နိုဝင်ဘာ ၁၂ ရက်ထိပ်တန်းသတင်းများ - ကွမ်းလုံမြို့ကို MNDAA သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, The Kokant
ကိုးကန့်တပ်(MNDAA) ဟာ ရှမ်းပြည်မြောက်ပိုင်းက ကွမ်းလုံမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလို့ MNDAA အာဘော် The Kokant သတင်းဌာနက ပြီးခဲ့တဲ့ နာရီပိုင်းမှာပဲ ရုပ်သံဖိုင်နဲ့အတူ သတင်းထုတ်ပြန်လာပါတယ်။
ချင်းရွှေဟ်ော နဲ့ မုံးကိုးမြို့ တွေကို သိမ်းတုန်းကလိုပဲ ကိုးကန့်အလံကို MNDAA က ကွမ်းလုံကြိုးတံတားထိပ်မှာ လွှင့်ထူလိုက်တာကို ရုပ်သံဖိုင်မှာတွေ့ရပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ တိုက်ခဲ့တဲ့ နာမည်ကျော် ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ ပြီးကတည်းက နှစ်ပေါင်းငါးဆယ်ကျော် ထိန်းချုပ်နိုင်ခဲ့တဲ့ အရေးပါတဲ့ကွမ်လုံကြိုးတံတားကို မြန်မာစစ်တပ်က လက်လွှတ်လိုက်ရတာပဲဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ကွမ်းလုံမြို့နယ်ရဲ့ အစိတ်အပိုင်းအတော်များများကို MNDAA က ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ကွမ်လုံကြိုးတံတားဘေးမှာ အခြေချစစ်ဗျူဟာ ထိုင်ထားတဲ့အတွက် မြို့ကို အပြီးသတ်သိမ်းယူနိုင်ဖို့ နှစ်ပတ်ကျော်ကြာ တိုက်ခဲ့ရတာ ဖြစ်ပါတယ်။
ကိုးကန့်တပ်ဖွဲ့ဝင်တွေက ကွမ်းလုံက စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေမှာ ကိုးကန့်အလံလွှင့်ထူတာနဲ့ စစ်ကောင်စီတပ်စခန်းထဲက လက်နက်တိုက်အပြင် တင့်ကားတွေကိုပါ သိမ်းဆည်းမိတဲ့အခြေအနေကို The Kokant က ထုတ်ပြန်လာတဲ့ရုပ်သံထဲမှာ မြင်တွေ့ရပါတယ်။
ကွမ်းလုံဒေသခံတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်း တိုက်ပွဲတွေဖြစ်ကတည်းက ''ဝ'' ပြည် နမ့်တစ်ဘက်ကို ရွှေ့ပြောင်းနေထိုင်နေကြတာဖြစ်ပါတယ်။
The Kokant ကထုတ်ပြန်တဲ့ ရုပ်သံမှာတော့ ကွမ်းလုံမြို့မှာ လူကူကင်းမဲ့ခြောက်သွေ့နေတာကိုလည်း မြင်ရပါတယ်။
နိုဝင်ဘာလ ၆ ရက်မှာ ကိုးကန့်တပ်(MNDAA) ဟာ မန်လော်ဒေသရှိ စစ်ကောင်စီတပ်စခန်းကို စတင်ထိုးစစ်တိုက်ခိုက်ခဲ့ပြီးနောက် တာပါးတံတား (သံလွင်တံတား) မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ကာ နောက်တစ်ရက်မနက်မှာတော့ တံတားကို အပြီးသိမ်းပိုက်လိုက်တယ်လို့ဖော်ပြပါတယ်။
ကိုးကန့်တပ်ရဲ့ နိုဝင်ဘာလ ၉ ရက် ထုတ်ပြန်ချက်မှာတော့ ကွမ်းလုံတံတားနဲ့ တာပါးတံတား(သံလွင်တံတား)တွေနဲ့အတူအသေးစား လှေဆိပ်ကမ်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တာပါးတံတား (သံလွင်တံတား)ဟာ သံလွင်မြစ်ရဲ့ ကမ်းနှစ်ဖက်ကိုဆက်သွယ်ထားပြီး ကိုးကန့်နဲ့ မုံးကိုးခရိုင်၊ မိုင်ကျက်ဒေသကို ဆက်သွယ်ထားတဲ့အဓိက လမ်းကြောင်းဖြစ်ပါတယ်။
သီပေါက ကျင်သီတံတား စစ်တပ်စခန်း တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, TNLA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ထဲက ကျင်သီရွာမှာရှိတဲ့ ကျင်သီတံတား စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ မနက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်တပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ တအာင်းပြည်သူ့လွတ်မြောက်ရေးတပ်(PSLF/TNLA) က ထုတ်ပြန်လာပါတယ်။
ကျင်သီဘက်ကဒေသခံတစ်ဦးကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ “တံတားက ပိတ်ထားလိုက်ပြီ။ သွားလို့မရတော့ဘူး။ ကျိုးတာတော့ မကျိုးသေးဘူး၊ မနက်ကတည်းက သေနတ်ပစ်သံတွေကြားနေရတယ်။ လက်နက်ကြီးကျလို့ အိမ်တစ်အိမ်လည်း မီးလောင်ပျက်စီးသွားပြီ။ စစ်ကောင်စီဘက်ကလူတွေ ရွာထဲရောက်လာလို့ အခုကျင်သီရွာထဲက ဘုန်းကြီးကျောင်းထဲကို ပြေးလာတာ” လို့ပြောပါတယ်။
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဒေသခံတွေက ရေးသားပြောဆိုနေကြတဲ့ ဓာတ်ပုံတွေမှာတော့ ဒုဋ္ဌဝတီမြစ်ကူးတံတားဖြစ်တဲ့ ကျင်သီတံတားမှာ အပေါက်ကြီးဖြစ်နေတာကိုတွေ့ရပါတယ်။
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က ကျင်သီတံတား တိုက်ခိုက်ခံရမှုဟာ စစ်ကောင်စီအပြောအရ အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုဖြစ်ပြီး လူထုကို တိုက်ရိုက် ထိခိုက်တဲ့ လုပ်ရပ်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ဘီဘီစီကို တုံ့ပြန်ပြောကြားပါတယ်။
လားရှိုးဘက်ကိုထွက်တဲ့ သီပေါတံတားမှာလည်း မော်တော်ယာဥ်ဂိတ်တစ်ခုရှိပြီး အဲဒီဂိတ်မှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သီပေါတံတားအနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
လားရှိုးဘက်ထွက်မယ့် စစ်ရှောင်လာသူတွေကို သီပေါတံတားကနေ ဖြတ်သန်းခွင့်ပြုပြီး ခရီးသွားကားတွေကိုတော့ ပိတ်ထားတယ်လို့ ဆိုပါတယ်။
ကျင်သီရွာဘက်နဲ့ သီပေါဘက်က ဒေသခံတွေရဲ့ အပြောအရ လက်ရှိအချိန်အထိ ဘော်ကြိုရွာဘက်ကနေ ပစ်ခတ်တဲ့အသံတွေ ကြားနေရတုန်းပဲလို့ သိရပါတယ်။
ချင်းတွင်းမြစ်ထဲက စစ်သင်္ဘော ၅ စီးကို PDF တွေ ဘယ်လို သိမ်းပိုက်ခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ချင်းတွင်းမြစ်ထဲမှာ မောင်းနှင်လာတဲ့ စစ်ကောင်စီကုန်တင်စစ်သင်္ဘောတွေကို ကနီမြို့နယ်အရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သုံးရက်တာတိုက်ခိုက်ခဲ့ပြီး ဖလပ်ခွံသင်္ဘော ၅ စီးရရှိခဲ့ပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့ကစလို့ ၉ ရက်နေ့ညပိုင်းအထိ တိုက်ပွဲအတွင်း ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ရေကြောင်းရော ကုန်းပေါ်ကနေပါ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာလို့ စစ်ရေးသိရှိသူတွေဆီက သိရပါတယ်။
“ကျွန်တော်တို့ဘက်က စက်လှေတွေနဲ့လည်း အနားကပ်တိုက်တယ်၊ စနိုက်ပါနဲ့လည်း ပစ်တော့ ခေါင်းတောင် မထောင်နိုင်ဘူး။ သင်္ဘောပေါ်ကိုက ၇ ယောက်ပဲ တပ်သွားပြီ တိုက်ခဲ့တာ။ ခရိုင် ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) က ၅ ယောက်၊ ကျောက်လုံးကြီး PDF က ၂ ယောက် ဝင်တိုက်ခဲ့ကြ တာ” လို့ နိုဝင်ဘာ ၉ ရက်နေ့ တိုက်ပွဲအကြောင်း ကနီလွှတ်တော်အမတ်လည်းဖြစ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဦးဆောင်သူလည်းဖြစ်တဲ့ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
သုံးရက်တာအတွင်း နိုဝင်ဘာ ၇ ရက်နေ့မှာ သင်္ဘော ၂ စီး၊ နိုဝင်ဘာ ၉ ရက်နေ့ညမှာ သင်္ဘော သုံးစီးရရှိခဲ့ပြီး သင်္ဘောတွေပေါ်မှာ တင်ဆောင်လာတဲ့ သစ်လုံး၊ ဒီဇယ်ဆီ၊ ဘူဒိုဇာ၊ ၁၂ ဘီးကား တွေအပြင် မြင်းတွေကိုပါ သိမ်းဆည်းရရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
တိုက်ပွဲထဲ စစ်ကောင်စီသင်္ဘောတွေပေါ်ကနေ ပြန်လည်ပစ်ခတ်မှုရှိခဲ့ပေမဲ့ ၉ ရက်နေ့မှာတော့ ဖလပ်ခွံသင်္ဘောတွေကို ဖြုတ်ခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားတာကြောင့် ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကနေ သိမ်းဆည်းရမိတဲ့ ဖလပ်ခွံသင်္ဘောတွေကို ရေထဲနှစ်မြှုပ်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဖလပ်ခွံ လို့ ဒေသခေါ်ဝေါ်ကြတဲ့ Barge သင်္ဘောဟာ ကုန်ပစ္စည်းသယ်ယူနိုင်ပြီး ရေပေါ် ပေါ်နိုင်တဲ့ သတ္တုအပြားကြီးဖြစ်ပြီး ကိုယ်တိုင်မောင်းနှင်နိုင်အောင် စက်တပ်ဆင် အသုံးပြုသလို အခြားသင်္ဘောတစ်စီး နဲ့ ချိတ်တွဲပြီး အသုံးပြုလေ့ရှိတဲ့ အမျိုးအစားဖြစ်ပါတယ်။
အခုသီတင်းပတ်ထဲ ချင်းတွင်းမြစ်ရေလျော့ကျနေချိန်ဖြစ်တာကြောင့် ဖလပ်ခွံသင်္ဘောတွေကို ချိတ်တွဲပြီး မောင်းနှင်လာချိန် အခုလို နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာလို့လည်း စစ်ရေးသိရှိသူတွေက ပြောပါတယ်။
သင်္ဘောတွေသိမ်းဆည်းရမိပြီးနောက်ပိုင်း ကနီမြို့ကို စစ်ကောင်စီစစ်ကြောင်းထိုးလာတာမရှိဘဲ စစ်ရေးငြိမ်သက်နေတယ်လို့ ကနီလွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အခုလို ကနီအနီး စစ်သင်္ဘောတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ကန့်ဘလူက ပျူစောထီးစခန်း တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Inifnity Group
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ဝက်တိုးမရွာအခြေစိုက် ပျူစောထီးစခန်းကို ကန့်ဘလူ ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းမိခဲ့တယ်လို့ သိရပါတယ်။
မနေ့ နိုဝင်ဘာ ၁၁ ရက်ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုမှာ ပျူစောထီးဘက်က ၈ ယောက်သေဆုံးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် PDF ဘက်က ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။
အဲဒီတိုက်ပွဲကနေ ပျူစောထီးဘက်က လက်နက် ၁၀ လက်ကျော်သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီရဲ့ ကန့်ဘလူမှာရှိတဲ့တင့်ကားတပ်ရင်းကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ဝက်တိုးမရွာဘက်ကို လေးကြိမ်ပစ်ခတ်ခဲ့တယ်လို့ ကန့်ဘလူ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
စစ်ကောင်စီဘက်က ဒီနေ့မနက်ပိုင်းမှာ ထပ်ပြီးတုံ့ပြန်လာတာ မရှိသေးဘူးလို့ ကန့်ဘလူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။
နိုဝင်ဘာ ၁၀ ရက်ကလည်း ကောလင်းမြို့ ပြန်လည်ရရှိဖို့ ကန့်ဘလူတောင်ဘက် ကျွန်းလှမြို့ကနေ အင်အားဖြည့်တင်းဖို့ လာခဲ့တဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၃၆၁ တပ်နဲ့ ပျူစောထီးတို့ ပူးပေါင်းထားတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ ဒေသခံတွေအခေါ် စစ်တပ်ထောက်ခံတဲ့ ပျူစောထီးအဖွဲ့ဆိုတာမရှိဘဲ လိုအပ်လို့ လုံခြုံရေးအတွက် အကူအညီတောင်းလာမှသာ သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးတဲ့ ပြည်သူ့စစ်အဖွဲ့သာရှိတယ်လို့အစောပိုင်းကတည်းက ပြောထားပါတယ်။
စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေရဲ့ ရေးသားချက်တွေအရဆိုရင် ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်ဘက်ခြမ်းတွေမှာ အရပ်အခေါ် ပျူစောထီးလို့ သိကြတဲ့ ပြည်သူ့စစ် အားကောင်းပြီး စစ်တပ်က သူတို့ကို စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်ပေးတာတွေကိုလည်း တွေ့ရပါတယ်။
ကိုးကန့်ရဲ့ နာမည်ကြီး ‘မြီ’ မိသားစုဝင်တွေကို တရုတ် ဖမ်းဝရမ်းထုတ်

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ကိုးကန့်ဒေသရဲ့ အချမ်းသာဆုံးမိသားစု လေးခုထဲက မြီ မိသားစုဝင် လေးဦးကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ဆက်နွယ်ပြီး တရုတ်ဘက်က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
လောက်ကိုင်မြို့ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအမတ်ဟောင်း ဦးမြီရှောက်ချန်း၊သူ့ရဲ့သား မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလန့်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်းအထိ ဖမ်းဝရန်းထုတ်လိုက်တာ ဖြစ်ပါတယ်။
ဦးမြီရှောက်ချန်း ဟာ ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် ရဲ့ တပည့်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။
သူတို့သတင်းကိုပေးရင် ယွမ် ၁သိန်း ကနေ ၅ သိန်းအထိ ဆုငွေချီးမြှင့်မယ်လို့ တရုတ်ဘက်က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၀ ရက်က လောက်ကိုင်မြို့က မြီ မိသားစုပိုင်တဲ့ဟိုတယ်ဝန်းထဲမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှု တစ်ခုအတွင်းမှာ တရုတ်နိုင်ငံသားတချို့ ထိခိုက်သေဆုံးခဲ့ရတဲ့အပေါ် တရုတ်ဘက်က မကျေမနပ်ဖြစ်ခဲ့ပါတယ်။
တရုတ်နိုင်ငံက ကုန်စည်ပြပွဲကို သွားရောက်ရင်းအဖမ်းခံရတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက်ထဲ မြီ အိမ်က သားမက်လည်း ပါဝင်ပြီး အခုဝရမ်းထုတ်ခံရတဲ့ မြီကျူးလန့်ရဲ့ ခင်ပွန်းဖြစ်ပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ဆက်နွှယ်ပြီး ‘ဝ’ တပ်ဖွဲ့ UWSA က အရာရှိနှစ်ဦး ကိုလည်း တရုတ်ဘက်က ဖမ်းဝရမ်းထုတ်ထားပြီး အခုတော့ လောက်ကိုင်က လုပ်ငန်းရှင်တွေကိုပါ ဝရမ်းထုတ်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီ နဲ့ တရုတ် နိုင်ငံပူးပေါင်းပြီး လောက်ကိုင်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်မယ့် စီမံချက်ကာလအတွင်း အခုလို ဝရမ်းထုတ်မှု ဖြစ်ပေါ်လာတာပါ။
မိုးဗြဲနဲ့ နန်းမယ်ခုံမြို့တွေကို ထိန်းချုပ်နိုင်ပြီလို့ KNDF ပြော

ဓာတ်ပုံ ရင်းမြစ်, KNDF
၁၁၁၁ စစ်ဆင်ရေး ဒုတိယမြောက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့မိုးဗြဲမြို့ နဲ့ ကယား(ကရင်နီ) ပြည်နယ်က နန်းမယ်ခုံမြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဘီဘီစီကို ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ လွိုင်ကော်မြို့တွင်းမှာပါ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေလည်း မြို့ထဲမှာပိတ်မိနေဆဲလို့ သိရပါတယ်။
"ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကလည်း မြို့တွင်းပတ်ချာလည်မှာရှိနေတဲ့အတွက် မြို့တွင်း၊ မြို့ပြင်ဧရိယာတွေမှာ တိုက်ပွဲတွေရှိနေပါတယ်ဗျ။ လွိုင်ကော် - မိုးဗြဲ၊ လွိုင်ကော် - နန်းမယ်ခုံကြားမှာရှိတဲ့ လမ်းမကြီးတလျှောက် ကျွန်တော်တို့တပ်တွေရှိနေပြီး လူထုတွေ စစ်ပြေးရှောင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်"လို့ KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNDF
စစ်ဆင်ရေးစတင်တဲ့ မနေ့ တရက်တည်းမှာတင် ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယိုနဲ့ ချိကယ်စတဲ့ကျေးရွာတွေက စစ်တပ်စခန်း ၇ ခုကို တပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ပြောဆိုထားပါတယ်။
မနေ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ KNDF - BO1 နဲ့ ကရင်နီတပ်(KA)တို့ပူးပေါင်းပြီး စစ်လေယာဉ်ကို တန်ပြန်ပစ်ခတ်နိုင်ခဲ့တာကြောင့် လေယာဉ်အတောင်ပံနဲ့ ကိုယ်ထည်ပိုင်းကို ကျည်ဆံထိမှန်ခဲ့ပြီး စစ်မြေပြင်နဲ့ အဝေးတနေရာမှာ ပျက်ကျခဲ့တာလို့ KNDF က ဖော်ပြပြီး လေယာဉ်မှာ ပါဝင်တဲ့ သူ နှစ်ဦးကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ လေယာဉ်ပစ်ခတ်ခံရတာမဟုတ်ဘဲ ပျက်ကျတာလို့သာ တုံ့ပြန်ပြောဆိုပြီး သိမ်းဆည်းခံရတဲ့ စခန်းတွေနဲ့ပတ်သက်ပြီး ထုတ်ပြောတာမတွေ့ရပါဘူး။
လေ့ကျင့်ရေး အပေါ့စားတိုက်ခိုက်ရေးလေယာဉ်တစ်စင်းစက်ချို့ယွင်းလို့ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးကို အဆက်အသွယ်ရပြီလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။









