ပျူစောထီးအဖွဲ့ ဘာတွေလုပ်သလဲ

မှော်ဘီနှင့် တိုက်ကြီးမြို့နယ်ဘက်က စစ်လေ့ကျင့်ရေး သင်တန်းကို ပျူစောထီးသင်တန်းလို့ လည်း ပြောဆိုကြ

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, မှော်ဘီနဲ့ တိုက်ကြီးမြို့နယ်ဘက်က စစ်လေ့ကျင့်ရေး သင်တန်းကို ပျူစောထီးသင်တန်းလို့လည်း ပြောဆိုကြ

ပျူစောထီးအဖွဲ့ဟာ လူတိုင်းသိတဲ့ပဟေဠိတပုဒ်သဖွယ်ဖြစ်နေပါတယ်။

ပျူစောထီးအဖွဲ့နဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်ကို မေးမြန်းတဲ့အခါ ပျူစောထီးအဖွဲ့ဆိုတာ ဖွဲ့စည်းထားခြင်းမရှိပါလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပျူစောထီးအဖွဲ့ဆိုတာ တကယ်မရှိဘဲ အွန်လိုင်းပေါ်မှာသာတွေ့ရတဲ့ အဖွဲ့အစည်းလို့ဆိုပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ပျူစောထီးအဖွဲ့ကို ပြည်ခိုင်ဖြိုးကဖွဲ့စည်းတာ မဟုတ်ဘူး လို့ဆိုပါတယ်။

ပျူစောထီးနဲ့ ပတ်သက်ပြီး တာဝန်ခံဖြေကြားပေးမဲ့ ဘယ်လူပုဂ္ဂိုလ်ကိုမှလည်း ဆက်သွယ်လို့မရပါဘူး။

ဒါ့အပြင် အခု သီတင်းပတ် အတွင်းမှာ ပျူစောထီးနာမည်ခံတဲ့လူတွေရဲ့ social media account တွေကို facebook ကလည်း ပိတ်ပစ်လိုက်ပါတယ်။ account အနည်းငယ်ပဲကျန်ပါတော့တယ်။

လူတိုင်းက ပျူစောထီးအကြောင်းကို သူတို့သိတယ်လို့ ယူဆထင်မြင်နေကြပါတယ်။ ဘယ်အဖွဲ့အစည်းတွေ နောက်ကကြိုးကိုင်ထားတယ်ဆိုတာကိုလည်း လူတိုင်းကပြောဆိုနေကြပါတယ်။ ဒါပေမဲ့ အစွပ်စွဲခံရတဲ့ အဖွဲ့အစည်းတွေအားလုံးက သူတို့မဟုတ်ပါဘူးလို့ ငြင်းဆိုနေကြသလို ပျူစောထီးပါလို့ နာမည်ခံထားသူတွေကလည်း မီဒီယာနဲ့ အင်တာဗျူးဖြေဆိုဖို့ ငြင်းဆိုကြပါတယ်။

ဒါ့ကြောင့် ဘယ်သူတွေက ဘယ်လောက်ပဲသိနေတယ်လို့ ထင်စေကာမူ ပျူစောထီးအဖွဲ့ဟာ ပဟေဠိတခုသဖွယ်သာ ဖြစ်နေသေးတဲ့အတွက် ပျူစောထီးဆိုတာလူတိုင်းသိတဲ့ ပဟေဠိလို့ဆိုတာဖြစ်ပါတယ်။

တန့်ဆည်မြို့နယ်က ပျူစောထီးလိုစွပ်စွဲခံရသူ တစ်ဦး( စက်တင်ဘာ ၁၇ ရက်နေ့လုပ်ကြံခံရပြီးသေဆုံး)

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တန့်ဆည်မြို့နယ်က ပျူစောထီးလိုစွပ်စွဲခံရသူ တစ်ဦး( စက်တင်ဘာ ၁၇ ရက်နေ့လုပ်ကြံခံရပြီးသေဆုံး)

ပျူစောထီးမဟုတ်ရင် ဘာတွေလဲ

ရပ်ရွာထဲမှာ ပျူစောထီးလို့ အမည်တပ်စွပ်စွဲခံထားရသူတွေအများအပြားရှိပါတယ်။ အမည်နဲ့တကွ ထုတ်ဖော်ပြောဆိုလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကာယကံရှင်တွေကတော့ သူတို့ဟာ ပျူစောထီးမဟုတ်ကြောင်း ငြင်းဆိုကြပါတယ်။ မိမိကိုယ်ကိုယ် ပျူစောထီးလို့ လူမှုကွန်ရက်မှာ ဗြောင်ကြေညာပြောဆိုကြသူတွေလည်း တဒါဇင်ထက်မနည်းရှိပါတယ်။ အဲဒီလူတွေကို ဘီဘီစီက ဆက်သွယ်ပြီး အင်တာဗျူးဖြေကြားပေးဖို့ ပန်ကြားတဲ့အခါ သူတို့က တာဝန်ခံဖြေဆိုဖို့ကို ငြင်းကြပါတယ်။ တာဝန်ခံဖြေဆိုမဲ့သူကို ဘီဘီစီက ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

ဘယ်သူတွေကို ပျူစောထီးအဖွဲ့က လုပ်ကြံသတ်ဖြတ်သွားတယ်ဆိုတဲ့သတင်းမျိုးတွေ facebook ပေါ်မှာရော သတင်းမီဒီယာ စာမျက်နှာတွေမှာပါ မကြာခဏ ကြားနေတွေ့နေရပါတယ်။ ပျူစောထီးဆိုတဲ့သူတွေကို ဘယ်မြို့မှာဘယ်နှယောက် သတ်ဖြတ်သုတ်သင်လိုက်ပြီဆိုတဲ့ သတင်းတွေကလည်း မနည်းပါဘူး။

ဇူလိုင်လ ၂၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ
ဓာတ်ပုံ ပုံစာ, ဇူလိုင်လ ၂၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ

ပျူစောထီး လှုပ်ရှားမှုများ

မန္တလေးမြို့ပေါ်မှာ ဇူလိုင်လ ၂၇ ရက်နေ့က အများပြည်သူ ထိတ်လန့်ခြောက်ခြားစရာ အဖြစ်အပျက်တခု ဖြစ်ပွားခဲ့ပါတယ်။ ဆိုင်ကယ်စီးဆန္ဒပြသူလူငယ်တွေကို အရပ်ဝတ်သေနတ်ကိုင် လူတချို့က ပုန်းအောင်းရာက ရုတ်တရက်ထွက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဆန္ဒပြသူလူငယ် ၃ ယောက် သေနတ်ထိမှန်ခဲ့ပါတယ်။ အထင်ကရ မဟာမြတ်မုနိဘုရားကြီး တန်ဆောင်းအနီးမှာ နေ့ခင်းကြောင်တောင် သွေးမြေခခဲ့ပါတယ်။ ဦးခေါင်းကို သေနတ်ထိမှန်ခံရသူမိန်းကလေးဟာ အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

မန္တလေးမြို့ဒေသခံပြည်သူတချို့နဲ့ ကျောင်းသားတွေက အဲဒီပစ်ခတ်သတ်ဖြတ်သူတွေဟာ ပျူစောထီးတွေ လို့ဆိုကြပါတယ်။ တချို့က အရပ်ဝတ်ရဲတွေလို့ ထင်ကြေးပေးကြပါတယ်။ တချို့က အရပ်ဝတ်စစ်သားတွေလို့ဆိုပါတယ်။

မြင်းခြံမြို့ပေါ်မှာ အရပ်ဝတ်ဝတ်ထားတဲ့လူတွေဟာ ဆိုင်ကယ်တစီးကို နှစ်ယောက်စီးပြီး မြို့လယ်လမ်းမပေါ်မှာ အစုန်အဆန်မောင်းနှင်လှည့်ပတ်နေကြပါတယ်။ ဆိုင်ကယ်ကို နောက်ကထိုင်စီးသူရဲ့လက်ထဲမှာ ပုဆိုးနဲ့ပတ်ထားတဲ့ သေနတ်ကိုကိုင်ဆောင်ထားကြပါတယ်။ တခါတရံမှာ အဲသလိုဆိုင်ကယ်မျိုးဟာ ၁၀ စီးထက်မနည်း လှုပ်ရှားသွားလာနေကြတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

မြင်းခြံကကျူရှင်ဆရာ ဦးမိုးဟိန်းရဲ့အိမ်ပေါ်ကို အဲသလိုလူတွေ ရုတ်တရက်ဝင်ရောက်လာပြီး ကုလားထိုင်ပေါ်ထိုင်နေတဲ့ ဦးမိုးဟိန်းကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်သွားခဲ့ပါတယ်။ သတ်ဖြတ်သူတွေက ပျူစောထီးလုပ်တာကွလို့ ကြွေးကြော်ခဲ့ကြပါတယ်။ မြင်းခြံမှာ ချစ်တီးထမင်းဆိုင် ဖွင့်ထားတဲ့ ကိုကောင်းမြတ်သူနဲ့ မဝတ်ရည်တို့ဟာလည်း မြို့အထွက်မှာ ဆိုင်ကယ်တစီး အနီးကပ် လိုက်လာပြီး ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ ဒါကိုလည်း ပျူစောထီးလက်ချက်လို့ပဲ လူတိုင်းလိုလိုက ပြောဆိုကြပါတယ်။

စစ်ကောင်စီက ပျူစောထီးဆိုတာမရှိဘူးလို့ ပြောပေမဲ့ ဇူလိုင်လ ၂၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာထဲမှာတော့ နှလုံးလှလူမိုက်များအဖွဲ့၊ ဇီးရိုးပြောက်ကျားအဖွဲ့၊ PDF အဖွဲ့၊ ယူဂျီအဖွဲ့နဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့တွေ မြင်းခြံမြို့ပေါ်မှာ သောင်းကျန်းနေတယ်လို့ ရေးသားထားပါတယ်။

လူမှုကွန်ရက်မှာပေါက်ကြားလာတဲ့ ပျူစောထီးအဖွဲ့ဝင်များအတွက်လျှို့ဝှက်ညွှန်ကြားချက်စာ
ဓာတ်ပုံ ပုံစာ, လူမှုကွန်ရက်မှာပေါက်ကြားလာတဲ့ ပျူစောထီးအဖွဲ့ဝင်များအတွက်လျှို့ဝှက်ညွှန်ကြားချက်စာ

ပျူစောထီးရွာ

မင်းကင်းမြို့နယ်ထဲက ပန်းဆက်ရွာမှာ လူဦးရေ ၄၀၀၀ ကျော်ရှိပါတယ်။ မင်းကင်းမြို့နယ်ထဲမှာ ဒုတိယအကြီးဆုံးကျေးရွာပါ။ ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ လူကြီးအရေအတွက်ကတောင် စုစုပေါင်း ၂၈၀၀ ကျော်ပါတယ်။ အဲဒီရွာတရွာလုံးနည်းပါးဟာ မင်းကင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးမောင်မြင့်ကိုမဲပေးခဲ့ကြတယ်လို့ မင်းကင်းဒေသတခုလုံးက ဆိုကြပါတယ်။

အဲဒီပန်းဆက်ကျေးရွာတရွာလုံးဟာ ပျူစောထီးကျေးရွာလို့ အနီးအနားရွာသူ တဦးဖြစ်တဲ့ မဖြူ (နာမည်လွှဲ) ကဆိုပါတယ်။

“ပန်းဆက်ရွာက ပန်းဆက်နေတာကတော့ ပြည်ခိုင်ဖြိုးပါတီကိုပါရှင့်။ တရွာလုံးလိုလိုက ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြတာပါ။ ကျွန်မတို့ မင်းကင်းမြို့နယ်ထဲမှာ အဲသလိုရွာက ဒီတရွာပဲရှိတာပါ။ သူတို့က စစ်ကောင်စီစစ်တပ်လာရင် ရွာထဲက အမျိုးသမီးဆယ်ယောက်လောက် ထမင်းချက်လိုက်တတ်တဲ့ရွာပါ။” လို့အနီးအနားကျေးရွာက မဖြူ (နာမည်လွှဲ) က ဘီဘီစီကိုပြောပါတယ်။

ကျန်အနီးအနား ဒေသခံရွာသားတွေကလည်း အဲဒီပြောဆိုချက်ကို သဘောတူကြပါတယ်။ ဇူလိုင်လ ၂၈ ရက်နေ့က ပန်းဆက်နဲ့ တောင်ဖြူကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေ့က တိုက်ပွဲဖြစ်ပွားစဉ်မှာ ပန်းဆက်ရွာသား ပျူစောထီးတွေဟာ မောင်းပြန်သေနတ်တွေ ကိုင်ဆောင်ထားရုံသာမက RPG ဗုံးသီးလောင်ချာတွေကိုပါ ရရှိထားပြီး အဲဒီသေနတ်တွေနဲ့ ခုခံတဲ့အတွက် ဒေသခံ PDF တွေ ဆုတ်ခွာခဲ့ရတယ်လို့ မိုးကြိုးမုန်တိုင်း အဖွဲ့ဝင်တွေထဲက တဦးဖြစ်သူ ဗိုလ်သူရိန်က ဘီဘီစီကို ပြောပါတယ်။ ပန်းဆက်ရွာသားတွေကို ဘယ်သူတွေက လက်နက်တပ်ဆင်ပေးထားပါသလဲ။ လက်နက်အကောင်းစားတွေကို သူတို့ဘယ်ကရပါသလဲ။ တနယ်လုံး တဒေသလုံးကတော့ သေနတ်အကောင်းစားတွေ တပ်ဆင်ပေးနိုင်တဲ့ အဖွဲ့အစည်းဟာ တခုတည်းသာရှိတယ်လို့ ယုံယုံကြည်ကြည် ပြောဆိုနေကြပါတယ်။

ပန်းဆက်နဲ့တောင်ဖြူတိုက်ပွဲအတွင်းမှာ လက်နက်ကိုင်ပျူစောထီးတွေက ထောင်ချောက်ဆင်ပြီး သေနတ်တွေနဲ့ချိန်ဖမ်းခဲ့တဲ့အတွက် PDF အဖွဲ့ဝင် ၅၆ ဦး အဖမ်းခံခဲ့ရပါတယ်။ ပြည်ခိုင်ဖြိုး အားကောင်းတဲ့နေရာတွေမှာ ပျူစောထီးပိုအားကောင်းတယ်လို့ မိုးကြိုးမုန်တိုင်းအဖွဲ့ဝင် ဗိုလ်သူရိန်က မှတ်ချက်ပြုပါတယ်။

ပျူစောထီးလှုပ်ရှားမှုလို့ ကျော်ကြားတဲ့ဖြစ်စဥ်တွေထဲမှာ အဲဒီအဖြစ်အပျက်ဟာ အကြီးမားဆုံးအဖြစ်အပျက်ပါ။

no tag

ဓာတ်ပုံ ရင်းမြစ်, SOCIAL MEDIA

သင်တန်းပေးခြင်း

တိုက်ကြီးမြို့နယ်အတွင်း ပဲခူးရိုးမတောင်ခြေမှာ သြဂုတ်လ ၇ ရက်နေ့က ပျူစောထီး သင်တန်းပေးနေတယ်ဆိုတဲ့ သတင်း မီဒီယာပေါ်ပေါက်ကြားလာပါတယ်။ တိုက်ကြီးမြို့နယ် ကျားချောင်းရွာနဲ့ ကွမ်းသီးမြောင်ရွာအကြား လမ်းမကြီးနံဘေးမှာ အမြောက်တပ်လေ့ကျင့်ရေး တပ်ပိုင်နယ်မြေရှိပါတယ်။ အဲဒီနယ်မြေထဲမှာ ပျူစောထီးတွေကို စစ်ကောင်စီက သင်တန်းပေးခဲ့တယ်လို့ ပျူစောထီးအဖွဲ့ဝင်ဆိုသူ တယောက်ကဆိုပါတယ်။ သူကိုယ်တိုင် Myanmar Pressphoto Agency သတင်းဌာနကိုပြောကြားခဲ့ကြောင်း သတင်းဌာနရဲ့အွန်လိုင်း စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီသင်တန်းဟာ ၅ ကြိမ်မြောက်သင်တန်းလို့လည်း ပျူစောထီးအဖွဲ့ဝင်က ထုတ်ဖော်ပြောဆိုထားတဲ့ အပြင် လူ ၂၀ ကိုလက်နက်တပ်ဆင်ပေးခဲ့တယ်လို့လည်း သူကဆိုပါတယ်။

မန္တလေးတိုင်းအတွင်းရှိ ကျေးရွာတချို့မှာ အခြေခံစစ်ပညာနဲ့ လက်နက်ငယ်ကိုင်တွယ် အသုံးပြုပုံကို စစ်တပ်က သင်ကြားပေးနေတယ်လို့လည်း Myanmar National Post က ဇွန်လ ၁၄ ရက်မှာ ရေးသားခဲ့ပါတယ်။ Myanmar National Post မှာ နောင်တော်လေးနဲ့ မျိုးချစ် ကလောင်ရှင်တွေ ရေးသားလေ့ရှိပြီး မဘသ၊ ပျူစောထီး၊ စစ်ကောင်စီတို့ကို ထောက်ခံရေးသားလေ့ရှိတဲ့ သတင်းဌာနဖြစ်ပါတယ်။

ဟုမ္မလင်းမြိုမှာလည်း မြို့အပြင် လေယာဉ်ကွင်းနားက သစ်ပင်ချုံပင်ထူထပ်ရာ လက်ဖက်စိုက်ခင်း အနီးအနားမှာ စစ်တပ်က နယ်မြေပိတ်ဆို့ပြီး ပျူစောထီးတွေကို သင်တန်းပေးခဲ့တယ်လို့ ပျူစောထီးတွေရဲ့ သတိပေးခြိမ်းခြောက်မှုစာရင်းမှာ ကိုယ်တိုင်ပါဝင်သူ ကိုကျော်စိုးဝင်းက ဘီဘီစီကိုပြောပါတယ်။

ဟုမ္မလင်းမြို့နယ် သောင်သွပ်ရွာမှာ သင်တန်းပေးတာကိုတော့ သင်တန်းမှာ ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့သူ တယောက်က ကိုကျော်စိုးဝင်းကို အသေးစိတ် ပြန်ပြောပြပါတယ်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကညနရုံးအနီးမှာ နေထိုင်သူတွေကိုလည်း ပျူစောထီးသင်တန်းဖွင့်ဖို့ စက်တင်ဘာလဆန်းမှာ နေအိမ်ကဖယ်ရှားခိုင်းခဲ့တယ်လို့ အနီးအနားနေထိုင်သူ ရပ်ကွက်သူရပ်ကွက်သားတွေကဆိုပါတယ်။

no tag

ပျူစောထီးညွှန်ကြားချက်

တရုတ်စကားပုံတခုမှာ မီးမရှိဘဲမီးခိုးမထွက်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မီးခိုးဒီလောက်ထွက်နေတာတောင် မီးကို အလွယ်တကူမမြင်ရတာက ဘာ့ကြောင့်ပါလဲ။ ပျူစောထီးအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို မြင်တွေ့နေရပါလျက်နဲ့ ပျူစောထီးလို့အမည်ခံထားသူတွေ တော်တော်များများ လှုပ်ရှားဆောင်ရွက်နေတာတွေကို မြင်တွေ့နေရပါလျက်နဲ့ နောက်ကွယ်က လက်မည်းကြီးတွေကို ထုတ်ပြဖို့ခက်နေရတာ ဘာ့ကြောင့်ပါလဲ။

မေလ ၁၄ ရက် ရက်စွဲနဲ့ ပျူစောထီးအဖွဲ့ဗဟိုက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ အဖွဲဝင်တွေအတွက် သီးသန့်ထုတ်ပြန်တဲ့ ညွှန်ကြားချက်လို့ဆိုပါတယ်။ အဲဒီညွှန်ကြားချက်ထဲမှာ ပါဝင်တဲ့အချက်တွေကို အားလုံးခြုံငုံကြည့်ရင် လျှို့ဝှက်ရေးနဲ့ သတင်းရယူရေးဟာ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်နေတာကို တွေ့ရပါတယ်။

လုပ်နည်းလုပ်ဟန်မှာတော့ သူတို့ရဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေအတွင်း အသွင်ယူပြီး သူလျှိုလုပ်တဲ့ လုပ်ဟန်ကို အဓိက ညွှန်ကြားထားတာတွေ့ရပါတယ်။ အဲဒီညွှန်ကြားချက်ဟာ မဲခေါင်သတင်းဌာနမှာ ဇွန်လ ၁၅ ရက်နေ့က တင်ခဲ့တဲ့ အသံဖိုင်တဖိုင်ထဲက ပြောဆိုထားတဲ့ ပြောဆိုချက်တွေနဲ့လည်း ကိုက်ညီနေပါတယ်။

မဲခေါင် သတင်းဌာနက တင်ခဲ့တဲ့အသံဖိုင်ကတော့ ပျူစောထီးအဖွဲ့ထဲ ဝင်ချင်တယ်ဆိုတဲ့သူ တယောက်က ပဲခူးပျူစောထီးခေါင်းဆောင်ကို ဆက်သွယ်စုံစမ်းရာမှာ အသေးစိတ် ပြန်လည်ရှင်းလင်းပြောဆိုထားတဲ့ အသံဖိုင်ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ပရိုဖိုင်အစစ်နဲ့အသုံးပြုတဲ့ facebook account မှာပျူစောထီးနဲ့ ပတ်သက်တာကိုလုံးဝမရေးရ၊ ပျူစောထီးပို့စ်ကို ပြန်မမျှဝေရ၊ ကူးယူတင်တာမလုပ်ရလို့ ပျူစောထီးဗဟိုက ညွှန်ကြားရေးသားထားပါတယ်။ မိမိပျူစောထီးအဖွဲ့ဝင်ဖြစ်တာကို မရိပ်မိအောင် လုံးဝ ကင်းကင်းရှင်းရှင်းနေပြဖို့ ညွှန်ကြားတဲ့ သဘောဖြစ်ပါတယ်။

သုံးနေကျမဟုတ်တဲ့ ဖုန်းနံပါတ်တခုသီးခြားထားပြီး ဆန့်ကျင်ဘက်အုပ်စုတွေရဲ့ viber group ၊ telegram group တွေထဲမှာ ဝင်ရောက်သတင်းယူဖို့လည်း ညွှန်ကြားထားပါတယ်။ ရထားတဲ့သတင်းတွေကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့တွေနဲ့ တိုက်ရိုက် ဆက်သွယ်သတင်းပေးပို့တာမျိုးမလုပ်ဘဲ ပျူစောထီးဗဟိုကနေ တဆင့်သာ သတင်းပို့ဖို့လည်း ညွှန်ကြားထားပါတယ်။

ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေထဲမှာ အသွင်ယူပြီး အလုပ်လုပ်နေစဉ်မှာ အဲဒီအဖွဲ့အစည်းအတွင်းမှာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် ရဲနဲ့စစ်သားတွေရဲ့ ဖမ်းဆီးမှုခံခဲ့ရရင် ၆ နာရီအတွင်း ပျူစောထီးဗဟိုအဖွဲ့ထံ အမြန်အကြောင်းကြားရမယ်လို့လည်း ရေးသားညွှန်ကြားထားပါတယ်။ ဒါတွေက ပျူစောထီးဗဟိုရဲ့ ညွှန်ကြားချက်ထဲမှာ အသေးစိတ်ရေးသားထားတာတွေ ဖြစ်ပါတယ်။

မဲခေါင်သတင်းဌာနက ထုတ်လွှင့်ခဲ့တဲ့အသံဖိုင်ထဲမှာ ပျူစောထီးခေါင်းဆောင်ဆိုသူက သူတို့အဖွဲ့နဲ့ပတ်သက်ပြီး ရှင်းလင်းပြောပြတဲ့အချက်တွေဟာလည်း အဲဒီညွှန်ကြားချက်ပါ အချက်အလက်တွေနဲ့ တထပ်တည်း ကိုက်ညီပါတယ်။ အတိုက်အခံအဖွဲ့အစည်းတွေရဲ့ သတင်းကိုရရင် ရဲနဲ့အုပ်ချုပ်ရေးမှူးတွေကို သတင်းမပို့ဘဲ ပျူစောထီးဗဟိုကို တိုက်ရိုက်သတင်းပို့ပါလို့ အဲဒီအသံဖိုင်ထဲမှာ ပြောဆိုထားပါတယ်။ ပျူစောထီးဗဟိုကို တိုက်ရိုက်သတင်းပို့ရင် စစ်တပ်ကချက်ချင်းလာပြီး ရှင်းလင်းဖမ်းဆီးလိမ့်မယ်လို့ဆိုထားပါတယ်။ နစကကောင်စီ (နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ)နဲ့ ပျူစောထီးဗဟိုအဖွဲ့အကြားမှာ လူကြီးချင်းချိတ်ဆက်ထားတယ်လို့လည်း ဆိုပါတယ်။ ဒီပြောဆိုချက်ဟာ ဟုမ္မလင်းက အဖြစ်အပျက်တခုကို သတိရစေပါတယ်။ ဟုမ္မလင်းမြို့မှာ ပျူစောထီးက စာထုတ်ပြီးနောက် အဲဒီပျူစောထီးထုတ်ပြန်တဲ့စာရင်းထဲမှာ ပါဝင်သူအားလုံးကို မြန်မာ့တပ်မတော်က လိုက်လံဖမ်းဆီးတဲ့အဖြစ်အပျက်ဖြစ်ပျက်ခဲ့ဖူးကြောင်း ဟုမ္မလင်းမြို့ခံ ကိုကျော်စိုးဝင်းက ဘီဘီစီကိုပြောပါတယ်။

ပျူစောထီးအဖွဲ့ဝင်တယောက်ဟာ ဆန့်ကျင်ဘက်အဖွဲ့အစည်းအတွင်းမှာ သူလျှိုအဖြစ်နဲ့ အသွင်ယူအလုပ်လုပ် နေစဉ် အဖမ်းခံခဲ့ရရင် သူတို့နဲ့ချိတ်ဆက်ထားတဲ့ နစကကောင်စီရဲ့ဗိုလ်မှူးက လွှတ်ပေးလိမ့်မယ်လို့လည်း ပဲခူးမြို့က အဲဒီပျူစောထီးခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကနီနယ်ထဲက ပြောက်ကျားဝတ်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်း ကနီ မင်းကင်းနယ်ထဲက ပြောက်ကျားဝတ်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ကို ပျူစောထီးလို့ ပြောဆိုတာတွေလည်းရှိ

ပျဉ်းမနားပျူစောထီးနဲ့ မန္တလေးပျူစောထီးဆရာတော်

ပျဉ်းမနား ပျူစောထီးခေါင်းဆောင်တယောက်နဲ့ မန္တလေးက ပျူစောထီးဆရာတော်တပါးတို့ ဆွေးနွေးပြောဆိုထားတဲ့ အသံဖိုင်တဖိုင်လည်း ပေါက်ကြားပေါ်ထွက်ခဲ့ပါတယ်။ နာရီဝက်ကျော်ကြာတဲ့ အဲဒီအသံဖိုင်ထဲမှာ ပျူစောထီးအဖွဲ့နဲ့ ပတ်သက်တဲ့ အသေးစိတ် ပြောဆိုဆွေးနွေးချက်တွေ အများအပြားပါဝင်ပါတယ်။

ပျဉ်းမနားပျူစောထီးနဲ့ မန္တလေးပျူစောထီးဗဟိုကဆရာတော်ဆိုတာကတော့ အသံဖိုင်ထဲမှာ သူတို့ကိုယ်တိုင်ရဲ့ ပြောဆိုတဲ့စကားတွေက ဖော်ပြသွားတာဖြစ်ပါတယ်။ အဲဒီအသံဖိုင်ထဲမှာ ပျဉ်းမနားပျူစောထီး ဆိုသူက ဒလံသူလျှိုအစွပ်စွဲခံရသူ ၅၃ ယောက်ကို အသတ်မခံရအောင် ရဟန်းခံပေးခဲ့တယ်လို့ဆိုထားပါတယ်။ သူတို့အဖွဲ့အစည်းထဲမှာ စစ်မှုထမ်းဟောင်းအဖွဲ့က ဆရာဝန် ၁ ဦးနဲ့ ကားမိုင်းတွေကို မိုင်းရှင်းနိုင်တဲ့ စက်မှုထမ်းဟောင်း အင်ဂျင်နီယာ ၂ ဦးလည်းပါဝင်တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ကိုယ့်အိမ်ကိုယ့်ရပ်ကွက်မှာ ဟန်မပျက်နေထိုင်ပြီး လက်နက်ကိုင်တော်လှန်ကြတဲ့ မြို့ပြတော်လှန်ရေးပုံသဏ္ဌာန်သစ်ထွက်ပေါ်လာပါတယ်။

ရပ်ရွာထဲမှာ အခြေခံလှုပ်ရှားကြတာ ဖြစ်တဲ့အတွက် သူတို့လှုပ်ရှားမှုတွေကို ရပ်ရွာမသိအောင် ဖုံးအုပ်ထားဖို့ခက်ပါတယ်။ ရပ်ရွာထဲမှာရှိတဲ့ စစ်ကောင်စီလိုလားသူတွေသိရှိလို့ အတိုင်ကြားခံရရင် ပြတ်ပြတ်သားသားချေမှုန်းတာခံကြရပါတယ်။ ဒါ့ကြောင့် ရပ်ရွာထဲမှာရှိတဲ့ စစ်ကောင်စီဘက်သားတွေကို ဒလန်လို့ခေါ်ဆိုပြီး သုတ်သင်ရှင်းလင်းတဲ့ ဆောင်ရွက်ချက်ထွက်ပေါ်လာပါတယ်။ ဒလန်သုတ်သင်ရှင်းလင်းရေးထွက်ပေါ်လာတဲ့အခါ ဒလန်ကာကွယ်ရေးအဖွဲ့ဟာလည်း ပျူစောထီးဆိုတဲ့ နာမည်နဲ့ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ အဲဒီပျူစောထီးအဖွဲ့ဟာ လျှို့ဝှက်ဆောင်ရွက်တတ်တဲ့ အဖွဲ့အစည်းတခုဖြစ်နေပါတယ်။ အလွယ်တကူရှာမတွေ့နိုင်ပါဘူး။

မီးမရှိဘဲ မီးခိုးမထွက်ဘူးလို့ တရုတ်စကားပုံကဆိုထားပါတယ်။ မီးခိုးတွေမြင်နေရပါလျက်နဲ့ မီးကို အလွယ်တကူရှာမတွေ့တာကတော့ ပျူစောထီးအဖွဲ့ဟာ လျှို့ဝှက်သိပ်သည်းတဲ့ သတင်းပေးကွန်ရက်တခုအဖြစ်ဖွဲ့စည်းထားလို့ပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ အဓိကလုပ်ငန်းဟာ သတင်းပေးလုပ်ငန်း၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကြားမှာ သူလျှိုလုပ်ထောက်လှမ်းတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။

စစ်ရေးမှာ သတင်းဟာ အသက်သွေးကြောဖြစ်တဲ့အတွက် ပျူစောထီးနဲ့ပီဒီအက်ဖ်တွေရဲ့ အပြန်အလှန် သုတ်သင်ရှင်းလင်းကြတဲ့လုပ်ရပ်တွေဟာ သတင်းစစ်ပွဲမှာ စိုးမိုးမှုရရေးအားပြိုင်လှုပ်ရှားမှုတွေလို့ ဆိုနိုင်ပါလိမ့်မယ်။

မီးခိုးတွေမြင်ရပါလျက်နဲ့ မီးကိုအလွယ်တကူရှာမတွေ့ဘူးဆိုတာမှန်ပါတယ်။ ဒါပေမဲ့ မီးကိုစက္ကူအိတ်နဲ့ထုတ်ပြီး ဝှက်ထားလို့မရဘူးဆိုတဲ့စကားပုံလည်း ရှိပါတယ်။ လှုပ်ရှားမှုရှိနေရင် ရာခိုင်နှုန်းပြည့်လျှို့ဝှက်မှုဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့ရဲ့လုပ်ဆောင်ချက်၊ ကြေညာချက်နဲ့ ပြောဆိုချက်တွေကို တခုနဲ့တခု အရုပ်ဆက်သလို စုစည်းဆက်စပ်ကြည့်လိုက်ရင် ပျူစောထီးအဖွဲ့ဟာ ဘာဆိုတာကို ရုပ်လုံးအသွင်သဏ္ဌာန် ထင်ထင်ရှားရှားတွေ့မြင်နိုင်မှာဖြစ်ပါတယ်။