
‘ကျွန်တော်သေပြီလို့ ထင်ခဲ့တာ’ - စစ်မှုထမ်း အဓမ္မခေါ်ဆောင်ခံရသူတွေပြောပြတဲ့အတွေ့အကြုံ
ဘီဘီစီမြန်မာပိုင်းနှင့် အာရှ ပစိဖိတ် Visual Journalism အဖွဲ့
ဒမြန်မာနိုင်ငံမှာ လူငယ်တွေကို စစ်တပ်ကစစ်မှုထမ်းဖို့ ခေါ်ယူနေတာ ၂၀၂၆ နှစ်လယ်ပိုင်းရောက်လုနီးမှာ အပတ်စဉ် ၂၄ အထိ ရောက်လာပြီဖြစ်ပါတယ်။ ဒါပေမဲ့ လူငယ်တွေဟာ သူတို့ သဘောဆန္ဒအလျောက် စစ်မှုထမ်းဖို့ စာရင်းပေးရမယ့်အစား စစ်တပ်က အတင်းအကျပ်နည်းလမ်းတွေနဲ့ စစ်မှုထမ်းအသစ် စုဆောင်းနေတယ်ဆိုတာကို အစီရင်ခံစာတွေမှာ ဖော်ပြနေပါတယ်။ ဒီအခြေအနေကိုစောင့်ကြည့်တဲ့အကဲခတ်သူတွေနဲ့အဖွဲ့တွေကတော့ စစ်တပ်ရဲ့စစ်မှုထမ်းခေါ်ယူမှုဟာ ‘‘ခေတ်သစ်လူကုန်ကူးမှု’’ လို့တောင် သုံးနှုန်းနေပါတယ်။ ဒါကြောင့် လူငယ်အများစုဟာ နိုင်ငံခြားကို တိမ်းရှောင်ထွက်ပြေးကြဖို့ရာ ဖြစ်လာသလို ပဋိပက္ခစစ်မြေပြင်ထဲရောက်ကြရတဲ့ စစ်မှုထမ်း တပ်သားသစ်လူငယ်တွေလည်း ထွက်ပြေးနိုင်မယ့် လွတ်လမ်းရှာလာကြပါတယ်။ ဒီအခင်းအကျင်းကြောင့် မြန်မာရဲ့ ကုန် ထုတ်လုပ်ရေးကဏ္ဍမှာ “လူငယ်လုပ်သားအင်အားပြတ်လပ်မှု” ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီလို့ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် CDM ဝင်ခဲ့ကြတဲ့ စစ်ဘက်အရာရှိတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာ့ကာကွယ်ရေးနဲ့ လုံခြုံရေးအင်စတီကျု(MDSI)က သတိပေးပါတယ်။
*လုံခြုံရေးကြောင့် နာမည်များကို ပြောင်းလဲထားပါတယ်။
မောင်မောင်(အမည်လွှဲ)ဟာ ရန်ကုန်မြို့အတွင်းရှိ စစ်တပ်လက်အောက်ခံအဖွဲ့တစ်ခုကနေ စစ်မှုထမ်းဖို့ အတင်းအကျပ် ခေါ်ဆောင်ခံရပြီးနောက် သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ မောင်မောင်ဟာ ၅ ရက်ကြာ ပြန်ပေးဆွဲခံထားရတဲ့စစ်မှုထမ်းလူငယ် အယောက် ၈၀ ထဲက တစ်ယောက်ဖြစ်ပါတယ်။
သူဟာ ရန်ကုန်မြို့လယ်က ဆူးလေဘုရားအနီးက လမ်းတစ်လမ်းထဲမှာအစားအသောက်ဝယ်ဖို့ ည ၇ နာရီခန့်မှာ လမ်းလျှောက်လာချိန် တိုယိုတာပရိုဘောက်စ် ကားပေါ်ကနေ ဆင်းလာတဲ့ လူလေးဦးရဲ့ ရုတ်တရက်ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံခဲ့ရသူပါ။
“ကျွန်တော့်ကို ဖမ်းသွားတဲ့လူတွေက စစ်မှုထမ်းဖို့ မင်းကိုယ်တိုင် ရောက်လာတယ်လို့ ဝန်ခံရမယ်။ငြင်းဆန်ရင် ဒါမှမဟုတ် အိမ်ပြန်ချင်တယ်လို့ပြောရင် သတ်ပစ်မယ်လို့ ပြောခဲ့တယ်။” လို့ မောင်မောင်က ပြောပါတယ်။
“ကျွန်တော် အရမ်းကြောက်သွားပြီး ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာလည်း မသိတော့ဘူး။”

မောင်မောင့်ကို ဖမ်းခဲ့သူတွေက သူ့ကို ဆူးလေဘုရားလမ်းကနေ ကားနဲ့ ၁ နာရီလောက်သွားရတဲ့အကွာအဝေးမှာရှိတဲ့ မင်္ဂလာဒုံမြို့နယ်၊ဝါယာလက်စျေးရှေ့မှာရှိတဲ့စစ်တပ်တပ်ရင်းထဲက အဆောက်အဦတစ်ခုကို ခေါ်ဆောင်သွားခဲ့ပါတယ်။
အဲဒီနေရာကို ဂြိုဟ်တုဓာတ်ပုံတွေကတဆင့် ဘီဘီစီက ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်တဲ့အခါ စတုရန်းမီတာ ၁,၉၀၀ ခန့်ရှိပြီး အဆောက်အဦ ၄၀ ကျော်ရှိပါတယ်။ အဆောက်အဦအများစုဟာ မီတာ ၃၀ ခန့်ရှည်ပါတယ်။
အဲဒီဝင်းထဲကို မောင်မောင် ရောက်ချိန်မှာ တစ်ထပ်မြင့် အဆောက်အဦတစ်ခုဆီကို ခေါ်ဆောင်ခံရပြီး စစ်မှုထမ်းမှတ်ပုံတင်စာရွက်မှာ လက်မှတ်ထိုးဖို့ အတင်းအကျပ် စေခိုင်းခံခဲ့ရပါတယ်။
“ကျွန်တော့်ကို ဆေးအရည်နှစ်မျိုး နှစ်ကြိမ်ထိုးပြီးတာနဲ့ ဂုတ်ကနေဆွဲပြီး လက်တွေကို ကျောနောက်မှာ ချုပ်ထားတယ်။” လို့ မောင်မောင်က ပြောပါတယ်။ မောင်မောင် ပြန်ပြောပြချက်အရ သူ့ရဲ့ လက်မောင်းနှစ်ဖက်ကို ဆေးထိုးခဲ့ပြီး ဘာဆေးအမျိုးအစားထိုးတယ်ဆိုတာမသိဘူးလို့ပြောပါတယ်။
“ထိုင်ခုံမှာ အတင်းထိုင်ခိုင်းပြီးတာနဲ့ ဆံပင်စညှပ်တော့တာပဲ။ ပြီးတော့ လုံချည်တစ်ထည်ပေးတယ်”

မောင်မောင်လိုပဲ အသက် ၃၆ နှစ်အရွယ် ကိုအောင်ထွန်းဟာလည်း နေပြည်တော် အာဏာဗဟိုချက်ထဲ ပါဝင်တဲ့ ပျဉ်းမနားမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာရှိတဲ့ သူ့နေအိမ်မှာ စစ်တပ်၊ ရဲနဲ့ အာဏာပိုင် ပူးပေါင်းအဖွဲ့တွေရဲ့ ပိတ်ဆို့ဖမ်းဆီးခံရပြီး အတင်းအကျပ် စစ်မှုထမ်း စုဆောင်းခံရတာဖြစ်ပါတယ်။
လာဖမ်းတုန်းကတော့ သူ့ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ ဆက်နွယ်တယ်လို့ဆိုပြီး စွပ်စွဲခဲ့တာပါ။
“စစ်သားတွေက ကျွန်တော့်ခေါင်းကို သေနတ်ဒင်နဲ့ ထုတယ်။ လက်ထိပ်ခတ်ပြီး ကားပေါ်တင်တယ်။ ပြီးတော့ ရဲစခန်းကို ခေါ်သွားတယ်။ အဲဒီမှာ ထိန်းသိမ်းခံရပြီး နှိပ်စက်တယ်။ လက်သည်းခွံကို အစိမ်းချွတ်တာမျိုးအထိလုပ်ခဲ့တယ်။ ကျွန်တော်က မဟုတ်ပါဘူးလို့ ပြောနေတဲ့ကြားက PDF လုပ်တယ်ဆိုပြီး ကျွန်တော့်ကို စွပ်စွဲတယ်။” လို့ အောင်ထွန်းက ပြန်ပြောပြပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလမှာ စစ်မှုထမ်း ပထမအသုတ် ခေါ်ယူမှုကို စတင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်မှာတော့ ခေါ်ယူသူအရေအတွက်ဟာ ၇ ဆနီးပါး တိုးလာခဲ့ကြောင်း မြန်မာသုတေသနအဖွဲ့ ISP Myanmar က ဖော်ပြထားပါတယ်။
၂၀၀၀ မှ ၂၀၂၀ ခုနှစ်အတွင်း စစ်တပ်ဟာ နှစ်စဉ် စစ်သား ၁၂,၀၀၀ ခန့် ခေါ်ယူခဲ့ပြီး ထွက်ပြေးသူ ၄,၈၀၀ ခန့်ရှိတာကြောင့် လက်ရှိ စစ်တပ်ထဲမှာ အမှုထမ်းနေသူအရေအတွက် ၇,၂၀၀ ခန့်သာ ကျန်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ နှစ်စဥ် ရည်မှန်းဦးရေရဲ့ ၇.၅% သာရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက်ပိုင်း MDSI က ကောက်ခံထားတဲ့အချက်အလက်တွေအရ စစ်မှုထမ်း အပတ်စဥ် ၂၃ ကြိမ်အထိဆိုရင် အနည်းဆုံး လူဦးရေ ၁၁၀,၀၀၀ ကျော်ကို စစ်တပ်က ခေါ်ယူနိုင်ခဲ့ပါတယ်။
၂ နှစ်တာကာလအတွင်းမှာပဲ စစ်မှုထမ်းတပ်သားသစ်ခေါ်ယူမှုကြောင့် စစ်တပ်ဟာ နှစ်စဉ်ခေါ်ယူမှု ရည်မှန်းချက်ဖြစ်တဲ့ စစ်သား ၉၆,၀၀၀ ဦးဆိုတဲ့ပမာဏကို ကျော်လွန်ခဲ့ပါတယ်။
မောင်မောင်လိုပဲ အသက် ၃၆ နှစ်အရွယ် ကိုအောင်ထွန်းဟာ နေပြည်တော် အာဏာဗဟိုချက်ထဲ ပါဝင်တဲ့ ပျဉ်းမနားမြို့နယ်ထဲက နေအိမ်မှာ စစ်တပ်၊ ရဲနဲ့ အာဏာပိုင် ပူးပေါင်းအဖွဲ့တွေရဲ့ ပိတ်ဆို့ဖမ်းဆီးခံရပြီး အတင်းအကျပ် စစ်မှုထမ်း စုဆောင်းခံရတာဖြစ်ပါတယ်။
လာဖမ်းတုန်းကတော့ သူ့ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ ဆက်နွယ်တယ်လို့ဆိုပြီး စွပ်စွဲခဲ့ပါတယ်။
“စစ်သားတွေက ကျွန်တော့်ခေါင်းကို သေနတ်ဒင်နဲ့ ထုတယ်။ လက်ထိပ်ခတ်ပြီး ကားပေါ်တင်တယ်။ ပြီးတော့ ရဲစခန်းကို ခေါ်သွားတယ်။ အဲဒီမှာ ထိန်းသိမ်းခံရပြီး နှိပ်စက်တယ်။ လက်သည်းခွံကို အစိမ်းချွတ်တာမျိုးအထိလုပ်ခဲ့တယ်။ ကျွန်တော်က မဟုတ်ပါဘူးလို့ ပြောနေတဲ့ကြားက PDF လုပ်တယ်ဆိုပြီး ကျွန်တော့်ကို စွပ်စွဲတယ်။” လို့ အောင်ထွန်းက ပြန်ပြောပြပါတယ်။


၂၀၂၄ ခုနှစ် ဧပြီလမှာ စစ်မှုထမ်း ပထမအပတ်စဥ် ခေါ်ယူတာကို စတင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်မှာတော့ ခေါ်ယူသူအရေအတွက်ဟာ ၇ ဆနီးပါးတိုးလာခဲ့ကြောင်း မြန်မာသုတေသနအဖွဲ့ ISP Myanmar က ဖော်ပြထားပါတယ်။
၂၀၀၀ မှ ၂၀၂၀ ခုနှစ်အတွင်း စစ်တပ်ဟာ နှစ်စဉ် စစ်သား ၁၂,၀၀၀ ခန့် ခေါ်ယူခဲ့ပြီး ထွက်ပြေးသူ ၄,၈၀၀ ခန့်ရှိတာကြောင့် လက်ရှိ စစ်တပ်ထဲမှာ အမှုထမ်းနေသူ အရေအတွက်က ၇,၂၀၀ ခန့်သာ ကျန်ရှိခဲ့ပါတယ်။ ဒီအရေအတွက်ဟာ နှစ်စဥ် ရည်မှန်းဦးရေရဲ့ ၇.၅% သာရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက်ပိုင်း MDSI က ကောက်ခံထားတဲ့အချက်အလက်တွေအရ စစ်မှုထမ်း အပတ်စဥ် ၂၃ ခုအတွင်း အနည်းဆုံး လူဦးရေ ၁၁၀,၀၀၀ ကျော်ကို စစ်တပ်က ခေါ်ယူနိုင်ခဲ့ပါတယ်။
စစ်မှုထမ်းတပ်သားသစ်ခေါ်ယူမှုကြောင့် စစ်တပ်ဟာ နှစ်စဉ်ခေါ်ယူမှု ရည်မှန်းချက်ဖြစ်တဲ့ စစ်သား ၉၆,၀၀၀ ဆိုတဲ့ပမာဏကို ၂ နှစ်တာကာလအတွင်းမှာပဲ စုဆောင်းနိုင်ခဲ့ပါတယ်။



စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီဒီအမ် လုပ်ခဲ့ပြီး လက်ရှိမှာ MDSI အဖွဲ့ရဲ့ စစ်ဖက်ရေးရာ သုတေသီတာဝန်ယူထားတဲ့ ဗိုလ်မှူးနောင်ရိုးက စစ်တပ်ရဲ့ စစ်မှုထမ်းခေါ်ယူတဲ့နည်းလမ်းတွေဟာ ပုံစံတကျလုပ်လာပြီး စနစ်တကျခေါ်ယူလာတယ်လို့ သုံးသပ်ပါတယ်။ စစ်တပ်က မူလက စီစဉ်ထားခဲ့သလို ကိုယ်တိုင်စာရင်းသွင်းဝင်ရောက်လာတာမျိုးအပေါ် မမှီခိုတော့ဘဲ အခုအခါမှာ စစ်သားသစ်ရရှိနိုင်ရေးအတွက် အတင်းအကျပ်နည်းလမ်းတွေကို အသုံးပြုလာတယ်ဆိုတာကိုတော့ ဘီဘီစီနဲ့စကားပြောခဲ့တဲ့စစ်မှုထမ်းတွေရဲ့ မိသားစုဝင်တွေနဲ့ လွတ်မြောက်လာနိုင်ခဲ့တဲ့စစ်မှုထမ်းတပ်သားတွေရဲ့ ထွက်ဆိုချက်တွေပါဝင်တဲ့ MDSI အစီရင်ခံစာအရ သိရပါတယ်။
ပထမနည်းလမ်းက “ငွေကြေးနဲ့ မက်လုံးပေးတဲ့စစ်မှုထမ်းခေါ်ယူမှု” ဖြစ်ပြီး လစာနဲ့ အခြားအကျိုးခံစားခွင့်တွေကို ကတိပေးကာ လူငယ်တွေကို ဆွဲဆောင်တဲ့နည်းလမ်းဖြစ်ပါတယ်။ အထူးသဖြင့် ငွေကြေးအဆင်မပြေတဲ့မိသားစုတွေကို ရည်ရွယ်ပြီး ဒီနည်းလမ်းကို ချဥ်းကပ်ဖို့ အသုံးပြုတာကို တွေ့ရပါတယ်။
နောက်ထပ်နည်းလမ်းတစ်ခုက ရပ်ကွက်အလိုက် မဲနှိုက်ရွေးချယ်တာဖြစ်ပြီး ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မိသားစုတွေရဲ့ အမည်စာရင်းတွေကို မဲနှိုက်ပြီး စစ်မှုထမ်းဖို့ လူရွေးချယ်ကြပါတယ်။
တစ်ခါတလေမှာ ရွေးချယ်ခံရသူတချို့က သူတို့နာမည်စာရင်းထဲမပါဝင်ဖို့ ရပ်/ကျေးအာဏာပိုင်တွေကို ငွေပေးတာ၊ ဒါမှမဟုတ် စစ်တပ်လက်အောက်ခံအဖွဲ့တစ်ခုခုက စီစဉ်ပေးတဲ့ကိုယ်စားစစ်မှုထမ်းဝင်ရောက်ပေးမယ့်လူကို အစားထိုးစေလွှတ်တာတွေလည်း လုပ်ကြပါတယ်။
အများဆုံးအသုံးပြုနေတဲ့နည်းလမ်းကတော့ အတင်းအကျပ် စစ်မှုထမ်းခေါ်ယူနေတာဖြစ်ပြီး မောင်မောင် ကြုံတွေ့ခဲ့ရသလိုမျိုး လူငယ်တွေကို ဖမ်းဆီးတာ၊ ပြန်ပေးဆွဲတာစတဲ့ပုံစံမျိုးတွေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
စီဒီအမ် ဗိုလ်မှူး နောင်ရိုးက “စစ်မှုထမ်းခေါ်ချင်တဲ့သူကို သေနတ်နဲ့ချိန် ခြိမ်းခြောက်ပြီးတော့မှ ဖမ်းတယ်၊ ပြီးတော့ စစ်မှုထမ်းဖို့ ပို့လိုက်တယ်။ ဒါတွေက မကြာခဏဆိုသလို တွေ့လာရတယ်” လို့ ပြောပါတယ်။
“ဒါဟာ စနစ်တကျလုပ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုဖြစ်ပါတယ်။”
စစ်မှုထမ်းသင်တန်းကျောင်းက ဘဝ - ‘မနက်မိုးလင်းမှာကို ကျွန်တော်တို့ကြောက်နေကြတယ်’
စစ်မှုထမ်းသင်တန်းသားအဖြစ် ခေါ်ယူခံရပြီးနောက် လူငယ်တွေကို စစ်သင်တန်းကို မပို့ခင် ထိန်းသိမ်းရေးစခန်းတစ်ခုကို အရင်ပို့ဆောင်ထားခဲ့ပါတယ်။ မောင်မောင်ကတော့ စတုရန်းမီတာ ၇၀ လောက်ရှိတဲ့ နှစ်ထပ်အဆောက်အဦတစ်ခုမှာ ထိန်းသိမ်းခံခဲ့ရတဲ့အတွေ့အကြုံကို “ကြက်လှောင်အိမ်၊ ငှက်လှောင်အိမ်လိုမျိုးပဲ၊ အကျဉ်းထောင်ထက် ပိုဆိုးတယ်” လို့ ပြောပါတယ်။
ပြတင်းပေါက်တွေကို ပိတ်ထားပြီး အဆောက်အဦကိုလည်း အစိမ်းရောင်ပလတ်စတစ် အစတွေနဲ့ ကာထားပါတယ်။ လှုပ်ရှားသွားလာခွင့်ကို ကန့်သတ်ထားတဲ့အပြင် ထိန်းသိမ်းခံထားရတဲ့သူတွေ ထွက်ပြေးလို့မရအောင်လည်း တားဆီးထားပါတယ်။ မောင်မောင်အတွက်တော့ “ဘက်ပေါင်းစုံကနေ လုံးဝပိတ်မိနေသလို ခံစားရတဲ့အခြေအနေ” ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
ထိန်းသိမ်းခံထားရတဲ့သူတွေကို လုံခြုံရေးအဖွဲ့ဝင်တွေက မကြာခဏဆိုသလို ရိုက်နှက်တတ်ပါတယ်။ တစ်ရက်မှာတော့ ထိန်းသိမ်းခံတစ်ဦးက လူရေတွက်တာ မှားယွင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ အဲဒီလူကို လက်လုပ်ကြာပွတ်နဲ့ ခန္ဓာကိုယ်ကို ရိုက်တာ၊ မျက်နှာကို ထိုးတာတွေ လုပ်တာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ မောင်မောင်က ပြောပါတယ်။
“အရိုက်ခံရတဲ့လူက လက်သီးချက်ကို ကာဖို့ လုပ်တော့ အဲဒီလူကို လည်ပင်းညှစ်ပြီး မျက်နှာကို ကြမ်းပြင်ပေါ် ဖိချလိုက်တယ်” လို့ မောင်မောင်က ပြောပါတယ်။ (အဲဒီလို ချုပ်အပြီးမှာ) ဆက်ရိုက်ကြပြန်တယ်လို့ ဆိုပါတယ်။
ထိန်းသိမ်းခံထားရတဲ့လူတွေဟာ စစ်တပ်အာဏာပိုင်တွေအမိန့်ပေးထားသလို မအိပ်ရင် ရိုက်နှက်ကန်ကျောက်ခံရတာတွေလည်း ရှိပါတယ်။
မောင်မောင်နဲ့ တခြားထိန်းသိမ်းခံရသူတွေက တစ်နေ့လုံး တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကြရပြီး အဲဒီလိုနေရတဲ့အတွက် စိတ်ဖိစီးမှုများလာ၊ အလွန်အမင်းပင်ပန်းလာပြီး ကိုယ်လက်ကိုက်ခဲတာတွေ ခံစားခဲ့ကြရပါတယ်။ ညအိပ်ချိန်မှာတော့ “ငါးသေတ္တာဘူးထဲက ငါးတွေလို” တစ်ယောက်နဲ့ တစ်ယောက် ကြပ်ညပ်ပြီး အိပ်ခိုင်းခဲ့ပါတယ်။
“ရှင်လျက်နဲ့ ငရဲကျနေသလိုပဲ။ ကျွန်တော် သေသွားမလားတောင် ထင်မိတယ်” လို့ သူ အလွန်ကြောက်ခဲ့ကြောင်း မောင်မောင်က ပြောပါတယ်။
“ကျွန်တော် ဒီနေရာကို ဘယ်တော့မှ မရောက်ခဲ့ရင်ကောင်းမယ်။ ဒီလိုနေရာမျိုးဟာ ဘယ်သူမှ မရှိသင့်တဲ့နေရာပါ။”
ရိုက်နှက်တာနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေက ထိန်းသိမ်းရေးစခန်းမှာတင်မကဘဲ စစ်သင်တန်းကာလအတွင်းမှာလည်း ဖြစ်ပွားခဲ့ပါတယ်။
စစ်မှုထမ်းတပ်သားဟောင်းတစ်ဦးဖြစ်ခဲ့သူ အသက် ၃၆ နှစ်အရွယ် ကိုအောင်ထွန်းက ၂၀၂၅ ခုနှစ်၊ ဇွန်လလယ်ပိုင်းမှာ ဖမ်းဆီးခံရပြီးတော့ မန္တလေးတိုင်း၊ ရမည်းသင်းမြို့က လေ့ကျင့်ရေးစစ်သင်တန်းမှာ နှစ်လကျော်ကြာ သင်တန်းတက်ခဲ့ရသူပါ။ သင်တန်းမှာ ရိုက်နှက်တာတွေကို ကြုံခဲ့ရပါတယ်။
“သေနတ်ပစ်လေ့ကျင့်ချိန် ပစ်မှတ်လွဲရင်၊ လက်ပစ်ဗုံးပစ်နည်း မှားရင်၊ မိုင်းထောင်တာ မှားရင် ကျွန်တော်တို့ အရိုက်ခံရတယ်။ ဆဲဆိုကြိမ်းမောင်းတဲ့စကားတွေကိုလည်း သုံးပြီး မျက်နှာကိုတောင် ရိုက်တယ်။” လို့ ကိုအောင်ထွန်းက ဘီဘီစီကို ပြောပါတယ်။
“နောက်တစ်နေ့ မနက်ရောက်မှာကို ကျွန်တော်တို့ ကြောက်နေခဲ့ကြတယ်။ မနက်ရောက်လို့ သင်တန်းတက်ရင် အရိုက်ခံရမှာကို ကျွန်တော်တို့ ကြောက်ကြတာ။ သင်တန်းမြန်မြန်ပြီးပါစေလို့ ဆုတောင်းတာပဲ တတ်နိုင်ခဲ့တယ်”
သင်တန်းကာလပြီးခါနီးမှာ အရှိန်မြှင့်သင်လို့ စစ်မှုထမ်းသင်တန်းသားအချို့ဟာ ခြေထောက်ကျိုးတာနဲ့ ဒဏ်ရာရတာတွေပါ ရှိခဲ့ပါတယ်။
ပြင်းထန်တဲ့သင်တန်းကြောင့် တန်းဖြုတ်အပြီး ညနေပိုင်းမှာလည်း အလွန်အမင်းပင်ပန်းလွန်းလို့ ရေမသောက်နိုင်၊ ထမင်းမစားနိုင်ဖြစ်ခဲ့ကြတယ်လို့ ကိုအောင်ထွန်းက ပြောပါတယ်။
ဒါအပြင် ကျွေးတဲ့အစားအစာတွေကလည်း အတော်ဆိုးရွားတယ်လို့ ဆိုပါတယ်။ ကိုအောင်ထွန်းရဲ့ အပြောအရဆိုရင် ပဲဟင်းမှာဆိုရင် ပဲ မတွေ့ရဘဲ ပဲအနံ့သက်သက်သာရတဲ့ရေသာသာ ဟင်းရည်သာဖြစ်နေခဲ့ပါတယ်။
ဝက်သားဟင်းနဲ့ ကြက်သားဟင်း ကျွေးတဲ့နေ့တွေမှာလည်း အဆင်မပြေပါဘူး။ ‘ဝက်သားဆိုရင် သိုးနံ့နံနေတယ်။ ကြက်သားဆိုလည်း လက်တစ်ဆစ်လောက်အလုံးလေးတွေ၊ အမဲသားဟင်းကျွေးရင်လည်း သဲတကျိကျိနဲ့’
“စားရတာအဆင်မပြေတော့ သင်တန်းမှာ ဗိုလ်ကြီးရောင်းတဲ့အသင့်စားခေါက်ဆွဲခြောက်ထုပ်ကိုပဲ ကျွန်တော်တို့ရဲ့လစာနည်းနည်းလေးနဲ့ ဝယ်စားရတယ်။ ကျွန်တော်တို့ကို ပေးမယ်လို့ ပြောထားတဲ့လစာက နှစ်သိန်းလေးရာကျပ်(၂၀၀,၄၀၀ ကျပ်)ပါ။ ဟိုဟာဖိုး ဖြတ်၊ ဒီဟာဖိုး ဖြတ်နဲ့ တကယ်လစာရတော့ ၆,၀၀၀ ကျပ်ပဲ ရတယ်။” လို့ ကိုအောင်ထွန်းက စစ်မှုထမ်းသင်တန်းကာလ လစာဖြတ်တောက်ခံရတဲ့အခြေအနေကို ရှင်းပြပါတယ်။
သင်တန်းက နှစ်လအတွင်း ပြီးဆုံးရမှာဖြစ်ပေမယ့်လည်း သင်တန်းသားတွေ အရည်အချင်းမပြည့်သေးဘူးလို့ဆိုပြီး နောက်ထပ် ၁၀ ရက်ခန့် အချိန်ထပ်တိုးခဲ့တယ်လို့လည်း ဆိုပါတယ်။
ရှေ့တန်းအပို့ခံရတဲ့စစ်မှုထမ်းတပ်သားတွေ
သင်တန်းပြီးဆုံးပြီးနောက် စစ်မှုထမ်းတပ်သားသစ်တွေဟာ တိုက်ပွဲဖြစ်ပွားရာဒေသတွေကို ပို့ဆောင်ခံကြရပါတယ်။ MDSI အစီရင်ခံစာအရ စစ်တပ်ဟာ စစ်မှုထမ်းတပ်သားအများစုကို မြေပြင်တိုက်ခိုက်ရေးတာဝန်တွေပါဝင်တဲ့ ခြေလျင်တပ်ဖွဲ့တွေမှာသာ အဓိကခန့်အပ်ပါတယ်။
စစ်မှုထမ်းတပ်သား လူနည်းစုကိုသာ တစ်ဦးချင်းစီရဲ့ ပညာရေးအဆင့်အတန်းနဲ့ ကျွမ်းကျင်မှုတွေအပေါ်မူတည်ပြီး ရေတပ်၊ လေတပ်နဲ့ နည်းပညာပိုင်းဆိုင်ရာတပ်ခွဲတွေကို ခွဲဝေခန့်အပ်ထားကြောင်းလည်း သိရပါတယ်။
အခြားစစ်မှုထမ်းတွေကို သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ အမြောက်တပ်ဖွဲ့တွေအပါအဝင် မတူညီတဲ့ဌာနတွေမှာ တာဝန်ခွဲဝေ ခန့်ထားပါတယ်။
ကိုအောင်ထွန်းကတော့ ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်က အမှတ် ၃၅၁ ခြေလျင်တပ်ရင်းရဲ့ သယ်ယူပို့ဆောင်ရေးမှာ လေးလကြာ တာဝန်ထမ်းဆောင်ဖို့ စေခိုင်းခံခဲ့ရပါတယ်။
“ညမှာ ကင်းစောင့်ရတယ်။ မနက်လည်း အစောကြီးထပြီး ဆန်အိတ်တွေ သယ်ရတယ်။ တောထဲက စခန်းတွေကို တစ်ရွာဝင် တစ်ရွာထွက် ပခုံးထမ်းသယ်ခဲ့ကြတာ။ ပို့ရမယ့်နေရာက တောင်ထိပ်က စခန်းကိုပါ” လို့ ကိုအောင်ထွန်းက ပြောပါတယ်။
“စစ်တပ်အတွက်ဆိုရင် ကျွန်တော်တို့ စစ်မှုထမ်းတွေက တိရစ္ဆာန်လို အလုပ်အလုပ်ရတဲ့အလုပ်ကြမ်းသမားတွေပဲ”
ကိုအောင်ထွန်းတစ်ယောက် အလွန်စိတ်ပျက်နေခဲ့ပြီး ကောင်းကောင်းလည်း မအိပ်ရသလို ရေနဲ့ အစားအစာလည်း လုံလုံလောက်လောက် မရခဲ့ဘူးလို့ ဆိုပါတယ်။
နောက်ထပ် စစ်မှုထမ်းတစ်ဦးဖြစ်တဲ့ အသက် ၂၀ အရွယ် ကိုဝင်းဇော်ကလည်း ဖမ်းဆီးခံရပြီးနောက် ရှေ့တန်းတိုက်ခိုက်ရေးတပ်သားအဖြစ် စစ်မှုထမ်းဖို့ အတင်းအကျပ်ခေါ်ဆောင်ခံခဲ့ရပြီး ငါးလကြာ တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ ပြောပါတယ်။
“ပထမတော့ သင်တန်းကျောင်း နှစ်ခုကို ပို့တယ်။ နောက်တော့ သံလွင်မြစ် တစ်ဖက်ကမ်းမှာရှိတဲ့ ကမမောင်းစစ်စခန်းကို ပို့ခံလိုက်ရတယ်”လို့ ကိုဝင်းဇော်က ပြောပါတယ်။
ဝင်းဇော်က လူ ၂၅၀ ပါဝင်တဲ့တပ်ဖွဲ့တစ်ခုရဲ့ ခြေလျင်တိုက်ခိုက်ရေ;တပ်ရင်းမှာ ပါဝင်ခဲ့ပါတယ်။ သူတို့ တပ်ရင်းမှာ အတင်းအကျပ် စစ်မှုထမ်းခေါ်ခံရသူက ၅ ရာခိုင်နှုန်းခန့်၊ ပုံမှန်တပ်သားများက ၈ ရာခိုင်နှုန်းခန့်ရှိပြီး ကျန်တဲ့အများစုက စစ်သင်တန်းကျောင်းတွေကနေ သင်တန်းဆင်းလာသူတွေနဲ့ အရာရှိတွေဖြစ်ပါတယ်။
“ကျွန်တော် အဲဒီဒေသမှာ တိုက်ပွဲလေးကြိမ် ဝင်တိုက်ခဲ့ရတယ်။ ကမမောင်း ဘက်ကနေ စစ်ဆင်ရေးလုပ်လာပြီး လမ်းတလျှောက်လုံးမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေခဲ့တယ်။” လို့ ကိူဝင်းဇော်က ဘီဘီစီကို ပြောပါတယ်။
ရှေ့တန်းတပ်သားတစ်ဦးလို ပါဝင်ခဲ့ရခြင်းက ကိုဝင်းဇော်ရဲ့ စိတ်ထဲမှာ နက်ရှိုင်းတဲ့ဒဏ်ရာတစ်ခု ထင်ကျန်ခဲ့ပါတယ်။
“ကျွန်တော်ကတော့ တိုက်ပွဲမရှိတဲ့အေးချမ်းတဲ့ဘဝကိုပဲ လိုချင်တယ်။”
နယ်မြေ ထိန်းချုပ်မှု
စစ်တပ်ဟာ သင်တန်းပေးပြီးသား စစ်မှုထမ်းတွေကို တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေမှာ ဖြန့်ကြက်ချထားအသုံးပြုလာနိုင်လို့ လူအင်အားကိုတိုးနိုင်ခဲ့ပြီး အရင်က နိုင်ငံအရှေ့မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ “၁၀၂၇ စစ်ဆင်ရေး”အပြီး ဆုံးရှုံးထားခဲ့တဲ့နယ်မြေအချို့ကို တရုတ်ကြားဝင်မှုအပြင် စစ်မှုထမ်းတပ်သားတွေရဲ့ အင်အားတွေနဲ့ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။
ISP Myanmar ရဲ့မှတ်တမ်းတွေအရ စစ်တပ်ဟာ စစ်စခန်း ၂၆ ခုကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ရှမ်းပြည်နယ်နဲ့ မန္တလေးအပါအဝင် ဒေသအချို့ရှိ မြို့ ၁၅ မြို့ကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ခုခံတော်လှန်ရေးအဖွဲ့တွေဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအထိ မြို့ ၈၇ မြို့ကို ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။
ISP ဖော်ပြချက်အရ ကချင်၊ ရခိုင်နဲ့ အလယ်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
လက်ရှိ လုံခြုံရေးအခြေအနေ မတည်ငြိမ်မှုနဲ့ ပြည်သူတွေကို စောင့်ကြည့် ဖိနှိပ်ဖို့ စစ်တပ်က စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေတာကို ကြည့်ရင် ဒီဥပဒေဟာ ဆက်လက်တည်ရှိမြဲနေဦးမယ်ဆိုတာကို ပြသနေပါတယ်” လို့ ISP Myanmar က ဘီဘီစီကို မှတ်ချက်ပေးထားပါတယ်။
စီဒီအမ် ဗိုလ်မှူးနောင်ရိုးကတော့ စစ်မှုထမ်းခေါ်ယူတာ ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပြီး စစ်တပ်အနေနဲ့ ခန့်မှန်းတပ်ဖွဲ့ဝင် ၁၀၀,၀၀၀ ခန့် ရည်မှန်းအင်အားကို ထိန်းသိမ်းဖို့ လိုအပ်နေမယ်လို့ မြင်ပါတယ်။
“သူတို့အတွက် လုံလောက်တဲ့ ဒါမှမဟုတ် ရည်မှန်းထားတဲ့တပ်ဖွဲ့ဝင် အင်အားအဆင့်ကို ရောက်ရှိသွားပြီလို့ ယူဆတဲ့အချိန်မှာ စစ်မှုထမ်းစနစ်ကို ပြင်ဆင်ကောင်း ပြင်ဆင်ပြီး အခြားပုံစံတမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။” လို့ ဗိုလ်မှူးနောင်ရိုးက သုံးသပ်ပါတယ်။
“ဒါပေမဲ့ စစ်မှုထမ်းဥပဒေကို ရပ်ဆိုင်းမယ်လို့ မထင်ရပါဘူး။ လုံးဝရပ်တန့်လိုက်မယ့်အစား လစဉ်ခေါ်ယူတဲ့အကြိမ်ရေကို လျှော့ချတာ၊ ဒါမှမဟုတ် ခေါ်ယူမယ့် လူအရေအတွက်ကို လျှော့ချတာမျိုးသာ ဖြစ်နိုင်ပါတယ်။”
စစ်မှုထမ်းခေါ်ယူမှု အတိုးအလျှော့ဟာ သင်တန်းအမှတ်စဉ် ၃၀ လောက်ကို ရောက်ရှိပြီးမှသာ စဉ်းစားနိုင်ဖွယ်ရှိတယ်လို့လည်း သူက ဆိုပါတယ်။ လက်ရှိမှာ စစ်တပ်ဟာ စစ်မှုထမ်း အပတ်စဉ် ၂၄ ကို လူစုဆောင်းပြီး သင်တန်းပေးနေပါတယ်။
စစ်မှုထမ်း အတင်းအကျပ်ခေါ်ယူ စုဆောင်းတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စစ်တပ်အရာရှိတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တုံ့ပြန်မှု မရရှိခဲ့ပါဘူး။
စစ်တပ်နဲ့အလားတူ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း လူသစ်ခေါ်ယူတာတွေ ပြုလုပ်နေပြီး မဖြစ်မနေ စစ်မှုထမ်းရမယ့်အမိန့်တွေကိုလည်း ထုတ်ပြန်နေကြပါတယ်။
ဒေသခံတွေရဲ့ပြောကြားချက်အရ အာရက္ခတပ်တော်(AA)လည်း သူတို့ကိုယ်ပိုင်စစ်မှုထမ်းအမိန့်ကို အတည်ပြုထားပြီး ချင်းလက်နက်ကိုင်အဖွဲ့တွေ၊ ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ တအာင်းတပ် (TNLA)အပါအဝင် တခြားအဖွဲ့တွေလည်း နည်းလမ်းမျိုးစုံနဲ့ စစ်မှုထမ်းတပ်သားသစ်စုဆောင်းတာတွေ ပြုလုပ်နေကြပါတယ်။
လွတ်မြောက်ဖို့ ထွက်ပြေးခြင်း
ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တဲ့ စစ်မှုထမ်းစုဆောင်းခံရသူနဲ့ တပ်သား ၃ ဦးဟာ ထိန်းသိမ်းရေးစခန်းနဲ့ တိုက်ပွဲဒေသတွေကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ကြပါတယ်။
မောင်မောင်ကတော့ “ငရဲကျနေသလို” သူ ခံစားခဲ့ရတဲ့နေရာမှာ ၅ ရက်ကြာနေထိုင်ပြီးနောက် ထွက်ပြေးဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ပါတယ်။
အခွင့်အရေးက မောင်မောင် ထိန်းသိမ်းခံထားရတဲ့ အဆောက်အဦထဲမှာရှိတဲ့အကျဉ်းသားတွေကို စစ်တပ်အရာရှိတစ်ဦး လာရောက်စစ်ဆေးတဲ့အချိန်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။
အရာရှိလာဖို့ ရှိတာကြောင့် ထိန်းသိမ်းခံထားရသူတွေထဲက အသက်မပြည့်သေးသူတွေနဲ့ အလုပ်ကြမ်းခိုင်းခံရစဥ်မှာ မကြာခဏ ရိုက်နှက်ခံထားရသူတွေကို စခန်းအပြင်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ခဏရှောင်ခိုင်းဖို့ တပ်ဖွဲဝင်တချို့ကို ခိုင်းထားခဲ့ပါတယ်။
“ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်မှာ ရှိနေတုန်း ထိန်းသိမ်းခံရသူတစ်ဦးက ရုတ်တရက်ဆိုင်ထဲက ဓားတစ်လက်ကို ဆွဲယူပြီး လမ်းပေါ်ကို ပြေးထွက်သွားကာ ‘မလာနဲ့၊ ကပ်လာရင် မင်းတို့အားလုံးကို သတ်ပစ်မယ်’ လို့ အော်ဟစ်ခဲ့တယ်” လို့ မောင်မောင်က ပြောပါတယ်။
အဲဒီထိန်းသိမ်းခံထားရသူက ရုတ်တရက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး လုံခြုံရေးဝန်ထမ်းတွေက ဓားကိုင်ထွက်ပြေးနေသူကို လိုက်လံဖမ်းဆီးနေချိန် မောင်မောင်နဲ့ တခြားလူတွေလည်း လွတ်မယ့်ထင်တဲ့အရပ်လေးမျက်နှာကို ထွက်ပြေးကြပါတယ်။
“ကျွန်တော် ပြေးနေတုန်းမှာပဲ ကားတစ်စီးကို တွေ့တော့ လက်ပြပြီး တားလိုက်တယ်။ ပြီးတော့ ကားပေါ်တက်လိုက်တယ်။” လို့ မောင်မောင်က ပြောပါတယ်။
“အသက်ရှင် လွတ်မြောက်နိုင်ခဲ့တာ ကံကောင်းတာပါပဲ။ အတော်များများကတော့ မလွတ်မြောက်နိုင်ခဲ့ကြဘူး။”
ကိုအောင်ထွန်းကတော့ ရှေ့တန်းမှာ ဆန်အိတ်တွေ သယ်ပိုးနေရချိန် ခြုံခိုတိုက်ခိုက်ခံရလို့ တောတွင်းထဲကို ထွက်ပြေးနိုင်ခဲ့ပါတယ်။
“ဒီလောက် အနေဆင်းရဲ၊ အစားဆင်းရဲလွန်းနေတာဆိုပြီး အားလုံးကို ပစ်ထားခဲ့ပြီး ကျွန်တော်တို့ စုစုပေါင်း ၁၇ ယောက်က စခန်းကနေ ထွက်ပြေးခဲ့တယ်။ လမ်းမှာ ပြေးရင်းလွှားရင်း ၁၀ ယောက်နဲ့ အဆက်အသွယ်ပြတ်သွားတယ်။ ကျွန်တော်တို့ ၇ ယောက်ကတော့ ဘယ်ကို ပြေးလို့ပြေးနေမှန်း မသိနဲ့ ဆက်ပြေးနေခဲ့တာ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ခဲ့တယ်။” လို့ ကိုအောင်ထွန်းက ပြောပါတယ်။
ကိုအောင်ထွန်းတို့ကို လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ လက်နက်ကိုင်တပ် ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ရဲ့ နယ်မြေထဲမှာရှိနေပါတယ်။ ဒါပေမဲ့ ကိုအောင်ထွန်းဟာ ပဲခူးတိုင်းဒေသကြီးထဲက စစ်တပ်စခန်းတွေကနေ ထွက်ပြေးတာ၊ ဘက်ပြောင်းခိုလှုံတာ လုပ်တဲ့ ပထမဆုံး စစ်မှုထမ်းတပ်သားသစ်တော့ မဟုတ်ပါဘူး။ KNU ထုတ်ပြန်ချက်တွေအရဆိုရင် ပဲခူးမှာ သုံးလအတွင်း “ထွက်ပြေးလာသူ” စစ်မှုထမ်းနဲ့ စစ်သားအနည်းဆုံး ၃၀ ခန့်ရှိနေပါတယ်။
နောက်ထပ် စစ်မှုထမ်းတစ်ဦးဖြစ်သူ ကိုဝင်းဇော်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) နဲ့ KNLA ရဲ့ အကူအညီနဲ့ ကမမောင်းရှိ တိုက်ပွဲမြေပြင်ကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။
“ကမမောင်းမှာ တာဝန်ကျနေတဲ့ KNLA အရာရှိတစ်ဦးက ကျွန်တော့်ကို ကူညီခဲ့တယ်။ ကျွန်တော် စစ်စခန်းကနေ ထွက်ပြေးလာပြီးနောက် အဖွဲ့က ကျွန်တော့်ကို ထရပ်ကားနဲ့ လာခေါ်သွားခဲ့တယ်။” လို့ ကိုဝင်းဇော်က ပြောပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ဆက်ပြီး တိမ်းရှောင်မယ်လို့ ကိုဝင်းဇော်က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဘီဘီစီနဲ့ စကားပြောဆိုချိန်မှာ ပြောထားပါတယ်။
“စစ်တပ်က ကျွန်တော့်နောက်ကို လိုက်နေဦးမှာဆိုတော့ မြန်မာပြည်ထဲမှာ နေဖို့နဲ့ နေရပ်ကိုပြန်ဖို့ ခက်တယ်လေ” လို့ သူက ပြောပါတယ်။
MDSI ရဲ့ အစီရင်ခံစာအရ စစ်မှုထမ်းခေါ်ယူမှုကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားသူတွေကို အာဏာပိုင်တွေက မကြာခဏစောင့်ကြည့်တာ၊ ခြေရာခံတာနဲ့ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
‘လူငယ်လုပ်သားအင်အားအဆမတန်ဆုံးရှုံးမှု’
ဗိုလ်မှူးနောင်ရိုးကတော့ စစ်မှုထမ်းစနစ်ကြောင့် နိုင်ငံတဝန်းရှိ လူမှုအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ရိုက်ခတ်မှုဖြစ်ခဲ့ပြီး လူငယ်မျိုးဆက်တစ်ခုလုံးရဲ့ဘဝတွေကို အလွန်အမင်းထိခိုက်စေခဲ့တယ်လို့ ပြောပါတယ်။
မြန်မာလူငယ်တွေဟာ အောက်ခြေအုပ်ချုပ်ရေးအာဏာပိုင်အဆင့်ဆင့်ရဲ့ ဖိနှိပ်မှုတွေကို အရင်ဆုံး ထိတွေ့ရင်ဆိုင်ရတာကြောင့် လုံခြုံမှုမရှိဘူးလို့ ခံစားနေကြရပါတယ်။
“ဒါဟာ ခေတ်သစ် လူကုန်ကူးမှုတစ်မျိုး ဒါမှမဟုတ် ခေတ်သစ် ကျွန်စနစ်တစ်မျိုးဖြစ်ပြီး စနစ်တကျ ဖြစ်ပေါ်နေတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဖြစ်ပါတယ်။” လို့ ဗိုလ်မှူး နောင်ရိုးက ပြောပါတယ်။
ကိုဝင်းဇော်လိုမျိုးပဲ စစ်မှုထမ်းစာရင်းပါတဲ့ လူငယ်အများအပြားဟာ အခုလိုအခက်အခဲအခြေအနေကနေ လွတ်မြောက်ဖို့ နီးစပ်နိုင်ငံတွေကို ထွက်ခွာနိုင်ရေး ကြိုးပမ်းနေကြပါတယ်။
အကျိုးဆက်ကတော့ မြန်မာနိုင်ငံဟာ “လူငယ်လုပ်သားအင်အား အလွန်အမင်း ဆုံးရှုံးမှု” အခြေအနေကို ရင်ဆိုင်နေရပြီး ကုန်ထုတ်လုပ်ရေးကဏ္ဍအမျိုးမျိုးမှာ လုပ်သားအင်အားပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ MDSI က ဆိုပါတယ်။
၂၀၂၅ ခုနှစ် သြဂုတ်လမှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)ရဲ့ အစီရင်ခံစာအရ မြန်မာ လူငယ် ၃၀၀,၀၀၀ ကနေ ၅၀၀,၀၀၀ ခန့်ဟာ နိုင်ငံထဲကနေ ထွက်ခွာသွားကြပြီလို့သိရပါတယ်။
နိုင်ငံထဲမှာ ကျန်ရှိနေတဲ့ လူငယ် ၁၀ ဦးမှာ ၄ ဦးကလည်း အခွင့်အလမ်းရှိမယ်ဆိုရင် နိုင်ငံရပ်ခြားကို ထွက်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
လူငယ်တွေ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ မလုံလောက်တာကြောင့်ဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခတွေ၊ ပညာရေးအခွင့်အလမ်းနည်းပါးလာတာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း ထပ်ဆောင်းအကြောင်းရင်းတွေ ဖြစ်နေပါတယ်။
ဒီအခြေအနေကို အဆုံးသတ်နိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ စစ်တပ်ရဲ့ ချိုးဖောက်မှုတွေကို စနစ်တကျ မှတ်တမ်းတင်ဖို့ စီဒီအမ် ဗိုလ်မှူး နောင်ရိုးက တိုက်တွန်းပါတယ်။
ISP Myanmar ကလည်း အာဆီယံနိုင်ငံတွေအနေနဲ့ စစ်မှုထမ်းဥပဒေ ပြုပြင်ပြောင်းလဲရေးဖြစ်လာအောင် ဒါမှမဟုတ် လုံးဝဆိုင်းငံ့သွားအောင် နိုင်ငံရေးအသိအမှတ်ပြုမှုကို သံတမန်ရေး “အပေးအယူ” အနေနဲ့အသုံးချဖို့ တိုက်တွန်းပါတယ်။
အခုသတင်းနဲ့ပတ်သက်ပြီး ဘီဘီစီက စစ်တပ်ထံ ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ချက်မရသေးပါဘူး။
မြန်မာစစ်တပ်ကတော့ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်းခဲ့ကြသူတွေ နေရပ်ပြန်ကြပြီလို့ စစ်မှုထမ်းဥပဒေ ၂ နှစ်ပြည့်တဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း သတင်းထုတ်ပါတယ်။
စစ်မှုထမ်းကာလ ၂ နှစ်ပြည့်တာဝန်ထမ်းဆောင်ပြီးသူတွေ ပြည်ပထွက်ပြီး အလုပ်အကိုင်ရှာလိုသူတွေအတွက်လည်း ရှာဖွေကူညီပေးဖို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ဆိုပါတယ်။
စစ်တပ်နဲ့ သူ့ကိုထောက်ခံသူတွေကတော့ စစ်မှုထမ်းအပတ်စဥ် ၁ မှာ ၂ နှစ်တာဝန်ထမ်းဆောင်ပြီး အိမ်ပြန်ရသူတွေရဲ့ ရုပ်သံဗီဒီယိုတွေကို သတင်းဖြန့် ဝေတာ တွေဆက်တိုက်လုပ်နေကြပါတယ်။
ဒါပေမဲ့ အိမ်ပြန်ခွင့်ပေးတဲ့ အပတ်စဉ် ၁ က စစ်မှုထမ်းပြီးသူတွေအကြောင်း ထုတ်ပြန်ချက်တွေကို သုတေသနလုပ်တဲ့ MDSI ကတော့ လူဦးရေ ၅,၀၀၀ ရဲ့ ၄၀ ရာခိုင်နှုန်းသာ နေရပ်ပြန်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျန်တဲ့လူ ထောင်ချီရဲ့ ကံကြမ္မာ ဘာဖြစ်သွားပြီလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
သတင်းထောက် - ဖြိုးဟိန်းကျော်၊ ဇေယျာထွန်း၊ ဝင်းနိုင်ဦး
အယ်ဒီတာ - မီမီခိုင်၊ စိုးဝင်းသန်း
ထုတ်လုပ်ရေးမှူး - အက်ဂ္ဂနီယာ အဇီဇာnia Adzkia
ဒီဇိုင်း နဲ့ ဂရပ်ဖစ် - အာဗင် ဆူပရီယာဒီ၊ အန်ဒရို ဆိုင်နီ
ဓာတ်ပုံ - Getty Images၊ ဘီဘီစီမြန်မာပိုင်း









