မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်တို့ တစ်ကျော့ပြန် တိုက်ပွဲတွေ ဘာကြောင့်ဖြစ်

ဇန်နဝါရီလတုန်းက ကျင်းပခဲ့တဲ့ MNDAA ကိုးကန့်တပ် သင်တန်းဆင်းပွဲတစ်ခု

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီလတုန်းက ကျင်းပခဲ့တဲ့ MNDAA ကိုးကန့်တပ် သင်တန်းဆင်းပွဲတစ်ခု

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ရဲ့ မိုင်းလားဆွေးနွေးပွဲအပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စစ်ကောင်စီတပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA - ကိုးကန့်တပ်)တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ပြန်ဖြစ်နေပါတယ်။

မိုင်းလားဆွေးနွေးပွဲ ဒုတိယနေ့ဖြစ်တဲ့ ဇွန်လ ၂ ရက်နေ့ကတည်းက တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာဖြစ်ပြီး ဇွန်လ ၅ ရက်မှာတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ပေါ်အထိ တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

တရုတ်နယ်စပ်မှာ အဓိကလှုပ်ရှားတဲ့ MNDAA ကိုးကန့်တပ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး တပ်စခန်းအသစ်တွေ တိုးချဲ့လာလို့ အခုလို တိုက်ပွဲတွေ ဖြစ်လာတာလို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့နီးစပ်တဲ့ စစ်ရေးသတင်းအမြစ်တွေက ဆိုပါတယ်။

ကိုးကန့်တပ်ဘက်ကလည်း သူတို့တပ်စခန်းတွေကို စစ်ကောင်စီက ထိုးစစ်ဆင်တာတွေ ရှိခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကိုးကန့်တပ်တွေ တိုက်ခိုက်ခံရ

စစ်ကောင်စီ နဲ့ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဟာ တရုတ်ရဲ့တွန်းအားကြောင့် ရှမ်းပြည်နယ်‌(အရှေ့ပိုင်း)က မိုင်းလားကို ရောက်လာခဲ့ကြပေမဲ့ ဒီဆွေးနွေးပွဲတစ်ခုတည်းနဲ့ မပြေလည်သွားနိုင်ဘူးလို့ တိုင်းရင်းသားအရေးလေ့လာစောင့်ကြည့်သူတွေက ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်။

ဒီသုံးသပ်ချက်တွေ မှန်ကန်ကြောင်းကို ဆွေးနွေးပွဲ နောက်ဆုံးရက်ဖြစ်တဲ့ ဇွန်လ ၂ ရက်မှာတင် ရှမ်းမြောက်မှာ သေနတ်သံတွေပြန်ကြားခဲ့ရတာက သက်သေပြခဲ့ပါတယ်။

ဇွန်လ ၂ ရက်ကနေ ဇွန်လ ၄ ရက်အထိ စစ်ကောင်စီတပ်တွေက MNDAA ကိုးကန့်တပ် ရဲ့ မူပန်ဒေသ၊တုံရှမ်းဒေသ နဲ့ ရှိရှမ်း ဒေသက တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ် လို့ ကိုးကန့်ဘက်က ထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်ဘက်က ကိုးကန့်တပ်ဘက်ကို ထိုးစစ်ဆင်လာတဲ့အတွက် တုံ့ပြန်တိုက်ခိုက်တာလို့ ကိုးကန့်တပ်ဘက်က ပြောပါတယ်။ (ဓာတ်ပုံ - ၂၀၁၉)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်လာတဲ့အတွက် တုံ့ပြန်တိုက်ခိုက်တာလို့ ကိုးကန့်တပ်ဘက်က ပြောပါတယ်။ (ဓာတ်ပုံ - ၂၀၁၉)

တိုက်ခိုက်မှုတွေအတွင်း မြန်မာစစ်တပ်က အင်အား ၇၀ ကနေ တစ်ရာအထိ သုံးခဲ့ပြီး နာရီနဲ့ချီ တိုက်ပွဲဖြစ်ခဲ့တယ်လို့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကိုပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေရင်း မြေပြင်မှာစစ်တိုက်တဲ့လုပ်ရပ်ဟာ မြန်မာစစ်တပ် အစဉ်တစ်စိုက်လုပ်ခဲ့တဲ့ လုပ်ရပ်ပဲ လို့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

‘’မိုင်းလားဆွေးနွေးပွဲမပြေလည်လို့ ဒီလိုတိုက်တယ်လို့တော့ မထင်ပါဘူး။ အရင်ကတည်းက အရှေ့မှာဆွေးနွေးပွဲရှိလည်း မြေပြင်မှာတိုက်ပွဲက ရှိနေတာပါပဲ’’ လို့ သူက ပြောပါတယ်။

တိုင်းရင်းသားအရေးလေ့လာစောင့်ကြည့်သူတွေကတော့ တရုတ်ရဲ့ကြားဝင်မှုကြောင့်သာ မိုင်းလားဆွေးနွေးပွဲပေါ်ပေါက်လာတာဖြစ်ပြီး မြေပြင်မှာတော့ စစ်ကောင်စီနဲ့ကိုးကန့်တပ်ဟာ စစ်ရေးတင်းမာနေပြီးသား လို့ပြောပါတယ်။

လက်တံရှည်လာတဲ့ ကိုးကန့်တပ်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကိုးကန့်တပ်ဟာ သိန္နီမြို့နယ်ထဲအထိ တပ်စခန်းအသစ်တွေချလာလို့ စစ်တပ်ကတိုက်တာလို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

‘’တပ်က အပစ်ရပ်ပေးထာတာကို အခွင့်ကောင်းယူပြီး အရင် မရှိတဲ့နေရာတွေ တိုးယူလာတာ’’ လို့ အဲဒီသတင်းအရင်းအမြစ်က ပြောပါတယ်။

MNDAA ရဲ့ထုတ်ပြန်ချက်ထဲမှာ အထူး ဒေသ(၁) မူပန်ခရိုင် ပြင်းတောင်ရွာအနီးက (MNDAA)ရဲ့ ယာယီတပ်စခန်းကို စစ်တပ်က ဇွန်လ ၂ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက် လာခဲ့တယ်လို့ ဖော်ပြထားပြီး MNDAA က ခေါ်ဝေါ်တဲ့ မူပန်ခရိုင်ဟာ လားရှိုးနဲ့ထိစပ်နေတဲ့ သိန္နီမြို့နယ်ထဲမှာ ပါဝင်နေပါတယ်။

မူပန်ခရိုင် ဟာ လွန်ခဲ့တဲ့မေလက ရာဇဝတ်မှုကျူးလွန်တဲ့ လားရှိုးမြို့ခံ ၄ ဦးကို ကိုးကန့်တပ်က သေဒဏ်စီရင်ခဲ့တဲ့နေရာဖြစ်ပါတယ်။

MNDAA ဟာ ကိုးကန့်အထူးဒေသ(၁)ဖြစ်တဲ့ တရုတ်ပြည်နယ်စပ် လောက်ကိုင် နဲ့ ကုန်းကြမ်းတဝိုက်မှာ အခြေပြုလှုပ်ရှားရာကနေ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်မှာ လားရှိုးမြို့ပေါ်က ရာဇဝတ်သားတွေကို သေဒဏ်စီရင်မှုလုပ်လာတဲ့အထိ လှုပ်ရှားမှု ကျယ်ပြန့်လာခဲ့ပါတယ်။

ဒီသေဒဏ်စီရင်မှုဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့အုပ်ချုပ်ရေး နဲ့ စစ်ကောင်စီရဲ့ တရားစီရင်ရေးကို ကိုးကန့်တပ်က စိန်ခေါ်လိုက်တာလို့ ရှမ်းပြည်နယ်က နိုင်ငံရေးသမားတွေက နားလည်ထားကြပါတယ်။

ကိုးကန့်တပ်ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ဖြစ်ပါတ

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, MNDAA ကိုးကန့်တပ်ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ဖြစ်ပါတယ်။

လားရှိုး တိုက်ခိုက်ခံရမှု

ဇွန်လ ၅ ရက် မနက်မှာပဲ လားရှိုးမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခု နဲ့ ရဲစခန်းတစ်ခု ပြန်လည်တိုက်ခိုက်ခံခဲ့ရပါတယ်။

လားရှိုးရပ်ကွက် (၁၂) က နယ်မြေရဲစခန်းပစ်ခတ်မှုမှာ လက်နက်ငယ်တွေ နဲ့သာမက ရှော့တိုက်ဒုံးပါ ပါဝင်ပြီး ကားတစ်စီးနဲ့ လာပစ်သွားတာလို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

သိန္နီမြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်ထဲက ကိုးကန့်တပ်စခန်းတွေ သုံးရက်ဆက်တိုက် တိုက်ခိုက် ခံခဲ့ရပြီးတဲ့နောက် ကိုးကန့်တပ်(MNDAA)က ပြန်လည်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက လားရှိုးမြို့က စစ်မှုထမ်းဟောင်းတွေနေတဲ့ ရပ်ကွက် ရှော့တိုက်ဒုံးနဲ့ အပစ်ခံရပြီး ဘယ်အဖွဲ့ကမှ သူတို့လက်ချက်ပါလို့ ထုတ်ပြောတာတော့ မရှိသေးပါဘူး။

ရှမ်းပြည်နယ်ထဲမှာပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA တအာင်းတပ်) ကလည်း လားရှိုးမြို့နယ်နဲ့ထိစပ်နေတဲ့ နမ္မတူမြို့နယ်အထိ လှုပ်ရှားမှုတွေ ပြုလုပ်နေတာပါ။

‘‘လားရှိုးကနေ နမ္မတူသွားတဲ့လမ်းမှာ လားရှိုးမြို့ထဲကနေ ထွက်လိုက်တာနဲ့ ပထမဆုံးတွေ့တဲ့ရွာမှာကို ပလောင်တပ်က ရှိနေပြီ။ အဲဒီတစ်ကြောက ရွာဆိုင်းဘုတ်တွေ ပလောင်စာတွေနဲ့ပဲ ရေးထားတယ်’’ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မှာ လောက်ကိုင်တိုက်ပွဲလို နာမည်ကျော် တိုက်ပွဲကြီးတွေ မရှိပေမဲ့ စစ်ရေးတင်းမာမှုတွေကတော့ မပြတ်ရှိနေတယ်လို့ ရှမ်းနိုင်ငံရေးသမားတွေက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခွန်ကောက်မှု နဲ့ လူသစ်စုဆောင်းမှုတွေလည်း ရှိနေတယ်လို့ သူတို့က ဆိုကြပါတယ်။

တရုတ်ဘက်က ကြားဝင်မှုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမဲ့ မအောင်မြင်သေးတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဝါရင့်ရှမ်းနိုင်ငံရေးသမား ဦးစိုင်းညွန့်လွင်ကတော့ အခုလို သုံးသပ်ပါတယ်။

‘‘မြောက်ပိုင်းမှာရှိတဲ့ တပ်တွေက တော်တော်အင်အားများတဲ့ အဖွဲ့တွေချည်း ဖြစ်နေတယ်။ အားလုံးက တောင့်တောင့်တင်းတင်းနဲ့ ဖြစ်နေတယ်။ အဲဒီလူတွေနဲ့ သွားဆွေးနွေးမယ်ဆိုရင်တော့ သေသေချာချာ စီစဉ်ပြီးမှ ဆွေးနွေးသင့်တယ်လို့ ထင်တယ်။ တရုတ်က ကမကထ ပြုရုံလောက်နဲ့တော့ မလွယ်လောက်ဘူးလို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တပ်တပ်ချင်း ဆွေးနွေးကြတာဆိုတော့ (အင်အား) တောင့်တဲ့သူက ခပ်တင်းတင်း ပြောကြတာပဲဗျ။’’