၁၀၂၇ စစ်ဆင်ရေး - သုံးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀

စစ်ဆင်ရေး ၁၀၂၇ - သုံးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ် တပ်မတော်လေနေ့ စစ်ရေးပြအခမ်းအနား

ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ ရက္ခိုင့်တပ် (AA)စတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အပါအဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်(BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး)၊ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တာ အောက်တိုဘာ ၂၉ ရက်နေ့ဆို သုံးရက်တိတိ ရှိလာပါပြီ။

စစ်ဆင်ရေးလှုပ်ရှားနေတဲ့ သုံးရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၅၇ ခုကို သိမ်းယူထားနိုင်ပြီလို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ နေ့လယ် ၁၁ နာရီစာရင်းစုစည်းထုတ်ပြန်ချက်အရ သိရပါတယ်။

မြေပြင်မှာ တိုက်ခိုက်မှုအနေအထားအရလည်း မန္တလေးတိုင်းကနေ ရှမ်းပြည်နယ် လားရှိုးကို သွားရောက်နိုင်မယ့် မိုးကုတ်၊ နောင်ချို၊ နမ္မတူ တကြောမှာ တိုက်ပွဲတွေရှိနေသလို လားရှိုးကနေ တောင်မြောက်ခွဲသွားတဲ့ ကွတ်ခိုင် - နမ့်ဖတ်ကာ - မူဆယ်နဲ့ ကွမ်းလုံ - ချင်းရွှေဟော်တကြောမှာလည်း ထိတွေ့မှုတွေ ရှိနေပါတယ်။

ဒါဟာ မြန်မာစစ်တပ်ရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ ပတ်ပတ်လည်ကို ဝိုင်းဝန်းတိုက်ခိုက်နေတဲ့ အနေအထားလို့ စစ်ရေးအကဲခတ်တွေက ရှုမြင်ကြပါတယ်။

ဒီလို တပြိုင်နက် ရဲစခန်း၊ တပ်စခန်းတွေစီးနင်းခံနေရတဲ့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုကို အဓိကထား အသုံးပြုနေတယ်လို့ စစ်ဆင်ရေးမှာပါဝင်နေတဲ့ BPLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက မြေပြင်အခြေအနေကို ရှင်းပြပါတယ်။

“၂၄ နာရီလုံး လေယာဉ်တွေတက်နေပြီး သုံးရက်ဆက်တိုက် မနားတမ်းလုပ်နေပါတယ်။ အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုလုပ်တာတွေထဲမှာ အခုက မပြတ်တိုက်ခိုက်နေတာ။”

စစ်ကောင်စီရဲ့ နောက်ဆက်တွဲ လေကြောင်းတိုက်ခိုက်မှုတွေအကြောင်း စောင့်ကြည့်တဲ့ လေကြောင်းကင်းထောက်အဖွဲ့ (Witness Enemy Air Scout)အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တစ်ရက်ကို ဒါဇင်ချီ လေကြောင်းတိုက်ခိုက်

တစ်ရက်ကို ဒါဇင်ချီ လေကြောင်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၅ နာရီဝန်းကျင် ချင်းရွှေဟော်ဒေသက ညိုဖင်ကျီပ ရွာ လေကြောင်းတိုက်ခိုက်မှု

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်ဖြစ်တဲ့ မိုးကုတ်၊ နောင်ချို မြို့နယ်တွေကစလို့ နမ္မတူ၊ လားရှိုး၊ သန္နီ၊ ကွမ်လုံ၊ ဟိုပန် အပါအဝင် တရုတ် - မြန်မာနယ်စပ်မှာရှိတဲ့ ချင်းရွှေဟော်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေခဲ့တာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါကြောင့် လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားနဲ့ တံတားဦး စတဲ့လေတပ်စခန်းတွေကသာမက စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေပါ လေယာဉ်တွေဆက်တိုက် တက်လာပြီး ရှမ်းပြည်မြောက်ပိုင်းအတွက် လေကြောင်းစစ်ကူတွေပေးနေတယ်လို့ Witness Enemy Air Scout (WEAS) အဖွဲ့က သူတို့ရဲ့ စာရင်းကို ကိုးကားပြီး ဘီဘီစီကို ပြောပါတယ်။

“YAK -130 ၊ A-5 ၊ K – 8 ၊ Mi 35 ရဟတ်ယာဉ်တွေသုံးပြီး ရှမ်းမြောက်ကိုတိုက်ခိုက်နေတာပါ။ အများစုကတော့ တံတားဦးက တက်ပါတယ်” လို့ WES အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Mi 35 ကလွဲလို့ ကျန်တဲ့ အမျိုးအစားတွေဟာ လေကြောင်းတိုက်ခိုက်မှုအတွက် အသုံးပြုတဲ့ တိုက်ခိုက်ရေး ဂျက်တိုက်လေယာဉ်တွေဖြစ်ပါတယ်။

Witness Enemy Air Scout (WES) ရဲ့ မှတ်တမ်းတင်စာရင်း၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်နဲ့ ဘီဘီစီရဲ့ သီးသန့်အတည်ပြုချက်တွေအရ ၁၀၂၇ စစ်ဆင်ရေး သုံးရက်တာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ အထိ ပြုလုပ်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ အောက်တိုဘာ ၂၉ ရက် ညနေ ၆ နာရီအထိ စုစည်းထားတဲ့ စာရင်းတွေပါ။

စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်မှာ လားရှိုး၊ မုံးကိုး၊ သန္နီ နဲ့ ချင်းရွှေဟော် တဝိုက်ကို လေကြောင်း တိုက်ခိုက်မှု ၈ ကြိမ်ရှိပါတယ်။ အောက်တိုဘာ ၂၈ ရက်မှာတော့ မန်တုံ၊ မုံးကိုး၊ လားရှိုး၊ သန္နီ၊ နမ္မတူနဲ့ လောက်ကိုင်က လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ကို အတည်ပြုထားနိုင်ပါတယ်။

သုံးရက်မြောက် အောက်တိုဘာ ၂၉ ရက်မှာ‌တော့ နမ္မတူ၊ မိုးကုတ်၊ မုံးကိုး၊ လောက်ကိုင် စတဲ့ လေးမြို့တည်းကို လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်အထိ ရှိပါတယ်။

“၂၈ ရက်နေ့ကဆိုရင် ၂၅ ကြိမ်နဲ့ အများဆုံးလေကြောင်းတိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အချိန်အတိအကျနဲ့ အတည်ပြုထုတ်ပြန်နိုင်ခဲ့တာက တဝက်ကျော်ပဲ ရှိခဲ့ပါတယ်” လို့ WEAS အဖွဲ့ဝင်က ပြောပါတယ်။

အခုထက် တိုက်ခိုက်မှုအရေအတွက်ပိုများနိုင်တာကြောင့် စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုစာရင်းကို ပိုပြီးတိကျအောင် အတည်ပြုနိုင်ဖို့ မြေပြင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး စာရင်းရယူနေတယ်လို့ သူက ဆက်ပြောပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၅ နာရီဝန်းကျင် ချင်းရွှေဟော်ဒေသက မာလီဖင် ရွာ လေကြောင်းတိုက်ခိုက်မှု

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၅ နာရီဝန်းကျင် ချင်းရွှေဟော်ဒေသက မာလီဖင် ရွာ လေကြောင်းတိုက်ခိုက်မှု

လက်ရှိလေကြောင်းတိုက်ခိုက်ခဲ့တဲ့စာရင်းတွေကိုလေ့လာကြည့်ချက်အရ ကိုးကန့်ဒေသတွေဖြစ်တဲ့ မုံးကိုးနဲ့ လောက်ကိုင် တဝိုက်ကို အများဆုံးတိုက်ခိုက်ခဲ့ပါတယ်။

“တစ်နေ့ခန့်မှန်း မုံးကိုး ၈ ကြိမ်၊ လောက်ကိုင် ၈ ကြိမ် နဲ့ အထက်ရှိပါတယ်။ ဒါတောင် ကျွန်တော်မသိရတာတွေလည်း ရှိနေပါသေးတယ်” လို့ WEAS အဖွဲ့ဝင်က ဘီဘီစီကို တွက်ချက်ပြပါတယ်။

ကိုးကန့်တပ် MNDAA ရဲ့ အောက်တိုဘာ ၂၉ ရက် မနက်အစောပိုင်းထုတ်ပြန်ချက်အရ မနက် ၅ နာရီဝန်းကျင်မှာ ချင်းရွှေဟော်ဒေသက မာလီဖင်ရွာ နဲ့ ညိုဖင်ကျီပရွာ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သားနေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၈ ရက် နမ္မတူမြို့နယ်၊ ရွာသစ်ပါင်ဆာ ရွာ ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့်လည်း အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်(TNLA)က ပြောပါတယ်။

ဘီဘီစီမေးမြန်းကြည့်တဲ့ ဒေသခံတွေရဲ့ အပြောအရ ဒီလို လေကြောင်းပစ်ကူလာရောက်တာတွေဟာ တိုက်ပွဲပစ်ခတ်သံ ထွက်ပေါ်လာအပြီး ခန့်မှန်းနာရီဝက် (မိနစ် ၃၀ )အတွင်း ရောက်လာလေ့ရှိတယ်လို့ ဆိုပါတယ်။

“ဒီနေ့ ၂၉ ရက်နေ့မှာတင် မနက် ၉ နာရီလောက်က တစ်ခါ၊ ညနေ ၃ နာရီ ၄၅ မိနစ်လောက် တစ်ခါ လေယာဉ်လာပစ်တယ်လေ။ TNLA (တအာင်းတပ်) နဲ့ တိုက်နေတဲ့ အထက်ညောင်ကုန်းရွာဘက်ကိုပဲ လာပစ်တာ မြင်နေရတယ်” မန္တလေးတိုင်း၊ မိုးကုတ်ဒေသခံတစ်ဦး က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲဖော်ဆောင်မှုအတွင်း ရှမ်းမြောက် ကိုးကန့်ဒေသဘက်မှာ MNDAA တပ်နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်နေပြီး မန္တလေး နဲ့ ရှမ်း အစပ်က နေရာတွေမှာတော့ တအာင်းတပ်(TNLA) နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေကြတာကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ နေ့စဉ်ထုတ်ပြန်ချက်တွေအရ ထင်သာမြင်သာရှိပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ရှမ်းပြည်မြောက်ပိုင်းကို ကွပ်ကဲရတဲ့ အမှတ်(၂) အထူးစစ်ဆင်ရေးအဖွဲ့မှူးတို့သာမကဘဲ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ကပါ ကွပ်ကဲနေတယ်လို့ စစ်ရုံးကလာတဲ့သတင်းတွေအရသိရပါတယ်။

စစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေအသုံးပြုနေတဲ့ ဒရုန်းတပ်

စစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေအသုံးပြုနေတဲ့ ဒရုန်းတပ်

ဓာတ်ပုံ ရင်းမြစ်, BPLA

တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး စစ်ကောင်စီက တစ်နေ့ကို အကြိမ်ရေ ဒါဇင်နဲ့ချီ လေကြောင်း တိုက်ခိုက်မှုတွေလုပ်နေသလို ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဝင်တွေကလည်း ဒရုန်းသုံး လေကြောင်းတိုက်ခိုက်တာတွေရှိနေပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) ဆိုရင် ရှေ့တန်းတိုက်ခိုက်ရေးနဲ့ ရော ဒရုန်းတပ်ဖွဲ့ အနေနဲ့ ပါ ပါဝင်တိုက်ခိုက်နေ ကြောင်း ဘီဘီစီကို အတည်ပြုပြောထားပါတယ်။

ဒီလို ဒရုန်းနဲ့ကင်းထောက်လှမ်းတာ၊ Drop Bomb လို့ခေါ်တဲ့ ဗုံးချတိုက်ခိုက်မှုတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်သူတွေအသုံးပြုလာတဲ့ တိုက်ခိုက်ရေးနည်းနာတစ်ခုဖြစ်လာခဲ့ပြီး အခုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေမှာ အသုံးပြုလာတာကို စစ်ရေးသိရှိသူတွေရဲ့ အပြောအရ သိရှိရပါတယ်။

“သန္နီမှာ တိုက်ပွဲပြင်းထန်တာဆိုရင် ၂၈ ရက်နေ့ညကတည်းက ညီနောင်မဟာမိတ်အဖွဲ့တွေက ဒရုန်းနဲ့လည်း ကြဲတယ်၊ မြေပြင်မှာလည်း ထိုးစစ်ဆင်တယ်”

မူဆယ် - ကွတ်ခိုင်လမ်းနဲ့ ကွမ်းလုံ - ချင်းရွှေဟော်သွားရာ လမ်းမကြီးနှစ်ခုဆုံရာမှာ တည်ရှိနေပြီး လားရှိုးမြို့နဲ့လည်း မိုင် ၃၀ ကျော်သာ ကွာဝေးတဲ့ သန္နီမြို့ပတ်ချာလည် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ချိန် တိုက်ခိုက်တဲ့ပုံစံကို စစ်ရေးသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပြခဲ့တာပါ။

ဒီလို တော်လှန်ရေးအင်အားစုတွေဘက်က ဒရုန်းအသုံးပြုတိုက်ခိုက်သလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု က လည်း စံချိန်တင်အများဆုံးလို့ စစ်ကောင်စီလေကြောင်းစောင့်ကြည့်ရေးလုပ်ဆောင်ပေးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Witness Enemy Air Scout (WEAS) က အခိုင်အမာပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေအားလုံးထဲမှာ စစ်ကောင်စီက လေယာဉ်အများဆုံး၊ အကြောင်းရေအများဆုံး ချသုံးတဲ့ ပွဲပဲ”