မြန်မာစစ်တပ်လက်လွှတ်လိုက်ရတဲ့ဟိုပန်မြို့ ဘယ်လောက်အရေးကြီးသလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
၁၀၂၇ စစ်ဆင်ရေး ပထမဆုံးရက်ကတည်းက တံတားချိုးခံလိုက်ရတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က ဟိုပန်မြို့ဟာ စစ်ဆင်ရေး နှစ်လကျော်အကြာမှာ မြောက်ပိုင်း မဟာမိတ်တပ်တွေလက်ထဲ ကို ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
''ဝ '' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားတဲ့ နမ့်တစ်မြို့နဲ့ ထိစပ်နေတဲ့ ဟိုပန်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ'' ဝ '' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲကမြို့အဖြစ်သတ်မှတ်ပြီး မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး အတွင်း '' ဝ '' နယ်မြေ ထဲက စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တစ်မြို့ ပထမဆုံး သိမ်းပိုက်ခံရတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ss
ဇန်နဝါရီ ၅ ရက် မနက်မိုးမလင်းခင်မှာ MNDAA ဦးဆောင်တဲ့ မြောက်ပိုင်း မဟာမိတ်တပ်တွေ နဲ့ တိုက်ပွဲ အပြီးမှာ မြန်မာစစ်တပ်က ဟိုပန်ကို လက်လွှတ်လိုက်ရပေမဲ့ UWSA နဲ့ MNDAA ရဲ့ နယ်မြေခွဲဝေမှုကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါပေမဲ့ UWSA စစ်ကားတွေ ဟိုပန်မြို့ထဲဝင်လာပြီး မြို့လယ်ခေါင်မှာ '' ဝ'' အလံ ကို လွှင့်တင်လိုက်တယ် လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။
‘’ ဆိုင်တွေလည်း ပြန်ဖွင့်ခိုင်းတယ်။ တစ်မြို့လုံး သွားသွားလာလာပြန်လုပ်နေကြပြီ’’ လို့ ဟိုပန် မြို့ခံတစ်ဦးက ပြောပါတယ်။
ဟိုပန် ဘယ်လိုမြို့လဲ

ဓာတ်ပုံ ရင်းမြစ်, ဟိုပန်သား
တရုတ်နယ်စပ် နဲ့ မဝေးလှတဲ့ ဟိုပန်မြို့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ခေတ်ကတည်းက မြန်မာစစ်တပ် နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ခြူးရွှေပန်ကောက် တိုက်ပွဲက နာမည်ကြီးပါတယ်။
၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ကို ပုန်ကန်ပြီး ပေါ်ပေါက်လာတဲ့ ကိုးကန့်တပ် ၊ ''ဝ'' တပ်တို့ နဲ့ ဗိုလ်ချုပ်ခင်ညွန့် က ငြိမ်းချမ်းရေး ယူခဲ့ပြီး ကိုးကန့်ဒေသ ကို အထူးဒေသ(၁) နဲ့'' ဝ '' ဒေသ ကို အထူးဒေသ(၂) အဖြစ် သတ်မှတ် သတ်မှတ်ပေးခဲ့ပါတယ်။
ဟိုပန်က အထူးဒေသ နှစ်ခု လုံး နဲ့ ထိစပ်နေပြီး သံလွင်မြစ်ဖြတ်သန်းစီးဆင်းရာ ကွမ်းလုံမြို့နဲ့ပါ ထိစပ်နေတာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာစစ်တပ် ဟာ ဟိုပန်ကို ရှေ့တန်းစစ်မျက်နှာအဖြစ်သတ်မှတ်ခဲ့ပြီး'' ဝ ''တပ်ဖွဲ့ ၊ ကိုးကန့်တပ်ဖွဲ့တို့ နဲ့ တပ်ဆိုင်ထားပါတယ်။
မြန်မာအစိုးရရုံးစိုက်ရာ မြို့အဖြစ် သတ်မှတ်ထားတဲ့ ဟိုပန်မှာ တိုက်ပွဲကြီးကြီးမားမားမဖြစ်ခဲ့တာ အနှစ် သုံးဆယ် ကျော်ခဲ့ပြီး သာယာအေးချမ်းတဲ့ ရှေ့တန်းမြို့ တစ်မြို့ ဖြစ်နေခဲ့တာပါ။
''ဝ '' တိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသား၊ ကိုးကန့် တိုင်းရင်းသား နဲ့ ဗမာ တိုင်းရင်းသား အများစုနေထိုင်ကြပြီး တခြားတိုင်းရင်းသားမျိုးနွယ်ဝင်တွေလည်း နေထိုင်ကြပါတယ်။
၁၀၂၇ စစ်ဆင်ရေး နဲ့ ဟိုပန်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေးစတဲ့ရက်မှာပဲ တရုတ်ကိုသွားတဲ့ ပြည်ထောင်စုလမ်းမကြီး နဲ့ ဟိုပန်မြို့ကို ဆက်သွယ်ထားတဲ့ နမ့်တိမ်ချောင်းတံတား မိုင်းခွဲခံရပါတယ်။
တံတားထိပ် ပြည်ထောင်စုလမ်းမပေါ်က ဖောင်ဆိပ်လို့ ခေါ်တဲ့ နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးဂိတ်ကို မြောက်ပိုင်းမဟာမိတ်တပ်တွေ ဝင်ရောက်စီးနင်း သိမ်းပိုက်ရင်း မြန်မာစစ်တပ်ရဲ့ တပ်စခန်းတွေရှိရာ ဟိုပန် နဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့တာပါ။
ဒါပေမဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေဟာ ကွမ်းလုံ မြို့ နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) အပါအဝင် ကိုးကန့်ဒေသ တစ်ခုလုံးကို သိမ်းပိုက်ပြီးမှ ဟိုပန်မြို့ကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဟိုပန်မြို့ကို နိုဝင်ဘာ ၁၃ ရက်က မြောက်ပိုင်းမဟာမိတ်တပ်တွေ ဒရုန်း နဲ့ တိုက်ခိုက်မှု တစ်ခုက လွဲရင် မြိုထဲမှာ ထိတွေ့တိုက်ပွဲမဖြစ်ခဲ့ပါဘူး။
အဲဒီတိုက်ခိုက်မှုအပြီးမှာ ဌာနဆိုင်ရာတွေရော မြို့ခံတွေပါ မြို့ကို တဖြည်းဖြည်းစွန့်ခွာသွားခဲ့ကြပါတယ်။
ဒါပေမဲ့ တစ်လကျော်ကြာအောင် တိုက်ပွဲတွေ ပြန်မဖြစ်တာကြောင့် စစ်ရှောင်တွေ မြို့ထဲ ပြန်ဝင်လာချိန်မှာပဲ မြို့က အုပ်ချုပ်သူအပြောင်းအလဲ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။
‘’အိပ်ယာထဲကနေ သေနတ်သံတွေ ကြားတယ်။ မနက်မိုးလင်းတော့ မြို့ကို MNDAA က သိမ်းပြီးသွားပြီ။ ဒါပေမဲ့ မနက် ဆယ်နာရီလောက်ကျ ''ဝ '' တပ်ဖွဲ့တွေ ဝင်လာပြန်ရော’’ လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်တွေ နဲ့ ''ဝ'' တပ်တွေ အကြား နယ်မြေအငြင်းပွားမှု ဖြစ်လာမလား လို့ သုံးသပ်မှုတွေ ရှိနေပြီး မြို့ခံတွေလည်း ရှင်းရှင်းလင်းလင်း မသိကြသေးပါဘူး။
ဟိုပန်မြို့ရဲ့ နယ်မြေထိန်းချုပ်မှု နဲ့ပတ်သက်လို့ ''ဝ '' တပ်ဖွဲ့ကိုရော ကိုးကန့် တပ်ဖွဲ့ကိုပါ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဇန်နဝါရီ ၅ ရက် ညပိုင်းအထိအဖြေပြန်မပေးသေးပါဘူး။
ဖောင်ဆိပ်ကနေ ခြူးရွှေ၊ ပန်ကောက် နဲ့ ပန်လုံအထိ တပ်တွေ ချထားတဲ့ ဟိုပန် ကို တိုင်းရင်းသားလက်နက်ကိုင်တွေ တစ်မနက်အတွင်း အလွယ်တကူ သိမ်းပိုက်လိုက်တဲ့ အပေါ် စစ်ရေးအကဲခတ်တွေနဲ့ တိုင်းရင်းသားအရေး ကျွမ်းကျင်သူတွေကလည်း အံ့သြနေကြပါတယ်။
‘’အလွယ်တကူ လက်နက်ချလိုက်ပုံပါပဲ။ မဟုတ်ရင် ဒီလောက်မမြန်နိုင်ပါဘူး’’ လို့ စစ်ရေးအကဲခတ် ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းတစ်ဦးက သုံးသပ်ပါတယ်။
မြို့ခံတွေကတော့ မြန်မာ စစ်တပ်က လေကြောင်းက ပြန်လည်တိုက်ခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။
ဟိုပန်တိုက်ပွဲ နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်မှု တစုံတရာ မရှိသေးပါဘူး။








