ကောလင်း -မြို့ပြန်ရဖို့ကြိုးစားတဲ့စစ်ကောင်စီတပ်ဘယ်လိုတိုက်ခိုက်ခံရလဲ

ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့မဟာမိတ်တပ်တွေ ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Kawlin Revolution - KR

ဓာတ်ပုံ ပုံစာ, ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့မဟာမိတ်တပ်တွေ ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် မြင်ကွင်း

ကောလင်း မြို့ကို ပြန်လည်စိုးမိုးနိုင်အောင် အမြန်ဆောင်ရွက်လျက်ရှိပါတယ်”

တနင်္လာနေ့က ပူပူနွေးနွေးလက်လွှတ်ခဲ့ရတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကောလင်းမြို့ကို ပြန်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့အကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ခပ်တိုတိုပြောပါတယ်။

ကောလင်း မြို့ပေါ်က စစ်ကောင်စီအခြေစိုက်ထားတဲ့ ကောလင်းရဲစခန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ နိုဝင်ဘာ ၆ ရက်နေ့က ဆုတ်ခွာခဲ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေး ထိုးစစ်ကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားရပ်သွားပြီးတဲ့နောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF က မြို့ကို ထိန်းချုပ်ထားဆဲ လို့ PDF တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပြောပါတယ်။

“ကောလင်းကို သူတို့(စစ်ကောင်စီ) ပြန်ရနိုင်ဖို့ ထီးချိုင့်၊ ဝန်းသို ကတဆင့်ရော ကန့်ဘလူ ဘက်ကနေပါ ကြိုးစားနေတယ်” လို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတိယတာဝန်ခံက ဆိုပါတယ်။

ကောလင်းကို ဦးတည်လာတဲ့စစ်ကြောင်းကန့်ဘလူမှာ ဖြတ်တိုက်ခံရ

စစ်ကောင်စီရဲ့ လက်နက်မျိုးစုံ ၅၉ လက်နဲ့ ခဲယမ်းမီးကျောက်အမြောက်အများ သိမ်းဆည်း

ဓာတ်ပုံ ရင်းမြစ်, NUG MOD

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီရဲ့ လက်နက်မျိုးစုံ ၅၉ လက်နဲ့ ခဲယမ်းမီးကျောက်အမြောက်အများ သိမ်းဆည်း

NUG အစိုးရက ထိန်းချုပ်ထားတဲ့ ကောလင်း မြို့ကို ပြန်ရဖို့ တောင်ဘက် ကန့်ဘလူမြို့၊ အရှေ့ဘက် ထီးချိုင့်မြို့ နဲ့ ဘေးကပ်ရပ်တည်ရှိနေတဲ့ ဝန်းသိုမြို့တို့ကနေ တပ်အင်အားတွေ ဖြည့်ဖို့ စစ်ကောင်စီ ကြိုးစားနေတယ်လို့ ဒေသအသီးသီးမှာရှိတဲ့ PDF တွေဆီက သိရပါတယ်။

တောင်ဘက်ခြမ်း ကျွန်းလှမြို့ကနေ ကန့်ဘလူကိုဖြတ်ပြီးကောလင်း ကို အင်အားဖြည့်မယ့် တပ်သား ရာချီ ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းကတော့ ကန့်ဘလူ၊ နှောကုန်းရွာ လယ်ကွင်းထဲမှာတင် PDF ပူးပေါင်းအဖွဲ့ တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကို ကြုံခဲ့ရပါတယ်။

“ခြေမြန်တပ်ရင်း ခမရ ၃၆၁ တပ်က ဦးဆောင်ပြီး အများစုက ဝါသဝကိုယ်တော်ရဲ့ ပျူစောထီး (ပြည်သူ့စစ်) အဖွဲ့က အများစုပါ”

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နိုဝင်ဘာ ၁၀ ရက်နေ့က အလယ်ခုံရွာအကျော် နှောကုန်းရွာအနီး တိုက်ခိုက်ခံခဲ့ရတဲ့ တပ်ကူ စစ်ကြောင်းမှာ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြောင်း ကန့်ဘလူပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။

ဆရာတော် ဦးဝါသဝ က ကန့်ဘလူနယ်ထဲမှာ ပြည်သူ့စစ်အဖွဲ့တွေကို ဦးဆောင်နေသလို ကျွန်းလှမြို့ နဲ့ သဖန်းဆိပ်ဆည်အရှေ့ဘက်ခြမ်းက ရွာအများစုဟာ ပျူစောထီးအားကောင်းတဲ့ ရွာတွေလို့ အဲဒီနယ်တဝိုက်မှာ အများကသတ်မှတ်ထားကြပါတယ်။

“ကျွန်းလှကနေ ကားတွေနဲ့လာကြပြီး ချပ်သင်းဘေးမဲ့တောကနေ ကုန်းကြောင်းလျှောက်လာကြတာပါ။ နှောကုန်းရွာနားရောက်တော့ ကျွန်တော်တို့က ခါးဖြတ်တိုက်လိုက်တာ”

“အင်အား ၂၈၀၊ ၃၀၀ ပါတာ။ သူတို့ကလည်း ပြန်တိုက်တယ်။ ကျွန်တော်တို့က ဒရုန်းရော သာလွန်အင်အား လည်းဖြစ်ရော ပြန်ဆုတ်သွားတယ်” လို့ မြေပြင်မှာ ကိုယ်တိုင်ပါဝင်တိုက် ခိုက်ခဲ့တဲ့ ကန့်ဘလူပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်က ဆက်ပြောပြပါတယ်။

ဒီတိုက်ပွဲကနေ စစ်ကောင်စီရဲ့ လက်နက်မျိုးစုံ ၅၉ လက်နဲ့ ခဲယမ်းမီးကျောက်အမြောက်အများ သိမ်းဆည်းရ ခဲ့ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကနေ နိုဝင်ဘာ ၁၀ ရက်နေ့တွင်းမှာပဲ သတင်းထုတ်ပြန်ခဲ့ ပြီး စစ်ကောင်စီဘက်က တပ်သား အယောက် ၈၀ သေဆုံးတယ်လို့ ဖော်ပြပါတယ်။

“အလောင်းတွေက ဒီမနက်အထိ သေချာမရေနိုင်သေးဘူး။ အလယ်ခုံဘက်မှာလည်း တိုက်ပွဲထပ်ဖြစ်တယ်။ အဲဒါနဲ့ မနက် ၁၀ နာရီကျော်ကမှ လေကြောင်းလာပစ်သွားတာ”

“အခုတော့ ချပ်သင်းဘက်ကို ပြန်ခေါက်သွားကြပြီ” လို့ ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဘီဘီစီကို ပြောပါတယ်။

သေဆုံးတဲ့အရေအတွက် နဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီကလည်း မထုတ်ပြန်ပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့မဟာမိတ်တပ်တွေ ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Kawlin Revolution - KR

ဓာတ်ပုံ ပုံစာ, ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့မဟာမိတ်တပ်တွေ ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် မြင်ကွင်း

နိုဝင်ဘာ ၁၁ ရက်နေ့မနက်မှာတော့ကောလင်း မြို့ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ နောက်ထပ်စစ်ကြောင်းက တော့ ဘေးချင်းကပ်ဝန်းသိုမြို့ကနေ လာတာပဲဖြစ်ပါတယ်။

မနက် ၆ နာရီဝန်းကျင်မှာ ဝန်းသိုတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကောလင်းမြို့နယ် ခံသာရွာက တဆင့် မြို့ပေါ်ကို ဝင်‌ရောက်ဖို့ကြိုးစားတာကြောင့် အင်းဘုတ်ကုန်း ဂေါက်ကွင်းအနီးမှာ တိုက်ပွဲဖြစ်ခဲ့ ကြောင်း Kawlin Revolution – KR အဖွဲ့က သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြပါတယ်။

တိုက်ပွဲအပြီး နေ့လယ် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီလေကြောင်းပစ်ကူပေးပြီးနောက် ဝန်းသိုဘက်ကို ပြန်ဆုတ်သွားခဲ့ပါတယ်။

“ထိတွေ့မှုဖြစ်တဲ့သဘောပါ။ သူတို့ ကောလင်းမြို့ကို ဝင်ဖို့ကြိုးစားလို့ တစ်နေ့ကိုလေးငါးကြိမ် ပစ်ခတ်မှုဖြစ်နေတာပဲ” လို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံက ပြောပါတယ်။

ဝန်းသိုမြို့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သူနဲ့ ထိစပ်နေတဲ့ ထီးချိုင့်မြို့မှာ တိုက်ပွဲပြင်းထန်နေတာ ၆ ရက် ရှိပြီလို့ PDF အသိုင်းအဝိုင်းက ပြောပါတယ်။

ဒါဟာ ကောလင်းမြို့ကို NUG စိုးမိုးနိုင်ခဲ့တဲ့ နေ့မှာပဲ ထီးချိုင့်မှာ တိုက်ပွဲတွေ ပြန်စတင်လာတဲ့သဘောပါ။

နှစ်ဖက်စလုံးအတွက် စစ်ရေးအရအရေးပါတဲ့ ထီးချိုင့်

နှစ်ဖက်စလုံးအတွက် စစ်ရေးအရအရေးပါတဲ့ ထီးချိုင့်

ဓာတ်ပုံ ရင်းမြစ်, Tigyaing Revolution - TR

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်တုန်းက ထီးချိုင့် ကျေးရွာအချို့ မီးရှို့ခံရတဲ့ မြင်ကွင်း

ကောလင်း မြို့ကို စစ်ကောင်စီပြန်ရဖို့၊ PDF နဲ့မဟာမိတ်တပ်တွေ ဆက်ပြီးထိန်းချုပ်ဖို့မှာ ထီးချိုင့်မြို့က အခရာဖြစ်နေတယ်လို့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

မြို့သိမ်းခံထားရတဲ့ ကောလင်း သာမက ဝန်းသို၊ အင်းတော်၊ ကသာ တို့နဲ့ နယ်နိမိတ်ထိစပ်တဲ့အပြင် ထီးချိုင့်အရှေ့ခြမ်း ဧရာဝတီမြစ်ကူးလိုက်ရင် ရှမ်းပြည်နယ်ကို ရောက်မှာဖြစ်သလို တောင်ဘက်ကို ဆင်းလိုက်ရင် မန္တလေးတိုင်းထဲကို ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။

ဒါအပြင် ကောလင်းက ဆုတ်ခွာခဲ့ရတဲ့ စစ်ကောင်စီတပ်တွေ ပြောင်းရွှေ့ရောက်ရှိသွားတဲ့ ထီးချိုင့်မြို့မှာ စစ်ကောင်စီနဲ့ PDF ပူးပေါင်းတပ်အကြား နိုဝင်ဘာ ၆ ရက်နေ့ကစလို့ တိုက်ပွဲပြန်ပြင်းထန်နေတာပါ။

“ထီးချိုင့်မြို့ပေါ် ရဲစခန်းကို ကျွန်တော်တို့ထိန်းချုပ်ထားနိုင်ပါပြီ။ ဒီရက်ပိုင်းအဓိက တိုက်ပွဲဖြစ်နေတာက မြတောင်စခန်းမှာပါ” လို့ ထီးချိုင့်မြို့စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

မြတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာပဲ PDF တွေဘက်က ဒရုန်းနဲ့ တိုက်ခိုက်မှုတွေလုပ်ခဲ့သလို စစ်ကောင်စီကလည်း တရက်တည်းမှာတင် လေကြောင်းပစ်ခတ်မှု လေးကြိမ်ထက်မနည်းရှိပြီလို့ ညနေ ၄ နာရီမှာ Tigyaing Revolution – TR က ဖော်ပြပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကစလို့ ထီးချိုင့်မြို့မှာ ရက္ခိုင့်တပ်တော် AA ၊ ကချင်လွတ်လပ်ရေးတပ် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲ ပြင်းထန်ခဲ့ရာကနေ ငြိမ်သက်ခဲ့ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာတော့ တိုက်ပွဲတွေ ပြန်စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘာကြောင့် ထီးချိုင့်မြို့မှာ တိုက်ခိုက်မှုရှိနေရတာလဲ ဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကို ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။

“ထီးချိုင့်က နှစ်ဖက်စလုံးအတွက် စစ်ရေးအရ အရေးပါဆုံးမြို့ပဲ” လို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံက ရှင်းပြပါတယ်။

ကောလင်း ကို သွားဖို့က ဟက်စကီးနဲ့ လေကြောင်းကနေ တပ်ကူပို့ရင်ပို့၊ မပို့ရင် ကုန်းလမ်းကလာပဲ။ ရေလမ်းကလည်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မြတောင်ဘက် ကျွန်တော်တို့ရှိနေလို့ မရနိုင်ဘူး” သူက ဆက်ပြောပါတယ်။

ဒါကြောင့် ထီးချိုင့်မြို့ကိုပဲ စစ်ကောင်စီက စစ်အင်အားဖြည့်ဆည်းနေသလို PDF နဲ့မဟာမိတ်ပူးပေါင်းတပ် တွေကလည်း ထီးချိုင့်ကို သိမ်းပိုက်နိုင်ဖို့ ဆက်တိုက် ကြိုးစားနေကြပါတယ်။

“သူတို့ (စစ်ကောင်စီ) က ကောလင်းကို လွယ်လွယ်နဲ့ ပြန်ရဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းက လည်း သူတို့ထင်ထားတဲ့ အင်အားထက်သာလွန်ပြီး ဒီအတွက် အဆင်သင့်ပြင်ဆင်ထားကြတာ” လို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံ က သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ အတူ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်နိုင်ဖို့ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ စစ်ကိုင်းတိုင်းတခွင်မှာ အခုလိုလှုပ်ရှားနေတာလို့ နေရာအသီးသီးက PDF တွေက ဘီဘီစီကို အတည်ပြုပါတယ်။

အမှတ် (၁) စစ်ဒေသ ဆိုတာဟာ မဟာမိတ်ဆက်ဆံရေးအရ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ ကြီးကြပ်မှုနဲ့ တော်လှန်ရေးတိုက်ပွဲတွေ ဆင်နွှဲနေတာလို့ NUG က တရားဝင်ထုတ်ပြောထားပါတယ်။