၁၀၂၇ စစ်ဆင်ရေးကနေ တရုတ်ဘာရသွားလဲ

လောက်ကိုင်ကနေ တရုတ်အထူးရဲတပ်ဖွဲ့ဖမ်းဆီးသွားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းမှာပါဝင်ပတ်သက်တဲ့ တရုတ်နိုင်ငံသားတွေ

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, လောက်ကိုင်ကနေ တရုတ်အထူးရဲတပ်ဖွဲ့ဖမ်းဆီးသွားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းမှာပါဝင်ပတ်သက်တဲ့ တရုတ်နိုင်ငံသားတွေ

ရှမ်းပြည်မြောက်ပိုင်း မှာ ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပေါ်လာချိန်မှာပဲတရုတ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး စောကြောမေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။

ဒီစစ်ဆင်ရေးမှာ တရုတ်ပတ်သက်ပါဝင်မှုရှိနေလား၊ ပတ်သက်နေတယ်ဆိုရင် ဘယ်လိုအနေအထားနဲ့ ပတ်သက်နေသလဲဆိုတာတွေပါ။

ဒါပေမဲ့ တရုတ်အခန်းကဏ္ဍ လို့ပြောရင် ဘက်ကွဲနှစ်ဖက်နဲ့ အယူအဆနှစ်မျိုး ရှိနေပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးကို အ‌‌ရွေ့ကြီးကြီးမားမားဖြစ်စေခဲ့တဲ့ ဒီစစ်ဆင်ရေးကို တရုတ်ကျောထောက် နောက်ခံပြုတယ်လို့ စဥ်းစားချက်က တစ်ဖက်ဖြစ်ပါတယ်။

နောက်တစ်ဖက်ကတော့ တရုတ်စွက်ဖက်မှုဆိုတာထက် စစ်အာဏာရှင်ကို အပြီးသတ်ချေမှုန်းမယ်ဆိုတဲ့ ရပ်တည်ချက်တူတဲ့ ‌‌တော်လှန်ရေးမဟာမိတ်တွေရဲ့ တော်လှန်ရေးသပ်သပ်ဆိုတဲ့ ယူဆချက်ပါ။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဟာ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ရာကျော်နဲ့ မြို့နယ် ၅ ခုကို သိမ်းပိုက်ထားနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဟာ စစ်ကောင်စီရဲ့ တပ်စခန်းအကြီး အသေး စုစုပေါင်း(၁၈၆)ခု၊ ချင်း‌ရွှေဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်း စတဲ့မြို့နယ် ၅ ခုကို သိမ်းပိုက်ထားနိုင်ပါတယ်။

တရုတ်ပါဝင်ပတ်သက်သလား

၁၀၂၇ စစ်ဆင်ရေးရဲ့ အန္တိမရည်မှန်းချက် ၇ ချက်ထဲမှာ နောက်ဆုံးအချက် ၂ ချက်က ဒီစစ်ဆင်ရေးနဲ့ တရုတ်အခန်းကဏ္ဍကို ဆက်စပ်နေစေတာ ဖြစ်ပါတယ်။

တရုတ် - မြန်မာနယ်စပ်မှာ ကျယ်ပြန့်လာနေတဲ့ ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) ပပျောက်ရေးနဲ့အဲဒီလောင်းကစားမှာ ပါဝင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ဒေသအာဏာပိုင်တွေ နဲ့ ပြည်သူ့စစ်တွေကို အရေးယူရေးဆိုတဲ့ အချက်ပါ။

တရုတ်အစိုးရလိုလားနေတဲ့ အဲဒီ ၂ ချက်ကို မြောက်ပိုင်းမဟာမိတ်တပ်တွေက စစ်ဆင်ရေး ရည်မှန်းချက်ထဲ ထည့်ပြောခဲ့တာကြောင့်လည်း သူ့နယ်စပ်မှာဖြစ်နေတဲ့ ဒီစစ်ဆင်ရေးကို တရုတ်ဘက်ကမီးစိမ်းပြပြီး မသိကျိုးကျွံပြုနေတာလို့ အကဲခတ်အများစုက သုံးသပ်ကြတာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီစစ်ဆင်ရေးမတိုင်ခင်က တရုတ် - မြန်မာနယ်စပ်တစ်လျှောက်မှာအခြေချနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ဖြတ်ဖို့ လိုတယ်ဆိုတဲ့ အသုံးအနှုန်းကိုသုံးစွဲပြီး တရုတ်က စစ်ကောင်စီကို အနည်းဆုံးတစ်လတစ်ကြိမ်မကတွေ့ပြီး ဖိအားပေး၊ သတိပေးခဲ့ပါတယ်။

ဘီဘီစီရဲ့ မှတ်တမ်းပြုစုထားမှုအရဆိုရင် ဒီငွေလိမ်ဂိုဏ်းတွေကို ရှင်းလင်းဖို့ တရုတ်အစိုးရက စစ်ကောင်စီကို ၂၀၂၂ ခုနှစ် သြဂုတ်လကတည်းက စပြောနေခဲ့တာ စစ်ဆင်ရေးစတဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ အထိပါပဲ။

တချိန်တည်းမှာပဲ မြန်မာပြည်မြောက်ပိုင်းကသူ့ သြဇာလွှမ်းမိုးတဲ့ လက်နက်ကိုင်တပ်တွေကိုလည်း ကျားဖြန့် လုပ်ငန်းတွေကို မလိုလားကြောင်း တရုတ်အစိုးရက အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ လိုလားချက်ကို စစ်ကောင်စီက အလေးအနက်မထားမိချိန်မှာပဲ မြောက်ပိုင်း ညီနောင်သုံးဖွဲ့က ဒီအခွင့်အရေးကို အရယူခဲ့ပါတယ်။

တစ်နှစ်လောက်အချိန်ယူပြင်ဆင်ထားတဲ့ ဒီစစ်ဆင်ရေးဟာ ရုတ်တရက်ပေါ်လာတာမဟုတ်ဘူးလို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ နီးစပ်တဲ့ စစ်ရေးအကဲခတ် တစ်ဦးက ခိုင်ခိုင်မာမာပြောပါတယ်။

ဒါပေမဲ့ ဒီငွေလိမ်ဂိုဏ်းတွေက တရုတ်လူထုရဲ့ အကျိုးစီးပွားကိုထိခိုက်နေပြီလို့ တရုတ်ယူဆနေချိန်မှာတော့ အချိန်ကိုက်ရှိခဲ့တယ်လို့ အကဲခတ်တချို့ကထောက်ပြပါတယ်။

‘’ကိုးကန့်- MNDAA နဲ့ တအာင်း - TNLA ရဲ့ သူတို့နယ်မြေကို ပြန်လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ တရုတ်လိုလားချက်တို့ တိုက်ဆိုင်သွားချိန်မှာ တရုတ်ပါဝင်ပတ်သက်တယ်ဆိုတာကလည်း ဆက်စပ်မှုရှိသွားတာပဲ’’ လို့ စစ်ရေး၊နိုင်ငံရေးသုတေသီ ကိုကျော်ဆန်းလှိုင် က ပြောပါတယ်။

ကိုကျော်ဆန်းလှိုင်ဟာ အမေရိကန်၊ ဟာဝိုင်ယီ အခြေစိုက် East West Center သုတေသနအဖွဲ့နဲ့ အတူ ဟာဝိုင်ယီတက္ကသိုလ်မှာ အာရှရေးရာ လေ့လာနေသူ ဖြစ်ပါတယ်။

ကိုးကန့်တပ်ကလည်း တရုတ်ဘက်ကို ကျားဖြန့်လုပ်ကိုင်သူထောင်ချီကို လွှဲပြောင်း

ဓာတ်ပုံ ရင်းမြစ်, MNDAA

ဓာတ်ပုံ ပုံစာ, ကိုးကန့်တပ်ကလည်း တရုတ်ဘက်ကို ကျားဖြန့်လုပ်ကိုင်သူထောင်ချီကို လွှဲပြောင်း

ဒါပေမဲ့ တစ်ဖက်မှာလည်း မြေပြင်တော်လှန်ရေးအခြေအနေ၊ လူထုကြံ့ကြံ့ခံနိုင်မှုနဲ့ စစ်တပ်အင်အားချိနဲ့လာမှုတွေကသာ ဒီစစ်ဆင်ရေးကို တွန်းပို့တာဆိုတဲ့ ယူဆချက်လည်းရှိပါတယ်။

ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့ ယောက်ခ်တက္ကသိုလ် အာရှသုတေသနဌာနကသုတေသီ ကိုထက်မင်းလွင်ကတော့ တရုတ်ရဲ့ သြဇာကြီးမှုနဲ့ ဒေသတွင်းတည်ငြိမ်ရေးကို အလေးထားမှုအပေါ် အငြင်းပွားစရာမရှိပေမဲ့ တော်လှန်ရေးမဟာမိတ်တွေ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့တော့ ကွဲပြားတယ်လို့ သုံးသပ်ပါတယ်။

''ကျားဖြန့်ဆိုတာ တရုတ်နဲ့ ပြောရဆိုရလွယ်အောင် Frame ( ကြံရွယ်ရုံ)သက်သက်လုပ်တာမျိုး'' လို့ သူက သုံးသပ်ပါတယ်။

တော်လှန်ရေးလမ်းကြောင်းကို အဆုံးအဖြတ်ပေးမယ့် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေးဆန္ဒကို တရုတ်က လွှမ်းမိုးနိုင်ခြင်းမရှိဘူးလို့ ကိုထက်မင်းလွင်က The Diplomat စာစောင်မှာ စင်ထရယ်ယူရိုပီယံတက္ကသိုလ် က နိုင်ငံတကာရေးရာကျွမ်းကျင်သူ ကိုသီဟဝင့်အောင်နဲ့တွဲဖက်ရေးတဲ့ ‘Operation 1027’: The End of the Beginning of Myanmar’s Spring Revolution ' ဆောင်းပါးမှာသုံးသပ်ထားပါတယ်။

၁၀၂၇ ကို အကြောင်းပြုပြီး တရုတ်သြဇာလွှမ်းတဲ့ယူဆချက်ဟာ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ပင်ကိုယ်စိတ်အားထက်သန်မှုကို လစ်လျူရှုနေတဲ့သုံးသပ်ချက်တွေလို့ ကိုထက်မင်းလွင်က ဆိုပါတယ်။

ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်ပါဝင်ပတ်သက်ခြင်းရှိ၊ မရှိဆိုတာကိုတော့မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထုတ်ပြောတာမရှိပါဘူး။

တဖက်မှာလည်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူဆိုသူတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်မှာ ရန်ကုန်က တရုတ်သံရုံးရှေ့နဲ့ မန္တလေးမြို့တွေမှာ ဆန္ဒထုတ်ဖော်တာတွေလုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်မလုပ်ဖို့ ဆန္ဒထုတ်ဖော်တာလို့ ‌ဓာတ်ပုံ‌နဲ့တကွ ရေးသားဖော်ပြထားပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းဌာနတွေ ကနေလည်း အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ နောက်ကွယ်က ကူညီပံ့ပိုးပေးနေတဲ့ နိုင်ငံတွေကို ကန့်ကွက်ဆန္ဒပြပွဲတွေကျင်းပခဲ့တဲ့အကြောင်း သတင်းကြေညာသွားခဲ့ပါသေးတယ်။

ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးဖြစ်နေချိန်မှာပဲ တရုတ်အစိုးရနဲ့ စစ်ကောင်စီကြား ဆက်ဆံရေးကလည်း ပုံမှန်မပြတ်ရှိနေပါတယ်။

အောက်တိုဘာ ၃၁ ရက်မှာ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ကောင်စီဝင် မစ္စတာ ဝမ်ချောက်ဟုန် နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့တာကစလို့ နိုဝင်ဘာနောက်ဆုံးပတ်အထိ တရုတ်ရေတပ်သင်္ဘော မြန်မာနိုင်ငံကို ချစ်ကြည်ရေးလာရောက်ပြီး နှစ်နိုင်ငံ အားကစားပွဲတွေလုပ်တဲ့အထိ ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီဟာ တရုတ်အစိုးရလိုလားတဲ့ ကျားဖြန့် အမြစ်ဖြတ်ရေးကိုလည်း အပူတပြင်းလုပ်ဆောင်နေခဲ့တာပါ။

တရုတ်ဘာရသွားလဲ

တရုတ်ဟာ ဒီငွေလိမ်ဂိုဏ်းတွေ အမြစ်တွယ်ကြီးထွားနေတဲ့ လောက်ကိုင်မြို့ထဲက ဂိုဏ်းတွေကိုသာမက ရှမ်းမြောက်ဒေသတွေထဲက အွန်လိုင်းငွေလိမ်ဂိုဏ်း တော်တော်များများကို အစွမ်းကုန် ရှင်းထုတ်နိုင်ခဲ့ ပါတယ်။

တယ်လီဂရမ်နဲ့ ဝီချက်က တရုတ်ချန်နယ်တွေကိုကြည့်ရင် ၁၀၂၇ စစ်ဆင်ရေး တစ်လအတွင်းနေ့စဥ်လိုလို တရုတ်အာဏာပိုင်တွေနဲ့ မြန်မာအာဏာပိုင်တွေပေါင်းပြီး ငွေလိမ်ဂိုဏ်းတွေစီးနင်းခဲ့တာ ကို ရုပ်သံဖိုင်တွေမှာ တွေ့ရပါတယ်။

စစ်ဆင်ရေးစတဲ့ အောက်တိုဘာ ၂၇ ရက်ရဲ့ နောက်တစ်ရက်ဖြစ်တဲ့ အောက်တိုဘာ ၂၈ ရက်မှာပဲ စစ်ကောင်စီနဲ့ ကိုးကန့်နယ်ခြားစောင့်တပ်တွေက တရုတ်နိုင်ငံသား ၂,၀၀၀ ကျော်ကိုစဖမ်းပြီး လောက်ကိုင်မြို့ ရန်လုံကျိုင်းဂိတ်ကနေ တရုတ်အစိုးရလက်ထဲ အပ်ခဲ့ပါတယ်။

ဒီလို ဆက်တိုက်ပူးပေါင်း‌ဆောင်ရွက်မှုတွေအပြင်မြင်သာထင်သာရှိတဲ့အချက်ဆိုရင် တရုတ်နိုင်ငံရဲ့ အထူးတပ်ဖွဲ့တွေက မြန်မာနိုင်ငံထဲ ပထမဆုံးခြေချပြီး တရားခံလို့ သတ်မှတ်ခံရသူတွေ၊ သံသယရှိသူတွေနဲ့ ဒီလုပ်ငန်းတွေထဲသားကောင်ဖြစ်နေတဲ့ တရုတ်နိုင်ငံသားတွေကို အသာအယာ ခေါ်ထုတ်သွားနိုင်ခဲ့တာပါ။

အဲဒီနောက်မှာပဲ တရုတ်အစိုးရ အလိုရှိနေတဲ့ ကိုးကန့်ဒေသက မြီမိသားစုဝင်လေးဦး ကို စစ်ကောင်စီက တရုတ်လက်ထဲ ထည့်ပေးခဲ့ပါတယ်။

စစ်ကောင်စီက တရုတ်ကိုလွှဲပေးလိုက်သူ ၉,၀၀၀ ကျော်ရှိသလို၊ ’ဝ’’တပ်ဖွဲ့နဲ့ ကိုးကန့်ဘက်က တရုတ်ကိုအပ်တဲ့အရေအတွက်ကလည်း ထောင်နဲ့ချီရှိပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန်တဲ့ စာရင်းအရဆိုရင် မြန်မာဘက်က‌နေ တရုတ်ဘက်ကို လွှဲပြောင်းပေးထားသူ ၃၁,၀၀၀ ကျော်ရှိပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲ တရုတ်အစိုးရရဲ့ အသုံးအနှုန်းအရဆိုရင် A large number of overseas fraud dens have been successfully eradicated - နိုင်ငံပြင်ပမှာရှိနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ခိုအောင်းနေတဲ့စားကျက်တွေကို အောင်မြင်စွာချေမှုန်းနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါအပြင် တရုတ်ပြည်သူ့လုံခြုံရေးအာဏာပိုင်တွေအနေနဲ့ မြန်မာမြောက်ပိုင်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖိအားပေးနှိမ်နင်းမှုတွေဆက်လုပ်မှာလို့ ထုတ်ပြန်ပါတယ်။

လိမ်လည်သူတွေကို ဖမ်းဆီးနိုင်စေရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုပြီးလည်း ကတိပေးတယ်လို့ လည်း ပြောထားပါတယ်။ တရုတ်ရဲ့ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဆက်ပြီးထိန်းသိမ်းမယ်လို့ လည်း ဆိုပါတယ်။

တစ်ဖက်မှာလည်း တရုတ်အစိုးရအလိုရှိတဲ့ ကိုးကန့်သူဌေးတချို့ကို MNDAA ကရှင်းလင်းပေးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်းရှိပါတယ်။

ဒါတင်မက နိုင်ငံတကာစာမျက်နှာမှာ မြန်မာအရေးကို သူကတွန်းအား အပေးနိုင်ဆုံး နေရာမှာရှိနေတယ် ဆိုတာကို တရုတ်ကပြလိုက်တယ်ဆိုတဲ့ ချဥ်းကပ်စဥ်းစားမှုလည်း ရှိနေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း တရုတ်ကို စိတ်မသက်သာဖြစ်စေတဲ့အချက်တွေရှိနေတယ်လို့ ထောက်ပြမှုတွေ ရှိပါတယ်။

‘’ တရုတ်ကပါလားဆိုရင် မသိချင်ယောင်ဆောင်တယ်။ တရုတ်က အားပေးအားမြှောက်လုပ်လားဆိုရင် တိုက်ရိုက်လည်းမဟုတ်ပြန်ဘူး။ ဒါပေမဲ့ သူ့သတ်မှတ်ချက်ကို ကျော်လွန်နေတဲ့အခြေအနေကိုတော့ စိတ်မသက်မသာဖြစ်နေတယ်’’ လို့ တရုတ် - မြန်မာဆက်ဆံရေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ နောက်ကွယ်ကအခြေအနေတွေကို လေ့လာသုတေသနပြုနေသူ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

ဒီစစ်ဆင်ရေးရှိနေတဲ့ နယ်မြေအားလုံးမှာ တရုတ်ရဲ့ အကြီးမားဆုံး ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းရဲ့ ဆင့်ခွဲ စီမံကိန်းတွေနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း (CMEC) အပါအဝင် မန္တလေး-မူဆယ်ရထားလမ်းနဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း၊ ဂုတ်ထိပ်တံတားနဲ့ လမ်းစီမံကိန်းတွေ ဖြတ်သွားတဲ့ နောင်ချိုနဲ့ လားရှိုးမြို့အပါအဝင် စီမံကိန်းဒေသ ခုနစ်ခုထက်မနည်းရှိနေတာ ကြောင့်ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဒီစစ်ဆင်ရေးနယ်မြေထဲမှာ နယ်စပ်ယူနန်ပြည်နယ် တစ်ခုလုံးရဲ့ စားနပ်ရိက္ခာကို ထောက်ပံ့နေတဲ့ တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရေးဇုန် နှစ်ခုလည်း ပါနေပါတယ်။

အဆိုးဆုံးကတော့ မြန်မာဘက်ခြမ်းရဲ့ မတည်ငြိမ်မှုတွေ ဟာ နယ်စပ်က တရုတ်ပြည်သူတွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိနေပါတယ်။

ဒါ့ကြောင့်ပဲ ၂၀၁၇ ခုနှစ်မှာနောက်ဆုံးလုပ်ခဲ့တဲ့ နယ်စပ်လုံခြုံရေး စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၂၆ ရက်ကစပြီး လေးရက်တာလုပ်ခဲ့ပြီး သူ့ပြည်သူကို စိတ်သက်သာရာရစေခဲ့တယ်လို့ တရုတ်အရေးလေ့လာတဲ့ အကဲခတ်တချို့က မှတ်ချက်ပြုပါတယ်။

လောက်ကိုင်ထဲက တရုတ်နိုင်ငံသားတွေကို တရုတ်အထူးရဲတပ်ဖွဲ့ လာရောက်ခေါ်ဆောင်

ဓာတ်ပုံ ရင်းမြစ်, Telegram

တရုတ်အသံထုတ်မှု ကို ပိုင်းခြားလေ့လာခြင်း

ဒီစစ်ဆင်ရေးကာလ တစ်လအတွင်းမှာ တရုတ်ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး အသံထွက်ပြောဆိုမှုကို ကောက်ကြောင်းလိုက်ကြည့်ရင် အနည်းဆုံး ၈ ကြိမ်ထက်မနည်းရှိပါတယ်။ တရုတ်အစိုးရ က ၇ ကြိမ်ထက်မနည်း ပြောထားပြီး တရုတ်စစ်တပ် - PLA က တစ်ကြိမ်ထုတ်ပြောပါတယ်။

ဒါပေမဲ့ အနည်းဆုံး ၃ ကြိမ်လောက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ပြောဆိုမှုတွေကတော့ စစ်ကောင်စီနဲ့ တရုတ်အာဏာပိုင်တွေတွေ့တဲ့အချိန်မှာ နှစ်ဖက်ဆွေးနွေးချက်သဘောမျိုးပဲ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၀ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မော်နင်ရဲ့ ပြောကြားချက်အရ ဆိုရင် နှစ်ဖက်ကြားက တိုက်ပွဲတွေကို တတ်နိုင်သမျှ အမြန်ဆုံးရပ်ဖို့၊ ကွဲပြားမှုတွေကို ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းဖို့နဲ့ အခြေအနေကို ဒီထက်ဆိုးမလာအောင် တားဆီးဖို့ဆိုပြီး ပြောထားပါတယ်။

တရုတ်စစ်တပ်ကတော့ တရုတ် - မြန်မာနယ်စပ်မှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်နေချိန် နိုဝင်ဘာ ၂၆ ရက် က နောက်ဆုံးပြောထားတာပါ။

ပြောဆိုချက်အများစုရဲ့ တူညီချက်တဲ့အချက်တွေက တရုတ် - မြန်မာနယ်စပ်တည်ငြိမ်ရေးနဲ့ မြန်မာပြည်တွင်းက ပဋိပက္ခ အရှိန်မမြင့်စေဖို့၊ နှစ်နိုင်ငံကြားက စီမံကိန်းကြီးတွေက ပဋိပက္ခကြောင့်ထိခိုက်မှု မရှိဖို့နဲ့ နောက်ဆုံးပြောကြားချက်အများစုက ချက်ချင်းအပစ်ရပ်ဖို့ ဆိုတဲ့ တိုက်တွန်းချက်တွေ ဖြစ်ပါတယ်။

တရုတ်စီမံကိန်းတွေ အများကြီးရှိနေတဲ့ ဒေသတစ်ခွင်လုံးရဲ့ စစ်ရေးတင်းမာမှုတွေအပေါ် တရုတ်ရဲ့ ပြောဆိုချက်က အပေါ်ယံဆန်တဲ့ ပြောရိုးပြောစဥ်ဖြစ်နေတယ်လို့ ကိုကျော်ဆန်းလှိုင်က သုံးသပ်ပါတယ်။

ကိုကျော်ဆန်းလှိုင် အပါအဝင် အကဲခတ်တချို့ကတော့ ၂၀၁၉ ခုနှစ်က ပြင်ဦးလွင်က တပ်မတော်နည်း ပညာတက္ကသိုလ်အပါအဝင် ၅ နေရာထက်မနည်း တိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်စဥ်နဲ့ ချိန်ထိုးပြပါတယ်။ တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိနေတဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းနဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်ခဲ့တာပါ။

‘’ အဲဒီအချိန်တုန်းကဆို တရုတ်က မြောက်ပိုင်း ၃ ဖွဲ့ကို ချက်ချင်းဆွေးနွေးတယ်။ အဲဒီကုန်သွယ်ရေး လမ်းကြောင်း ပိတ်နေတာကို ချက်ချင်းဖွင့်နိုင်အောင်ပြောတယ်။အဲဒီအချိန်က ချက်ချင်းကိုတုံ့ပြန်တာပါ။ ဒါပေမဲ့ လက်ရှိစစ်ဆင်ရေး တစ်လကျော်လာပြီ။ တရုတ်ကဘာမှ ပြင်းပြင်းထန်ထန်ပြောတာမရှိသေးဘူး’’ လို့ ကိုကျော်ဆန်းလှိုင်ကပြောပါတယ်။

တရုတ်နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးဖို့၊ တရုတ်အရာရှိတွေ၊ စီမံကိန်းတွေ၊ အဖွဲ့အစည်းတွေလုံခြုံရေးအားကောင်းဖို့ စတာတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတာမျိုးတွေကိုသာ တရုတ်ဘက်က တောင်းဆိုပါတယ်။

၂၀၁၅ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်အချိန်တွေတုန်းက တရုတ်နယ်စပ်တွေမှာဖြစ်ခဲ့တဲ့ စစ်ရေးပဋိပက္ခတွေနဲ့ နှိုင်း ယှဉ်လေ့လာကြည့်ရင်လည်း ပြင်းထန်တဲ့တုံ့ပြန်မှုမတွေ့ရဘူးလို့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar သုတေသနအဖွဲ့ ရဲ့ အကဲဖြတ်ချက်ရှိပါတယ်။

အခွင့်အလမ်းဇာတ်ကောင်

ဒါပေမဲ့ တရုတ်ရဲ့ မြန်မာနဲ့ပတ်သက်တဲ့ သူ့အကျိုးစီးပွား ချဥ်းကပ်စဥ်းစားမှုဖြစ်ရပ်တွေကနေ အခွင့်အလမ်းသဖွယ် အသုံးချတဲ့ ပြည်တွင်းကဇာတ်ကောင်တွေရှိခဲ့ပါတယ်။

မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ မှတ်တမ်းအရဆိုရင် ၁၉၈၈-၈၉ ခုနှစ် ကိုးကန့်နဲ့ ‘၀’တပ်ဖွဲ့ဝင်တွေက ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကို ပုန်ကန်ပြီး အာဏာသိမ်းချိန်မှာ တိန့်ရှောင်ဖိန်ရဲ့ တရုတ်နိုင်ငံက ဗကပခေါင်းဆောင်တွေအပေါ် ကျောထောက်နောက်ခံ ဆက်မပေးတော့ပါဘူး။

ဒီလိုတရုတ်နိုင်ငံရဲ့ အကျိုးစီးပွားစဉ်းစားပုံကို အခွင့်အရေးအဖြစ် အသုံးချခဲ့သူက စစ်အစိုးရရဲ့ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ခင်ညွန့်ဖြစ်ပါတယ်။

အဲဒီကာလမှာ ဗကပက ခွဲထွက်လာတဲ့ ကိုးကန့်၊ ‘၀’ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို မြန်မာ့သမိုင်းမှာ တခါမှမရှိဖူးသေးတဲ့ အပစ်အခတ်ရပ်စဲရေးအစီအမံကမ်းလှမ်းခဲ့ပါတယ်။

ရှမ်းမြောက်ကအဖွဲ့တွေ လက်နက်ကို ဆက်ကိုင်ထား၊ ကိုယ့်နယ်မြေတိုးတက်ရေးအတွက် စစ်အစိုးရနဲ့တွဲလုပ်၊ မူးယစ်ဆေးအပါအဝင် စီးပွားရေးပေါင်းစုံလုပ်၊ ငွေကြေး ခဝါချခွင့်ပြု စတဲ့ အပစ်အခတ်ရပ်စဲရေး အရင်းရှင်စနစ် (Ceasefire Crony Capitalism) ကို အသက်သွင်းခဲ့တယ်လို့ ISP Myanmar က မှတ်တမ်းပြုပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ ကြီးထွားလာပုံကိုလည်း အလားတူရှုထောင့်ကနေ နားလည်နိုင်တယ်လို့ ပမာပြုပါသေးတယ်။ ၂၀၁၀-၁၁ နှစ် မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုနောက်ပိုင်း တရုတ်ရဲ့ အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံထားတဲ့ မြစ်ဆုံဆည်ကို ဦးသိန်းစိန်အစိုးရက ရပ်လိုက်ချိန်မှာ တရုတ်အစိုးရရဲ့ စိုးရိမ်ပူပန်မှုကနေ အခွင့်အရေးအဖြစ်အသုံးချခဲ့မှုပါ။

တရုတ်အစိုးရဟာ သူ့ရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အပေါ် အခြေခံထားတဲ့ ရခိုင်ပြည်နယ်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်၊ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း စတဲ့ သူ့စီမံကိန်းတွေရှိတဲ့ ရခိုင်ဒေသကိုတရုတ်အကျိုးစီးပွား ဆက်စပ်ဒေသအဖြစ် ရှုမြင်လာတာပါ။

ဒါကို အခွင့်အရေးအဖြစ် ဆုပ်ကိုင်အသုံးချနိုင်ခဲ့တဲ့ ပဋိပက္ခဇာတ်ကောင်က ရက္ခိုင့်တပ်တော် (AA) ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ စတည်ထောင်ခါစက ၂၆ ဦးသာရှိတဲ့ အခြေအနေကနေ ၂၀၁၁ ခုနှစ် မြစ်ဆုံဖြစ်စဉ်နောက်ပိုင်း၊ ရက္ခိုင့် တပ်တော် (AA) မှာ တပ်ဖွဲ့ဝင် ထောင်သောင်းချီလာပြီး လက်ရှိအချိန်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေထဲမှာ ‘၀’ တပ်ဖွဲ့ ပြီးရင် ဒုတိယအကြီးဆုံးတပ်အဖြစ် ကြီးထွားလာပုံကို ISP Myanmar ရဲ့ သုတေသနမှာဖော်ပြပါတယ်။

အခုလည်း တရုတ်လိုလားချက်ရှိချိန်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ရေးရည်မှန်းချက်က ၁၀၂၇ စစ်ဆင်ရေးအနေနဲ့ အခွင့်အလမ်းတစ်ခုဖြစ်လာတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိပါတယ်။

‘’ တရုတ်ဘက်က အမြဲတမ်းရှင်းရှင်းလင်းလင်းရှိတယ်။သူတို့နယ်စပ်ကို တည်ငြိမ်အေးချမ်းချင်တယ်။ မြန်မာစစ်တပ်က တရုတ်လိုချင်တာကို မသိတဲ့အချိန်မှာ မြောက်ပိုင်း ၃ ဖွဲ့က သူတို့ရဲ့ ကြိုတင် ပြင်ဆင်ထားချက်နဲ့အတူ ဒီအခွင့်အရေးကိုဆုပ်ကိုင်နိုင်လိုက်တာ’’ လို့ ကိုကျော်ဆန်းလှိုင်ကပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ မစ္စတာ ဝမ်ချောက်ဟုန်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ မစ္စတာ ဝမ်ချောက်ဟုန်

ကိုးကန့်တပ်ရဲ့ အန္တိမရည်မှန်းချက်

၁၀၂၇ စစ်ဆင်ရေး ဘယ်အထိရည်ရွယ်သလဲဆိုတာက အောက်တိုဘာ ၂၇ ရက်နေ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ရဲ့ ထုတ်ပြန်ချက်ကပြောပြီးသားဖြစ်ပါတယ်။

ကိုယ့်ဒေသကိုယ်ထိန်းချုပ်နိုင်ရေး ၊ မြန်မာပြည်သူတရပ်လုံး လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးက ၁၀၂၇ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေရဲ့ ထိပ်ဆုံးမှာပါလာတဲ့ အချက်တွေဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုးကန့်တပ် - MNDAA ရဲ့ လိုလားချက်က လောက်ကိုင်အပါအဝင် ကိုးကန့်ဒေသတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်က အဓိကလို့ MNDAA ဘက်ကပြောသလို အကဲခတ်တွေကလည်းရှုမြင်ပါတယ်။

‘’ ၁၀၂၇ ရဲ့ နောက်တစ်ဆင့်ဆိုတာက လောက်ကိုင်ပေါ်မှာ မူတည်တယ်လို့မြင်တယ်။ လောက်ကိုင် ကို MNDAA ရပြီးမှ ဘာဆက်ဖြစ်မလဲဆိုတာ သဲသဲကွဲကွဲမြင်ရမယ်။ တရုတ်ဘက်ကတော့ ဒါကိုပဲစောင့်ကြည့်နေတယ်လို့ ’’ တရုတ်အရေးကျွမ်းကျင်သူအကဲခတ်တစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း တရုတ်သြဇာလွှမ်းတယ်ဆိုတဲ့ ယူဆချက်ကို စွဲကိုင်ထားသူအကဲခတ်တချို့ကတော့ တရုတ်ဟာ မြန်မာ - တရုတ်နယ်စပ်တစ်လျှောက်မှာ သူ့သြဇာလွှမ်းမိုးနိုင်မယ့်သူကို အုပ်ချုပ်ရေးပိုင်းမှာ ထားချင်တယ်ဆိုတဲ့ ရှုမြင်ချက်က ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

စစ်ကောင်စီကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေကို ရာထူးကဖယ်ရှားထားပြီး ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို ခေတ္တတာဝန်ပေးထားပါတယ်။

တစ်ဖက်မှာလည်း လောက်ကိုင်မြို့ကို ကိုးကန့်တပ်သိမ်းနိုင်ခဲ့မယ်ဆိုရင်တော့ ကိုးကန့်ဒေသမှာ အုပ်ချုပ်ရေးအပြောင်းအလဲကို မြင်ရဖို့ရှိပြီး ကိုးကန့်ရဲ့ အုပ်စိုးသူက MNDAA ဖြစ်လာမှာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ နိုဝင်ဘာ ၂၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ‌အေပီသတင်းဌာနက ရှမ်းပြည်နယ်မြောက်ပိုင်းကတိုက်ပွဲတွေမှာ တရုတ်အစိုးရပါဝင်တယ်လို့ ပြောဆိုနေကြတဲ့အပေါ် ဘယ်လိုတုံ့ပြန်ချင်လဲ လို့မေးခဲ့ပါတယ်။

အဲဒီမေးခွန်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဝမ်ဘင်းဘင်းက နှစ်နိုင်ငံကြားမှာ သဘောထားကွဲလွဲအောင်လုပ်ဆောင်တဲ့ ကြိုးပမ်းမှုတိုင်းက အောင်မြင်မှာမဟုတ်ဘူးလို့သာပြောပြီး မေးခွန်းရဲ့ အဖြေကို တိတိကျကျတုံ့ပြန်တာမရှိပါဘူး။

'' တရုတ်နဲ့ မြန်မာနိုင်ငံဟာ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ အိမ်နီးချင်းတွေပါ။ တရုတ်ကမြန်မာရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို အစဉ်လေးစားပါတယ်။ မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိတ်ရင်းအမှန်နဲ့ မျှော်လင့်ထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုလည်း အခိုင်အမာအားပေးထောက်ခံပါတယ်'' လို့ ဝမ်ဘင်းဘင်းက ဖြေပါတယ်။