြန်ဆုတ်နေပါပြီ။ ဘယ်ရက် အပြီးပြန်ဆုတ်ရမယ်ဆိုတာ မပြောနိုင်သေးဘူး" လို့ မြို့တွေကနေ ဆုတ်ခွာမှုအခြေအနေကို TNLA တပ် ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဘီဘီစီကို ပြောပါတယ်။
ဒီအချိန်မှာပဲ မိုးကုတ်မြို့ကို ပြန်မပေးရဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF)၊ မိုးကုတ်ဗျူဟာ၊ မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က သိမ်းပိုက်နယ်မြေတွေကို ဆက်ကာကွယ်မယ်လို့ ထုတ်ပြောလာကြပါတယ်။
၄ နှစ်သားတော်လှန်ရေးတပ်တွေရဲ့ မြို့ကာကွယ်ရေးက ဘယ်လောက်အထိ ထိရောက်နိုင်ခြေရှိ မလဲ၊ ဒီလို TNLA နဲ့ လက်တွဲခဲ့တဲ့ မဟာမိတ်တပ်တွေ ဘာဆက်ဖြစ်နိုင်မလဲ။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ သိမ်းခဲ့တဲ့မြို့တွေလက်လွှတ်လိုက်ရပြီ

ဓာတ်ပုံ ရင်းမြစ်, MAH
တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)က မြန်မာစစ်တပ်နဲ့အပစ်ရပ်တာကို အောက်တိုဘာ ၂၉ ရက် ညသန်းခေါင်မှာ စတင်မယ်လို့ ကြေညာပေမဲ့ ဘယ်လောက်ကြာကြာ အပစ်ရပ်မယ်ဆိုတာ တိတိကျကျ မပြောပါဘူး။
ဒါကြောင့် တအာင်းတပ်ဟာ ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ထဲက ဒုတိယမြောက် အပစ်ရပ်တဲ့အဖွဲ့လည်းဖြစ်လာပါတယ်။ ၂၀၂၅ ဇန်နဝါရီမှာတော့ ညီနောင်သုံးဖွဲ့ထဲမှာ ကိုးကန့်တပ် (MNDAA) က တရုတ်ဖိအားကြောင့် စစ်တပ်နဲ့ အရင်ဆုံးအပစ်ရပ်သဘောတူခဲ့ပါတယ်။
စစ်ဆင်ရေးအရှိန်အဟုန်ကောင်းခဲ့တဲ့ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေအတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဦးဆောင်ပြီး တိုင်းစစ်ဌာနချုပ် ၂ ခုအခြေစိုက်တဲ့မြို့တွေအပါအဝင် ၅၃ မြို့ ကို သိမ်းပိုက်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီအခြေအနေဟာ ၂၀၂၅ ခုနှစ် ဧပြီမှာ ပြောင်းလဲမှု စတင်ခဲ့ပါတယ်။ ကိုးကန့်တပ် (MNDAA) က သူ သိမ်းပိုက်ခဲ့တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို စစ်တပ်လက်ထဲပြန်လွှဲခဲ့ရပါတယ်။
တရုတ်ဖိအားက "ဝ"တပ် (UWSA) အပေါ် ပါ သက်ရောက်လာပြီး မဟာမိတ်တပ်တွေကို လက်နက် အပါအဝင်ထောက်ပံ့ရေး လမ်းကြောင်းအားလုံးကို ရပ်တန့်မယ်လို့ ၀ ဘက်က အစည်းအဝေးခေါ်ပြီး ကြေညာခဲ့ပါတယ်။
တရုတ်ဖိအား ကြီးတဲ့အကြောင်း တအာင်းတပ် ထိပ်ပိုင်းခေါင်းဆောင်တွေကလည်း လူသိရှင်ကြား ဝန်ခံပါတယ်။
နောက်ဆက်တွဲအနေနဲ့ တအာင်းတပ်ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်နှစ်တိတိပြည့်ချိန်မှာပဲ စစ်တပ်နဲ့ အပစ်ရပ်လိုက်ပါပြီ။
အပစ်မရပ်ခင်မှာ TNLA သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ နဲ့ သီပေါမြို့တွေကို စစ်တပ်က ဆက်တိုက် ပြန်သိမ်းခဲ့ပါတယ်။
ဒါကြောင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲမှာ ရခိုင်ပြည်နယ်ထဲ နယ်မြေအများစုသိမ်းထားတဲ့ အာရက္ခတပ်တော် (အေအေ)ကသာ စစ်တပ်နဲ့ တိုက်ပွဲဆက်ရှိနေပါတယ်။
အောက်တိုဘာ နောက်ဆုံးသီတင်းပတ်စစ်ရေးအခင်းအကျင်းကို ကြည့်မယ်ဆိုရင် ရှမ်းမြောက်နဲ့ မန္တလေးအစပ်မှာ စစ်တပ်က မြို့ ၅ မြို့ကို ပြန်သိမ်းထားပြီး မိုးကုတ်နဲ့ မိုးမိတ်ကိုက ပြန်ယူဖို့ကလည်း လက်တကမ်း အလိုမှာပါ။
ဒါဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်းမှာ TNLA နဲ့ မဟာမိတ်တပ်တွေသိမ်းပိုက်ခဲ့တဲ့ မြို့အားလုံးကို လက်လွှတ်ရပြီး ပထမလှိုင်းက အခင်းအကျင်းအတိုင်းသာဆက်ရှိမယ့်သဘောလည်းဖြစ်ပါတယ်။
"ကျွန်မတို့လည်း ဒီမြို့တွေကို ပြန်ပေးဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရပါတယ်" လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ဘီဘီစီကိုပြောပါတယ်။
ဒီနှစ်မြို့ကိုသာ စစ်တပ်ပြန်ရမယ်ဆိုရင် တော်လှန်ရေးတပ်တွေရဲ့ အရှေ့စည်းပွင့်သွားလိမ့်မယ်လို့ စစ်ရေး လေ့လာစောင့်ကြည့်နေသူတွေက ထောက်ပြကြပါတယ်။
ရှမ်းမြောက်ဒေသခွင်မှာ မြန်မာစစ်တပ်ဟာ သူ့ရဲ့ စစ်အင်အားတွေကို တိုးချထားနိုင်ရုံသာမက တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ စစ်ကိုင်းတိုင်းကိုပါ စစ်ရေးခြိမ်းခြောက်လာနိုင်ခြေရှိနေတာကြောင့်ပါ။
အဲဒါကြောင့်ပဲ မိုးကုတ် နဲ့ မိုးမိတ်မြို့တွေကို TNLA က ပြန်ဆုတ်ပေမယ့် မဟာမိတ်တပ်တွေက ဆက်ကာကွယ်မယ်လို့ ဆက်တိုက်ထုတ်ပြောလာတာဖြစ်ပါတယ်။
ကိုးကန့်၊ တအာင်းတို့ရဲ့ မဟာမိတ် PDF တွေ

ဓာတ်ပုံ ရင်းမြစ်, TNLA
စစ်တပ်နဲ့ အပစ်ရပ်သဘောတူညီကာ မြို့အလွှဲအပြောင်းကို ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တပ်တို့က အဓိက ဆုံးဖြတ်ခဲ့ပေမဲ့ ဒီမြို့တွေသိမ်းရာမှာပါဝင်ခဲ့တဲ့ မဟာမိတ်တပ်တွေရဲ့ အရွေ့ကလည်း အရေးကြီးပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးတပ်တွေဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့အတူ စစ်ဆင်ရေးနယ်မြေတွေမှာ ဖြန့်ကြက် တိုက်ပွဲဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
ကိုးကန့်တပ်က လေ့ကျင့်ဖွဲ့စည်းပေးခဲ့တဲ့ တပ်မဟာ ၆၁၁ မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ဗိုလ်နဂါးရဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) အပါအဝင် စစ်ကိုင်းတိုင်း အညာဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့လည်း ပါဝင်ပါတယ်။
တအာင်းတပ်က ၁၀၂၇ စစ်ဆင်ရေးအကြို သပြေညိုစစ်ဆင်ရေးအဖြစ် တိုက်ရင်းလေ့ကျင့်ပေးခဲ့ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (Mdy PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) အပါအဝင် မန္တလေးတိုင်းထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့တချို့လည်း ပါဝင်ခဲ့ပါတယ်။
အာရက္ခတပ်တော် (အေအေ) ကတော့ မကွေးနဲ့ ရခိုင်အစပ်မှာလှုပ်ရှားကြတဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF) တို့နဲ့အတူ စစ်ရေးဖော်ဆောင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မိုးကုတ်ဗျူဟာ
ပူပူနွေးနွေးအပစ်ရပ်လိုက်တဲ့သဘောတူညီချက်ထဲပါဝင်တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့တို့ကနေ တအာင်းတပ် (TNLA) ပြန်လည်ဆုတ်ခွာမယ့်နေရာတွေမှာ ယှဉ်တွဲတိုက်ပွဲဝင် ခဲ့တဲ့ နွေဦးတော်လှန်ရေးတပ်တွေ နေရာယူလိုက်တာက မြင်သာတဲ့အရွေ့ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းတုန်းက မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာက တိုက်ပွဲတွေမှာ မန္တလေး PDF အပြင် မိုးကုတ်ဗျူဟာ၊ မိုးကုတ်နဲ့ဆက်စပ်မြို့နယ်တွေက တပ်ရင်းတွေပေါင်းထားတဲ့ TRI ဗျူဟာ၊ မြင်းခြံတပ်ရင်းတပ်ဖွဲ့တွေ သာမက ဧရာဝတီမြစ်အနောက်ဘက်ကမ်းက အညာတော်လှန်ရေးတပ်တွေပါ ပါဝင်ခဲ့ပါတယ်။
အဲဒီထဲက မန္တလေး PDF၊ မိုးကုတ်ဗျူဟာ၊ TRI ဗျူဟာတို့က စစ်သားသစ်တွေခေါ်လာသလို တပ်ဖွဲ့ဝင်ဟောင်းတွေပါ တာဝန်ထမ်းဆောင်နိုင်ကြောင်း ပြန်ခေါ်နေပါတယ်။
"လုပ်နိုင်တာတော့ အကုန်လုပ်နေကြပါတယ်" လို့ မိုးကုတ်မြို့မှာ ရှိနေဆဲတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
နိုဝင်ဘာ ၁ ရက်မနက်ပိုင်းမိုးကုတ်မြို့ခံတချို့ရဲ့အပြောအရ မြို့ထဲမှာ TNLA တပ်ဖွဲ့ဝင်တချို့လည်းရှိနေသေးတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ရှမ်းမြောက်စစ်မျက်နှာကို အပစ်ရပ်လိုက်နိုင်တဲ့ စစ်တပ်အနေနဲ့ကတော့ အဲဒီဒေသမှာအသုံးပြုခဲ့တဲ့ လူ၊ လက်နက်၊ နည်းပညာအင်အားတွေကို နောက်ထပ်စစ်မျက်နှာပြင်တွေကို ပြောင်းသုံးနိုင်တဲ့အခြေအနေပါ။
မြေပြင်အနေအထားကိုမြင်သာပြောရရင် မိုးကုတ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီမြစ်အရှေ့၊ အနောက်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဆီဖြန့်ကြက်ပြီး ပြောင်းသုံးနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောကြပါတယ်။
ဧရာဝတီမြစ်အရှေ့ကမ်း မန္တလေးတိုင်းထဲက သိမ်းပိုက်နယ်မြေတွေကိုသာမက အနောက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်းထဲက စိုးမိုးနယ်မြေတွေအပေါ်ပါ စစ်ရေးဖိအားပိုတိုးလာတဲ့သဘောပါ။ ဒါအပြင် မကွေးတိုင်း နဲ့ ပဲခူးတိုင်းလို မြေပြန့်ဒေသတွေကိုပါ ထိုးစစ်ဆင်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒါကို တန်ပြန်ခုခံဖို့မှာ တော်လှန်ရေးတပ်တွေအတွက် စိန်ခေါ်ချက်ကြီးမားတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ကို ဦးဆောင်နေတဲ့ CDM ဗိုလ်မှူး ကိုနောင်ရိုးက ပြောပါတယ်။
"ကျားကုတ်ကျားခဲ ခုခံခဲ့ရင်တောင်မှ အထိနာဖို့အတွက် အများကြီးသက်ရောက်မှုတွေ အပြောင်းအလဲတွေ ဖြစ်သွားစေနိုင်တယ်၊ ဒါတွေလည်း သူတို့ ချိန်ဆလိမ့်မယ်၊ တွက်ဆလိမ့်မယ်လို့ ယူဆတယ်။ စစ်တပ်က ဘက်ပေါင်းစုံက ဖိအားပေးလာရင်တော့ ခုခံဖို့ကို အင်မတန် ခက်ခဲတယ်ဆိုတာကို တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေထည့်တွက်ထားဖို့လိုအပ်တယ်" လို့ သူက ပြောပါတယ်။
၂၀၂၅ နှစ်ဆန်းပိုင်းမှာ မန္တလေး PDF က စစ်ကိုင်းတပ်မဟာ ဖွဲ့စည်းမယ်ဆိုတဲ့ကြေညာချက်အပါအဝင် တရုတ်ဖိအားကြောင့် ကိုးကန့်လမ်းခွဲလိုက်တဲ့ ရှမ်းမြောက်ပြန်တပ်တွေဖြစ်တဲ့ BPLA နဲ့ PLA တို့ စစ်ကိုင်းကို ရွေ့လာတာဟာ အခုအခင်းအကျင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေလို့ သူက ထောက်ပြပါတယ်။
၂၀၂၅ မှာ မြေပြန့်ထိုးစစ်အရှိန်မြှင့်မယ်ဆိုပြီး တော်လှန်ရေးအင်အားစုတွေက ကျယ်ကျယ်လောင်လောင် ပြောခဲ့ကြတာပါ။ အခုလို စစ်ရေးဗျူဟာအရအရေးပါတဲ့ မိုးကုတ် နဲ့ မိုးမိတ်ကို စစ်တပ်က ပြန်ဝင်မယ့် အခင်းအကျင်းဖြစ်လာချိန်မှာတော့ ပြန်လည်ခုခံဖို့အတွက် အညာမှာအင်အားစုစည်းထားနိုင်မှုက အခရာကျလာတယ်လို့ ဆိုကြပါတယ်။
"စစ်ကိုင်းဗျူဟာကို အင်အားဖြည့်ပေမဲ့ မြေပြင်မှာ တကယ့်ကို စစ်တပ်တစ်ခုလို စုစည်းလို့ရနိုင်တဲ့အင်အား မရှိနေဘူး။ အဲဒါကြောင့် ဒါက အရာမထင်ခဲ့တာပေါ့။ အခွင့်အလမ်းတွေကတော့ ရခဲ့ပြီးသွားပြီ၊ အကျပ်အတည်းတွေအတွက် ပြင်ဆင်ဖို့ပဲ လိုအပ်လာမယ်။ အခွင့်အလမ်းတွေထက်ရဖို့က ခက်ခဲလိမ့်မယ်" လို့ ကိုနောင်ရိုးက သုံးသပ်ပါတယ်။
၁၀၂၇ ဒုတိယလှိုင်း ရှမ်း - မန်းစစ်ဆင်ရေးရဲ့ မန္တလေး စစ်မျက်နှာစာကို ဦးဆောင်ခဲ့တဲ့ မန္တလေး PDF ရဲ့ စစ်ဦးစီး ဒေါက်တာစိုးသူရဇော်ရော ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကပါ ဒီအခြေအနေနဲ့ပတ်သက်ပြီး ဖြေကြားဖို့အတွက် ငြင်းဆန်ခဲ့ပါတယ်။
မန္တလေး PDF စစ်ဦးစီးအဖွဲ့ဝင် မောင်ဖြိုးဝေကတော့ တော်လှန်ရေးအင်အားစုတွေ စုဖွဲ့မှု အင်အားအရေးကြီးတဲ့အကြောင်း သူ့ရဲ့ ဖေ့ဘွတ်ခ်မှာ ရုပ်သံဖိုင်တစ်ခု တင်ပါတယ်။
ရှမ်းမြောက်အပစ်ရပ်ရင် စစ်တပ်ထိုးစစ်ဘယ်ရောက်လာမလဲ

ဓာတ်ပုံ ရင်းမြစ်, AA info desk
တအာင်းတပ် (TNLA) နဲ့ စစ်တပ်ကြားအပစ်ရပ်မှာကို ကြိုတင်မသိထားရဘူးလို့ TNLA နဲ့ တွဲဖက်စစ်ရေး လှုပ်ရှားနေတဲ့ နွေဦးတော်လှန်ရေးတပ် တာဝန်ရှိသူတွေက ဖွင့်ဟပြောလာကြပါတယ်။
အထူးသဖြင့် ကမ္ဘာကျော်ပတ္တမြားထွက်ရှိရာ မိုးကုတ်မြေကို စစ်တပ်လက်ထဲ လွယ်လင့်တကူပြန်ပေးတယ်ဆိုတဲ့ ရှုမြင်မှုတွေနဲ့ TNLA ကို ဝေဖန်ခဲ့ကြတာပါ။
လွေးယေဦးကတော့ အပစ်ရပ်မယ့်အကြောင်း ကြိုမပြောခဲ့ပေမဲ့ ဒီလိုဆုံးဖြတ်လိုက်ရနိုင်ခြေရှိတဲ့ အကြောင်း မဟာမိတ်တပ်တွေကို ပြောပြထားတယ်လို့ တုံ့ပြန်ပါတယ်။
TNLA အနေနဲ့ စစ်တပ်နဲ့ အပစ်ရပ်တာဟာ တရုတ်ဖိအားတခုတည်းကြောင့်ဆိုပြီးပြောလို့မရကြောင်း တရုတ်အရေးလေ့လာသူတဦးက ထောက်ပြပါတယ်။
"တရုတ်ကတော့ coercive mediation (ဖိအားပေးညှိနှိုင်းမှု) လုပ်တဲ့ရလဒ်ရဲ့ တခုလိုပဲပြောရမယ်။ ဒီလိုဖြစ်စေတဲ့အကြောင်းအရင်းတွေက အခြားအခြေအနေ စိန်ခေါ်မှုတွေလည်း ရှိပါတယ်။ စစ်ရေးဖိအား၊ နောက်ပြီး ဖြတ် ၅ဖြတ်လို ဖြတ်တောက်ခံရတဲ့ ဖိအား၊ အုပ်ချုပ်ရေးဆိုင်ရာအခြေအနေ၊ မဟာမိတ်တွေရဲ့အခြေအနေတွေ၊ ပြည်သူလူထုရင်ဆိုင်ရတဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကြောင့် ဖြစ်ပါတယ်" လို့ အမည်မဖော်လိုတဲ့ တရုတ်အရေးလေ့လာသူ မြန်မာသုတေသီက ရှင်းပြပါတယ်။
မြန်မာစစ်တပ်ကတော့ အပစ်ရပ်လိုက်ရတာနဲ့ပတ်သက်လို့ နိုဝင်ဘာ ၁ ရက်ညနေပိုင်းအထိ တစုံတရာ ထုတ်ပြောတာမျိုး မရှိပါဘူး။ ဒါပေမဲ့ အောက်တိုဘာ ၃၁ ရက်မှာ ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ ကြေညာချက်သက်တမ်းတိုးရာမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို ဆက်လက်ထည့်သွင်းထားပါတယ်။
စစ်ကောင်စီကနေ စစ်ကော်မရှင်အဖြစ်ပြောင်းလဲတဲ့ ဇူလိုင် ၃၁ ရက်တုန်းက နိုင်ငံတဝန်းက ၆၃ မြို့နယ်ကို ရက် ၉၀ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အခု အောက်တိုဘာ ၃၁ ရက်မှာ နောက်တကြိမ်အဖြစ် ရက် ၉၀ သက်တမ်း ထပ်တိုးတာပါ။
စစ်တပ်က ကိုယ်တိုင်တိုက်ခိုက်သိမ်းယူခဲ့တဲ့ သီပေါ၊ ကျောက်မဲတို့အပြင် အပစ်ရပ် ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တို့ထိန်းချုပ်ထားတဲ့ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ နမ့်ဆန်၊ နမ့်ခမ်းတို့ကိုပါ ဆက်ပြီး အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။
အရေးပေါ်ကြေညာထားတဲ့မြို့တွေကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေအတိုင်း ဆက်ကျင့်သုံးဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Telegram
အခုလို၂၀၂၅ ခုနှစ်ထဲ တကျော့ပြန်စစ်အင်အားတောင့်တင်းကာ နိုင်ပွဲရလာတဲ့စစ်တပ်က မြို့တွေပြန်သိမ်းရာမှာ ပစ်မှတ်ထားတဲ့အချက် ၂ ချက်ရှိတယ်လို့ ဘီဘီစီစကားပြောခွင့်ရတဲ့တော်လှန်ရေးတပ်တွေက ပြောကြပါတယ်။
သယံဇာတထွက်ရှိပြီး စီးပွားရေးလည်ပတ်နိုင်တဲ့ဒေသတွေနဲ့ စစ်ရေးအရဗျူဟာကျပြီး လမ်းပန်း ဆက်သွယ်ရေး ထောက်ပို့လမ်းကြောင်း အချက်အချာကြတဲ့ဒေသတွေကို စစ်တပ်က ပြန်လည် ရယူလိုတဲ့သဘောပါ။
ဒီအချက် ၂ ချက်ပေါ် မူတည်ပြီး စစ်တပ်က ထိုးစစ်ဆင်လာနိုင်တဲ့ဒေသတွေမှာ ပိုပြီးပြင်ဆင်မှုတွေ လုပ်သင့်တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) ကို ဦးဆောင်သူ ကိုနွေဦးမြောင်က ပြောပါတယ်။
"ပုံမှန်သွားတဲ့အနေအထားမျိုးနဲ့ဆိုရင် အန္တရာယ်လည်းပိုကြီးတယ်၊ ဆုံးရှုံးထိခိုက်မှုတွေလည်း ပိုများနိုင်တယ်" လို့ ကိုနွေဦးမြောင်က ထောက်ပြပါတယ်။
ဒါကြောင့် တော်လှန်ရေးအင်အားစုတွေကြား စည်းလုံးညီညွတ်ရေးကို မဖြစ်မနေ ဖော်ဆောင်သင့်ပြီလို့ ဆိုပါတယ်။
"MOD(အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန) လက်အောက်က အဖွဲ့တွေကလည်း လာပူးပေါင်းပြီဆိုရင် ငါတို့ကသာ MOD အောက်ကမလို့ ငါတို့ရဲ့ command (အမိန့်ပေးခိုင်းစေမှု)နဲ့သာ သွားရမယ်ဆိုတဲ့ စိတ်ပေါ့နော်"
"အင်အားကြီးလက်နက်ကိုင်အဖွဲ့တွေကလည်း ကိုယ်တွေ ကျွမ်းကျင်ခဲ့တဲ့စစ်ရေးနယ်ပယ်လုပ်ဆောင်နိုင်စွမ်းတွေနဲ့ပတ်သက်ပြီး ကိုယ်ပဲ command ပေးချင်တယ်ဆိုတဲ့ commander(တပ်မှူး)တွေ အားပြိုင်တဲ့အပိုင်းတွေ လျှော့ချရမယ်" လို့ ကိုနွေဦးမြောင်က ထောက်ပြပါတယ်။
ဒါမှသာ စုဖွဲ့မှု အားကောင်းမယ်လို့ သူက ပြောပါတယ်။
"ဒီလိုစုစည်းနိုင်မယ်ဆိုရင် စစ်ကောင်စီဘက်က ဘယ်လောက်ပဲ နည်းပညာမြင့်တဲ့ဒရုန်းတွေ၊ ပစ္စည်းတွေ သုံးသုံး၊ သူတို့ အင်အားတွေ ဘယ်လောက်ပဲ တိုးလာ တိုးလာ ဒီထုကြီးကို ထိုးဖောက်ဖို့မလွယ်ဘူးပေါ့" လို့ စစ်ကိုင်းဒေသမှာ စစ်ရေးပြင်ဆင်ဖို့ လိုအပ်တဲ့အကြောင်း ကိုနွေဦးမြောင်က ရှင်းပြပါတယ်။
ဒါပေမဲ့ တော်လှန်ရေးတပ်ဦးလို့ ဆိုကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ တစုံတရာ ထုတ်မပြောသေးသလို ဘီဘီစီရဲ့ဆက်သွယ်မေးမြန်းချက်ကိုလည်း ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ရှမ်းမြောက်မှာ အပစ်ရပ်ချိန် လေကြောင်းဒဏ် အကြိမ်ရေစိပ်လာတဲ့ ရခိုင်စစ်မျက်နှာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီနေရာမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲမှာ အပစ်မရပ်သေးတဲ့ အာရက္ခတပ်တော်(အေအေ)ရဲ့ အခန်းကဏ္ဍလည်း ကျန်ရှိနေပါသေးတယ်။
စစ်ဆင်ရေး နှစ်နှစ်တာအတွင်း စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေ ကလွဲပြီး ရခိုင်တပြည်နယ်လုံးနီးပါး သိမ်းပိုက်ထားတဲ့ အေအေဟာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကာလအထိလည်း ထိုးစစ်တွေ ဆက်ရှိနေဆဲပါ။
ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်တို့မှာ အေအေ ဦးဆောင်ပြီး ထိုးစစ်ဖော်ဆောင်နေပါတယ်။
ဒါပေမဲ့ TNLA နဲ့ အပစ်ရပ်သဘောတူညီချက် အသက် စဝင်တဲ့နေ့မှာလည်း ရခိုင်ပြည်နယ်က အေအေ ထိန်းချုပ်မြို့နယ်အချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ ရှိခဲ့ပါတယ်။
အောက်တိုဘာ ၂၉ ကနေ ၃၁ ရက်အထိ သုံးရက်တာအတွင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့တယ်လို့ အေအေက ထုတ်ပြန်လာပါတယ်။
ဒါဟာ စစ်တပ်က ရှမ်းမြောက်က စစ်ဆင်ရေးနယ်မြေတွေ ကျုံ့သွားတာကို အခွင့်ကောင်းယူပြီး ရခိုင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာမှုလို့ အေအေက ပြောပါတယ်။ အပစ်ရပ်လိုက်ရတဲ့ ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ ရင်ဆိုင်ခဲ့ရသလို တရုတ်ဖိအား ရှိနေလားဆိုတာကိုတော့ အေအေက မပြောသွားပါဘူး။
အေအေဟာ သူ့ရဲ့ ညီနောင်မဟာမိတ် ၂ ဖွဲ့လိုတရုတ်ဖိအားနဲ့ပတ်သက်ပြီး ပြောဆိုတာ မရှိပါဘူး။ ဒါပေမဲ့ အေအေ စစ်ရေးဖော်ဆောင်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာတော့ တရုတ်ရဲ့စီမံကိန်းကြီးတွေ ရှိနေပါတယ်။
တရုတ်အရေးလေ့လာသူကလည်း ရခိုင်ပြည်နယ်အရေးမှာ တရုတ်ချဉ်းကပ်ပုံ မတူညီနိုင်ဘူးလို့ ဆိုပါတယ်။
အေအေနဲ့ တရုတ်ဆက်ဆံရေးဟာ ရှမ်းမြောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်နဲ့ဆက်ဆံရေး၊ စီးပွားရေးအရ ယှက်နွယ်မှု၊ မဟာဗျူဟာကျ အကျိုးစီးပွား ဆုပ်ကိုင်ထားနိုင်မှုနဲ့ စစ်ရေးအရ အားသာမှုတွေ မတူညီတာကြောင့်ပါ။
"အေအေက အစပိုင်းတည်းက တရုတ်ရဲ့ပတ်သက်ရင် ပါးနပ်တဲ့ချဉ်းကပ်မှု ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါအပြင် အေအေက တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးလမ်းကြောင်း ပွင့်နိုင်ခြေရှိလို့ တရုတ်က သူ့ရဲ့ backyard(ခြံနောက်)ထဲမှာရှိနေတဲ့ Frontier management ထဲမှာရှိနေတဲ့ မြောက်ပိုင်းလိုမျိုးတော့ မာမာတင်းတင်းလုပ်ဖို့ အခက်အခဲရှိနိုင်ပါတယ်" လို့ တရုတ်အရေးလေ့လာသူက နှိုင်းယှဉ်ပြောပြပါတယ်။
ဒါပေမဲ့ အေအေသာ မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ဝင်တွေလိုအပစ်ရပ်ခဲ့ရင် အေအေနဲ့အတူ တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်နေတဲ့ မကွေးနဲ့ စစ်ကိုင်းက မဟာမိတ်တပ်တွေ၊ နွေဦးတော်လှန်ရေးတပ်တွေဟာ ရှမ်းမြောက်က မဟာမိတ်တွေရဲ့လိုပဲ ရင်ဆိုင်လာရနိုင်ခြေရှိမလား။
အေအေနဲ့တိုက်ပွဲဝင်နေတဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ရဲ့ စစ်ဦးစီးချုပ် ကိုမင်းလတ်ဥက္ကာကလည်း အပစ်ရပ်ရင်ဆိုတဲ့အခြေအနေကို ကြိုတွေးထားကြောင်း ဘီဘီစီကို ပြောပါတယ်။
"လက်တွဲဆောင်ရွက်သွားတဲ့အဖွဲ့အစည်းတွေ အပစ်ရပ်သွားမယ်ဆိုရင်တောင် လူထုရဲ့ထောက်ခံမှု၊ လူထုရဲ့ပံ့ပိုးမှုနဲ့ပဲ ဆက်လက်ပြီးတော့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကို ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေတာမျိုးတွေ ရှိပါတယ်" လို့ သူက ပြောပါတယ်။
တဖက်မှာလည်း အပစ်အခတ်ရပ်စဲထားတဲ့အခြေအနေတွေအောက်မှာ စစ်တပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး မြို့တွေ သိမ်းခဲ့တဲ့ ၁၀၂၇ လို စစ်ဆင်ရေးကြီးတွေ ပေါ်ပေါက်ခဲ့တဲ့အချက်ကိုလည်း သူက ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိမှာတော့ မြန်မာစစ်တပ်ဟာ သူတို့အတွက် စစ်ဌာနချုပ်တစ်ခု လက်လွှတ်ခဲ့ရတဲ့အထိ ထိုးနှက်ချက်ကြီးတဲ့ ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေရှိခဲ့ရာ ရှမ်းမြောက် စစ်မျက်နှာပြင်မှာ တရုတ်ရဲ့အကူအညီနဲ့အတူ အပစ်ရပ်သဘောတူညီချက် အရယူပြီး ရပ်နားလိုက်ပြီဖြစ်ပါတယ်။
အခုလိုတရုတ်ရဲ့ ဖိအား၊ စစ်တပ်နဲ့ ပိုနီးနီးကပ်ကပ်ဆက်ဆံလာပုံကြောင့် မြန်မာ့ပြည်တွင်းစစ် စစ်ရေးအရွေ့ ပါဖြစ်စေတဲ့အနေအထားအတွက် တော်လှန်ရေးအင်အားစုတွေဘက်ကရော ဘယ်လို ချဉ်းကပ်တုံ့ပြန်သင့်သလဲလို့ တရုတ်အရေးလေ့လာသူကို ဘီဘီစီက မေးမြန်းကြည့်ခဲ့ပါတယ်။
ပထဝီနိုင်ငံရေးအရ တရုတ်ဟာ မြန်မာနိုင်ငံမှာ ပဋိပက္ခလျော့ချရေးလို့ပဲ ပြောပြောအပစ်အခတ်ရပ်စဲရေးလို့ပဲပြောပြော တရုတ်ဟာ မြန်မာ့အရေးမှာ တဦးတည်း ပြိုင်ဖက် မရှိဖြစ်လာနေတယ်လို့ သူက ပြောပါတယ်။
China Asymmetrical Influence လို့ခေါ်တဲ့ ကြီးမားတဲ့တရုတ်ဖိအားကို သိသိသာသာခံစားနေကြရတဲ့ အခြေအနေလို့ ဆိုပါတယ်။
"တရုတ်ကို responsible actor (တာဝန်ယူမှုတာဝန်ခံမှု) ဖြစ်အောင်၊ နောက်ပြီး မြန်မာမှာတကယ်လိုနေတဲ့ comprehensive political settlement (နိုင်ငံရေးအစုအဖွဲ့အားလုံးပါဝင်တဲ့ တည်တံ့တဲ့သဘောတူညီမှု) ရဖို့ဆိုတာကို တရုတ်အနေနဲ့သိအောင် short term (ရေတို) တင်မဟုတ် medium term (အလယ်အလတ်)၊ long term (ရေရှည်) အထိ ဘယ်လိုလုပ်မလဲဆိုတာကို အားလုံးဝိုင်း အဖြေရှာရမယ့်ကိစ္စဖြစ်ပါတယ်" လို့ တရုတ်အရေးလေ့လာသူက ထောက်ပြပါတယ်။












