ပတ္တမြားမြေအနီးရောက်လာတဲ့ တိုက်ပွဲသံ

ဓာတ်ပုံ ရင်းမြစ်, AFP
မန္တလေးတိုင်းအထက်ပိုင်း မိုးကုတ်မြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကြားမှာ တအာင်းလွတ်မြောက်ရေးတပ် (TNLA)နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်နေတာ ဆယ်ရက်ကြာမြင့်နေပါပြီ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က ကျောက်မဲမြို့၊ တောင်နီရွာကြားမှာ နှစ်ဖက်တိုက်ပွဲစတင်ရာကနေ အခုတော့ မိုးကုတ်မြို့နဲ့ လေးမိုင်အကွာ ညောင်ကုန်းရွာနားအထိကို တိုက်ပွဲတွေ ရောက်လာပါတယ်။
“သူတို့ ထိုးစစ်ဆင်လာလို့ ကျွန်တော်တို့က ခုခံကာကွယ်စစ်အနေနဲ့ တိုက်ခိုက်နေတာ”
မြန်မာ့ပတ္တမြားမြေ မိုးကုတ်မြို့နားထိ ဘာကြောင့်တိုက်ပွဲဖြစ်လာတာလဲလို့ ဘီဘီစီက မေးခွန်းထုတ်ချိန် TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က အခုလိုဖြေကြားပါတယ်။
မိုးကုတ်နဲ့ ကျောက်မဲကြားက တိုက်ပွဲတွေဟာ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လို့ ခုခံကာကွယ်စစ် အနေနဲ့သာ လှုပ်ရှားနေရတာလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီနှုတ်ဆိတ်နေတဲ့ ပတ္တမြားတိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Red Wolves of Mogok
“အခုလက်ရှိအထိ သူတို့ (စစ်ကောင်စီတပ်) ဘက်က အထိနာထားတယ်” လို့ မိုးကုတ်အခြေပြု ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း အမှတ် ၁၂၂၁ တာဝန်ရှိသူတစ်ဦးက ခပ်တိုတိုပြောပါတယ်။
မိုးကုတ်အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေမှာ Red Wolves of Mogok လို့ခေါ် ကြတဲ့ တပ်ရင်း ၁၂၂၁ နဲ့ တပ်ရင်း ၁၂၂၃ တို့ဟာ တအာင်းအဖွဲ့ TNLA နဲ့ တွဲဖက်ပြီး မိုးလုံးမှိုင်းစစ်ဆင်ရေးအဖြစ် ဆောင်ရွက်နေတာလို့ တရားဝင် ထုတ်ပြောထားပါတယ်။
TNLA ကို ဘီဘီစီမေးမြန်းကြည့်တော့ အတိုင်းအတာတခုအထိ တိုက်ပွဲပြင်းထန်တယ်လို့ ဆိုထားပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေတာလို့သာ တုံ့ပြန်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့ပြီး တစုံတရာ ထုတ်ပြောလာတာ မတွေ့ရသေးပါဘူး။
“တိုက်ပွဲက ဘယ်လောက်အထိ ပြင်းထန်လဲဆိုရင် မနေ့တုန်းက ကုန်းစံရွာက လူတွေ တောင်နီရွာဘက် ရှောင်လာလို့ ခွေးဘီလူး(Hijet)ကားနဲ့ သွားကြိုခဲ့ရတာ” လို့ ကျောက်မဲမြို့ထဲက တောင်နီရွာဒေသခံတစ်ဦးက ပြောပါတယ်။
မိုင် ၂၀ နီးပါး ကွာဝေးတဲ့ ကုန်းစံရွာကနေ တောင်နီရွာဘက်ကို ရှောင်တိမ်းလာရတာကြောင့် တိုက်ပွဲ ပြင်းထန်နေတာသေချာတယ်လို့ သူက သုံးသပ်ပါတယ်။
ကုန်းစံရွာသားတွေဟာ အခုသီတင်းပတ်ထဲ မိုးကုတ်မြို့နဲ့ မိုင်အနည်းငယ်အကွာ ရွာရဲ့ ဘုရားကုန်းပေါ်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ရာကနေ စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က လေကြောင်းနဲ့ လာရောက် တိုက်ခိုက်တဲ့အထိ ပြင်းထန်ခဲ့တာကြောင့် နေရပ်စွန့်ခွာပြေးကြရပါတယ်။
ကုန်းစံရွာသာမက မိုးကုတ်မြို့နဲ့ လေးမိုင်သာကွာတဲ့ ညောင်ကုန်းရွာမှာပါ နှစ်နေရာ တပြိုင်နက်တိုက်ပွဲ တွေဖြစ်ခဲ့ကြတာပါ။
“ကျောက်မဲရဲ့ မြို့နယ်ခွဲ မိုင်းလုံတကြော ရွာဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာမိသားစုတွေဆီ ရှောင်လာကြပြီ” လို့ စစ်ရှောင်အခြေအနေအကြောင်း တောင်နီရွာသားက ပြောပြပါတယ်။
“မိုးကုတ်မြို့ပေါ်က မရှောင်ရဲကြဘူး တိုက်ပွဲက မိုးကုတ်ဘက်ဖြစ်တော့ ကျောက်မဲဘက်ကို ပြေးလာရတာ” လို့ သူက ဆက်ပြောပါတယ်။
ဒီတိုက်ပွဲဖြစ်ပွားတဲ့ ကုန်းစံ၊ ညောင်ကုန်းရွာအပြင် ဖြူရောင်၊ လွယ်ငင်းရွာက ဒေသခံတွေပါ စစ်တိမ်းရှောင် နေရပါတယ်။
ပတ္တမြားမြေကို တိုက်ပွဲဘယ်လိုရောက်လာလဲ

ဓာတ်ပုံ ရင်းမြစ်, TNLA
လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက ကျောက်မဲမြို့နယ်၊ တောင်နီရွာကနေ လဲကြီးရွာဘက်ကို စစ်ကောင်စီတပ် တပ်မ ၈၈ ၊ လပခ - ခလရ ၇၁ တို့က စစ်အင်အားဖြည့်လာတာကြောင့် တအာင်းအဖွဲ့ TNLA တပ်မဟာ ၄ လက်အောက်ခံ၊ တပ်ရင်း ၅၉၃ နဲ့ တိုက်ပွဲစဖြစ်ခဲ့ကြပါတယ်။
TNLA ရဲ့ နေ့တွင်းချင်း ထုတ်ပြန်ချက်အရ တောင်နီနဲ့ လဲကြီးကြားတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ ဖော်ပြပြီး တာဝါတိုင်ထိပ်မှာ တိုက်ပွဲပြင်းထန်ခဲ့ကြတာလို့ တောင်နီဒေသခံတွေကလည်း အတည်ပြုပါတယ်။
အဲဒီကနေ နှစ်ရက်အကြာ စက်တင်ဘာ ၁၀ ရက်နေ့မှာတော့ မိုးကုတ်မြို့နဲ့ ၆ မိုင်လောက်သာကွာတဲ့ ကုန်းစံရွာနဲ့ ၄ မိုင်အကွာ အထက်ညောင်ကုန်းရွာမှာ တအာင်းတပ်မဟာ ၂ ၊ တပ်ရင်း ၆၆၆ နဲ့ စစ်ကောင်စီ တပ်ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
“တောင်နီဘက်ကို စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ ကုန်းစံဘက်မှာ တိုက်ပွဲဆက်ဖြစ်တာပါ” လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။
ကျောက်မဲဘက်ခြမ်း တိုက်ပွဲဖြစ်ရာကနေ မိုးကုတ်မြို့နားအထိ တိုက်ပွဲဖြစ်တာဟာ စစ်ကောင်စီဘက်က နောက်ဆုတ်ရတဲ့ အနေအထားဖြစ်နေတာလားလို့ မေးမြန်းကြည့်ရာမှာတော့ စစ်ကောင်စီစစ်ကူတွေနဲ့ တိုက်ခိုက်တာကြောင့် စစ်ကြောင်းရွေ့လျားတဲ့ သဘောသာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
မိုးကုတ်မြို့အနီးက တိုက်ပွဲတွေကိုတော့ စစ်ကောင်စီဘက်က စက်တင်ဘာ ၁၅ ရက်မှာ တစ်ကြိမ်၊ စက်တင်ဘာ ၁၇ ရက်မှာ တစ်ကြိမ် လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
“မိုးကုတ်မြို့ပေါ်ကပါ တိုက်ပွဲဖြစ်တဲ့ဘက်ကို လက်နက်ကြီးပစ်ကူနေတော့ မြို့ခံတွေပါ ကြောက်နေကြတာ”လို့ မိုးကုတ်မြို့ပေါ်နေ ပြည်သူတစ်ဦးက ဆိုပါတယ်။
မိုးကုတ်မြို့ခံအချို့ကို ဘီဘီစီမေးမြန်းကြည့်တဲ့အခါမှာလည်း မြို့ပေါ်ကနေပါ လက်နက်ကြီးအသံတွေ နေ့စဉ်လိုလိုကြားနေရပြီး လမ်းမတွေပေါ်မှာ သွားလာလှုပ်ရှားမှု မရှိသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ တိုက်ပွဲ ငြိမ်သက်နေပေမဲ့ အချိန်မရွေးပြန်ဖြစ်နိုင်တာကြောင့် စိုးရိမ်ထိတ်လန့်နေကြတယ်လို့ မိုးကုတ်၊ ကျောက်မဲဒေသခံတွေက တညီတညွတ်တည်း ပြောကြပါတယ်။









