အပစ်ရပ်စာချုပ် - ချန်လှပ်ခံရတဲ့ လက်နက်ကိုင် သုံးဖွဲ့ ဘယ်လောက် အင်အားကြီးလာသလဲ

မဟာမိတ် ၃ ဖွဲ့ဖြစ်ကြတဲ့ တအာန်းတပ် TNLA၊ ကိုးကန့်တပ် MNDAA နဲ့ ရက္ခိုင့်တပ်တော် AA

ဓာတ်ပုံ ရင်းမြစ်, ညီနောင်မဟာမိတ် ၃ ဖွဲ့

ဓာတ်ပုံ ပုံစာ, ညီနောင်မဟာမိတ်ဖြစ်ကြတဲ့ တအာန်းတပ် TNLA၊ ကိုးကန့်တပ် MNDAA နဲ့ ရက္ခိုင့်တပ်တော် AA

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ က NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးမယ့်အချိန်မှာ ‘‘ထိန်းချုပ်နယ်မြေ၊ လူအင်အားနဲ့ ပဏာမအပစ်ရပ်စာချုပ်(Bilateral) ချုပ်ဆိုထားတာမရှိဘူး’’ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အဖွဲ့ သုံးဖွဲ့ ချန်လှပ်ထားခံခဲ့ရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရဲ့ မဟာမိတ် ၃ ဖွဲ့ဖြစ်ကြတဲ့ ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ ဖြစ်ကြပါတယ်။

NCA ၈ နှစ်ပြည့်ချိန်မှာ ဒီ သုံးဖွဲ့ရဲ့ အင်အားက အတိတ်နဲ့မတူတော့ဘဲ သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေအလိုက် စစ်ကောင်စီ ယန္တရားတွေကို စိန်ခေါ်မှုတွေ ရှိလာခဲ့ကြပါတယ်။

‘‘ဒီသုံးဖွဲ့က NCA မထိုးခင်က ထက် ဆယ်ဆ မက အင်အားကြီးသွားပြီ’’ လို့ တိုင်းရင်းသားအရေးလေ့လာစောင့်ကြည့် သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ဖိတ်ခေါ်ပါတယ်။

တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်လို့ သုံးနှုန်းပါတယ်။

ဖိတ်ခေါ်တဲ့အထဲမြောက်ပိုင်းညီနောင် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော်(AA)၊ တအာင်း ပလောင်အဖွဲ့(TNLA)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်(MNDAA) တို့ ပါခဲ့ပေမဲ့ မတက်ရောက်ခဲ့ကြပါဘူး။ အဲဒီနောက်မှာ နယ်စပ်မြို့တွေမှာ အဲဒီအဖွဲ့ နဲ့ စစ်ကောင်စီတို့ကြားဆွေးနွေးမှုတွေရှိခဲ့ပေမဲ့ မအောင် မြင်ခဲ့ပါဘူး။

အိမ်ပြန်ချင်တဲ့ ကိုးကန့်တပ်

MNDAA မှာ အသစ်ထပ်တိုးလာတဲ့ (၆၁၁) တိုင်းရင်းသား တပ်မဟာ

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, MNDAA မှာ အသစ်ထပ်တိုးလာတဲ့ (၆၁၁) တိုင်းရင်းသား တပ်မဟာ

ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၈၉ ခုနှစ်မှာ အစောဆုံး ပုန်ကန်ခဲ့တဲ့ ဦးဖုန်ကြားရှင် ရဲ့ ကိုးကန့်တပ်ဟာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေခဲ့တာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်အစိုးရက ရှမ်းပြည်နယ်(မြောက်ပိုင်း)က ကိုးကန့်ဒေသကို အထူးဒေသ (၁) အဖြစ် သတ်မှတ်ပေးပြီးတဲ့နောက် ၂၀၀၉ ခုနှစ်အထိ ကိုးကန့်ဟာ တစ်ကမ္ဘာဖြစ်ခဲ့ပါတယ်။

လောင်းကစားရုံတွေ၊ မူးယစ်ဆေးဝါးတွေ၊ လက်နက်တွေ နဲ့ တရုတ်နယ်စပ်ကအဲဒီ မြို့ဟာ ပြည်မမှာ မကြုံရတဲ့ အရာတွေ ဒုနဲ့ဒေး ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ သူ့ကို နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲဖွဲ့စည်းခိုင်းတဲ့ကိစ္စ အဆင်မပြေရာက ကိုးကန့်တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ အဲဒီအချိန်ကစလို့ လောက်ကိုင်ကို သိမ်းပိုက်လိုက်ပြီး MNDAA ကတော့ သူတို့ရဲ့မြို့ဟောင်းကို ပြန်သိမ်းပိုက်နိုင်ဖို့ အမြဲအခွင့်အရေးစောင့်နေခဲ့ပါတယ်။

နှစ်နဲ့ ချီအောင် လက်နက်လူသူစုဆောင်းပြင်ဆင်ပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ တကျော့ပြန် ကိုးကန့်တိုက်ပွဲတွေ ပြန်ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေမှာ မြန်မာစစ်တပ်က လောက်ကိုင်ကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ အကျအဆုံးများစွာ ပေးဆပ်ခဲ့ရပါတယ်။

၂၀၁၅ ခုနှစ် တကျော့ပြန် ကိုးကန့်တိုက်ပွဲဟာ MNDAA ရဲ့ တိုက်ရည်ခိုက်ရည်ကို စစ်ရေးအကဲခတ်တွေ မဖြစ်မနေ သတိပြုမိခဲ့ကြရပါတယ်။

NCA မှာလက်မှတ်မထိုးဖြစ်ခဲ့တဲ့ MNDAA ဟာ ၂၀၁၇ ခုနှစ်မှာလည်း လောက်ကိုင်ကိုဝင်တိုက်ခဲ့ပြန်ပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ MNDAA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ ပဏာမအပစ်ရပ်စာချုပ်(Bilateral) ချုပ်ဆိုဖို့ ညှိနှိုင်းခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါကာလကြောင့် ရပ်တန့်သွားခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ပဏာမအပစ်ရပ်စာချုပ် ကိစ္စ ရှေ့မတိုးတော့ဘဲ တိုက်ပွဲတွေသာ တိုးလာခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ကတည်းက အခုချိန်အထိ လောက်ကိုင်မြို့ကို ရှစ်နှစ်ကြာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ထားရတာကိုကြည့်ရင် MNDAA ရဲ့ ခြိမ်းခြောက်နိုင်မှုက ပေါ်လွင်နေပါတယ်။

လောက်ကိုင် နဲ့ ကုန်းကြမ်း မြို့နယ်နှစ်ခုကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ သတ်မှတ်ပေးထားပါတယ်။

၂၀၀၉ တိုက်ပွဲမှာ လောက်ကိုင်မြို့ကို လက်လွှတ်ခဲ့ရတဲ့ MNDAA ဟာ အခုတော့ သံလွင်မြစ်ဖျားက မုန်အိုင်ဒေသ မှာ အခြေချနိုင်နေပြီး သူ့ရဲ့လှုပ်ရှားမှုနယ်မြေက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့အထိရောက်ပါတယ်။

လားရှိုးမြို့နယ်အတွင်းက လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးမှုတွေ ကျူးလွန်ခဲ့သူ လေးဦးကို MNDAA က ဝင်ဖမ်းခဲ့ပြီး ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ သေဒဏ်စီရင်ခဲ့ပါတယ်။

သေဒဏ်စီရင်မှုကို MNDAA ထိန်းချုပ်မှုနယ်မြေ မူပန်းခရိုင်မှာ ပြုလုပ်ခဲ့ပြီး အဲဒီနယ်မြေဟာ သိန္ဒီ မြို့နယ်ထဲမှာ ပါဝင်နေပါတယ်။

သေဒဏ်စီရင်မှုကို MNDAA ထိန်းချုပ်မှုနယ်မြေ မူပန်းခရိုင်မှာ ပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, သေဒဏ်စီရင်မှုကို MNDAA ထိန်းချုပ်မှုနယ်မြေ မူပန်းခရိုင်မှာ ပြုလုပ်

ဒါ့အပြင် MNDAA ရဲ့ လှုပ်ရှားမှုနယ်မြေအသစ်ဖြစ်တဲ့ မုန်းကိုးဟာ မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်း ကြူကုတ်(ပန်ဆိုင်း)ဂိတ် အနီးမှာရှိပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်နဲ့လည်း ၁၀ မိုင်ကျော်သာ ကွာဝေးပါတယ်။

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်း နောက်တစ်ခုဖြစ်တဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်ဟာလည်း MNDAA ရဲ့ လှုပ်ရှားမှုနယ်မြေထဲမှာ ပါဝင်ပါတယ်။

ကိုးကန့်တပ်ဖွဲ့လို့ လူသိများတဲ့ MNDAA ရဲ့ အမည်အပြည့်အစုံက မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ဖြစ်ပါတယ်။

သူတို့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းကတော့ မြန်မာအမျိုးသား အမှန်တရားနှင့် တရားမျှတမှုပါတီ(MNTJP)လို့ အမည်ပေးထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ MNDAA မှာ အသစ်ထပ်တိုးလာတာက (၆၁၁) တိုင်းရင်းသား တပ်မဟာပဲ ဖြစ်ကြတယ်။

၂၀၂၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ဒီတပ်မဟာမှာ ပြည်မက အာဏာသိမ်းမှုဆန့်ကျင်သူ ထောင်ဂဏန်းကျော် ပါဝင် ဖွဲ့စည်းထားတယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီက ပြုလုပ်တဲ့ တပ်မဟာတည်ထောင်ခြင်း ပထမနှစ်ပတ်လည်အခမ်းအနားမှာ တပ်ဆင်ပေးခဲ့တဲ့ လက်နက်အသစ်တွေက အများအာရုံစိုက်စရာ ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာမသိမ်းခင် က MNDAA ရဲ့ အင်အားကို အလွန်ဆုံး ငါးထောင်လို့ တိုင်းရင်းသားအရေးကျွမ်းကျင်သူတွေက ထုတ်ပြောခဲ့ကြပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ အင်အားထောင်ဂဏန်းကျော်ထပ်တိုးလာနိုင်တယ် လို့ သုံးသပ်နေကြပါတယ်။

မဟာမိတ်စုဖွဲ့မှုမှာဆိုရင် ''ဝ'' ဒေသနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ကိုးကန့်တပ် MNDAA ဟာ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC (Federal Political Negotiation and Consultative Committee) အဖွဲ့ဝင်အဖြစ် ''ဝ''တပ်ဖွဲ့ UWSA နဲ့ပါ မဟာမိတ်ထူထောင်ထားပါတယ်။

ကိုးကန့်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တအာန်း တပ် TNLA နဲ့ ရက္ခိုင့်တပ်တော် AA နဲ့ တို့နဲ့ပါ မြောက်ပိုင်းမဟာမိတ်တွေအဖြစ် ထူထောင်ထားကြပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင် မဟာမိတ်တွေနဲ့အတူ စစ်တပ်နဲ့ အလွတ်သဘော ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် တိုက်ပွဲတွေကလည်း အတူဆက်ရှိနေခဲ့တာ တွေ့ရပါတယ်။

အားကောင်းလာတဲ့ TNLA

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း TNLA အပေါ် လူထုထောက်ခံမှုပိုရလာ

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း TNLA အပေါ် လူထုနားလည်ထောက်ခံမှုပိုရလာ

တအာန်း လူငယ် ၄၀ ကျော်ဟာ ၂၀၁၁ ခုနှစ်မှာ ကချင်ပြည်နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်၊ လိုင်ဇာမြို့မှာ စစ်သင်တန်းတစ်ခုသွားတက်ခဲ့ကြပါတယ်။

သင်တန်းဆင်းတဲ့အခါ တအာန်း လူငယ်တွေ ကို KIA က ရိုင်ဖယ်သေနတ် ၂၂ လက် ပေးခဲ့ပြီး တအာန်းဒေသကိုဝင်ရောက်ခဲ့တာက တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ရဲ့ အနီးခေတ် တော်လှန်ရေးခရီးအစ ဖြစ်ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးပွဲတွေကို TNLA ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့ပါသေးတယ်။

ဒါပေမဲ့ NCA စာချုပ်ချုပ်ဆိုတဲ့အခါမှာတော့ လက်ရှိအစိုးရ လက်ထက်မှ ပေါ်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့အသစ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်စွန့်ပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစိုးရ နဲ့ စစ်တပ်က ပြောခဲ့ပါတယ်။

‘‘ထိန်းချုပ်နယ်မြေ၊ လူအင်အား နဲ့ နှစ်ဖက် အပစ်ရပ်စာချုပ်ထိုးထားတာ မရှိဘူး ဆိုတဲ့အကြောင်းပြချက်တွေ နဲ့ ဒီသုံးဖွဲ့ကို NCA ထိုးတဲ့အထဲမထည့်ဘဲ သီးခြားဆွေးနွေးဖို့ သမ္မတ က ပြောခဲ့တယ်’’ လို့ အဲဒီတုန်းကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦးက ပြန်ပြောပြပါတယ်။

NCA စာချုပ်မှာလက်မှတ်ထိုးတဲ့အထဲ မပါခဲ့တဲ့ TNLA ဟာ စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ နဲ့ အတူ စစ်ရေးအတွေ့အကြုံ ပြည့်ဝ အားကောင်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာပါတယ်။

‘‘NCA က ငြင်းပယ် လိုက်တဲ့ နောက်ပိုင်း ကျွန်‌တော်တို့ ပိုစည်းလုံးလာခဲ့ကြတယ်’’ လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က MNDAA ၊ AA တို့ နဲ့ မဟာမိတ် ခိုင်မြဲမှုအကြောင်း ဘီဘီစီကို ပြောပါတယ်။

TNLA ရဲ့ မဟာမိတ်စုဖွဲ့မှုမှာ AA၊ MNDAA နဲ့ KIA တို့သာမကဘဲ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC (Federal Political Negotiation and Consultative Committee) အဖွဲ့ဝင်အဖြစ် ဝ တပ်ဖွဲ့ UWSA နဲ့ပါ မဟာမိတ်ထူထောင်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက တိုက်ပွဲတွေမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်ခဲ့တယ် လို့ TNLA ကထုတ်ပြောခဲ့ပြီး တစ်လအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ထပ်မနည်းရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်နဲ့ TNLA လက်ရှိအချိန်မှာ တိုက်ပွဲတွေဖြစ်နေပေမဲ့ အာဏာမသိမ်းခင်က နဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ပါဘူး။

‘‘တပ်အင်အား သောင်းဂဏန်းကျော် နဲ့ ထိုးစစ်ဆင်တာ ခံခဲ့ရဖူးတယ်’’ လို့ အာဏာမသိမ်းခင်က စစ်တပ်နဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေအကြောင်း ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြန်ပြောပြပါတယ်။

အင်အားတောင့်တင်းလာတဲ့ TNLA ဟာ NLD အစိုးရလက်ထက်မှာတုန်းကလည်း ပဏာမအပစ်ရပ်စာချုပ် ထိုးနိုင်ဖို့ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။

KIA၊MNDAA၊TNLA နဲ့ AA တို့နဲ့ စုစည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ ပဏာမအပစ်ရပ်စာချုပ်ကို လေးဖွဲ့လုံးမှ အတူတူထိုးမယ် ဆိုတဲ့ မူကို ဆွဲကိုင်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း TNLA ရဲ့ တော်လှန်ရေးအပေါ် လူထုနားလည်ထောက်ခံမှုပိုရလာခဲ့တယ်လို့ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။

‘‘မြို့ပေါ်က ပညာတတ်တွေပါ တပ်ထဲပြန်ဝင်လာကြတယ်။ လူအင်အားလည်း တော်တော်များများ ပိုစုဆောင်းလာနိုင်ခဲ့တယ်’’ လို့ သူက ဘီဘီစီကို ပြောပါတယ်။

တပ်မဟာ(၇)ခု နဲ့ ဖွဲ့စည်းထားတဲ့ TNLA ဘက်က သူတို့ရဲ့ တပ်အင်အားကို ထုတ်မပြောပေမဲ့ ၈ ထောင် ကနေ တစ်သောင်းကြား ရှိနေပြီ လို့ တိုင်းရင်းသားအရေးကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

‘‘ကျွန်တော်တို့မှာရှိတဲ့ အင်အားအတိုင်း လက်နက်တပ်ဆင်ပေးနိုင်တဲ့ အနေအထားတစ်ခု ရှိနေပြီ’’ လို့ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောပါတယ်။

KIA ကပေးတဲ့ ရိုင်ဖယ်သေနတ် ၂၂ လက် နဲ့ စခဲ့တဲ့ TNLA ဟာ လေယာဉ်ပစ် လက်နက်တွေပါ ပိုင်ဆိုင်နေပြီဆိုတဲ့အထောက်အထားတွေကို တွေ့ရပါတယ်။

၂၀၁၉ ခုနှစ်က စစ်တပ်က သိမ်းဆည်းခဲ့တဲ့ TNLA လက်နက်တွေထဲမှာ တရုတ်နိုင်ငံလုပ် လေယာဉ်ပစ်လက်နက် FN 6 အမျိုးအစား ပါနေတာတွေ့ရပြီး တစ်လက်ကို အမေရိကန် ဒေါ်လာ ခုနစ်သောင်းခွဲကနေ ကိုးသောင်းဝန်းကျင် ရှိတယ်လို့ စစ်တပ်က ထုတ်ပြောခဲ့ပါတယ်။

TNLA ဟာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို စစ်သင်တန်းပေးတာတွေ၊ တိုက်ပွဲတချို့မှာ ပူးပေါင်းတိုက်ခိုက်တာတွေအထိ ရှိလာခဲ့ပါတယ်။

‘‘NUG၊ PDF မှ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မယ့် ဘယ်မိတ်ဖက်အဖွဲ့အစည်းနဲ့မဆို လက်တွဲမယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံရေးဦးတည်ချက်မှာ ပါပြီးသားပါ’’ လို့ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောပြပါတယ်။

တရုတ်ကျောထောက်‌နောက်ခံပြုတယ်လို့ သတ်မှတ်ခံရတဲ့ TNLA ဟာ တရုတ်နဲ့ မျက်နှာမပျက်ချင်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တိုက်ရိုက်ထောက်ခံအားပေးတာမျိုးမလုပ်ဘဲ အရပ်ဘက်အဖွဲ့အစည်းတွေကိုကြားခံပြီး အဆက်အသွယ်လုပ်နေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

TNLA ရဲ့ လှုပ်ရှား နယ်မြေတွေထဲမှာ တရုတ်နိုင်ငံရဲ့ ရပ်ဝန်း၊ လမ်းကြောင်း စီမံကိန်း ဖြတ်သန်းမယ့် နေရာတွေပါဝင်ပြီး ပြီးခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ နယ်မြေထဲက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို နှောင့်ယှက်ဖျက်ဆီးသူတွေ နဲ့ ဆက်ကြေးတောင်းတာတွေကို ထိရောက်စွာအရေးယူ မယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လက ပူးတွဲကြေညာချက် ထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တကျော့ပြန် စစ်အာဏာ သိမ်းခံရပြီးတဲ့နောက်ပိုင်း နှစ်နှစ်ကျော်အတွင်းမှာ ရှမ်းပြည်နယ်ထဲ ထိန်းချုပ်နယ်မြေတွေတိုးချဲ့ပြီး အင်အားကြီးထွားအောင် လုပ်ဆောင်လာနိုင်ခဲ့တဲ့ TNLA ရဲ့ လှုပ်ရှားမှုတွေကို ပြည်တွင်းကအကဲခတ်တွေတင်မက နိုင်ငံတကာကပါ သတိထားမိခဲ့ပါတယ်။

TNLA စစ်သမီး တွေ

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, TNLA စစ်သမီး တွေ

နိုင်ငံတကာ ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာ အကြံပြုတဲ့ ပညာရှင်တွေ စုစည်းဖွဲ့ထားတဲ့ ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် International Crisis Group အဖွဲ့က TNLA ရဲ့ လှုပ်ရှားမှုတွေအကြောင်းကို “ခယောင်းလမ်းကို ပါးပါးနပ်နပ် လျှောက်လှမ်းခြင်း” လို့ ခေါင်းစဥ် ပေးထားတဲ့ အစီရင်ခံစာတစ်စောင်ပါ ရေးသားထုတ်ဝေခဲ့ပါတယ်။

အာဏာသိမ်းပြီတဲ့နောက် စစ်တပ်က တခြားစစ်မျက်နှာတွေအတွက် တပ်တွေစေလွှတ်ရတဲ့ အခြေအနေမှာပဲ TNLA ဟာ သူ့ရဲ့ထိန်းချုပ်နယ်မြေတွေကို လျှင်လျှင်မြန်မြန်ပဲ တိုးချဲ့နေရာယူလာနိုင်ခဲ့တယ် လို့ ICG ရဲ့ မြန်မာ့အရေး အကြီးတန်း အကြံပေး သောမတ်စ်ကီးန် က ဘီဘီစီကို ပြောပါတယ်။

‘‘ကျွန်တော်တို့ နယ်မြေချဲ့ ထွင်တာ မရှိပါဘူး။ အရင်ကအတိုင်းပါပဲ။ ဒါပေမဲ့ တရားဥပဒေစိုးမိုးရေးအပိုင်းကိုတော့ ပိုလုပ်လာနိုင်တယ်’’ လို့ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောပါတယ်။

မြေပြင်အခြေအနေမှာလည်း ပလောင်နယ်မြေတွေသာမက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ လားရှိုးမြို့အနီး အထိ ကို TNLA က လှုပ်ရှားနေပါတယ်။

‘‘လားရှိုး - နမ္မတူ လမ်းမှာဆို စစ်တပ်ဂိတ်နဲ့ ပလောင်ဂိတ်က ကားနဲ့မောင်းရင် ၁၀ မိနစ်ပဲ။ ကျွန်တော်တို့ နှစ်ဂိတ်လုံးအစစ်ခံရတယ်’’ လို့ ’လားရှိုး - နမ္မတူ လမ်းကို အသုံးပြုနေသူ တစ်ဦးကပြောပါတယ်။

လားရှိုး - နမ္မတူ လမ်းတလျှောက်မှာ အရင်ကမရှိခဲ့တဲ့ ပလောင်ရွာတွေ တိုးလာနေတယ်လို့ သူက ပြောပါတယ်။

TNLA ဘက်ကတော့ ဒီရွာတွေဟာ စစ်ဘေးရှောင်တွေအတွက် နေရာချထားပေးတာ လို့ ပြန်လည် တုံ့ပြန်ပါတယ်။

မြန်မာ တရုတ် ကုန်သွယ်ရေးလမ်းမကြီး တလျှောက် က မြို့နယ်တွေဖြစ်တဲ့ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္ဒီ၊ ကွတ်ခိုင်နဲ့ မူဆယ်၊ နမ့်ခမ်းအထိ TNLA က လှုပ်ရှားနေတာဖြစ်ပါတယ်။

TNLA ဟာ ရှမ်းပြည်နယ် နဲ့ မန္တလေးတိုင်း ထိစပ်နေတဲ့ မြို့နယ်တွေအထိပါ လှုပ်ရှားလာနေပြီး မြောက်ဘက်မှာ မိုးကုတ်မြို့နယ်နဲ့ တောင်ဘက်မှာ ပြင်ဦးလွင်နဲ့ထိစပ်နေတဲ့ နောင်ချိုမြို့အထိပါ လှုပ်ရှားနေတာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နမ့်ဆန်မြို့နယ် နဲ့ မန်တုံ မြို့နယ်ပေါင်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လို့ သတ်မှတ်ပေးထားပေမဲ့ TNLA ကတော့ ခရိုင် ၅ ခုအထိ ဖွဲ့စည်းထားပါတယ်။ နမ့်ဆန်ခရိုင်၊ ရွှေလီခရိုင်၊ မန်အောင်ခရိုင်၊ သံလွင်ခရိုင်နဲ့ လားရှိုးခရိုင်ဆိုပြီး ဖွဲ့ထားကာ မြို့နယ် ၁၉ ခုအထိ ထည့်သွင်းထားပါတယ်။

TNLA ရဲ့ အိပ်မက်ကတော့ ပလောင်ပြည်နယ် ပေါ်ပေါက်ရေးပဲ ဖြစ်ပါတယ်။

စစ်တပ်အခက် အေအေအချက်

ရက္ခိုင့်တပ်တော် AA

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်က တော်လှန်ရေးတပ်တွေထဲမှာ AA က အင်အားအကြီးဆုံး ဖြစ်လာ

ရခိုင်ပြည်နယ်က လက်နက်ကိုင်တပ်တွေထဲမှာ နောက်ဆုံးမှပေါ်လာတဲ့ ရက္ခိုင့်တပ်တော် AA ဟာ အင်အားအကြီးဆုံးတပ်လည်း ဖြစ်လာပါတယ်။

AA ကို ရခိုင်လူငယ် ၂၆ ဦး နဲ့ လိုင်ဇာမှာ ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက် က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

လူ ၂၆ ယောက် ၊ သေနတ် တစ်လက်တည်းနဲ့ စတင်ခဲ့ရတဲ့ AA ကို MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင်က လက်နက် အလက်တစ်ရာ လက်ဆောင်ပေးခဲ့ပါတယ်။

အဲဒီ သေနတ်အလက် ၁၀၀၊ RPG နှစ်လက်နဲ့ ရခိုင်ပြည်နယ်ကို ထိုးဖောက် ဝင်ရောက်နိုင်ခဲ့တာကြောင့် ဦးဖုန်ကြားရှင်ရဲ့အကူအညီဟာ ရခိုင် တော်လှန်ရေးအတွက် အင်မတန်မှ အရေးပါတယ်လို့ ကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ဈာပနမှာ ထုတ်ပြောခဲ့ပါတယ်။

အခုတော့ AA ရဲ့ တပ်အင်အားက သုံးသောင်းအထက်ရှိနေပြီး ရခိုင်ပြည်နယ် ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီ လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မီဒီယာ တချို့ကို ဖြေကြားထားပါတယ်။

၂၀၁၉ ခုနှစ်က တွေ့ဆုံမေးမြန်းခန်းတွေမှာ AA ခေါင်းဆောင်တွေက သူတို့အင်အားဟာ တစ်သောင်းဝန်းကျင်လို့ ဖြေကြားထားတာကြောင့် နှစ်ပိုင်းအတွင်း အင်အား သောင်းဂဏန်း တိုးလာခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၁၈ ကနေ ၂၀၁၉ အထိရောက်တဲ့ တိုက်ပွဲကာလ ဟာ ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်တပ်အကြား ပြင်းထန်တဲ့ စစ်ရေးအခြေအနေတွေ ဖြစ်ခဲ့ပါတယ်။

သက်တမ်းနုနယ်တဲ့ အဖွဲ့ငယ်အဖြစ် စစ်တပ်ရဲ့ ရှုမြင်ခြင်းကို ခံရပြီး NCA စာချုပ်မှာ လက်မှတ်ထိုးခွင့်မရခဲ့တဲ့ AA ဟာ အခုတော့ ရခိုင်ပြည်နယ်ထဲမှာသာမက ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာပါ မဟာမိတ်တွေနဲ့ပေါင်းပြီး တိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။

AA ရဲ့ လှုပ်ရှားဖြန့်ကျက်မှုကို ကြည့်ရင် နယ်စပ်တွေမှာ ခြေကုပ်ယူတာတွေ့ရမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တကြော၊ အိန္ဒိယ-မြန်မာ နယ်စပ်တကြော၊ မဟာမိတ်တွေနဲ့အတူ တရုတ်-မြန်မာ နယ်စပ် တကြောနဲ့ ထိုင်း- မြန်မာ နယ်စပ်တကြောကိုပါ ရောက်ရှိလာတာ တွေ့ရပါတယ်။

မဟာမိတ်စုဖွဲ့မှုအားကောင်းတဲ့ အေအေဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကိုလည်း မြောက်ပိုင်း မဟာမိတ်တွေနဲ့အတူ ကူညီထောက်ပံ့ပေးတာတွေလည်း လုပ်နေပါတယ်။

AA ရဲ့ တပ်တည်ထောင်မှု ၁၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေက သဝဏ်လွှာတွေပေးပို့ခဲ့ပြီး နွေဦးတော်လှန်ရေးမှာ AA ရဲ့ ကူညီပံ့ပိုးပေးမှုတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ထဲမှာပြုလုပ်တဲ့ AA အရာရှိသင်တန်းဆင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်ထဲမှာပြုလုပ်တဲ့ AA အရာရှိသင်တန်းဆင်းပွဲ

အာဏာသိမ်းမှုကြောင့် စစ်မျက်နှာပြင်တွေများလာပြီး စစ်တပ်က အကျပ်ရိုက် လာချိန်မှာ ရခိုင်လူထုရဲ့ထောက်ခံမှုကို အခိုင်အမာရထားတဲ့ AA က စစ်ရေးသာမက သူ့ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးယန္တရားကိုပါ တည်ဆောက်လာနိုင်ခဲ့ပါတယ်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါ ရဲ့ ကြားဝင်စေ့စပ်မှုအရ Gentlemen's agreement နဲ့ အပစ်ရပ်ထားပေမယ့် စစ်တပ်နဲ့ နှစ်ဖက်တင်းမာမှုတွေကို မဖုံးကွယ်ထားနိုင်ပါဘူး။

AA ကို မတရားအသင်းက ပယ်ဖျက်ပေးတာတွေ၊ ဖမ်းဆီးထားတဲ့ အေအေနဲ့ ဆက်နွယ်သူတွေကို ပြန်လွှတ်ပေးတဲ့အထိ စစ်တပ်နဲ့ အခြေအနေကောင်းတချို့ ရှိခဲ့ပေမဲ့ တော်လှန်ရေးသတိအမြဲရှိဖို့ AA ခေါင်းဆောင်တွေက မှာကြားပါတယ်။

နိုင်ငံရေးအရပါးနပ်တဲ့ AA ဟာ ရခိုင်ပြည်နယ်ထဲမှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မကျင်းပဖြစ်ခဲ့တဲ့ ရခိုင်နယ်မြေတွေမှာ စစ်တပ်က ရွေးကောက်ပွဲလုပ်စေချင်တာကို ထောက်ခံခဲ့ပါတယ်။

တခါ အာဏာသိမ်းမှုနောက်ဆက်တွဲပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေနဲ့ CDM လှိုင်းလုံးကို ရခိုင်ပြည်နယ်ထဲ အဝင်မခံခဲ့ဘဲ အခြေအနေတည်ငြိမ်အောင် ထိန်းထားခဲ့တာ တွေ့ရပါတယ်။

အကျိုးဆက်အဖြစ် ပြည်မမှာ ကျောင်းတွေ မဖွင့်နိုင်ချိန် ရခိုင်ပြည်နယ်မှာတော့ စာသင်ကျောင်းတွေကို ရာနှုန်းပြည့်နီးပါး ဖွင့်လှစ် နိုင်ခဲ့ပါတယ်။

အရင်က လိုင်ဇာမှာပဲ ဖွင့်လှစ်နိုင်ခဲ့တဲ့ ရက္ခိုင့်တပ်တော်၊ အရာရှိလေ့ကျင့်ရေးသင်တန်းကို စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ ရခိုင်ပြည်နယ်ထဲမှာပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လမှာ အရာရှိ ၃၂၆ ဦး သင်တန်းဆင်းခဲ့ပါတယ်။

‘‘ရက္ခိုင့်အိပ်မက်’ လို့ နာမည်ကြီးတဲ့ AA ရဲ့ နိုင်ငံရေးမျှော်မှန်းချက်ဟာ ဗဟိုချုပ်ကိုင်မှုကနေ ကင်းလွတ်နေတဲ့ ကွန်ဖက်ဒရေးရှင်း ပုံစံဖြစ်ပြီး ကိုယ်ပိုင်စစ်တပ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေတဲ့ ဝ တပ်ဖွဲ့ UWSA ရဲ့ ပုံစံမျိုးဖြစ်ပါတယ်။

‘‘ရန်သူအကျပ်အတည်းတွေ့ချိန်မှာ အခွင့်အရေးအဖြစ် ထိရောက်စွာ အသုံးချကြ’’ ဖို့ စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်လူထုကိုပြောတဲ့ မိန့်ခွန်းမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထည့်သွင်းပြောကြားပါတယ်။