ဝ တပ်ဖွဲ့ ဦးဆောင်သူနေရာ ဘယ်သူတွေ အမွေဆက်ခံမလဲ

 UWSA ရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တချို့ကို ဒုဥက္ကဋ္ဌ နဲ့အတူ တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, MNDAA

ဓာတ်ပုံ ပုံစာ, UWSA ရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တချို့ကို ဒုဥက္ကဋ္ဌ နဲ့အတူ တွေ့ရစဉ်

၃၅ နှစ်ကြာ သက်တမ်းရှိလာတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဟာ သူ့ရဲ့ ခေါင်းဆောင်ပိုင်းကို မျိုးဆက်သစ်တွေ နဲ့ အပြောင်းအလဲ လုပ်လာတာ တွေ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးအောင်မြင်ပြီးတဲ့နောက် ကိုးကန့်တပ် MNDAA ရဲ့ ဝ ပြည် ပန်ဆန်းခရီးစဉ်မှာ ဝ ခေါင်းဆောင်ပိုင်းရဲ့ မျိုးဆက်သစ်တွေ ပွဲထွက်လာမှုကို ပိုသတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။

ကိုးကန့်တပ် MNDAA ရဲ့ စစ်ဦးစီးချုပ်ကို လက်ခံတွေ့ဆုံတဲ့ ဝ တပ်ဖွဲ့မှာ လျှာထိုးဦးထုပ်ဆောင်း၊ တီရှပ် လက်ရှည်ဝတ်ထားတဲ့ လူလတ်ပိုင်းတစ်ဦးပါဝင်ပြီး သူက အနာဂတ် မှာ UWSA ကို ဦးဆောင်မယ့်လူလို့ ဝ တပ်ဖွဲ့တွင်းမှာ နားလည်လက်ခံထားကြပါတယ်။

သူက မြန်မာပြည်ရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP အထွေထွေအတွင်းရေးမှူး ပေါက်ယူချန်းရဲ့သား ဒုတိယအထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်း ဖြစ်ပါတယ်။

ပေါက်အိုက်ခမ်း ဘယ်သူလဲ

UWSP အထွေထွေအတွင်းရေးမှူး ပေါက်ယူချန်းရဲ့သား ပေါက်အိုက်ခမ်း

ဓာတ်ပုံ ရင်းမြစ်, MNDAA

ဓာတ်ပုံ ပုံစာ, UWSP အထွေထွေအတွင်းရေးမှူး ပေါက်ယူချန်းရဲ့သား ပေါက်အိုက်ခမ်း

ဗမာပြည်ကွန်မြူနစ်ပါတီကို ကျောက်ညီလိုင် နဲ့ ပေါက်ယူချန်းတို့ ဦးဆောင်တဲ့ ဝ တပ်မှူးတွေက ပုန်ကန်ခဲ့လို့ ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်မှာ ဌာနချုပ် ပန်ဆန်းကနေ စွန့်ခွာခဲ့ရပါတယ်။

အဲဒီ ပုန်ကန်မှုကို ဦးဆောင်ခဲ့သူတွေရဲ့ အုပ်စိုးမှုကို သူတို့ မျိုးဆက်တွေက မကြာခင်မှာ လက်လွှဲယူကြတော့မယ့် အရိပ်အခြေတွေကို တွေ့နေရပြီဖြစ်ပါတယ်။

ဇန်နဝါရီ နောက်ဆုံးပတ်က ကိုးကန့်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှုမှာ ပေါက်အိုက်ခမ်း ကို သူ့ရဲ့ဝတ်စားဆင်ယင်မှုကြောင့် ပြည်မ က လူတွေ စတင်သတိထားမိခဲ့ကြပေမယ့် ဝ ပြည်ထဲမှာတော့ သူ့ကို လူသိများနှင့်ပြီးဖြစ်ပါတယ်။

‘’လူကြီးတွေ နဲ့တွေ့ရင် သူ့ကိုအဲဒီလိုမဝတ်ဖို့ အကြံပြုတာတွေရှိပေမယ့် သူက လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ နေတတ်ပါတယ်’’ လို့ ပေါက်အိုက်ခမ်း အကြောင်း သိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကိုးကန့် ခေါင်းဆောင်တွေ နဲ့အတူ တွေ့ရတဲ့ ပေါက်အိုက်ခမ်း (ဝဲ)

ဓာတ်ပုံ ရင်းမြစ်, MNDAA

ဓာတ်ပုံ ပုံစာ, ကိုးကန့် ခေါင်းဆောင်တွေ နဲ့အတူ တွေ့ရတဲ့ ပေါက်အိုက်ခမ်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပေါက်အိုက်ခမ်းက ဘတ်စကက်ဘော ကစားတာဝါသနာပါပြီး ဝ ပြည်နယ်ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၅) နှစ်ပြည့် အားကစားပြိုင်ပွဲမှာ ဘတ်စကက်ဘော တစ်သင်းထွက်ပြီး သူကိုယ်တိုင် ဝင်ကစားပါတယ်။

ပန်ဆန်းမှာမွေးပြီး ပန်ဆန်းမှာကြီးတဲ့ ပေါက်အိုက်ခမ်း က ဝ ဘာသာစကား နဲ့ တရုတ် ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပြီး မြန်မာဘာသာစကားကိုတော့ အနည်းငယ်သာတတ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ သူ့ဖခင် ပေါက်ယူချန်းလိုပဲ မြန်မာစကားကို တတ်ကျွမ်းပေမယ့် အသုံးမပြုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သူက စစ်ကောင်စီ နဲ့ ဆွေးနွေးပွဲတွေလုပ်နေတဲ့ ဝ ကိုယ်စားလှယ်အဖွဲ့ နဲ့အတူ နေပြည်တော်ကိုလိုက်သွားဖို့ မနှစ်က စီစဉ်ခဲ့ပေမယ့် သွားခါနီးမှ ကျန်းမာရေးအကြောင်းပြချက် နဲ့ ပန်ဆန်းမှာပဲ နေရစ်ခဲ့သူ ဖြစ်ပါတယ်။

ပေါက်အိုက်ခမ်း က ဝ ပြည် ရဲ့ ဒေသတော်တော်များများမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လူထုရဲ့ အားပေးထောက်ခံမှုကို ရရှိသူတစ်ဦးအဖြစ် လူသိများပါတယ်။

သူက ဝ ပြည် တောင်ပိုင်း ၁၇၁ စစ်ဒေသမှာ တပ်ရင်းမှူး၊ မိုင်းပေါက်ခရိုင် ရဲ့ တပ်မဟာမှူး စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ပြီးနောက် ပါတီရဲ့ ဒုတိယအကြီးဆုံးနေရာဖြစ်တဲ့ ဒုတိယအထွေထွေအတွင်းရေးမှူးနေရာကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဝ ပြည် တောင်ပိုင်း ၁၇၁ စစ်ဒေသ ဆိုတာ ရှမ်းပြည်နယ် အရှေ့ပိုင်း မြန်မာ-ထိုင်းနယ်စပ်က တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ တို့အပါအဝင် မြို့နယ် ခုနှစ်မြို့နယ် သတ်မှတ်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ပဒေသရာဇ်ဆန်တဲ့ လက်လွှဲမှု

ဝ ငြိမ်းချမ်းရေး အနှစ် ၃၀ ပြည့်ပွဲမှာ UWSA ခေါင်းဆောင် ပေါက်ယူချန်း ရဲ့ ပုံကို ဂုဏ်ပြုသယ်ဆောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝ ငြိမ်းချမ်းရေး အနှစ် ၃၀ ပြည့်ပွဲမှာ UWSA ခေါင်းဆောင် ပေါက်ယူချန်း ရဲ့ ပုံကို ဂုဏ်ပြုသယ်ဆောင်

ပေါက်အိုက်ခမ်း နည်းတူ လူသိများတဲ့ လူငယ်ခေါင်းဆောင်တစ်ဦးကတော့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တည်ထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ကျောက်ညီလိုင်းရဲ့ သား ကျောက်အိုက်နပ်လိုင် ဖြစ်ပါတယ်။

သူက နိုင်ငံရေးဌာနကြီးမှူး ဖြစ်ပြီး ဗဟိုနိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင် လည်းဖြစ်ပါတယ်။

ကျောက်အိုက်နပ်လိုင်ဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် ကိုးကန့်ဒေသကနေ ဝ ဒေသကို စစ်ရှောင်လာသူတွေကို ကူညီဖို့ ချင်းရွှေဟော်၊ နမ့်တစ် နဲ့ ဟိုပန်မြို့တွေအထိ သွားပြီး ကြီးကြပ်ခဲ့သူ ဖြစ်ပါတယ်။

‘’သူက ကျန်းမာရေး နဲ့ ပညာရေး ကို အဓိက ကိုင်တွယ်နေတာ တွေ့ရတယ်’’ လို့ ပန်ဆန်း က ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

ကျောက်ညီလိုင်း က ၂၀၀၉ ခုနှစ်က ကွယ်လွန်ခဲ့ပြီး ပေါက်ယူချန်းတို့ မျိုးဆက်ခေါင်းဆောင်ပိုင်းက အသက် ၇၀ တန်းကိုရောက်နေပြီ ဖြစ်ပါတယ်။

ကျောက်ညီလိုင် နဲ့ ပေါက်ယူချန်းတို့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ မပူးပေါင်းခင်ကတည်းက ဝ ဒေသ ရဲ့ ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်တွေ ဖြစ်ခဲ့ကြပါတယ်။

UWSP ဒုတိယ အထွေထွေအတွင်းရေးမှူး ရှောက်မင်လျံလည်း မနှစ်က အသက် ၇၅ နှစ် အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ UWSP ခေါင်းဆောင်ပိုင်း က မူဝါဒပိုင်းကိုပဲ ကိုင်တွယ်နေပြီး ဗဟိုလုပ်ငန်းဖော်ဆောင်မှုကော်မတီ က တဆင့် လူငယ်မျိုးဆက်ကို တဖြည်းဖြည်းနေရာပေးလာနေတယ်လို့ ပန်ဆန်းက ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

အသက် ၄၀ ကျော်တန်း တွေဖြစ်တဲ့ ပေါက်အိုက်ခမ်း နဲ့ ကျောက်အိုက်နပ်လိုင် အပါအဝင် တခြား လူငယ်ခေါင်းဆောင်တွေ ပါတဲ့ အဲဒီကော်မတီက တဆင့် အုပ်ချုပ်ရေးလုပ်ငန်းတချို့ နဲ့ ဆုံးဖြတ်ချက်တချို့ ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။

‘’သူတို့ရာထူးတွေ နဲ့သူတို့ အသွင်အပြင်က လိုက်ဖက်ပါတယ်။ ကျောက်ကြား (ကျောက်အိုက်နပ်လိုင်) က နိုင်ငံရေးသမားပုံထွက်နေပြီး ပေါက်ကြား(ပေါက်အိုက်ခမ်း) က တိုက်ခိုက်ရေးသမားပုံထွက်နေတာလေ’’ လို့ ပန်ဆန်းက ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် ဝ ဒေသကို စစ်ရှောင်လာသူတွေကိုကြီးကြပ်နေတဲ့ကျောက်အိုက်နပ်လိုင်

ဓာတ်ပုံ ရင်းမြစ်, UWSA

ဓာတ်ပုံ ပုံစာ, ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ရှောင်လာသူတွေကိုကြီးကြပ်နေတဲ့ ကျောက်အိုက်နပ်လိုင် (မျက်မှန်တပ်ထားသူ)

နောက်ထပ်အရေးပါတဲ့ ဝ ခေါင်းဆောင်ပိုင်း လူငယ်တစ်ဦးကတော့ ကျောက်ရှောက်ဟူ ဖြစ်ပြီး ပြင်ပဆက်ဆံရေးဌာနရဲ့ ဒုတိယ ဌာနကြီးမှူး ဖြစ်ပါတယ်။

လက်ရှိဌာနကြီးမှူး UWSP ဒုတိယဥက္ကဋ္ဌ ကျောက်ကော်အန်းရဲ့ သား ဖြစ်ပါတယ်။

ပြင်ပဆက်ဆံရေးဌာနက အရေးကြီးတဲ့ ဌာနဖြစ်ပြီး နေပြည်တော် နဲ့ တရုတ်နိုင်ငံက ယူနန်ပြည်နယ်အုပ်ချုပ်ရေးခေါင်းဆောင်တွေ၊ မြို့တော်ဘေဂျင်းက အစိုးရတွေနဲ့ ဆက်ဆံရေးကိုသာမက ဝ ပြည်ရဲ့ လူအဝင်အထွက်ကိုပါ ကိုင်တွယ်ရတဲ့ ဌာနဖြစ်ပါတယ်။

ဒီရာထူးက UWSP အကြီးအကဲ ပေါက်ယူချန်းကို အကြံပေးရတဲ့ အရေးကြီးတာဝန်ပါ ယူထားရတာ ဖြစ်ပါတယ်။

‘’ကျောက်ရှောက်ဟူ ကလည်း သိုသိုသိပ်သိပ် နေတယ်။ တရားဝင်စာမထွက်သေးပေမယ့် ဌာနကြီးမှူးတာဝန်တချို့ကို သူစယူနေပါပြီ’’ လို့ ဘီဘီစီရဲ့ UWSP သတင်းအရင်းအမြစ်က ပြောပါတယ်။

ဝ ခေါင်းဆောင်တွေက သူတို့ရဲ့ဆက်ခံသူတွေကို စိတ်ကြိုက်လေ့ကျင့်ပျိုးထောင်ပေးပြီးမှ လက်လွှဲတာ ဖြစ်လို့ တည်ငြိမ်မှုရှိနိုင်တယ်လို့ တိုင်းရင်းသားအရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

‘’လူကြီးသားသမီးတွေပါသလို တော်တဲ့သူတွေလည်းပါတယ်’’ လို့ သူက ပြောပါတယ်။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ ဝ မျိုးဆက်တွေ ရဲ့ အပြောင်းအလဲဟာ ပဒေသရာဇ်ဆန်တယ်လို့ ပြောပေမယ့် အခုလိုနေရာပေးလာတာကိုတော့ မှန်ကန်တဲ့ လုပ်ရပ်တစ်ခုလို့ သူက ရှုမြင်ပါတယ်။

‘’ပဒေသရာဇ်တော့ နည်းနည်းဆန်တာပေါ့လေ။ ဒါပေမဲ့ တခြားအဖွဲ့အစည်းတွေမှာလည်း ဒီလိုပဲ အာဏာကိုလွှဲပြောင်းနေတာပါပဲ။ ဝ မျိုးဆက်တွေကတော့ အတော်လေး ခေတ်မီပြီး ပညာတတ်တွေဖြစ်နေကြပါပြီ’’ လို့ ဗမာပြည်ကွန်မြူနစ်ပါတီဝင် ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီကိုပုန်ကန်ခဲ့တဲ့ ကိုးကန့်တပ်က ဖုန်ကြားရှင် ရဲ့ သား ဖုန်တာ့ရွှင်ကလည်း MNDAA ကို ဦးဆောင်နေပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီကိုပုန်ကန်ခဲ့တဲ့ နောက်ထပ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မိုင်းလားအဖွဲ့ NDAA ခေါင်းဆောင် ဦးစိုင်းလင်း ရဲ့ သား ဦးထိန်လင်းကလည်း အထူးဒေသ (၄) အစိုးရ ဥက္ကဋ္ဌ တာဝန်ကိုယူနေပြီဖြစ်ပါတယ်။

အမျိုးသမီးတွေကို UWSA နေရာပေးသလား

ဝ စစ်သားတွေကြားမှာ တွေ့ရတဲ့ ‘ဟဲဖျင်’

ဓာတ်ပုံ ရင်းမြစ်, MNDAA

ဓာတ်ပုံ ပုံစာ, ဝ စစ်သားတွေကြားမှာ အရပ်ဝတ် နဲ့ တွေ့ရတဲ့ ‘ဟဲဖျင်’

ကိုးကန့်တပ် MNDAA ရဲ့ ဝ ပြည် ပန်ဆန်းခရီးစဉ်မှာ နောက်ထပ် သတိထားမိစရာကတော့ UWSA ဘက်က ‘ဟဲဖျင်’ ဆိုသူ အမျိုးသမီး ဖြစ်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ မြန်မာစစ်တပ်ကို အာခံတော်လှန်ခဲ့ကြတဲ့ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ရဲ့ ထိပ်သီးတွေ့ဆုံပွဲမှာ ရှားရှားပါးပါးတွေ့ရတဲ့ လူငယ်အမျိုးသမီးဖြစ်ပါတယ်။

သူက UWSP အထွေထွေအတွင်းရေးမှူး ပေါက်ယူချန်းရဲ့ ကိုယ်ရေးအရာရှိဖြစ်ပြီး UWSP အကြီးအကဲရဲ့ ခရီးစဉ်တိုင်းလိုလိုမှာ သူ့ကိုတွေ့ရလေ့ရှိတယ်လို့ ပန်ဆန်းက သတင်းအရင်းအမြစ်တွေက ဆိုကြပါတယ်။

သူကလည်း သိုသိုသိပ်သိပ်နေတတ်ပြီး ဘီဘီစီက စုံစမ်းမေးမြန်းကြည့်သူတွေထဲမှာ သူ့အကြောင်းကို များများစားစားပြောပြနိုင်သူ မရှိပါဘူး။

တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ဟဲဖျင်က ဝ တရုတ် နယ်စပ်မှာ မွေးဖွားကြီးပြင်းသူဖြစ်ပြီး တရုတ်သွေးပါသူ လို့ ဘီဘီစီကိုပြောပါတယ်။

‘’သူက ရုံးလုပ်ငန်းတွေ အဓိက လုပ်တာပါ ’’ လို့ သူက ပြောပါတယ်။

လက်ရှိခေါင်းဆောင်ပိုင်းမှာ အမျိုးသမီးတွေများများစားစားမပါဝင်လာသေးပေမယ့် ဝ တပ်ဖွဲ့ဟာ အမျိုးသမီးတွေကို နေရာပေးရမယ်ဆိုတဲ့ သဘောတရားကို နားလည်လက်ခံလာတာ တွေ့ရတယ် လို့ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

‘’Trend ကိုတော့ နားလည်နေတဲ့သဘောရှိတယ်။ အမျိုးသမီးတိုက်ခိုက်ရေးတပ်ပါ ရှိနေတယ်လေ’’ လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

စစ်ရေးပြနေတဲ့ UWSA အမျိုးသမီးစစ်ကြောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ရေးပြနေတဲ့ UWSA အမျိုးသမီးစစ်ကြောင်း

မျိုးဆက်သစ်တွေကြောင့် ဝ မူဝါဒ ပြောင်းမလား

တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ဝ တပ်ဖွဲ့ဟာ နိုင်ငံရေးအရလည်း ပါးနပ်တဲ့ အဖွဲ့အစည်းအဖြစ် စစ်ရေးအကဲခတ်တွေရဲ့ ရှုမြင်ခြင်းကို ခံရပါတယ်။

သူတို့နှစ်ရှည်ကိုင်စွဲခဲ့တဲ့ ‘’ငြိမ်းချမ်းရေးအလံ တစ်ဘက် လက်နက်တစ်ဘက်’’ မူက ထင်ရှားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အစ်ကိုကြီးအဖြစ် သတ်မှတ်ခံရသလို နေပြည်တော် နဲ့ လည်း မျက်နှာမပျက်အောင် ဆက်ဆံနိုင်ခဲ့ပါတယ်။

UWSA ဟာ အာဏာသိမ်းစစ်ကောင်စီ နဲ့ ဝ ပြည်နယ် သတ်မှတ်ပေးရေးဆွေးနွေးခဲ့ပြီး မူအားဖြင့်သဘောတူညီမှု ရထားပါတယ်။

နေပြည်တော်က အကြီးအကျယ်အရှက်ရခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ကိုးကန့်တပ်ဟာ ဝ နယ်မြေကို အသုံးချခဲ့တဲ့အကြောင်း ထောက်လှမ်းရေးသတင်းတွေက ဖော်ပြခဲ့ကြပေမယ့် နေပြည်တော် နဲ့ ပန်ဆန်းဟာ လူသိရှင်ကြား အချင်းမများခဲ့ကြပါဘူး။

UWSA တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, UWSA တပ်ဖွဲ့ဝင်တွေ

မြန်မာစစ်တပ် နှစ်ပေါင်းများစွာထိန်းချုပ်ခဲ့တဲ့ ဝ ဒေသထဲက ဟိုပန်မြို့နယ် ကို မြောက်ပိုင်းမဟာမိတ်တပ်တွေက ဝ တပ်ဖွဲ့လက်ထဲ အပ်ခဲ့တာကလည်း သူတို့ရဲ့ ဆက်ဆံရေး‌ကောင်းကို ပြသနေပါတယ်။

ဒါပေမဲ့ UWSA ဘက်က စစ်ကောင်စီဘက်က ဟိုပန် နဲ့ ပန်လုံဒေသကို ဝ ပြည်နယ်အစိုးရဆီ လွှဲပြောင်းပေးအပ်ခဲ့တာ လို့ သိက္ခာဆယ်ပေးခဲ့ပါတယ်။

ဒါ့အပြင် နယ်နိမိတ်ရှည်လျားစွာထိစပ်နေတဲ့ တရုတ်နဲ့ဆက်ဆံရေးကလည်း ဝ ပြည်ရဲ့ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး အရပ်ရပ် အတွက် အရေးကြီးဆုံး အခန်းကဏ္ဍမှာ ရှိနေပါတယ်။

၀ နဲ့ပတ်သက်လာရင် တရုတ်နိုင်ငံဘက်က လက်ရှိခေါင်းဆောင်မှု၊ မျိုးဆက် ဆက်ခံမှုနဲ့ မျိုးဆက်သစ် ၀ ခေါင်း ဆောင်ပိုင်းတွေအကြား ၀ အမျိုးသားရေးစိတ်ဓာတ်တွေ အားကောင်းလာပြီး ‘တရုတ်စကား နားထောင်မှု အားနည်းသွားနိုင်တယ်’ ဆိုတဲ့ အခြေအနေမျိုး ဖြစ်လာတာကို တရုတ်အစိုးရက သဘောကျပုံမရဘူးလို့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP-Myanmar က ဖော်ပြခဲ့ပါတယ်။

ISP-Myanmar ရဲ့ သုတေသနပြု တွေ့ရှိချက်တွေအရလည်း ၀ မျိုးဆက်သစ် ခေါင်းဆောင်ပိုင်းအပြောင်းအလဲမှာ လုံးလုံးလျားလျား တရုတ်အလိုကျ ‘ဗောင်းတော်ညိတ် စိတ်တော်သိ’ လုပ်ရတဲ့ အခြေအနေထဲကနေ ရုန်းထွက်ပြီး ၀ အမျိုးသားရေးကိုပဲ ရှေ့တန်းတင်လိုသူတွေ နေရာပိုရလာတာ တွေ့ရတယ် လို့ ဆိုထားပါတယ်။

တခြားဘီဘီစီက မေးမြန်းခွင့်ရခဲ့တဲ့ တရုတ်နဲ့ တိုင်းရင်းသားအရေးကျွမ်းကျင်သူ အကဲခတ်တချို့ကတော့ ဝ မျိုးဆက်သစ်တွေအနေနဲ့ တရုတ်ယဉ်ကျေးမှုနဲ့ နီးစပ်ပြီးကြီးလာကြတဲ့အတွက် အပြောင်းအလဲ ကြီးကြီးမားမားမရှိနိုင်ဘူး လို့ သုံးသပ်ကြပါတယ်။

ပေါက်ယူချန်း နဲ့အတူ တွေ့ရတဲ့ တရုတ်အထူးကိုယ်စားလှယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝ ငြိမ်းချမ်းရေး အနှစ် ၃၀ ပြည့်ပွဲမှာ UWSA ခေါင်းဆောင် ပေါက်ယူချန်း နဲ့အတူ တွေ့ရတဲ့ တရုတ်အထူးကိုယ်စားလှယ်

တရုတ် နဲ့ ဝ ဟာ ခရိုင် (၉) ခု အထိ ထိစပ်နေပြီး တရုတ်ဘက်အခြမ်းမှာလည်း ဝ လူမျိုးတွေ နေထိုင်ကြပါတယ်။

‘’တရုတ်ဘက်က တက္ကသိုလ်တွေက ဝ လူမျိုးတွေကို ပညာတော်သင်ဆု ပေးနေတာပဲ။ ဆေးတက္ကသိုလ်၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စစ်သင်တန်းတောင်ပါတယ်’’ လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

ဒါ့အပြင် ဝ တပ်ဖွဲ့ဟာ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေဖြစ်တဲ့ ၀၊ မိုင်းလား၊ ကိုးကန့်၊ ကေအိုင်အေ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ရက္ခိုင့်တပ်တော် နဲ့ တအာန်းတပ် TNLA တို့ ပါဝင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC မှာ လည်း ဦးဆောင်ပါဝင်ပါတယ်။

FPNCC ထဲက ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေ နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က စစ်ကောင်စီရဲ့ တပ်စခန်းတွေ နဲ့ နယ်မြေတွေကို သိမ်းပိုက်ထားလို့ FPNCC က ပိုပြီး အင်အားကောင်းလာပါတယ်။

စစ်ကောင်စီကတော့ ၀ အပါအ၀င် တော်လှန်ရေးမျိုးဆက်အပြောင်းအလဲဖြစ်လာတဲ့ အခြေအနေတွေအပေါ် နားလည်ပုံမရဘူး လို့ ဝ မျိုးဆက်သစ်တွေ ပွဲထုတ်လာမှုအပေါ် သုံးသပ်တဲ့ စာတမ်းမှာ ISP Myanmar က ဖော်ပြထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အန်တုသူ အင်အားစုတွေအကြားမှာ မျိုးဆက်ပြောင်းလဲတာနဲ့အတူ မျိုးဆက်ကွာဟမှု ကြီးမား လာတဲ့အခါ ရှုမြင်ပုံတွေလည်း မတူကြတော့ဘူး လို့ ISP Myanmar က သုံးသပ်ပါတယ်။

‘’ဖက်ပြိုင်နေသူ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အန်တုသူ အင်အားစုတွေအကြားမှာ ငဲ့ညှာထောက်ထားစရာတွေလည်း မရှိသလောက်ပါပဲ။ ပိုဆိုးတာက အချင်းချင်း သိမြင်နားလည်မှုနဲ့ ဆက်စပ်မှု လုံးဝမရှိတာလည်း ဖြစ်နေနိုင်ပါတယ်။’’ လို့ ဆိုပါတယ်။

ဝ ပြည်နယ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စံနမူနာဖြစ်တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ က ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ရဲ့ ငြိမ်းချမ်းရေးတည်ထောင်မှု ၃၅ နှစ် ပြည့် သဝဏ်လွှာပေးပို့ချက်ထဲမှာ ထည့်ပြောထားပါတယ်။

ဒါက ဝ ပြည်အတွက် ကျောက်ညီလိုင် နဲ့ ပေါက်ယူချန်တို့ မျိုးဆက်ကထားရစ်ခဲ့တဲ့ အမွေဖြစ်ပြီး တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ စစ်ရေးအင်အားတောင့်တင်းခိုင်မာမှု နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပုံစံတွေ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပြောင်းလဲ လာတဲ့ နိုင်ငံရေးပုံစံ နဲ့ စစ်ရေးအားကောင်းလာတဲ့ အခြေအနေတွေ ကြားမှာ မြန်မာပြည်ရဲ့ အင်အားအကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကို ဆက်ခံရမယ့် မျိုးဆက်သစ် ခေါင်းဆောင်ပိုင်းရဲ့စွမ်းဆောင်မှုက အရေးကြီးလာလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။