ပျူစောထီး မဖြစ်ချင်သူတွေရဲ့ သောက

ဓာတ်ပုံ ရင်းမြစ်, CJ
တောင်သူအလုပ်နဲ့အသက်မွေးတဲ့ အသက် ၃၈ နှစ်အရွယ် ကိုစိုးဝေ(အမည်လွှဲ)အတွက် ကျွန်းလှ ဟာ ဇာတိမြေဖြစ်ပါတယ်။ အခုတော့ ဇာတိမြေကို စွန့်ခွာရမလား၊ ဆက်ပြီးကြိတ်မှိတ်သည်းခံနေရမလားဆိုတဲ့ အတွေးမျိုးတွေက သူ့စိတ်ထဲအမြဲရှိလာတဲ့အတွေးတွေဖြစ်လာပါတယ်။ သူ့ကို ဒီလိုအတွေးတွေဖြစ်လာစေတာက သူတို့အရပ်ထဲမှာ ပျူစောထီးလို့ခေါ်ကြတဲ့ ပြည်သူ့စစ်သင်တန်း ကို အောက်တိုဘာ ၁ ရက်မှာ တက်ရမယ်ဆိုတဲ့ ရွာပျူစောထီးခေါင်းဆောင်ရဲ့ အမိန့်ရောက်လာတဲ့နေ့မှာပါ။
‘‘ပျူစောထီးရွာတွေလို့ ခေါင်းစဥ်တပ်လိုက်ကြတယ်။ ကျွန်တော်တို့ ပျူစောထီး ထဲ မဝင်လို့ ခြိမ်းခြောက်ခံနေရတာ ဘယ်သူကမှ မသိကြဘူး’’ လို့ပြောလာတာက စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊သံဘိုရွာသား ကိုစိုးဝေ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ကျွန်းလှမြို့ နဲ့ သဖန်းဆိပ်ဆည်အရှေ့ဘက်ခြမ်းက ရွာအများစုကို ပျူစောထီးအားကောင်းတဲ့ ရွာတွေလို့ အဲဒီနယ်တဝိုက်မှာ အများကသတ်မှတ်ထားကြပါတယ်။
ကျွန်းလှနဲ့ ဆည်အရှေ့ဘက်ခြမ်းက ရွာတွေမှာအသက် ၁၈ နှစ်ကနေ ၅၀ ကြားရှိတဲ့အမျိုးသားတွေဟာပျူစောထီးအဖွဲ့ထဲကို မဝင်မနေရ မဲဖောက်ရွေးခံရတာ ဒါမှမဟုတ် အတင်းအကျပ်ခိုင်းစေလို့ ဝင်ကြရတယ်လို့ ကိုယ်တွေ့ကြုံရသူ ၃ ဦးထက်မနည်းက ဘီဘီစီကိုပြောပါတယ်။
အခု ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်အရှေ့ဘက်ခြမ်းက ရွာခံတွေပြောတဲ့ ပျူစောထီးအဖွဲ့ထဲကိုခြိမ်းခြောက်ဝင်ခိုင်းတယ်ဆိုတဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ဘီဘီစီက သံဘိုရွာက ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးတင်လှကို မေးတဲ့အခါ အထက်ကလူစုခိုင်းလို့ စုဆောင်းတာလို့ တုံ့ပြန်ပါတယ်။
‘’လူစုတာက ကျွန်တော်တို့က အထက်ကခိုင်းတဲ့အတိုင်းပဲလေ။ ထပ်တိုး ၁၀ ယောက်တင်ပေးပါဆိုရင်ကျေးရွာကနေ လိုက်နိုင်တဲ့သူကိုစုတာ ဒီလောက်ပဲ။ မလုပ်ချင်တဲ့သူကတော့ အဓမ္မစုဆောင်းတယ်ပဲပြောမှာပဲ‘’
အနည်းဆုံး ၆ လတစ်ကြိမ်ကို တစ်ရွာမှာ လူအယောက် ၂၀ ရွေးချယ်ခံရပြီး ပျူစောထီးအဖွဲ့ဝင် မဖြစ်လိုသူတွေနဲ့ ပြည်သူ့စစ်သင်တန်း မတက်ချင်သူတွေဟာ ပျူစောထီးခေါင်းဆောင်ဆိုသူကို အနည်းဆုံး ကျပ်သိန်း ၂၀ ကနေ အများဆုံး ၅၀ အထိပေးရတယ်လို့ ကိုယ်တိုင်တောင်းခံရသူတွေက ပြောပါတယ်။
ကျပ်သိန်း ၂၀ က ၆ လတစ်ကြိမ်အတွက်သာအကျုံးဝင်ပြီး ကျပ်သိန်း ၅၀ ကတော့ အမြဲတမ်းပျူစောထီးမဖြစ်လိုသူတွေ ပေးရတဲ့ ပမာဏလို့ မေးမြန်းခွင့်ရတဲ့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်သင်တန်းမတက်ချင်သလို ပျူစောထီးအဖွဲ့ဝင်ဖြစ်ချင်စိတ်မရှိတဲ့ ကိုစိုးဝေဟာ ရှေ့ပိုင်းကာလတွေမှာ ငွေပေးခဲ့ပြီး ငြင်းဆိုခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မဝင်မနေရအနေနဲ့ ပျူစောထီးခေါင်းဆောင်က ပြောလာတာကြောင့် ငြင်းဆန်ရှောင်တိမ်းမရဘဲ သင်တန်းတက်ရမှာလို့ ပြောပါတယ်။
‘’ သူတို့က လက်နက်ထုတ်ပေးတယ်။ အရင်တုန်းကတော့ သင်တန်းကို ရွာမှာပေးတယ်။ နောက်ပိုင်းတော့ အဖွဲ့ထဲဝင်ရင်ပြီးရော သင်တန်းရယ်မဟုတ် အပစ်အခတ်လောက်ပဲ သင်ပေးတာလည်းရှိတယ်။ အခုနောက်ပိုင်းတော့ ကန့်ဘလူ ၆၀၀၆ တပ်ကို သွားသင်ရတာရှိတယ် ‘’ လို့ သူသိထားတဲ့ သင်တန်းပေးပုံအကြောင်း ပြောပြပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ကျွန်းလှမှာ လက်နက်ကိုင်ခုခံမှုတွေပေါ်ထွက်ခဲ့ပေမဲ့ နယ်မြေအများစုကိုစစ်တပ်က ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့ကြောင့် ဒီဒေသမှာ သဖန်းဆိပ်ဆည်ရဲ့ အနောက်ဘက်ခြမ်းကလွဲရင် ကျွန်းလှမြို့ပေါ်နဲ့ ဆည်အရှေ့ဘက်ခြမ်းရွာအများစုဟာ ပြည်သူ့စစ် (အရပ်အခေါ်ပျူစောထီး) အဖွဲ့တွေအားကောင်းတယ်လို့ ဒေသခံ ၅ ဦးထက်မနည်းက ဘီဘီစီကို အတည်ပြုပြောပါတယ်။
ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးတင်လှကတော့ ‘’ဘယ်သူကိုမှရန်လိုစိတ်လည်းမရှိဘူး။ ဘယ်သူ့မှ တိုက်ခိုက်လိုစိတ်လည်းမရှိဘူး။ အထက်က ရွာအေးချမ်းအောင် ဖွဲ့စည်းပါဆိုလို့ ဖွဲ့စည်းထားတာ‘’ လို့ ဖြေပါတယ်။
ဒေသခံတွေရဲ့ အပြောအရ ငွေကြေးတောင်းခံမှုတွေဟာ တစ်ရွာနဲ့ တစ်ရွာ မတူညီပေမဲ့ကွာခြားမှုအများကြီးမရှိဘူးလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ကျွန်းလှမြို့ပေါ် ရပ်ကွက်တွေအပြင် ရသီရွာမ (အရှေ့ရသီ နဲ့အနောက်ရသီ)၊စံပြ၊ သံဘို၊ ဘိုကုန်း၊ ရွှေတောင်ရွာ၊ ငါးပတ်အိုင်၊ ကျီကုန်းကျေးရွာအုပ်စု (စသာကုန်း၊ ကျီကုန်း၊ ပိတောက်ကုန်း၊ ရွာသစ်ကုန်း)၊ အင်းဂေါင်းရွာကြီးတို့အပါအဝင် ကျေးရွာအုပ်စု ၅ အုပ်စုထက်မနည်းဟာ စစ်ကောင်စီရဲ့ တိုင်း၊ခရိုင် အဆင့်ဆင့် ညွန်ကြားချက်နဲ့ ပြည်သူ့စစ်တွေဖွဲ့စည်းထားရပါတယ်။
‘’ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၁၀၀ ရှိတယ်ဆိုရင် လူ ၂၀ က လက်နက်စကိုင်ပြီး ပျူစောထီးဖွဲ့လိုက်လို့သာ ပျူစောထီးရွာ ဖြစ်သွားရတာ။ သူတို့အုပ်ချုပ်လို့သာ ပျူစောထီးရွာဖြစ်သွားရတာ။ ပျူစောထီးထဲ မဝင်တဲ့သူတွေ၊ ပျူစောထီးကို မကြိုက်သူတွေအများကြီးပဲ‘’ လို့ ကိုစိုးဝေက ပြောပါတယ်။
လက်ရှိမှာ ကျွန်းလှအရှေ့ဘက်ခြမ်းက ရွာအများစုဟာ လစဥ်လတိုင်းပျူစောထီးအဖွဲ့ အတွက် ရန်ပုံငွေအနေနဲ့ တစ်အိမ်ကို ကျပ်နှစ်သောင်းခွဲပေးရပြီး၊ ညကင်းက တစ်ပတ်တစ်ရက်နဲ့ တစ်လမှာလေးရက်စောင့်ရတယ်လို့ ဆိုပါတယ်။
‘’ရန်ပုံငွေကြေးဆိုတာက ရွာမှာ အိမ်ခြေဘယ်လောက်ရှိလဲ တွက်လိုက်တယ်။ အယောက် ၂၀ ပျူစောထီး လုပ်ရမယ်ဆိုရင် ကျန်တဲ့ ပျူစောထီးမလုပ်တဲ့အိမ်အားလုံးက သူတို့အိမ်တွေကို ထောက်ပံ့ပေးဖို့ငွေစုပေးရတာ‘’ လို့ ကျွန်းလှမြို့ စံပြကျေးရွာက ဒေါ်အေးငွေ (အမည်လွှဲ) က သူတို့ကြုံရတာကို ပြောပြပါတယ်။
ညကင်းမစောင့်နိုင်တာမျိုးရှိရင် တစ်ညအတွက် ကျပ် ၅၀၀၀ ပေးရပြီး တစ်လမှာ လေးညလုံး မစောင့်နိုင်သူတွေဆိုရင် ညကင်းလူငှားကြေး တစ်လစာကျပ်နှစ်သောင်းနဲ့ ရန်ပုံငွေလစဥ်ကြေး ကျပ်နှစ်သောင်းခွဲအပါ စုစုပေါင်း ငွေကျပ်လေးသောင်းခွဲကို လစဥ်ကုန်ကျရတယ်လို့ ဘီဘီစီက မေးမြန်းခွင့်ရတဲ့ ရသီ၊စံပြ နဲ့ ဘိုကုန်းကျေးရွာက ဒေသခံတွေကပြောပါတယ်။
‘’ကျွန်မတို့ရွာတွေက ယာထဲမှာ လက်လုပ်လက်စားတွေများတယ်။ ကလေးတို့အဖေက အဲဒီအဖွဲ့ထဲ မဝင်ချင်လို့ ပိုက်ဆံပေးနေရတာ၊ ကြာတော့ အဆင်မပြေတော့ဘူး ‘’ ရသီရွာသူအိမ်ရှင်မတစ်ဦးက ပြောပါတယ်။
‘’ကျွန်မတို့အတွက် လက်ရှိကုန်စျေးနှုန်းတွေနဲ့ ကျပ်တည်းတဲ့အချိန်မှာ သူတို့ကိုပေးဖို့ ဘယ်လိုမှ မပြေ လည်ကြဘူး“ လို့ သူက ဆက်ပြောပါတယ်။
သံဘိုရွာသား ကိုနောင်ရိုးကိုလည်း ပျူစောထီးအဖွဲ့ထဲ မဖြစ်မနေဝင်ဖို့ ကျေးရွာပျူစောထီးခေါင်းဆောင်က စက်တင်ဘာ နောက်ဆုံးပတ်မှာ ပြောလာပါတယ်။
ဒါပေမဲ့ ဒီလိုမဖြစ်မနေဝင်ရမယ်ဆိုတဲ့ အရှေ့ကာလတွေမှာတော့ အဖွဲ့ထဲမဝင်ရဖို့အတွက် ငွေကြေးပေးတဲ့နည်းလမ်းနဲ့ ဖြေရှင်းခဲ့တဲ့အထဲ ကိုနောင်ရိုးလည်း ပါခဲ့ပါတယ်။
ဒါပေမဲ့ငွေကြေးလည်းမပေးနိုင်၊ ပျူစောထီးအဖွဲ့ထဲလည်း မဝင်နိုင်ဘူးဆိုရင်တော့ အသက်အန္တရာယ်အထိရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မိသားစုလိုက် နေရပ်ရွာကို စွန့်ခွာထွက်ပြေးသူတွေ ရှိလာပါတယ်။
‘’အခုက ကျွန်တော်လည်း ငွေမပေးနိုင်တော့ဘူး။ သူတို့ကလည်း ဝင်ကိုဝင်ရမယ် ပြောတယ်။ တကယ်လို့ ကျွန်တော်က ရွာကနေထွက်သွားပြီး မိသားစုကိုထားခဲ့မယ်ဆိုရင် သူတို့ကအိမ်ကိုဖျက်ဆီးမယ်။ ချိပ်ပိတ်မယ်ပြောထားပြီးသား‘’ လို့ ကိုနောင်ရိုးက ပြောပါတယ်။
သံဘို နဲ့ ဘိုကုန်းကျေးရွာအုပ်စုတွေထဲက ပျူစောထီးခေါင်းဆောင် ဦးတင်လှကတော့ သူဦးဆောင်တဲ့ရွာမှာ ငွေကြေးတောင်းတာမရှိဘူးလို့ ငြင်းဆိုသလို အဖွဲ့ထဲ မလိုက်နိုင်တဲ့သူတွေက လူငှားထည့်ကြတာလို့ တုံ့ပြန်ပါတယ်။
‘’ကျုပ်တို့က ငွေကောက်ခံတာမဟုတ်ဘူး။ သူတို့ဟာသူတို့လုပ်ငန်းရှိလို့ လူမရှိရင် လူရှာပြီးဌားထည့်တာ‘’

ဓာတ်ပုံ ရင်းမြစ်, CJ
ရွာမှာမနေဘဲ တခြားနယ်မှာအလုပ်အကြောင်းပြပြီး အိမ်ထောင်ဦးစီး တစ်ယောက်တည်း ထွက်ခွာသွားတဲ့အိမ်ဆိုရင် မှင်နီတားခံရတယ်လို့ ပြောကြပါတယ်။ မှင်နီတားတယ်ဆိုတဲ့နောက်မှာ နိုင်ငံရေးမတည်မငြိမ်မချင်း ရွာကိုပြန်ခွင့်လုံးဝမရှိဘဲ ပြန်သွားခဲ့မယ်ဆိုရင် အသက်အန္တရာယ်နဲ့ပိုင်ဆိုင်မှုတွေအတွက် အာမခံချက်မရှိကြောင်း ပြောထားတယ်လို့ ဆိုပါတယ်။
‘’မလုပ်နိုင်လို့ ရွာကထွက်သွားရင်ပြန်မလာခိုင်းတာက ထုံးစံပဲလေ။ ဒီရွာမှာနေပြီး ရွာကိုဘာမှပြုစုစောင့်ရှောက်တာမရှိရင် တစ်အိမ်လုံးသွားမယ်ဆို ပြန်မလာနဲ့ပြောလိုက်တာပဲ။ ဒါပဲရှိတာပဲလေ’’ လို့ ဦးတင်လှက ရွာကိုပြန်ခွင့်မပြုဘူးလို့ ပြောရတဲ့အကြောင်း တုံ့ပြန်ပြောပြပါတယ်။
ကိုစိုးဝေ နဲ့ ကိုနောင်ရိုးတင်မကပါဘူး။ အသက် ၃၀ ခန့်ရှိတဲ့ ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာအုပ်စုထဲပါတဲ့ စသာကုန်းရွာခံ ကိုသက်နိုင်ဦးဟာ အတင်းအကျပ် ခိုင်းစေခံရပြီး ပျူစောထီးသင်တန်းသုံးလတက်ခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။
သင်တန်းတက်ခဲ့ရပေမဲ့ အဖွဲ့ထဲမှာဆက်ပြီးမဝင်ချင်တာကြောင့် သူ့ရဲ့ မိသားစု ၁၃ ယောက်လုံးကိုခေါ် ပြီး ရွာကထွက်ပြေးခဲ့ကြပါတယ်။
စသာကုန်းရွာကနေ လွတ်မြောက်မယ့်နေရာကိုရောက်ဖို့ လမ်းမှာ ပျူစောထီးဂိတ် ၅ ဂိတ်ဖြတ်ခဲ့ရပြီး သူတို့ မိသားစုအတွက် စွန့်စားခန်းလို့ ပြောပါတယ်။
‘’ကျွန်တော်တို့က ရွာထဲကမထွက်ရဘူး။ တစ်ချိန်လုံး သူတို့ကစောင့်ကြည့်နေတာ။ ထွက်ပြေးနိုင်ဖို့တော်တော်ကိုကြိုးစားခဲ့ကြရတာ၊ ဆိုင်ကယ်နှစ်စီးသုံးရတယ်။ တချို့လူတွေက ခြေလျင်လျှောက်ရတယ်။ ဆိုင်ကယ်နဲ့ လူ ၃ ယောက် ကိုကဲ့ပြီးသွားပို့လိုက် ပြန်ခေါ်လိုက်လုပ်ပြီး တစ်အိမ်လုံးရွာကထွက်ခဲ့ရတာ’’ လို့ ကိုသက်နိုင်ဦးကပြောပါတယ်။
ပျူစောထီးတပ်ဖွဲ့တစ်ဖွဲ့မှာ ရှိရမယ့်လူအင်အားကို ဦးတင်လှ ကိုမေးမြန်းတဲ့အခါမှာ ‘’တပ်ဖွဲ့မှာဘယ်လောက်အင်အားဆိုတာ ပြောခွင့်မရှိဘူး’’ လို့ ဆိုပြီး ဘီဘီစီက တစ်ဖွဲ့မှာ အနည်းဆုံးပါဝင်ရတဲ့အင်အားကို ထပ်မေးကြည့်တဲ့အခါမှာတော့ ‘’တစ်ရွာကိုအနည်းဆုံးအင်အား ၃၀ ရှိတဲ့ရွာရှိတယ်။ ၄၀ ရှိတဲ့ရွာရှိတယ်။ ၅၀ကျော်ရှိတဲ့ရွာ ရှိတယ်‘’ လို့ဖြေပါတယ်။
တခါ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အနောက်ခြမ်းကျေးရွာတွေမှာလည်း ပျူစောထီးခေါင်းဆောင်ဆရာတော်ဆိုပြီး အမည်တပ်ပြောဆိုကြတဲ့ ဦးဝါသ၀ဦးဆောင်တဲ့အဖွဲ့က အလားတူစစ်သင်တန်းတက်ရောက်ဖို့ ဖိအားပေးတာတွေရှိတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပျူစောထီးအဖွဲ့ဆိုတာမရှိကြောင်းနဲ့ ပြည်သူ့စစ်အဖွဲ့သာ ဖွဲ့စည်းပေးထားကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တုံ့ပြန်ဖြေကြားထားပါတယ်။
စစ်ကောင်စီထိန်းချုပ်တဲ့ နိုင်ငံပိုင်သတင်းစာမှာတော့ မကြာခဏဆိုသလို ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို လက်နက်တွေ တပ်ဆင်ပေးတာနဲ့ စစ်ဝတ်စုံပစ္စည်းတွေနဲ့ ရိက္ခာတွေကို ထောက်ပံ့တာကို ဖော်ပြလေ့ရှိပါတယ်။
ဘီဘီစီက မေးမြန်းခွင့်ရတဲ့ သူတွေကို ပျူစောထီးအဖွဲ့ဝင်ဖြစ်ဖို့ ငြင်းဆိုရတာဘာကြောင့်လဲလို့ မေးမြန်းတဲ့အခါမှာတော့ သူတို့အနေနဲ့ အဖွဲ့အစည်းပုံစံကို မကြိုက်သလို ဖိနှိပ်ခံရတာတွေ နဲ့ ခြိမ်းခြောက်တာတွေကြောင့် တပ်ဖွဲ့ဝင် မဖြစ်ချင်တာလို့ ပြောကြပါတယ်။
တဖက်မှာလည်း ကျွန်းလှအရှေ့ခြမ်းရွာတွေက ဒေသခံအများစုက ပျူစောထီးအဖွဲ့ထဲဝင်ဖို့ ငြင်းဆန်ကြတာရှိပေမဲ့ မိသားစုလိုက်ပျူစောထီးအဖြစ် တက်တက်ကြွကြွလုပ်နေသူတွေလည်းရှိကြပြီး ကျေးရွာမှာ ခြယ်လှယ်လွှမ်းမိုးတာမျိုးရှိတယ်လို့ ဒေသခံအများစုက ပြောကြပါတယ်။
ကျွန်းလှမြို့ခံတွေကတော့ စစ်ကိုင်းတိုင်းထဲမှာ ခေတ်အဆက်ဆက် အာဏာပိုင်တွေရဲ့ ခြယ်လှယ်မှုအခံရဆုံး မြို့တစ်မြို့ လို့ သူတို့မြို့ကို ညွှန်းဆိုကြပါတယ်။
သဖန်းဆိပ်ဆည် ဆောက်မယ်ဆိုတာကြောင့် ၁၉၉၆ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ မြို့ဟောင်းနေရာကိုစွန့်ခွာပြီး အခုလက်ရှိ မြို့သစ်ကျွန်းလှနေရာကိုဒေသခံ သောင်းနဲ့ချီပြောင်းခဲ့ကြရတာဟာ ၂၀၁၈ ခုနှစ်အထိ မပြီးပြတ်နိုင်ဖြစ်ခဲ့တာကို ညွှန်းဆိုပြောကြတာပါ။
၂၀၂၁ စစ်အာဏာသိမ်းမှုအောက်မှာလည်း ဒေသခံတွေဟာ တခြားဒေသကလူထုလိုပဲ ပစ်ခတ်မှုတွေ၊ ခြိမ်းခြောက်မှုတွေကြားမှာ နေ့စဥ်ဘဝကို ဖြတ်သန်းနေကြရတယ်လို့ ပြောပါတယ်။
‘’ကျွန်တော်တို့က ပျူစောထီးကိုအာခံတော့ ရွာမှာငြှိုးခံရတယ်။ ကာကွယ်ရေးတပ်တွေကို မျှော်တော့လည်း မင်းတို့ကပျူစောထီးရွာတွေလို့ပြောတယ်။ ကျွန်တော်တို့မှာ ရွာပြင်လည်းမထွက်ရ။ ရွာထဲလည်းမနေနိုင်၊ တော်တော်ကိုဒုက္ခရောက်နေကြတာပါ ‘’ လို့ ကိုနောင်ရိုးက ပြောပါတယ်။








