၁၀၂၇ စစ်ဆင်ရေး - မြောက်ပိုင်းမဟာမိတ်တွေ ရက်ရှည်တိုက်ယူခဲ့ရတဲ့ စစ်တပ်စခန်းတွေ

ဓာတ်ပုံ ရင်းမြစ်, The Kokang
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တာ နိုဝင်ဘာ ၂၇ ရက်ဆို တစ်လတိတိ ပြည့်ပြီဖြစ်ပါတယ်။ ဒီတစ်လတာအတွင်း မဟာမိတ် သုံးဖွဲ့လှုပ်ရှားတဲ့ နေရာသုံးခုမှာ စစ်ကောင်စီရဲ့ တပ်စခန်း ၂၀၀ နီးပါးအထိ သိမ်းယူနိုင်ပြီလို့ အဲဒီအဖွဲ့တွေက တရားဝင်ပြောထားပါတယ်။
မန္တလေးတိုင်းဘက်ကနေ ရှမ်းမြောက်ကိုသွားနိုင်မယ့် နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီ တကြောမှာ တအာင်းတပ်(TNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေရှိနေသလို နမ့်ခမ်း၊ မူဆယ်အခြမ်းနဲ့ ချင်းရွှေဟော်၊ လောက်ကိုင်တဝိုက်မှာ ကိုးကန့်တပ် (MNDAA)က ဦးဆောင်လှုပ်ရှားနေပါတယ်။
စစ်ကောင်စီဗျူဟာကုန်းတွေကို ဆက်ပြီးသိမ်းပိုက်နိုင်ဖို့အတွက်လည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က တရွန်အိုင်နဲ့ နှုံဘူး ဗျူဟာကုန်းတွေကို ရက္ခိုင့်တပ်တော်(AA)က စခန်းသိမ်းတိုက်ပွဲတွေလုပ်ဆောင်နေတယ်လို့ မဟာမိတ်တွေဘက်က ထုတ်ပြန်ထားပါတယ်။
“တစ်လတာအတွင်း ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ ပါစင်ကျော်ဂိတ်၊ နမ့်စလပ်ဒေသတွေကို ထိန်းချုပ်ထားနိုင်ပါပြီ” လို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ရဲ့ ပြောရေးဆိုခွင့်ရ လီကျားဝင်းက ဘီဘီစီကို ပြောပါတယ်။
ဒါအပြင် တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်၊ ကျင်စန်းကျော့ဂိတ်တွေသာမက ကြူကုတ်(ပန်ဆိုင်း) ဂိတ်တွေကိုပါ မဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီ လည်းဖြစ်ပါတယ်။
စစ်ရေးအရအရေးပါတဲ့ စခန်းကုန်းတွေ

ဓာတ်ပုံ ရင်းမြစ်, The Kokang
၁၀၂၇ စစ်ဆင်ရေး စတင်တဲ့အစောပိုင်းကာလမှာ စစ်ကောင်စီရဲ့စခန်းတွေ ခပ်စိပ်စိပ်သိမ်းနိုင်ခဲ့ရာကနေ နိုဝင်ဘာလလယ်ပိုင်းမှာတော့ စခန်းသိမ်းနိုင်ကြောင်းထုတ်ပြန်ချက်တွေ လျော့လာတာကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ နေ့စဉ်ထုတ်ပြန်ချက်တွေအရ ထင်သာမြင်သာရှိခဲ့ပါတယ်။
စစ်ဆင်ရေးတစ်လပြည့်ခါနီးရက်ပိုင်းအလိုမှာတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အနီးက အခရာကျတဲ့တပ်စခန်းကုန်းနဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က စစ်ကောင်စီတပ်ရင်းစခန်းတွေကို ရက်ရှည် တိုက်ခိုက်ပြီး မဟာမိတ်တွေဘက်က သိမ်းယူနိုင်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့ကစလို့ သန္နီမြို့အနီး နမ့်စလပ်ဒေသမှာရှိတဲ့ စစ်ကောင်စီခြေမြန်တပ်ရင်း ၅၆၇၊ ၅၆၈ တို့ အခြေဆိုက်ရာ စခန်းကုန်းနှစ်ခုကို ကိုးကန့်တပ်(MNDAA)၊ ရက္ခိုင့်တပ်(AA)နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ခြောက်ရက်အကြာ နိုဝင်ဘာ ၂၄ ရက်ညနေပိုင်းမှာတော့ သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြောလာပါတယ်။
ဒီစခန်းဟာ ပင်မမူရင်းစခန်းနဲ့ တွဲဖက်စခန်းသုံးခုနဲ့ ဖွဲ့စည်းထားပြီး စစ်ကောင်စီတပ်သား ၃၁ ဦးကိုလည်း စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိသလို သံချပ်ကာ ကား ၁ စီး၊ ဟောင်ဝစ်ဇာအမြောက် ၂ လက်နဲ့ အခြားလက်နက်ကြီး လက်နက်ငယ်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွက် အခရာကျတဲ့နေရာတစ်ခုဖြစ်သလို စစ်ကောင်စီရဲ့ အခိုင်အမာစခန်းကုန်းတွေကို သိမ်းနိုင်ခဲ့တာကြောင့် နမ့်စလပ်ဒေသကို ထိန်းချုပ်နိုင်ပြီလို့ MNDAA ပြောရေးဆိုခွင့်ရ လီကျားဝင်းက ရှင်းပြပါတယ်။
“စခန်းအကြီးတွေဆိုတော့ တိုက်ခိုက်တုန်းက အခက်အခဲတွေရှိပါတယ်။ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိတဲ့ နေရာတွေဆိုတော့ ကျွန်တော်တို့အတွက် အရေးပါတယ်”

ဓာတ်ပုံ ရင်းမြစ်, The Kokang
နိုဝင်ဘာ ၂၄ ရက်နေ့ တစ်ရက်တည်းမှာပဲ ကိုးကန့်အခေါ်အဝေါ်အရ တုန်းရှမ်းဒေသမှာရှိတဲ့ ပါကျောက်ရွှေ၊ လွမ်းလောက်လင်တောင်ကုန်း၊ ဆိုင်တာအိုင်တောင်ကုန်းနဲ့ ဟုန်ရှင်းဒေသက ပေထန် စတဲ့ တပ်စခန်းတွေကိုလည်း ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။ ဒါတွေဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီး တဝိုက်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေလည်းဖြစ်ပါတယ်။
မကြာတော့မယ့်ကာလမှာလည်း ကိုးကန့်လူမျိုးတွေရဲ့ အိမ်ပြန်တိုက်ပွဲအဖြစ် “လောက်ကိုင်မြို့”မြို့သိမ်းတိုက်ပွဲလည်းရှိလာတော့မယ့်အကြောင်း စစ်ဆင်ရေး တစ်လတာ ထုတ်ပြန်ချက်အဖြစ် မြောက်ပိုင်းမဟာမိတ်တွေဘက်က ကြေညာခဲ့ပါတယ်။
“လောက်ကိုင်မြို့မှာက ရှုပ်ယှက်ခတ်နေတာပဲ။ မနေ့ကမြို့က ထွက်ခွင့်ပေးတော့ ကားတွေနဲ့ပိတ်နေတာ ညဘက်တွေအထိ တနေကုန်ပဲ။ ကျွန်တော်တို့ကတော့ လမ်းပွင့်တုန်း လမ်းလျှောက်ပြန်ရမှာပဲ” လို့ လောက်ကိုင်ဒေသခံတစ်ဦးက မြို့အခြေအနေကို ပြောပြပါတယ်။
တပ်ကူလာရာလမ်းကြောင်းပေါ်က TNLA

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မဟာမိတ်အင်အားစုတွေ ရက်ရှည်တိုက်ခိုက်ပြီးမှ ရယူနိုင်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းနောက်ထပ်တစ်ခုက တော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးမြို့အနီးက မိုင်းကျက်တပ်စခန်းပဲဖြစ်ပါတယ်။
ဒီစခန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)က ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး တစ်လနီးပါးအကြာ နိုဝင်ဘာ ၂၃ ရက်နေ့ကမှ TNLA ဘက်က ရယူနိုင်ခဲ့တာပါ။
မိုင်းကျက်စခန်းအပြင် တိန်းတန်စခန်းကိုပါ ၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက TNLA က တိုက်ခိုက်ခဲ့ပြီး တိန်းတန်စခန်းကိုတော့ အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက သိမ်းယူထားခဲ့ပါတယ်။
“မိုင်းကျက်တပ်စခန်းက လားရှိုးအတွက်ရော ရှမ်းအရှေ့က တန့်ယန်းမြို့ လုံခြုံရေးအတွက်ပါ အရေးပါ တယ်။ အဲဒါကြောင့်မလို့လည်း စစ်တပ်က အပြင်းအထန်ခုခံပြီး လေကြောင်းတိုက်ခိုက်မှုလည်း အကြိမ် ၁၀၀ ကျော်လုပ်ခဲ့တာ” လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
မိုင်းကျက်တပ်စခန်းတိုက်ပွဲတွေထဲ နှစ်ဖက်အကျအဆုံးရှိကြောင်း ကနဦးသတင်းတွေအရသိထားရပြီး စစ်ကောင်စီထောက်ပို့လေယာဉ်နဲ့ပေးပို့တဲ့ လက်နက်ခဲယမ်းသေတ္တာတွေကို TNLA က ကြားဖြတ်ရယူနိုင်ခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
အခုလို စစ်ရေးအရအရေးပါတဲ့တပ်စခန်းတွေသိမ်းပိုက်နိုင်တာအပါအဝင် ၁၀၂၇ စစ်ဆင်ရေးတစ်လပြည့် စစ်ရေးနဲ့ပတ်သက်လို့ TNLA ကို ဘီဘီစီက မေးမြန်းဖို့ကြိုးစားနေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
ဒါပေမဲ့ TNLA ရဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ထုတ်ပြန်ချက်တွေအရ ကျောက်မဲနဲ့ နမ့်ခမ်းမြို့တွေတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ရှမ်းမြောက်တိုက်ပွဲတွေဆီ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးကနေ တပ်ကူတွေလာရောက်နိုင်တဲ့လမ်းကြောင်းဖြစ်တဲ့ ပြင်ဦးလွင်မြို့ ကစလို့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးတကြောမှာ တအာင်းတပ်(TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(မန္တလေး) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား နေ့စဉ်တိုက်ပွဲတွေ ရှိနေတာဖြစ်ပါတယ်။
အခုလို စစ်ကောင်စီရဲ့တန်ပြန်ထိုးစစ်ဆင်လာတာကို ခုခံတိုက်ခိုက်ရသလို စစ်ကောင်စီတပ်စခန်းကုန်းတွေ ကို ထပ်မံသိမ်းပိုက်ဖို့၊ သိမ်းပိုက်ထားပြီးသား တပ်စခန်းတွေကို မဟာမိတ်တွေအနေနဲ့ ဆက်လက်ထိန်းချုပ် နိုင်ဖို့ ဘယ်လိုလုပ်ဆောင်ထားပါလဲလို့ ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။
“ရထားတဲ့နေရာတွေကို ဆက်ထိန်းချုပ်နိုင်ဖို့ အခက်အခဲမရှိပါဘူး။ အားလုံးအဆင်ပြေပါတယ်” လို့ MNDAA ပြောခွင့်ရ လီကျားဝင်းက တုံ့ပြန်ဖြေကြားခဲ့ပါတယ်။













