မြန်မာရဲ့အကြီးဆုံးလက်နက်ကိုင်အဖွဲ့တွေ တရုတ်ကို မလွန်ဆန်နိုင်

ဓာတ်ပုံ ရင်းမြစ်, UWSA/BBC
ဝ တပ်ဖွဲ့ဟာ တရုတ်ရဲ့ပြင်းထန်တဲ့ဖိအားကြောင့် ရှမ်းပြည်မြောက်ပိုင်းက မဟာမိတ်တွေကို လုံးဝကူညီတော့မှာ မဟုတ်ဘူးလို့ လူသိရှင်ကြားကြေညာပါတယ်။
ကိုးကန့်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို ဧပြီမှာ မြန်မာစစ်တပ်လက်ထဲ ပြန်ထည့်ပေးခဲ့ပြီးတဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်မျက်နှာပြင်ကို တရုတ်က ဝင်စီမံတဲ့ နောက်ထပ် ကြီးမားတဲ့ အလှည့်အပြောင်း ဖြစ်ပါတယ်။
ဒါဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ်မတိုင်မီ နေပြည်တော်အတွက် ဘေဂျင်းကပေးတဲ့ အကောင်းဆုံးလက်ဆောင်ဖြစ်နိုင်ပါတယ်။
တရုတ်ပြည်နယ်စပ်မှာ အခြေစိုက်တဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာ သူ့ရဲ့မဟာမိတ်တွေကို အကူအညီဖြတ်တောက်ဖို့ဆိုတဲ့အခြေအနေကို မြန်မာစစ်တပ်က မစွမ်းနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ တရုတ်ကတော့ ဝ ရဲ့ ဒုတိယစစ်ဦးစီးချုပ်ကို ထိန်းသိမ်းထားမှု၊ တရုတ်ဘဏ်တွေမှာ ဝ ဘက်က အပ်ထားတဲ့ ယွမ်ဘီလျံပေါင်းများစွာကို ပိတ်ဆို့မှုတွေအပါအဝင် ပြင်းထန်တဲ့ဖိအားတွေ ဆက်တိုက်ပေးပြီး ဝ ကပေးနေတဲ့ မဟာမိတ်တွေအတွက် စစ်ရေးအကူအညီကို ဖြတ်တောက်စေခဲ့ပါတယ်။
သိုသိုသိပ်သိပ်နေလေ့ရှိတဲ့ ဝ တပ်ဖွဲ့ဟာ တရုတ်ဖိအားနဲ့ပတ်သက်လို့ အခုလို လူသိရှင်ကြားကြေညာတာမျိုး အရင်ကမရှိခဲ့ဖူးပါဘူး။
မြန်မာစစ်တပ်ကလည်း တရုတ်နဲ့ပြေလည်ချင်သလို ပြည်တွင်းလက်နက်ကိုင်တွေထဲမှာ အင်အားအကြီးဆုံး ဝ တပ်ဖွဲ့ကလည်း တရုတ်ကို မလွန်ဆန်နိုင်ပါဘူး။
ပန်ဆန်းလမ်းခွဲ

ဓာတ်ပုံ ရင်းမြစ်, UWSA
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) က မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ်(TNLA)၊ ရှမ်းပြည်တပ်မတော် (SSPP) တို့ကို သြဂုတ် ၂၀ ရက်က ဝ မြို့တော် ပန်ဆန်းမှာ ခေါ်တွေ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဝ ပြည်နယ်ဟာ "မည်သည့်ပုံစံ၊ မည်သည့် အကြောင်းအရင်း၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို အဖွဲ့အစည်းအသီးသီးအတွက် မည်သည့် လက်နက် ပစ္စည်းများထောက်ပံ့ပေးခြင်း၊ မည်သည့်စစ်ရေးလှုပ်ရှားမှုများအတွက် သွားလာမှုလမ်းကြောင်းအဆင်ပြေစေခြင်းနဲ့ ငွေကြေး ထောက်ပံ့ခြင်းတွေကို ပြုလုပ်တော့မှာ မဟုတ်ဘူး" လို့ ဝ တပ်ဖွဲ့က ပြောပါတယ်။
ပန်ဆန်း တွေ့ဆုံပွဲမှာ UWSP ဒုတိယ ဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ဦးဆောင်ပြီး ဝ မျိုးဆက်သစ်ခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။
ဒီတွေ့ဆုံပွဲအပြီး ရက်ပိုင်းအတွင်းမှာပဲ ကိုးကန့်နဲ့ ဝ ကိုဆက်သွယ်ထားတဲ့ ညီနောင်တံတားပြိုကျသွားပြီလို့ ဝ က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မိုးကြီးရေလျှံတာမရှိဘဲ မဟာဗျူဟာမြောက်တံတားတစ်စင်းပြိုကျတာဟာ တရုတ်ဘက်က ကျေနပ်အောင် ဝ က သက်သေပြလိုက်တဲ့ သင်္ကေတလို့ စစ်ရေးအကဲခတ်တွေက နားလည်ကြပါတယ်။
"ဝ က အရင်တုန်းကလည်း ကိုးကန့် နဲ့ အဆက်အသွယ်ဖြတ်ကြောင်းပြချင်ရင် ညီနောင်တံတားကို ပိတ်လိုက်တာပဲ။ အခုကတော့ဖြိုကိုချပြခဲ့တာ" လို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
ကိုးကန့်အထူးဒေသ ၁ နဲ့ ဝ အထူးဒေသ ၂ ကို ဆက်သွယ်ထားတဲ့ ညီနောင်တံတားက တရုတ်-မြန်မာနယ်နိမိတ်မျဥ်းနဲ့ ကပ်နေပြီး ၁၀၂၇ စစ်ဆင်ရေးအတွက် စစ်ရေးအကူအညီတွေကို ဒီတံတားကနေ ပို့ဆောင်ကူညီခဲ့တာလို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
ပန်ဆန်းကို မဟာမိတ်တွေ ရောက်မလာခင်က နေပြည်တော်ကစေလွှတ်တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ရောက်လာခဲ့ပြီး သြဂုတ် ၆ ရက် နဲ့ ၇ ရက် နှစ်ရက်နေသွားပြီး မိုင်းလားကို ခရီးဆက်ခဲ့ပါတယ်။
ဒါက မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ဝ နဲ့ မိုင်းလားကို ပထမဆုံးအကြိမ်သွားတာ ဖြစ်ပါတယ်။
ဦးအောင်အောင်ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှာ ရှမ်းပြည်နယ်စစ်ဆင်ရေးအတွက် အဓိကတာဝန်ရှိတဲ့ အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်ပြီး ၂၀၂၄ ခုနှစ်ကမှ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသူပါ။
ဒီခရီးစဥ်တွေကို ကြည့်ခြင်းအားဖြင့် ပန်ဆန်းဟာ နေပြည်တော်နဲ့ မိတ်ဝတ်မပျက်ရှိနေပြီး မဟာမိတ်တွေကိုတော့ ဘာမှ မကူအညီမပေးတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်လာပါတယ်။
ဒီအခင်းအကျင်းရဲ့နောက်ကွယ်မှာ တရုတ်ရှိနေတယ်ဆိုတာကိုပါ ဝ က ထုတ်ပြောခဲ့ပါတယ်။
ယူနန်လူဖမ်းပွဲတွေ

ဓာတ်ပုံ ရင်းမြစ်, WSTV
တရုတ်ဟာ ကမ္ဘာ့မျက်နှာစာမှာ နိုင်ငံကြီးတစ်ခုလို ပြုမူဆက်ဆံနေပေမယ့်လို့ ယူနန်မှာတော့ လူဖမ်း၊ ပြန်ပေးဆွဲတဲ့ ပုံစံမျိုးတွေ မကြာခဏပြုမူတာ တွေ့ရပါတယ်။
၂၀၂၃ ဇူလိုင်မှာ ကိုးကန့်မိသားစုကြီး လေးခုကို ယူနန်က စျေးပွဲတော်တစ်ခုကိုဖိတ်ပြီး ဖမ်းဆီးတာက လူသိများပါတယ်။
ယူနန်မှာ ဆေးလာကုတဲ့ ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်ကိုလည်း လနဲ့ချီ ထိန်းသိမ်းထားတာတွေ ယူနန်အာဏာပိုင်တွေက လွန်ခဲ့တဲ့ နှစ်တွေတုန်းက ပြုလုပ်ခဲ့ပြီးပါပြီ။
ဒါ့အပြင် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ ဒု စစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်း ကိုလည်း ယူနန်မှာထိန်းသိမ်းထားတာ နှစ်နှစ် ဝန်းကျင်ရှိလာပါပြီ။
ဗမာပြည်ကွန်မြူနစ်ပါတီကို ပုန်ကန်ပြီး ပေါ်ပေါက်လာတဲ့ ဝ၊ ကိုးကန့်တပ်တွေနဲ့ မိုင်းလားအဖွဲ့ဟာ တရုတ်နယ်စပ်မှာ အခြေစိုက်ပြီး တရုတ်ကို ကဏ္ဍစုံမှာ မှီခိုအားထားရပါတယ်။
တပ်စထောင်တဲ့ နှစ်ပေါင်း ၄၀ နီးပါးအတွင်း မြန်မာစစ်တပ်ကို ဘက်ပြိုင်အံတုပြီး လက်နက်ကိုင်ထားတဲ့အဖွဲ့တွေအနေနဲ့ စစ်ရေး၊ စီးပွားရေးနဲ့ လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေအဆုံး တရုတ်နိုင်ငံကို မှီခိုအားထားနေကြရတာ ဖြစ်ပါတယ်။
ဒါကြောင့် တရုတ်အနေနဲ့ ယူနန်ပြည်နယ်ထဲကို ရောက်လာတဲ့ လက်နက်ကိုင်ခေါင်းဆောင်ပိုင်းနဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းတာ၊ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့အရေးယူတာတွေ ပြုလုပ်နိုင်တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကိုအကြောင်းပြုပြီး နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်ကြားက ဆက်ဆံရေးဟာ အဖုအထစ်တွေ စရှိလာပါတယ်။
တရုတ်က သည်းမခံနိုင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) တွေက ကိုးကန့်နဲ့ ဝ နယ်မြေထဲမှာတည်ရှိနေတာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
အဲဒီထက် သည်းမခံနိုင်တာက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ပြင်ပအင်အားစုတွေနဲ့ ပေါင်းနေတယ်လို့ တရုတ်က ယုံကြည်နေတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာ မြောက်ပိုင်းမဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ်၊ တအာန်းတပ်နဲ့ အာရက္ခတပ်တော်တို့ ဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအောင်ပွဲဟာ ဝ ရဲ့ ကူညီမှုကြောင့်လို့ တရုတ်က ယူဆခဲ့ပါတယ်။
တရုတ်တားတဲ့စည်း

သြဂုတ် ၂၀ ရက်က ပန်ဆန်းက တွေ့ဆုံပွဲမှာ UWSP ဒုတိယ ဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက အချက်လေးချက်ပြောခဲ့ပြီး တရုတ်သည်းမခံနိုင်ခဲ့တဲ့ ကိစ္စတွေကို ထည့်ပြောသွားပါတယ်။
၁၀၂၇ စစ်ဆင်ရေးလှုပ်ရှားမှုမှာ တရုတ်အခြေစိုက်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ NUG နဲ့ ထိတွေ့ဆက်ဆံမှု မပြုရေး၊ ပြင်ပအင်အားစုကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ မဆွဲခေါ်လာရေး စတဲ့ မူဝါဒတွေကို ဖောက်ဖျက်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါက မနှစ်က စက်တင်ဘာတုန်းက NUG နဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းတာ လုံးဝလုပ်မှာမဟုတ်ဘူးလို့ ကြေညာခဲ့တဲ့ ကိုးကန့်တပ်ရဲ့ ရပ်တည်ချက်ကို ပြန်အမှတ်ရစေပါတယ်။
အဲဒီကာလနဲ့မရှေးမနှောင်းဖြစ်တဲ့ သြဂုတ်လမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ က တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံ တွေက နိုင်ငံခြားရေးဝန်ကြီးတွေကို အလွတ်သဘော တွေဆုံပြီး မြန်မာနိုင်ငံအရေးကိစ္စမှာ ကျော်လွန်မရတဲ့ စည်းသုံးခုကို ခိုင်မာစွာထိန်းသိမ်းထားရမယ်လို့ ပြောခဲ့ပါတယ်။
အဲဒီစည်း ၃ စည်းက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မဖြစ်ရေးနဲ့ တည်ငြိမ်ရေး၊ အာဆီယံမိသားစု လမ်းကြောင်းက ကင်းကွာသွားလို့မရရေး၊ ပြင်ပအင်အားစုတွေ ထင်သလိုစိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုရေးတို့ဖြစ်တယ်လို့ သူကပြောပါတယ်။
"ပြင်ပအင်အားစုဆိုတာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို ဆိုလိုတယ်ဆိုတာ တရုတ်ကထုတ်မပြောလည်း အားလုံးသိနေကြတာပဲ" လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) က တိုက်ပွဲတွေနဲ့အတူ ပြင်ပအင်အားစုတွေစိမ့်ဝင်လာမှာ တရုတ်ကစိုးရိမ်ပြီး အကြီးဆုံးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ဝ ကိုပါ ဖိအားပေးခဲ့တာဖြစ်ပါတယ်။
ဒီအခြေအနေတွေကို တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျင်းနဲ့ ဝ ခေါင်းဆောင်နှစ်ဦး ၂၀၂၄ သြဂုတ်မှာတွေ့ခဲ့တဲ့ ယူနန်က ပူအယ်တွေ့ဆုံပွဲမှာ တွေ့နိုင်ပါတယ်။
ပူအယ်မြို့၊ ဟွေ့ကျွမ်းဟိုတယ်က တွေ့ဆုံပွဲမှာ တက်ရောက်ခဲ့တာ UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အမ်းနဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုတိယအထွေထွေအတွင်းရေးမှူး ဦးပေါက်အိုက်ခမ်း ဖြစ်ပါတယ်။
ဦးကျောက်ကော်အမ်းက တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကို အဓိကတာဝန်ယူရသူဖြစ်ပြီး ဦးပေါက်အိုက်ခမ်းကတော့ UWSP ခေါင်းဆောင် ဦးပေါက်ယူချန်းရဲ့သားဖြစ်ပါတယ်။
တရုတ်ရဲ့ ဗဟို မပြိုလဲရေးမူ

ဓာတ်ပုံ ရင်းမြစ်, cincds
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ လားရှိုးကျသွားတဲ့အထိ ကာလကို မြန်မာစစ်တပ်သမိုင်းမှာ မကြုံစဖူး ကိုင်လှုပ်ခံရတဲ့ '၁၀ လတာရှော့ခ်' လို့ သုတေသနနဲ့ မူဝါဒရေးရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar က ရေးပါတယ်။
'စစ်ဆင်ရေး ၁၀၂၇' စတင်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ် သြဂုတ်လအထိ ၁၀ လတာ ကာလအတွင်း မြန်မာစစ်တပ်ဟာ အခြေစိုက်တပ်စခန်းပေါင်း ၁၄၅ ခုထက်မနည်းနဲ့ မြို့ ၇၅ မြို့ လက်လွှတ်ဆုံးရှုံးခဲ့ရတယ် လို့ ISP Myanmar က ဖော်ပြပါတယ်။
"အဲဒီကာလတုန်းက မြန်မာစစ်တပ်ပြိုလဲသွားနိုင်တယ်ဆိုတာကို ထောက်လှမ်းရေးသတင်းတွေကနေ အစောဆုံး သတိထားမိတဲ့ နိုင်ငံနှစ်ခု ရှိခဲ့တယ်။ အမေရိကန်နဲ့ တရုတ်ပဲ" လို့ လုံခြုံရေးဆိုင်ရာအကဲခတ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အိမ်နီးချင်းနိုင်ငံအများစုက စစ်တပ်ပြိုရင် အစားထိုးနိုင်လောက်တဲ့၊ စုစည်းခိုင်မာတဲ့ အင်အားစုတစ်ရပ် မြန်မာမှာ ရှိမနေဘူးလို့ ယူဆကြတဲ့အကြောင်း ISP Myanmar က သုံးသပ်ပါတယ်။
"စစ်တပ်ပြိုပြီး တိုင်းပြည်ပြိုကွဲရေးပါ ဖြစ်လာတာကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးသရွေ့ ဗဟိုမပြိုလဲရေးအတွက် ကျားကန်ရမယ်ဆိုတဲ့ စဉ်းစားပုံတွေကလည်း တရုတ်၊ ထိုင်း စတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မဟာဗျူဟာ ဖြစ်လာပုံရပါတယ်" လို့ ISP Myanmar က ဖော်ပြပါတယ်။
တရုတ်ဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ လားရှိုးကျပြီးတဲ့နောက် နေပြည်တော်ဘက်က သိသိသာသာ ပြန်ရပ်တည်ခဲ့ပါတယ်။
ဒါပေမဲ့ နေပြည်တော်ကို ဗဟိုအဖြစ် စဥ်းစားတဲ့ တရုတ်ရဲ့စဥ်းစားချက်ကို မူဝါဒအမှားလို့ ဝေဖန်ကြတဲ့ စစ်ရေးအကဲခတ်တွေလည်း အများအပြားရှိပါတယ်။
အနောက်နဲ့ နီးစပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ နဲ့ ဝ တပ်ဖွဲ့ နီးကပ်သွားမှာကို တရုတ်က အထူးစိုးရိမ်ပြီး သတိထားစောင့်ကြည့်ခဲ့ပါတယ်။
မနှစ်က သြဂုတ်လဆန်းမှာ ကွယ်လွန်ခဲ့တဲ့ မိုင်းလားအဖွဲ့ (NDAA) ခေါင်းဆောင် ဦးစိုင်းလင်း ရဲ့ နာရေးမှာ တော်လှန်ရေးအဖွဲ့တွေ စုံလင်စွာတွေ့ခဲ့ရပါတယ်။
နာရေးကိုရောက်လာတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော်(KNDF) တို့နဲ့ ဝတပ်ဖွဲ့ရဲ့ ဆက်ဆံရေးကို တိန့်ရွှီကျွင်းက ပူအယ်တွေ့ဆုံပွဲမှာ အသေးစိတ်မေးခဲ့ပါတယ်။
K3 လို့ အတိုကောက်ခေါ်တဲ့ ဒီသုံးဖွဲ့ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပါတယ်။
ဦးစိုင်းလင်းရဲ့ နာရေးမှာ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်က မြန်မာစစ်တပ်ကိုတော်လှန်နေတဲ့ အဖွဲ့ခေါင်းဆောင်တွေ နဲ့ ကျောက်ကော်အန်းကို မိတ်ဆက်ပေးခဲ့တယ်လို့ တရုတ်ဘက်က သိထားခဲ့ပါတယ်။
"ဝ တပ်ဖွဲ့သာပါလာရင် စစ်ကောင်စီကို ခြောက်လအတွင်း ပြုတ်ကျအောင် တိုက်နိုင်တယ်" လို့ လာစည်းရုံးတဲ့အဖွဲ့တွေလည်း ရှိတဲ့အကြောင်း ဦးကျောက်ကော်အန်းက တိန့်ရွှီကျင်းကို ပြောတဲ့အကြောင်း ပေါက်ကြားလာတဲ့ ပူအယ်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ တရုတ်စကားကိုနားထောင်ပြီး တိုက်ပွဲထဲဝင်မှာမဟုတ်ဘူး လို့ ဝ တပ်ဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌက ကတိပြုခဲ့ပါတယ်။
ပန်ဆန်း ဘယ်လိုဆက်ရပ်တည်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ ပူအယ်တွေ့ဆုံပွဲပြီးလို့ တစ်နှစ်ကြာတဲ့အခါမှ တရုတ်ရဲ့ဖိအားကို လူသိရှင်ကြားပြောပြီး ဝ က မဟာမိတ်တွေနဲ့ ဆက်ဆံရေး တစ်ခန်းရပ်တာဖြစ်ပါတယ်။
ဝ ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးရပ်တည်ချက်ဟာ ပြောင်းလဲခြင်းမရှိခဲ့ဘဲ မြန်မာဘက်နဲ့ဆွေးနွေးရင် ငြိမ်းချမ်းရေးဆွေးနွေးမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူလူထု လူနေမှုမြှင့်တင်ရေးလမ်းစဥ်တွေကို ကိုင်စွဲထားတယ်လို့ ဦးကျောက်ကော်အန်းက မဟာမိတ်တွေကို ပြောပါတယ်။
တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေဟာ အချိန်ကာလကြာလာတာနဲ့အမျှ အင်အားပြောင်းလဲမှု၊ နိုင်ငံရေးရပ်တည်ချက်ပြောင်းလဲမှု၊ ခေါင်းဆောင်ပိုင်းပြောင်းလဲမှု အပါအဝင် တခြားပြဿနာတွေရဲ့ အထွေထွေသက်ရောက်မှုတွေကြောင့် မတူညီတဲ့လမ်းစဥ်ကို တဖြည်းဖြည်းလျှောက်လှမ်းလာခဲ့ကြတယ်လို့ ဝ ကမြင်ပါတယ်။
ဝ အနေနဲ့ အဖွဲ့အစည်း အသီးသီးကို ကာလအသီးသီးမှာ တတ်စွမ်းသရွေ့ ကူညီထောက်ပံ့မှုတွေ ပေးခဲ့ပြီး အတိတ်ကာလမှာ အဖွဲ့တွေရဲ့ရွေးချယ်မှုတွေကို အတွင်းရေးကိစ္စဖြစ်လို့ လေးစားမှုထားပြီးဝင်မပါခဲ့ဘူး လို့ ဆိုပါတယ်။
"တိုင်းရင်းသားအချင်းချင်း စာနာနားလည်မှုနဲ့ တတ်စွမ်းသမျှ ကူညီထောက်ပံ့ခဲ့ပြီး တတ်နိုင်သလောက် ဖြည့်ဆည်းပေးခဲ့တယ်" လို့ ဦးကျောက်ကော်အန်းက ပြောပါတယ်။
တရုတ်နိုင်ငံဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ရေးပဋိပက္ခဖြစ်ပွားတာကို လုံးဝသည်းမခံတော့ဘူးလို့ ဝ ကို အသိပေးထားပါတယ်။
ဝ ပြည်နယ်က အဖွဲ့အစည်းအသီးသီးကို လက်နက်၊ ငွေကြေးနဲ့ သွားလာမှု လမ်းကြောင်း အဆင်ပြေရေး ထောက်ပံ့မှုတွေကြောင့် ပြဿနာတွေ ဖြစ်ခဲ့ပြီး ဝ ပြည်နယ်က အားလုံး တာဝန်ယူသွားဖို့ တရုတ်ဘက်က ပြောခဲ့တယ် လို့ ဦးကျောက်ကော်အန်းက ပြောပါတယ်။
စစ်ရေးပဋိပက္ခ ဖြစ်နေတဲ့ အဖွဲ့အစည်းတွေကို လက်နက်ပစ္စည်းထောက်ပံ့မှု မရပ်ရင် တရုတ်က ဝ ပြည်နယ်အပေါ် အခုထက်ပိုအရေးယူမယ်လို့ အသိပေးထားတဲ့အကြောင်း သူက ပြောပါတယ်။
တရုတ်ရဲ့ လက်ရှိအရေးယူမှုဟာ ဝ ပြည်နယ်အနေနဲ့ မခံနိုင်တဲ့ ဖိအားဖြစ်ပြီး နှစ် ၄၀ ကျော် အတွင်း အကြီးမားဆုံး သေရေး ရှင်ရေး ကိစ္စဖြစ်တယ် လို့ ဝ ခေါင်းဆောင်ပိုင်းက မှတ်ယူထားပါတယ်။
တကယ်လို့ တရုတ်က ဝ ပြည်နယ်ကို အရေးယူမှုတိုးမြှင့်ရင် ထွက်ပေါ်လာမယ့် ရလဒ်က စဉ်းစားစရာတောင် မလိုဘူး လို့ သူက ဆက်ပြောပါတယ်။
"တရုတ်က ပြောတဲ့အတိုင်း လုပ်လိမ့်မယ်" လို့ ဦးကျောက်ကော်အန်းက မဟာမိတ်တွေကို ပြောပါတယ်။












